အွန်လိုင်းငွေလိမ်သောလုပ်ငန်းများတွင် ပါဝင်ပတ်သက်မှုရှိသည်ဟုဆိုကာ တရုတ်နိုင်ငံက ဖမ်းဝရမ်းထုတ်ထားသည့် UWSA မှ အရာရှိဟောင်းနှစ်ဦးကို ဟိုပန်ခရိုင်တရားရုံးက ဖမ်းဝရမ်းထုတ်ဆင့်ထား

အွန်လိုင်းငွေလိမ်သောလုပ်ငန်းများတွင် ပါဝင်ပတ်သက်မှုရှိသည်ဟုဆိုကာ တရုတ်နိုင်ငံက ဖမ်းဝရမ်းထုတ်ထားသည့် UWSA မှ အရာရှိဟောင်းနှစ်ဦးကို ဟိုပန်ခရိုင်တရားရုံးက ဖမ်းဝရမ်းထုတ်ဆင့်ထား
Published 18 October 2023

အွန်လိုင်းငွေလိမ်သောလုပ်ငန်းများတွင် ပါဝင်ပတ်သက်မှုရှိသည်ဟုဆိုကာ တရုတ်နိုင်ငံက ဖမ်းဝရမ်းထုတ်ထားသည့် "၀" ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ၏ အရာရှိဟောင်းနှစ်ဦးကို ဟိုပန်ခရိုင်တရားရုံးက ဖမ်းဝရမ်းထုတ်ဆင့်ထားကြောင်း သိရသည်။ 

"၀" ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ၏ အရာရှိဟောင်းနှစ်ဦးဖြစ်သည့် ချန်ရန်ပန် (ခ) ပေါက်အိုက်ပန်းနှင့် ရှောက်ရန်ပန် (ခ) ဟော်ချွင်ထင်တို့ကို ဥပဒေအရအရေးယူရန် ဟိုပန်ခရိုင်တရားရုံးက ဖမ်းဝရမ်းထုတ်ဆင့်ထားခြင်းလည်း ဖြစ်သည်။ 

ရှမ်းပြည်နယ်၊ ‘ဝ’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနယ်မြေအတွင်း Online လိမ်လည်မှုများ၊ လူကို သွေးဆောင်ဆွဲခေါ်မှုများ၊ လူပြန်ပေးမှုများ၊ ခြောက်လှန့်တောင်းယူမှုများကျူးလွန်ခြင်း၊ ကျူးလွန်ရန် အားထုတ်ခြင်း၊ အားပေးကူညီခြင်းများကို ကျူးလွန်နေသော ချန်ရန်ပန်(ခ)ပေါက်အိုက်ပန်းနှင့် ရှောက်ရန်ပန်(ခ)ဟော်ချွင်ထင်တို့ကို ဥပဒေအရအရေးယူရန်အတွက် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၇ ရက်တွင် ဟိုပန်ခရိုင်တရားရုံးက ဖမ်းဝရမ်းထုတ်ဆင့်ထားကြောင်း သက်ဆိုင်ရာမှ သတင်းရရှိသည်။

အွန်လိုင်းငွေလိမ်ဂိုဏ်းများနှင့် ပတ်သက်မှုရှိသည်ဟုဆိုပြီး "၀" ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ၏ အရာရှိဟောင်းနှစ်ဦးကို တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက အောက်တိုဘာ ၁၂ ရက်တွင် ဖမ်းဝရမ်ထုတ်ခဲ့ခြင်း ဖြစ်သည်။ 

ကူမင်းမြို့နှင့် ဟန်ကျိုးမြို့က အများပြည်သူလြုံခုံရေးဌာနများက UWSA အရာရှိနှစ်ဦးကို ကျားဖျန့်ဟုခေါ်သည့် အွန်လိုင်းက ငွေလိမ်သောလုပ်ငန်းများတွင် ပါဝင်ပတ်သက်မှုရှိသည်ဟုကာ ဖမ်းဝရမ်ထုတ်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ကို ဖမ်းမိအောင် သတင်းပေးသူအား တရုတ်ယွမ် တစ်သိန်းမှ ငါးသိန်းအထိပေးမည်ဖြစ်ကြောင်း ကြေညာထားသည်။

ထိုသို့ တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ကြေညာပြီးနောက် ၎င်းတို့နှစ်ဦးအား ရာထူးမှ ထုတ်ပယ်လိုက်ကြောင်း "၀" ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) က အောက်တိုဘာ ၁၆ ရက်တွင် ကြေညာခဲ့သည်။ 

ယင်းထုတ်ပြန်ချက်တွင် ၎င်းတို့နှစ်ဦးအနေဖြင့် "၀" ဒေသနှင့် အိမ်နီးချင်းနိုင်ငံများအပြင် နိုင်ငံတကာနှင့်ပါ ဆက်ဆံရေးကို ထိခိုက်အောင်လုပ်ခဲ့ကြောင်း ဖော်ပြထားသည်။ 

ထို့ပြင် အိမ်နီးချင်းနိုင်ငံများနှင့် နိုင်ငံရေးအရ အပြန်အလှန် ယုံကြည်မှုနှင့် ဆက်ဆံရေးကိုပါ ထိခိုက်စေသဖြင့် ၎င်းတို့နှစ်ဦးကို လက်ရှိရာထူးမှ ထုတ်ပယ်လိုက်ခြင်း ဖြစ်ကြောင်း UWSA က ဆိုသည်။

ဖမ်းဝရမ်းထုတ်ခံရသည့် ချန်ရန်ပန်(ခ)ပေါက်အိုက်ပန်းသည် “ဝ” ပြည်နယ် အစိုးရ ဆောက်လုပ်ရေးဌာနမှူးဖြစ်ပြီး ရှောက်ရန်ပန်(ခ)ဟော်ချွင်ထင်သည် UWSA ၏ မိုင်းလင်းခရိုင်မှူးုဖြစ်ကြောင်း သိရသည်။ 

 

Most Read

Most Recent