မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး ခရီးလမ်းတစ်လျှောက် အခက်အခဲများကို ရင်ဆိုင်ခဲ့ရပြီးဖြစ်သကဲ့သို့ ရှေ့ဆက်တွင်လည်း လက်ရှိနိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုအခြေအနေများအရ စိန်ခေါ်မှုများကို ဆက်လက်ရင်ဆိုင်ကျော်လွှားရမည်ဖြစ်ကြောင်း အိန္ဒိယပြောကြား

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး ခရီးလမ်းတစ်လျှောက် အခက်အခဲများကို ရင်ဆိုင်ခဲ့ရပြီးဖြစ်သကဲ့သို့ ရှေ့ဆက်တွင်လည်း လက်ရှိနိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုအခြေအနေများအရ စိန်ခေါ်မှုများကို ဆက်လက်ရင်ဆိုင်ကျော်လွှားရမည်ဖြစ်ကြောင်း အိန္ဒိယပြောကြား
Published 16 October 2023

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးခရီးလမ်းတစ်လျှောက် အခက်အခဲများကို ရင်ဆိုင်ခဲ့ရပြီးဖြစ်သကဲ့သို့ ရှေ့ဆက်တွင်လည်း လက်ရှိနိုင်ငံရေးဖြစ်ပေါ်တိုးတက်မှု အခြေအနေများအရ စိန်ခေါ်မှုများကို ဆက်လက်ရင်ဆိုင်ကျော်လွှားရမည်ဖြစ်ကြောင်း အိန္ဒိယနိုင်ငံ ဒုတိယအမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် မစ္စတာဗစ်ခရမ်မစ်ဆရီက ပြောကြားသည်။

အောက်တိုဘာ ၁၅ ရက်တွင် ကျင်းပသည့် NCA ရှစ်နှစ်မြောက်နှစ်ပတ်လည်ပွဲ၌ ဂုဏ်ပြုစကားတွင် အိန္ဒိယနိုင်ငံ ဒုတိယအမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်က ထိုသို့ထည့်သွင်းပြောကြားသည်။

NCA သည် စာရွက်ပေါ်တွင် လက်မှတ်ရေးထိုးခဲ့သည့် သဘောတူညီချက်တစ်ရပ်သာမကဘဲ မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်သည့် နိုင်ငံသားများအားလုံး ငြိမ်းချမ်းစွာ အတူတကွယှဉ်တွဲနေထိုင်နေကာ အကြမ်းဖက်မှုများနှင့် ပဋိပက္ခများမှ ကင်းဝေးသည့် နိုင်ငံတစ်နိုင်ငံအဖြစ် တည်ထောင်လိုသည့် မြန်မာနိုင်ငံသားအားလုံး၏ မျှော်လင့်ချက်ရောင်ခြည်တစ်ရပ်လည်းဖြစ်ကြောင်း၊ ထို့အပြင် တိုင်းရင်းသားလူမျိုးစုများ၏ဆန္ဒများနှင့် ရိုးရာယဉ်ကျေးမှုများကို လေးစားမှုပြုခဲ့ရုံသာမက အလေးထားဖော်ဆောင်ပေးကာ နိုင်ငံသားတစ်ဦးတစ်ယောက်ချင်းစီတိုင်း တိုးတက်အောင်မြင်စေနိုင်မည့်အခွင့်အလမ်းများကို ဖန်တီးပေးရန်အတွက် မျှော်မှန်းဖော်ဆောင်ပေးခဲ့သည့် စာချုပ်တစ်ရပ်လည်းဖြစ်ကြောင်း မစ္စတာ ဗစ်ခရမ်မစ်ဆရီက ပြောကြားသည်။

NCA စာချုပ်၏ အနှစ်သာရဖြစ်သည့် တိုင်းရင်းသားပဋိပက္ခများနှင့် မတူကွဲပြားမှုများကို ငြိမ်းချမ်းစွာချစ်ကြည်ရင်းနှီးမှုကို အခြေခံပြီး ဖြေရှင်းဆောင်ရွက်သည့် အလေ့အထကောင်းကို ပိုမိုပြုစုပျိုးထောင်ခြင်းဖြင့် မြန်မာပြည်သူများ၏ မျှော်မှန်းချက်ဆန္ဒများကို ဖော်ဆောင်ပေးနိုင်ရန် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို ကျင့်သုံးနေသည့် အိန္ဒိယနိုင်ငံအနေဖြင့် ငြိမ်းချမ်းစွာချစ်ကြည်ရင်းနှီးမှုကို အခြေခံပြီး ဖြေရှင်းဆောင်ရွက်သည့် မြန်မာနိုင်ငံ၏ NCA လမ်းကြောင်းကို ထောက်ခံပြီး ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာနှင့် ဖက်ဒရယ်စနစ်တည်ထောင်ခြင်းဆိုင်ရာ တွေ့ဆုံဆွေးနွေးမှုများအပါအဝင် မြန်မာနိုင်ငံ၏ ကြိုးပမ်းဆောင်ရွက်မှုများအတွက် လိုအပ်သည်များကို အစဉ်တစိုက် ကူညီပံ့ပိုးပေးလျက်ရှိကြောင်း ၎င်းက ပြောကြားသည်။

“တစ်ဖက်မှာလည်းငြိမ်းချမ်းရေးကို လျှောက်လှမ်းတဲ့ခရီးလမ်းဟာ စိန်ခေါ်မှုအမြောက်အမြားနဲ့ ရင်ဆိုင်ရမယ်ဆိုတာကို သတိပြုရမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး ခရီးလမ်းတစ်လျှောက်မှာ အခက်အခဲများကို ရင်ဆိုင်ခဲ့ရပြီးဖြစ်သလို ရှေ့ဆက်လျှောက်လှမ်းရာမှာလည်း လက်ရှိနိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုအခြေအနေများအရ စိန်ခေါ်မှုများကို ဆက်လက်ရင်ဆိုင်ကျော်လွှာသွားရအုံးမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ နိုင်ငံရေးအသွင်ကူးပြောင်းမှု ကာလတစ်ခုကို ဖြတ်သန်းလျက်ရှိရာ ယင်းကာလမှာ NCA စာချုပ်ဟာ အရေးပါတဲ့ အခန်းကဏ္ဍတစ်ရပ်အနေနဲ့ပါဝင်နေပါတယ်။ NCA ယန္တရားဟာ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ တည်ထောင်ရေးဆိုတဲ့ မြန်မာပြည်သူများရဲ့ မျှော်လင့်ချက်ဆန္ဒကို ဖော်ဆောင်ပေးနိုင်မယ့် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများကို ဆောင်ကြဉ်းပေးနိုင်ရေးအတွက် အထောက်အပံ့ဖြစ်စေမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ပိုမိုအားလုံးပါဝင်မှုရှိတဲ့ လူမှုအသိုင်းအဝိုင်းတစ်ရပ် ထူထောင်နိုင်ရေး ခရီးလမ်းကြောင်းမှာ NCA စာချုပ်ဟာ အခြေခံအုတ်မြစ်တစ်ရပ် ဖြစ်လာမှာဖြစ်ပါတယ်” ဟု မစ္စတာ ဗစ်ခရမ်မစ်ဆရီက ပြောကြားသည်။

NCA တွင် ပါဝင်လက်မှတ်ရေးထိုးခဲ့သူများအနေဖြင့် ပဋိက္ခများကို တွေ့ဆုံဆွေးနွေးမှုများဖြင့် ပူးပေါင်းဆောင်ရွက်မှုတို့မှတစ်ဆင့် ညှိနှိုင်းဖြေရှင်း ဆောင်ရွက်သွားမယ်ဆိုသည့် ကတိကဝတ်ပြုခဲ့သည့် သက်သေအထောက်အထားတစ်ရပ်ဖြစ်ကြောင်း၊ NCA သည် သက်ဆိုင်ရာအဖွဲ့အစည်းများအကြား အကြေအလည်ဆွေးနွေးမှုများနှင့် ရဲဝင့်သည့် ဆုံးဖြတ်ချက်များကြောင့် ထွက်ပေါ်လာသည့် ရလဒ်တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံ၏သမိုင်းတွင် အလွန်အရေးပါသည့် စာချုပ်တစ်ရပ်လည်းဖြစ်ကြောင်း၊ အဆိုပါစာချုပ်ကို ချုပ်ဆိုနိုင်ခြင်းသည် မတူကွဲပြားမှုများ၊ စွဲကိုင်ထားကြတဲ့ လက်နက်များကိုဘေးဖယ်ကာ ပိုမိုငြိမ်းချမ်းမှုရှိသည့် အနာဂတ်ဆီသို့ စတင်လျှောက်လှမ်းသွားလိိုသည့် မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးစုများ၏ ဘုံဆန္ဒကို ထုတ်ဖော်ပြသခဲ့ခြင်းလည်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“NCA စာချုပ်ဟာ မျှော်လင့်ချက်ရဲ့ သင်္ကေတတစ်ရပ်ဖြစ်ပြီး ပဋိပက္ခအမှောင်တိုက်အကြားမှငြိမ်းချမ်းမှုထံသို့ ဦးတည်လျှောက်လှမ်းနိုင်ဖို့ အလင်းပြဖော်ဆောင်ပေးနိုင်မယ့် စာချုပ်တစ်ရပ်လည်းဖြစ်ပါတယ်” ဟု မစ္စတာဗစ်ခရမ်မစ်ဆရီက ပြောကြားသည်။

ထို့ကြောင့် ပြည်သူတစ်ရပ်လုံးငြိမ်းချမ်း တည်ငြိမ်မှုရှိပြီး သာယာဝပြောစွာမှီတင်း နေထိုင်နိုင်သည့် ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံကြီး တည်ထောင်နိုင်ရေး မျှော်မှန်းချက်ကို လျှောက်လှမ်းနိုင်ရန်အတွက် ပဋိပက္ခများကို နိုင်ငံရေးလမ်းကြောင်းအရ ဖြေရှင်းနိုင်ရေးကိုဦးတည်ကာ NCA ယန္တရားကို ပိုမိုခိုင်မာစေရန်၊ စာချုပ်ပါ ကတိကဝတ်တွေကို လိုက်နာစောင့်ထိန်းရန်၊ လေးနက်ပြီးအနှစ်သာရရှိတဲ့ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရန်အတွက် NCA စာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးထားသည့် အဖွဲ့အစည်းများအားလုံးကို အိန္ဒိယနိုင်ငံမှ တိုက်တွန်းတောင်းဆိုကြောင်း မစ္စတာဗစ်ခရမ်မစ်ဆရီက ပြောကြားသည်။