ဂျပန်နိုင်ငံ၏ ဖူကူရှီးမားဒေသရှိ ထိခိုက်မှုကြုံတွေ့နေသော ငါးဖမ်းအသိုက်အဝန်းအတွက် ဘဝအခြေအနေများသည် ပုံမှန်အခြေအနေ များသို့ မဝံ့မရဲ ပြန်လည်ရောက်ရှိလာချိန်တွင် ဒိုင်ဆူကီဆူဇူကီအမည်ရှိ အမျိုးသားတစ်ဦးသည် တတ်နိုင်သမျှအကောင်းဆုံးလုပ်ဆောင်ပေးခြင်းဖြင့် ကူညီပေးလျက်ရှိသည်။
လူပေါင်း ၁၈,၀၀၀ ခန့်သေဆုံးခဲ့သည့် ၂၀၁၁ ခုနှစ် မတ်လက အင်အားပြင်းငလျင်နှင့် ဆူနာမီ၏ရိုက်ခတ်မှုအတွင်း ဆူဇူကီနှင့် ၎င်း၏မိသားစုသည် အသက်အန္တရာယ်မှ ကံကောင်းထောက်မစွာ လွတ်မြောက်လာခဲ့သည်။
နာမီမြို့တွင် ယင်းသဘာဝဘေးအန္တရာယ်သည် ယူကယ်ဒိုဆိပ်ကမ်းဟောင်းနှင့် ၎င်း၏ ဒေသခံငါးဖမ်းလုပ်ငန်းကို ချေဖျက်ခဲ့သည့်အပြင် ဆူဇူကီ၏မိသားစု မျိုးရိုးစဉ်ဆက် ငါးဆက်ကြာပိုင်ဆိုင်ခဲ့သည့် Iwaki Kotobuki ဆာကေးအရက်ချက်စက်ရုံကိုလည်း သက်ရောက်မှု ရှိစေခဲ့သည်။
ရာစုနှစ် နှစ်စုကြာထက်မနည်း အချိန်အတွင်း အပြောကျယ်သော ပစိဖိတ်သမုဒ္ဒရာ၌ ငါးဖမ်း၍ ဆိပ်ကမ်းသို့ပြန်လာကြသော တံငါသည်များအတွက် ယင်းဆန်အရက်သည် ၎င်းတို့၏ စိတ်ဓာတ်ခွန်အားကိုပြန်လည်နိုးထလာစေခဲ့သည်။
တံငါသည်များသည် ဖူကူရှီးမားကမ်းရိုးတန်းမှ အရသာရှိသော အစားအစာများ၊ ငါးခွေးလျှာငါးနှင့် ကကတစ်ငါး၏အဖြူရောင်ငါးအသားလွှာအစိမ်းများကို Iwaki Kotobuki ဆာကေးအရက်နှင့်တွဲ၍ စားသုံးလေ့ရှိသည်။
“ဆာကေးအရက်ကတော့ ငါးတွေလိုပဲ ဒီနေရာမှာ အမြဲရှိနေပါတယ်”ဟု အမည်မဖော်လိုသည့် ဒေသခံတံငါသည်တစ်ဦးက ပြောကြားခဲ့သည်။ “ဒါက ကျွန်တော်ငယ်ငယ်ကတည်းက ဒီအတိုင်းလေးရှိနေတာမျိုးပါ”ဟု ၎င်းကဆိုသည်။
ဓာတ်ရောင်ခြည်သင့်မှုအဆင့်သည ်အန္တရာယ်ရှိသည့်အခြေအနေအထိ မြင့်တက်နေခြင်းနှင့်အတူ ဆူဇူကီနှင့် အခြားသူများသည် ယင်းကပ်ဘေးဖြစ်ပွားခဲ့ပြီးနောက် တစ်နှစ်ကြာသည်အထိ ပျောက်ဆုံးနေသောအိမ်နီးချင်းများကို ရှာဖွေရန်အတွက် ယင်းနေရာသို့ သွားရောက်ခွင့်မရရှိခဲ့ပေ။
“ကျွန်တော်တို့ရဲ့နေရာကိုဆုံး ရှုံးခဲ့ရတဲ့အပြင် ကျွန်တော်တို့ရဲ့အသက်မွေးဝမ်းကြောင်းတွေလည်း ဆုံးရှုံးသွားပြီး ရင်းနှီးသူအချို့လည်း ပျောက်ဆုံးနေပါတယ်”ဟု အသက် ၅၀ အရွယ် ဆူဇူကီက ပြောကြားခဲ့သည်။
ဓာတ်ရောင်ခြည်သင့်မှုများကြောင့်အပြင် ဆူနာမီအန္တရာယ်မြင့်တက်မှုကြောင့် ၎င်းအလုပ်လုပ်ကိုင်လေ့ရှိသော ကမ်းရိုးတန်းဒေသတွင် လူအများကို နေထိုင်ခွင့်တားမြစ်ပိတ်ပင်ထားသည်။
“ကျွန်တော့်မှာ ဘာမှမကျန်တော့တဲ့အပြင် ဆာကေးအရက်ကို ချက်လုပ်ဖို့ တစ်ဖန် ဘယ်လိုစတင်နိုင်မလဲဆိုတာကိုတောင် မတွေးမိတော့ပါဘူး”ဟု ၎င်းကဆိုသည်။
သဘာဝဘေးအန္တရာယ်ဖြစ်ပွားပြီးနောက် တစ်လအကြာတွင် သုတေသနဓာတ်ခွဲခန်းတစ်ခုမှနေ၍ ဖုန်းခေါ်ဆိုမှုတစ်ခုကို ရှိခဲ့သည်။
ဆာကေးအရသာအတွက် အရေးကြီးသော တဆေးလုပ်ရန် ပါဝင်ပစ္စည်း “shubo” ကို ဆက်လက်ထိန်းထားနိုင်ကြောင်း သိရှိခဲ့သည်။
ဆူဇူကီသည် ဟွန်ရှူကျွန်း၏ အခြားတစ်ဖက်ရှိ ရာမာဂါတာစီရင် စုရှိ ယူကယ်ဒိုမှဝေးကွာသောနေရာ တစ်နေရာတွင် ၎င်း၏အရက်ချက် စက်ရုံအသစ်ကို ပြန်လည်စတင် လည်ပတ်နိုင်လာခဲ့သည်။
သို့သော် အရသာအတိအကျကို ရရှိနိုင်ရန်အချိန်အတော်ကြာ ဆောင်ရွက်ခဲ့ရသည်ဟု ဆိုသည်။
“ရာစုနှစ်များစွာအကြာ ကျွန်တော့်ဘိုးဘေးဘီဘင်တွေက Iwaki Kotobuki ဆာကေးရဲ့အရသာကို ငါးနဲ့ လိုက်ဖက်မှုရှိအောင် ဖန်တီးခဲ့တာဖြစ်ပါတယ်”ဟု ၎င်းကဆိုသည်။
နှစ်နှစ်ကြာပြီးနောက် အစိုးရက ဖူကူရှီးမားဒေသမှ ငါးရောင်းချမှု များကို တစ်ဖန်ပြန်လည်လုပ်ကိုင် ခွင့်ပြုခဲ့သည်။
တံငါသည်များသည် သောက်စရာအချို့လိုအပ်ခဲ့ပြီး ဆူဇူကီသည် နာမီမြို့တွင် အရက်ချက်စက်ရုံအသစ်တစ်ရုံကို တည်ဆောက်ခဲ့သည်။
ဂျပန်သည် နျူကလီးယားစက်ရုံမှ ပြန်လည်သန့်စင်ထားသော ရေဆိုးများကို စတင်ထုတ်လွှင့်ခဲ့ပြီးနောက် သြဂုတ်လက တရုတ်သည် ဂျပန်မှ ပင်လယ်စာတင်ပို့မှုများကို တားမြစ်ပိတ်ပင်မှုသည် ဖူကူရှီးမား ငါးဖမ်းအသိုက်အဝန်းအတွက် ထိုးနှက်ချက်အသစ်တစ်ရပ်ဖြစ်လာသော်လည်း ဒေသခံငါးဖမ်းလုပ်ငန်းသည် တဖြည်းဖြည်း ပြန်လည်နာလန် ထူလာခဲ့သည်။
“ဆာကေးအရက်ချက်စက်ရုံ ပြန်လည်စတင်တာဟာ မြို့ရဲ့ဂုဏ် ယူစရာကိစ္စတစ်ရပ်ဖြစ်ပါတယ်”ဟု ဆိပ်ကမ်းအနီးရှိ အရက်ဆိုင်ပိုင်ရှင် တစ်ဦးဖြစ်သည့် အသက် ၆၄ နှစ်အရွယ် ယာဆူရှီနစ်ဆူမာက ဆိုသည်။
“ဆာကေးကတော့ မြို့ရဲ့ရိုးရာတစ်ခုဖြစ်ပါတယ်။ ဆူဇူကီကတော့ ဒီရိုးရာကို ဆက်လက်ထိန်းသိမ်းနိုင်ဖို့ ကူညီခဲ့တဲ့အပြင် ဒါက တံငါသည်တွေကို ဆက်လက်ငါးဖမ်းနိုင်အောင် တွန်းအားတစ်ခုဖြစ်ပါတယ်”ဟု ၎င်းကပြောကြားခဲ့သည်။















