ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်းဟွန်ဆန်နှင့် နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌတို့ မြန်မာနိုင်ငံကို လာရောက်မည်ဖြစ်ပြီး ငြိမ်းချမ်းရေးကိစ္စများကို နစကနှင့် ဆွေးနွေးမည်

ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်းဟွန်ဆန်နှင့် နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌတို့ မြန်မာနိုင်ငံကို လာရောက်မည်ဖြစ်ပြီး ငြိမ်းချမ်းရေးကိစ္စများကို နစကနှင့် ဆွေးနွေးမည်
Published 12 October 2023
Ref:Khmer Times

လွန်ခဲ့သောနှစ်က အာဆီယံဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ရာတွင် အောင်မြင်မှုအချို့ ရရှိခဲ့ပြီးနောက် အာဏာရ ကမ္ဘောဒီးယားပြည်သူ့ပါတီ (Cambodian People’ Party-CPP) ဥက္ကဋ္ဌဟွန်ဆန်က ၎င်းသည် ငြိမ်းချမ်းရေးကိစ္စ ကြားဝင်ဆောင်ရွက်ပေးရန် ကြိုးပမ်းသည့်အနေဖြင့် ဂျပန်နှင့်ပူးပေါင်းကာ မြန်မာနစကနှင့်စေ့စပ်ဆွေးနွေးရန် ဆန္ဒရှိသည်ဟု ထုတ်ဖော်ပြောကြားသည်။

ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်သည် မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်အတွင်း တပ်မတော်က အာဏာလွှဲပြောင်းယူခဲ့ပြီးနောက်ပိုင်း မြန်မာနိုင်ငံကို သွားသည့် တစ်ဦးတည်းသော အာဆီယံထိပ်တန်းခေါင်းဆောင်ဖြစ်သည်။

၁၉၆၂ ခုနှစ်တွင် တည်ထောင်ခဲ့သော ဂျပန်ပုဂ္ဂလိက၊ အကျိုးအမြတ်မယူသော ဖောင်ဒေးရှင်းဖြစ်သည့် နီပွန်ဖောင်ဒေးရှင်း၏ ဥက္ကဋ္ဌယိုဟဲဆာဆာကာဝါ အောက်တိုဘာ ၁၁ ရက်က ဖနွမ်ပင်မြို့ရှိ CPP ရုံးချုပ်၌ ဟွန်ဆန်ကို သွားရောက်တွေ့ဆုံရာတွင် ဟွန်ဆန်၏သဘောဆန္ဒကို သိရခြင်းဖြစ်သည်။

“ဆမ်ဒက်တက်ချိုဟွန်ဆန်နဲ့ နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌတို့ဟာ မြန်မာနိုင်ငံကို အတူတူသွားဖို့ သဘောတူခဲ့ကြပါတယ်” ဟု ၎င်းတို့နှစ်ဦးတွေ့ဆုံပြီးနောက် ထုတ်ပြန်သော ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၎င်းတို့နှစ်ဦးသည် မြန်မာ့အရေးကို တိုးတက်စေလိုသော မစ္စတာဟွန်ဆန်၏ ကြိုးပမ်းဆောင်ရွက်မှုများနှင့် စိတ်ပါဝင်စားမှုများကို ဆွေးနွေးခဲ့ကြသည်။

ဆာဆာကာဝါက ငြိမ်းချမ်းရေးကိစ္စ ကြားဝင်ဆောင်ရွက်ပေးရန် ကြိုးစားနေသော အဓိကပလေယာအဖြစ် မစ္စတာဟွန်ဆန်၏ အရည်အသွေးကို အလွန်တန်ဖိုးထားကြောင်း ပြောကြားခဲ့ပြီး အတိတ်တွင် ကမ္ဘောဒီးယားနိုင်ငံသည် မြန်မာနိုင်ငံကဲ့သို့ ဆင်းရဲဒုက္ခကြုံ ခဲ့ရသည်ဆိုသော်လည်း မစ္စတာဟွန်ဆန်သည် ဆယ်စုနှစ်ချီကြာမြင့်သော ပြည်တွင်းစစ်ကို ငြိမ်းချမ်းရေးအဖြစ် ပြောင်းလဲပေးခဲ့သည်ဟု ပြောကြားခဲ့သည်။

သို့ရာတွင် မြန်မာနိုင်ငံကို သွားမည့်ရက်ကို နှစ်ဖက်စလုံးက ကြေညာခြင်းမပြုသေးပေ။

အာရှအမြင်အင်စတီကျု (AVI) သုတေသနမှူးဖြစ်ပြီး Institute for International Studies and Public Policy (IISPP) ကတိကအဖြစ်ဆောင်ရွက်နေသော သွန်မန်ဒေးဗစ်က မစ္စတာဟွန်ဆွန်သည် သြဇာရှိနေသူတစ်ဦးဖြစ်နေဆဲဖြစ်သည်ဟု ယုံကြည်ကြောင်း အောက်တိုဘာ ၁၁ ရက်တွင်ပြောကြားသည်။

“မစ္စတာဟွန်ဆန်ဟာ ဝန်ကြီးချုပ်မဟုတ်တော့ပေမယ့်လည်း ဒေသတွင်းငြိမ်းချမ်းရေးနဲ့ မြန်မာနိုင်ငံမှာ ရင်ကြားစေ့ရေးကိစ္စတို့ကို ဆောင်ရွက်ရာမှာ အဓိကပုဂ္ဂိုလ်အဖြစ်ရှိနေပါတယ်” ဟု ၎င်းက ပြောသည်။

“ဂျပန်ရဲ့နီပွန်ဖောင်ဒေးရှင်းကလည်း မြန်မာ့လူမှုရေးနဲ့နိုင်ငံရေးဆိုင်ရာ ရင်ကြားစေ့ရေးကိစ္စတွေ၊ ငြိမ်းချမ်းရေးဖော်ဆောင်မှုကိစ္စတွေကို ဆယ်နှစ်ကျော် လုပ်လာတာဆိုတော့ သူ့(ဟွန်ဆန်)ပညာ၊ သူ့အတွေ့အကြုံ၊ နစကနဲ့ ဆက်ဆံရေးကောင်းတွေရှိထားတာတို့ဟာ နီပွန်ဖောင်ဒေးရှင်းနဲ့အတူတွဲပြီး ကောင်းကောင်းမွန်မွန် လုပ်ဆောင်နိုင်ပါလိမ့်မယ်” ဟု ၎င်းက ဖြည့်စွက်ပြောသည်။

အာဆီယံ၊ ဂျပန်တို့၏အကူအညီဖြင့် မြန်မာ့ငြိမ်းချမ်းရေးကို တည်ဆောက်ခြင်းကြောင့် မြန်မာနိုင်ငံသည် အားလုံးပါဝင်သော ငြိမ်းချမ်းသည့် နိုင်ငံရေးဆွေးနွေးပွဲတစ်ရပ်ကို လုပ်ဆောင်လာနိုင်ဖွယ်ရာရှိပြီး ၂၀၂၄ ခုနှစ်တွင် ရွေးကောက်ပွဲကို ကျင်းပနိုင်ဖွယ်ရာရှိသည်ဟု သွန်မန်ဒေးဗစ်က ပြောကြားခဲ့သည်။

 

Most Read

Most Recent