အလွန်ဆို၏စာချုပ်တွင် ဥရောပထိပ်တန်း (၃) သင်းကို ကိုင်တွယ်မည်ဆိုပါက ခွင့်ပြုရမည်ဆိုသောအချက် ပါဝင်

အလွန်ဆို၏စာချုပ်တွင် ဥရောပထိပ်တန်း (၃) သင်းကို ကိုင်တွယ်မည်ဆိုပါက ခွင့်ပြုရမည်ဆိုသောအချက် ပါဝင်
Photo: LFC
Photo: LFC
Published 12 October 2023

လေဗာကူဆင်အသင်းနှင့် ချုပ်ဆိုထားသည့် အသင်းနည်းပြ အလွန်ဆို၏စာချုပ်၌ လာမည့်ရာသီတွင် ဥရောပထိပ်တန်း(၃)သင်းကို ကိုင်တွယ်မည်ဆိုပါက ခွင့်ပြုရမည်ဆိုသော အချက်ပါဝင်ကြောင်း နာမည်ကျော် ဂျာမန်သတင်းစာ Bild က ဖော်ပြခဲ့သည်။

အသက် (၄၁) နှစ်အရွယ်ရှိ စပိန်လူမျိုးနည်းပြ အလွန်ဆိုသည် လေဗာကူဆင်အသင်းနှင့် ၂၀၂၆ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားပြီး ယင်းစာချုပ်တွင် ကစားသမားဘဝက ၎င်းကစားခဲ့သည့် လီဗာပူးလ်၊ ရီးယဲလ်မက်ဒရစ်နှင့် ဘိုင်ယန်မြူးနစ်အသင်းတို့ထဲမှ တစ်သင်းသင်းကို ကိုင်တွယ်မည်ဆိုပါက ခွင့်ပြုရမည်ဆိုသောအချက်ပါဝင်ကြောင်း သိရှိရသည်။

အလွန်ဆိုသည် လေဗာကူဆင်အသင်းအား ၂၀၂၂ အောက်တိုဘာ (၅) ရက်တွင် စတင်ကိုင်တွယ်ခဲ့သူဖြစ်သည်။

၎င်းသည် လေဗာကူဆင်အသင်းအား ယခုရာသီ ဘွန်ဒစ်လီဂါပွဲစဉ် (၇) အပြီးတွင် ရှုံးပွဲမရှိသေးဘဲ (၆) ပွဲနိုင်၊ (၁) ပွဲသရေ၊ ရမှတ် (၁၉) မှတ်ဖြင့် အမှတ်ပေးဇယားထိပ်ဆုံးတွင် ရပ်တည်နိုင်အောင် စွမ်းဆောင်ပေးထားသူဖြစ်သည်။

ထို့ကြောင့် အလွန်ဆိုသည် နည်းပြလောကတွင် ထွန်းတောက်လာမည့်သူအဖြစ် ဘောလုံးဝေဖန်သူများ၏ သုံးသပ်ခြင်းခံနေရပြီး လီဗာပူးလ်အသင်းကလည်း ကလော့ပ်နောက်ပိုင်းတွင် ၎င်းကိုနည်းပြအဖြစ်ခန့်အပ်ရန် ပစ်မှတ်ထားနေကြောင်း သိရှိရသည်။

သို့သော် လီဗာပူးလ်အသင်းနှင့် ချုပ်ဆိုထားသည့် ကလော့ပ်၏ လက်ရှိစာချုပ်မှာ ၂၀၂၆ ခုနှစ်တွင်မှ ကုန်ဆုံးမည်ဖြစ်သည်။

ဘိုင်ယန်မြူးနစ်အသင်းမှာလည်း တူဟယ်လ်ကို ပြီးခဲ့သည့်မတ်လကမှ ခန့်အပ်ထားခြင်းဖြစ်သည်။

ရီးယဲလ်အသင်းကမူ ယခုရာသီကုန်တွင် လက်ရှိနည်းပြ အန်ဆယ်လော့တီနှင့် လမ်းခွဲမည်ဟု သတင်းထွက်ပေါ်နေပြီး ၎င်း၏နေရာတွင် အလွန်ဆိုကို အစားထိုးခန့်အပ်မည်ဟု စပိန်မီဒီယာများက ဖော်ပြနေကြသည်။

ထို့ကြောင့် လာမည့်ရာသီတွင် အလွန်ဆိုအား ရီးယဲလ်နည်းပြအဖြစ် မြင်တွေ့ရနိုင်ကြောင်းလည်း Bild က ဖော်ပြခဲ့သည်။ 

Most Read

Most Recent