မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့ ဖွဲ့စည်းခြင်း နှစ်နှစ်မြောက် နှစ်ပတ်လည်တွေ့ဆုံပွဲ အခမ်းအနား ရန်ကုန်မြို့တွင် ပြုလုပ်

မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့ ဖွဲ့စည်းခြင်း နှစ်နှစ်မြောက် နှစ်ပတ်လည်တွေ့ဆုံပွဲ အခမ်းအနား ရန်ကုန်မြို့တွင် ပြုလုပ်
Published 7 October 2023

မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့ ဖွဲ့စည်းခြင်း နှစ်နှစ်မြောက် နှစ်ပတ်လည်တွေ့ဆုံပွဲအခမ်းအနားကို ရန်ကုန်မြို့တွင် အောက်တိုဘာ ၆ ရက်က ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါတွေ့ဆုံပွဲအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားပြီး ၎င်းနှင့်အတူ နစကအဖွဲ့ဝင်များဖြစ်သည့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီးညိုစော၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး  ကမ်းခြေစောင့်တပ်ဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဗိုလ်ချုပ်ကိုကိုကျော်၊ တပ်မတော်(ရေ)နှင့် မြန်မာနိုင်ငံကမ်း ခြေစောင့်တပ်ဖွဲ့မှ အရာရှိ၊ စစ်သည်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

နစကဥက္ကဋ္ဌက ကမ်းခြေစောင့်တပ်ဖွဲ့သည် မိမိကိုယ်တိုင် ဖွဲ့စည်းဖွင့်လှစ်ပေးခဲ့သည့် ပထမဦးဆုံးသော နိုင်ငံ၏ ကမ်းခြေစောင့်တပ်ဖွဲ့ဖြစ်ကြောင်း၊ နှစ်နှစ်တာကာလအတွင်း တပ်ဖွဲ့၏ ရုပ်ပိုင်းဆိုင်ရာနှင့် ဖွဲ့စည်းပုံပိုင်း ဆိုင်ရာများတွင် တတ်နိုင်သမျှပြည့်စုံအောင် နိုင်ငံတော်မှ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ဆက်လက်၍လည်း ဖြည့်ဆည်းပေးမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသည် ကျယ်ဝန်းသည့်ပိုင်နက်ပင်လယ်ပြင်နှင့် ရှည်လျားသည့် ကမ်းရိုးတန်းပိုင်ဆိုင်သော ကမ်းရိုးတန်းနိုင်ငံတစ်နိုင်ငံဖြစ်ပြီး ကမ်းရိုးတန်းတစ်လျှောက်တွင်လည်း ကျွန်းပေါင်းများစွာရှိကာ သဘာဝကပေးအပ်သည့် အရင်းအမြစ်များ၊ စီးပွားရေးအခွင့်အလမ်းများများစွာရှိကြောင်း၊ ထို့ကြောင့် နိုင်ငံတော်၏ ပိုင်နက်ပင်လယ်ပြင်နှင့် ကမ်းရိုးတန်းကို အလုံးစုံကာကွယ်စောင့်ရှောက်နိုင်ရန် တပ်မတော် (ရေ) အပြင် ပင်လယ်ပြင် တရားဥပဒေစိုးမိုးရေးတာဝန်များကို အဓိကထမ်းဆောင်နိုင်မည့် ကမ်းခြေစောင့်တပ်ဖွဲ့ တစ်ခုရှိသင့်သည်ဟုယူဆ၍ ယခင်ကတည်းကပင် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ခဲ့ပြီး အခြားနိုင်ငံများ၏ ကမ်းခြေစောင့်တပ်ဖွဲ့ဖွဲ့ စည်းတည်ဆောက်ပုံများကို အချိန်ယူလေ့လာဆောင်ရွက်ခဲ့ရကြောင်း ပြောကြားသည်။

ယခုတပ်ဖွဲ့တွင် တာဝန်ထမ်း‌ဆောင်လျက်ရှိသည့် တပ်ဖွဲ့ဝင်အရာရှိ၊ စစ်သည်များသည် မိမိတို့နိုင်ငံ၏ ကမ်းခြေစောင့်တပ်ဖွဲ့ သမိုင်းသစ်တစ်ခုကို စတင်ခဲ့ကြခြင်းပင်ဖြစ်ကြောင်း၊ တပ်မတော်(ရေ)မှ ရှိရင်းစွဲ လူသား အရင်းအမြစ်များ၊ ရေယာဉ်များဖြင့် စနစ်တကျစုဖွဲ့တည်ဆောက်ထားခြင်းဖြစ်သဖြင့် စံပြုတပ်ဖွဲ့တစ်ခုဖြစ်အောင် ကြိုးစားဆောင်ရွက်ရန်လိုကြောင်း၊  ယခင်က မိမိတို့နိုင်ငံတွင် ကမ်းခြေစောင့်တပ်ဖွဲ့မရှိသည့်အတွက် ပိုင်နက် ပင်လယ်ပြင်နှင့် ရေကြောင်းအကျိုးစီးပွားများ၊ ရေကြောင်းသယံဇာတများကို ကာကွယ်စောင့်ရှောက်ရန်နှင့် ရေကြောင်းလုံခြုံရေး ထိန်းသိမ်းစောင့်ရှောက်ရန် တာဝန်များကို တပ်မတော်(ရေ)က ဆောင်ရွက်ခဲ့ရခြင်း ဖြစ်ကြောင်း၊ ယခုအချိန်တွင် ကမ်းခြေစောင့်တပ်ဖွဲ့ ဖွဲ့စည်းပေးပြီးဖြစ်သည့်အတွက် ပင်လယ်ပြင်တရားဥပဒေစိုးမိုးရေးကဏ္ဍ၊ လူသားချင်းစာနာမှုအကူအညီပေးရေးကဏ္ဍများကို ကမ်းခြေစောင့်တပ်ဖွဲ့က အဓိကထားဆောင်ရွက်ကြရမည်ဖြစ်ပြီး ရေကြောင်းအကျိုးစီးပွားများ ကာကွယ်စောင့်ရှောက်ရေး၊ ပင်လယ်ပြင် ရှာဖွေကယ်ဆယ်ရေးနှင့် ပင်လယ်ပြင်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးတို့ကို လုပ်ဆောင်ရန် တာဝန်ရှိမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆိုသည်။

ထို့ပြင် နှစ်နှစ်တာကာလအတွင်း ပိုင်နက်ပင်လယ်ပြင်အတွင်း တရားဥပဒေစိုးမိုးရေးနှင့် ကာကွယ်ရေးတာဝန်ထမ်းဆောင်မှုများကို အသိအမှတ်ပြုကြောင်းနှင့် ယခုထက် ပိုမိုသည့်စွမ်းဆောင်ရည်ကိုပြသရန် တိုက်တွန်းမှာကြားလိုကြောင်း၊ ကမ်းခြေစောင့်တပ်ဖွဲ့ကို စံပြုတပ်ဖွဲ့တစ်ခုဖြစ်အောင်ဆောင်ရွက်ရန်နှင့် စွမ်းရည်ထက်မြက်သည့် တပ်ဖွဲ့တစ်ခုအဖြစ် ဆက်လက်ရပ်တည်သွားနိုင်ရန် ဆုမွန်ကောင်းတောင်းကြောင်းစသည်ဖြင့် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

ထို့နောက် နစကဥက္ကဋ္ဌက ကမ်းခြေစောင့်တပ်ဖွဲ့တာဝန်ထမ်းဆောင်မှု နှစ်နှစ်တာကာလအတွင်း ပင်လယ်ပြင်တရားဥပဒေ စိုးမိုးရေးလုပ်ငန်းတာဝန်များနှင့် ရှာဖွေကယ်ဆယ်ရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်နိုင်ခဲ့သည့် အရာရှိ၊ စစ်သည်များကို ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ယင်းနောက် နစကဥက္ကဋ္ဌကကမ်းခြေစောင့်တပ်ဖွဲ့တာဝန်ထမ်းဆောင်မှုဂုဏ်ပြု တံဆိပ်ကိုပေးအပ်ရာ ကမ်းခြေစောင့်တပ်ဖွဲ့ ညွှန်ကြားရေးမှူးချုပ်ကလက်ခံရယူပြီး နစကဥက္ကဋ္ဌထံသို့ ကမ်းခြေစောင့်တပ်ဖွဲ့ တပ်နှစ်ပတ်လည်နေ့အထိမ်းအမှတ်တံဆိပ်ကို ဂါရဝပြုပြန်လည်ပေးအပ်ခဲ့ကြောင်းသိရသည်။

ထို့အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များအား ကမ်းခြေစောင့် တပ်ဖွဲ့ညွှန်ကြားရေးမှူးချုပ်က ကမ်းခြေစောင့်တပ်ဖွဲ့ကွပ်ကဲမှုဌာနချုပ် အစည်းအဝေးခန်းမ၌ ရည်မှန်းချက်တာဝန်ထမ်းဆောင်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လိုအပ်သည်များ ပြန်လည်ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

နစကဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ကမ်းခြေစောင့်တပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ရေယာဉ်များအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ရေယာဉ်များမှ အရာရှိ၊ စစ်သည်များ၏ အလေးပြုခြင်းကို ခံယူကာတာဝန်ရှိသူများအား လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့ကို ၂၀၂၁ ခုနှစ် အောက်တိုဘာ ၆ ရက်တွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး မြန်မာ့ပင်လယ်ပြင်နှင့် ရေကြောင်းအကျိုးစီးပွားများ၊ ပင်လယ်ပြာစီးပွားရေး လုပ်ငန်းများအား ကာကွယ်စောင့်ရှောက်ရန်၊ ရေကြောင်းလုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများအား တားဆီးကာကွယ်ရန်၊ ပင်လယ်ပြင်တရားဥပဒေစိုးမိုးရေးနှင့် လူသားချင်းစာနာမှု အထောက်အကူပေးရေးလုပ်ငန်းများ ဆောင်ရွက်ရန်၊ အရေးပေါ်အချိန်တွင် တပ်မတော် (ရေ) အား အထောက်အကူ ပြုနိုင်ရန်စသည့် ရည်မှန်းချက်တာဝန်များကို ထမ်းဆောင်နိုင်ရေးအတွက်ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent