မြဝတီမြို့ မြစန္ဒီပန်းခြံ အ​နောက်လမ်းတွင် ဇနီး​မောင်နှံနှစ်ဦး ​နေအိမ်၌ သေနတ်ဖြင့် ပစ်သတ်ခံရပြီး သေဆုံး

မြဝတီမြို့ မြစန္ဒီပန်းခြံ အ​နောက်လမ်းတွင် ဇနီး​မောင်နှံနှစ်ဦး ​နေအိမ်၌ သေနတ်ဖြင့် ပစ်သတ်ခံရပြီး သေဆုံး
Published 6 October 2023

ကရင်ပြည်နယ် မြဝတီမြို့ အမှတ် ၄ ရပ်ကွက် ၊ မြစန္ဒီ ပန်းခြံအနောက်လမ်းတွင် အောက်တိုဘာ  ၅ ရက်က ဇနီးမောင်နှံ နှစ်ဦး နေအိမ်၌  သေနတ်ဖြင့် ပစ်သတ်ခံရကာ သေဆုံးခဲ့ကြောင်း သိရသည်။

 မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်၊ ပန်းခြံ(၃)လမ်းရှိ နေအိမ်အတွင်း၌  အမျိုးသားတစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့ သေနတ်ဒဏ်ရာဖြင့် သေဆုံးနေကြောင်း သတင်းအရ မြို့မရဲစခန်းမှူး နှင့် နယ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊သက်သေရပ်ကွက် ရာအိမ်မှူး အမျိုးသမီး နှစ်ဦးနှင့်အတူ သွားရောက်စစ်ဆေးခဲ့ ကြောင်းသိရသည်။

မြဝတီ မြို့မရဲစခန်းမှူးနှင့်အဖွဲ့ ၏ စစ်ဆေးချက်အရ  မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်၊ မြစန္ဒီ ပန်းခြံ လမ်းနှင့် ပန်းခြံ(၃)လမ်း ထောင့်၊ City Home စားသောက်ဆိုင် နောက်ကျော လမ်းထောင့်ရှိ နေအိမ်တိုက်ခန်းအတွင်း သေဆုံးနေသူမှာ  သန်းထိုက်အောင် ဆိုသူဖြစ်ပြီး  ပက်လက်အနေအထားဖြင့် လည်ဂုတ်တွင် ကျည်ဖောက်ဝင်ဒဏ်ရာ တစ် ချက်နှင့် သေဆုံး နေကြာင်းနှင့်  ၎င်း၏ဇနီးဖြစ်သူ မနှင်းနှင်းဝေ မှာလည်း ဦးခေါင်း ထိပ်ကျည်ဖောက်ဝင်ဒဏ်ရာ တစ်ချက်တို့ဖြင့် သေဆုံးနေသည်ကို စစ်ဆေးတွေ့ရှိရကြောင်းသိရသည်။

 ဖြစ်စဉ်နှင့်ပတ်သတ်၍ အခင်းဖြစ် နေအိမ်ဘေးကပ်လျက်နေအိမ်၌  နေထိုင်ပြီး သေဆုံးသူ မနှင်းနှင်းဝေ၏ ဖခင်ဖြစ်သူ  ဦးသိန်းတန် အား မေးမြန်းရာ ၎င်းသည် အောက်တိုဘာလ  ၅ ရက်နေ့က အိပ်ယာနိုးစဉ် သမီးဖြစ်သူ၏ နေအိမ်တံခါးများ ပွင့်နေသည်ကို တွေ့ရှိရ သဖြင့် ဝင်ရောက်ကြည့်ရှုရာ နေအိမ်အတွင်း၌ သမီးဖြစ်သူ မနှင်းနှင်းဝေ နှင့် ၎င်း၏ခင်ပွန်း သန်းထိုက်အောင် တို့ နှစ် ဦးမှာ  သေနတ်ဒဏ်ရာ များဖြင့် သွေးအိုင်ထဲတွင် လဲကျသေဆုံးနေသည်ကို တွေ့ရှိရကြောင်း ၊ ည ၁၂ နာရီ ခန့် က သမီးဖြစ်သူ ၏နေအိမ်ဘက်မှ ဗြောက်အိုးဖောက်သံဟု ထင်ရသည့် အသံ နှစ်ချက် ကြားရ ကြောင်း၊ ကျန်းမာရေးမကောင်းသဖြင့် အိပ်ယာထဲတွင်သာ နေခဲ့ကြောင်း ထွက်ဆိုခဲ့သည်ဟုသိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ လူသတ်မှု ကျူးလွန်သူများအား ဖမ်းဆီးနိုင်ရေးအတွက် နယ်ထိန်းတပ်ဖွဲ့ဝင်များ၊ ခရိုင်ရဲတပ်ဖွဲ့ (မှုခင်းနှိမ်နှင်းရေး) ရဲတပ်ဖွဲ့ဝင်များမှ စုံစမ်းလျက်ရှိကြောင်း သိရသည်။

အောက်တိုဘာ ၂ ရက်နေ ၅ နာရီ ခန့်ကလည်း   မြဝတီမြို့၊ အမှတ်(၄) ရပ်ကွက်၊ တောရကျောင်းလမ်းနှင့် မေတ္တာ(၃)လမ်း ထောင့်တွင် ဆိုင်ကယ်စီးလာသည့် ကမ္ဘောဇဘဏ် မန်နေဂျာ တစ်ဦး အနီးကပ်ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်းသိရသည်။

Most Read

Most Recent