■နှစ်နှစ်ကျော်ကာလအတွင်း ရထားလမ်းနှင့် ရထားဘူတာနယ်မြေအတွင်း ဗုံးထောင်ခံရမှု ၁၂၆ ကြိမ်ရှိပြီဖြစ်
ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် ရန်ကုန်-မန္တလေး ရထားလမ်းမကြီး၏ တောကျွဲအင်း နှင့် ကညွတ်ကွင်းဘူတာအကြား မိုင်တိုင် ၁၂၀/၇-၈ ရှိ တံတားအမှတ် (၁၇၉) အနီး တွင် အောက်တိုဘာ ၄ ရက် နံနက် ၈ နာရီ ခန့်က ကော်ပုံးနှစ်ပုံးဖြင့်ပြုလုပ်သည့် မိုင်းနှစ်လုံးတွေ့ရှိသဖြင့် ရှင်းလင်းဖယ်ရှားခဲ့ရကြောင်း သိရသည်။
အဆိုပါမိုင်းတွေ့ရှိသည့် ဖြစ်စဉ်ကြောင့် အမှတ် (၉၂၃) အဆန် ကုန်ရထားသည် ပဲနွယ်ကုန်းဘူတာသို့ နံနက် ၉ နာရီ ၄၃ မိနစ်တွင်လည်းကောင်း၊ အမှတ်(၉၀၄)အစုန် ကုန်ရထားသည် ကညွတ်ကွင်းဘူတာသို့ နံနက် ၁၀ နာရီ ၅ မိနစ်တွင်လည်းကောင်း၊ အမှတ်(၉၀၂)အစုန်ကုန်ရထားသည် ဖြူးဘူတာသို့ နံနက် ၁၀ နာရီ ၁၀ မိနစ်တွင်လည်း ကောင်းရောက်ရှိပြီးစောင့်ဆိုင်းရပ်နားခဲ့ရသဖြင့် မိုင်းရှင်းလင်းပြီးချိန်အထိ ရထားများ အချိန်တစ်နာရီခန့် ကြန့်ကြာမှုဖြစ်ပေါ်ခဲ့ကြောင်းသိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ရာတွင် အောက်တိုဘာ ၄ ရက် နံနက် ၈ နာရီ ခန့်က တောကျွဲအင်းနယ်မြေရဲစခန်းမှ လုံခြုံရေးလှည့်ကင်းဆောင်ရွက်နေစဉ် ၀ိုင်ယာကြိုး များနှင့်သွယ်တန်းထားသည့် မိုင်းဟုယူဆရသော ဆာလာအိတ်နှင့်ထည့်ထားသော ကော်ပုံးနှစ်ပုံးကိုတွေ့ရှိရသဖြင့် စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းမှ တာဝန်ရှိသူများ သွားရောက်ပြီး မိုင်းရှင်းလင်းဆောင်ရွက်ခဲ့ရာ နံနက် ၁၀ နာရီ ၁၀ မိနစ်တွင်မိုင်းကို ရှင်း လင်းဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဖောက်ခွဲတိုက်မှုများအနေဖြင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှစ၍ ယခုအချိန်အထိ မြန်မာ့မီးရထားလမ်း ကွန်ရက်တစ်ခုလုံးတွင် ရထားလမ်းနှင့် ရထားဘူတာနယ်မြေအတွင်း ဗုံးထောင်မှု ၁၂၆ ကြိမ်၊ ရထားတံတားများအား မိုင်းခွဲဖျက်ဆီးခြင်း ၄၅ ကြိမ်၊ ဘူတာအဆောက်အဦနှင့်ဝန်ထမ်းနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း ၁၂ ကြိမ် ရှိပြီဖြစ်ကြောင်း သိရသည်။















