''ကျွဲများခတ်သည့်ကြားက မြေစာပင်ငယ်များ''
အချိန်နှင့်အမျှ ပိုမိုရှုပ်ထွေးလာနေသော ပထဝီဝင်နိုင်ငံရေး အခင်းအကျင်းတွင် အမေရိကန်၊ တရုတ်နှင့် ရုရှားကဲ့သို့ နိုင်ငံကြီးများ၏ နယ်စုံပယ်စုံ အားပြိုင်မှုများသည် ပြင်းထန်လျက်ရှိနေပြီး သက်ရောက်မှုများသည် ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်လျက်ရှိ၏။ ဖွံ့ဖြိုးဆဲနိုင်ငံငယ်များအပေါ်တွင် မည်သို့မျှ ကောင်းကျိုးရှိမည်မဟုတ်သည်မှာ သေချာ၏။ အပျက်သဘောဆောင်သော သက်ရောက်မှုများရှိနေသည်ကို နေ့စဉ်နှင့်အမျှ ကြားသိတွေ့မြင်နေကြရသည်။
အထူးသဖြင့် အမေရိကန်၊ တရုတ်နှင့် ရုရှားနိုင်ငံများသည် ၎င်းတို့၏စီးပွားရေးနှင့် စစ်ရေးအင်အားတို့ကို ကိုင်စွဲလျက် သံတမန်ဗျူဟာအမျိုးမျိုးကိုခင်းကျင်းကာ အားပြိုင်ခြင်း၊ တုံ့ပြန်ခြင်းများ ပြုလုပ်နေကြသည်။ ထိုအခြေအနေများတွင် ၎င်းတို့အပေါ် မှီခိုနေရသည် ဖွံ့ဖြိုးဆဲနိုင်ငံများသည်လည်း တိုက်ရိုက်အားဖြင့်လည်းကောင်း၊ သွယ်ဝိုက်အားဖြင့်လည်းကောင်း ပတ်သက်နေကြရသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများသည် အင်အားကြီးနိုင်ငံများအပေါ်တွင် နိုင်ငံခြားအကူအညီ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုတို့၌ မှီခိုရလေ့ရှိသည်။ အင်အားကြီးနိုင်ငံများနှင့် ဆက်ဆံမှုသည် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက်စီးပွားရေးအရ အထောက်အကူဖြစ်စေသော်လည်း နိုင်ငံကြီးများ အားပြိုင်မှုရှိလာချိန် တွင် စီးပွားရေးအရ ထိလွယ်ရှလွယ်ဘေးအန္တရာယ်တို့ဖြင့် စိုးရိမ်နေကြရသည်။
''စီးပွားရေးအရ မှီခိုမှု''
ဖွံ့ဖြိုးဆဲနိုင်ငံများသည် ချေးငွေများ၊ ထောက်ပံ့ကြေးများနှင့် ရင်းနှီးမြှုပ်နှံမှုများအတွက် စီးပွားရေးအင်အားကြီးနိုင်ငံများအပေါ် မှီခိုအားထားကြရသည်။အကျိုးဆက်အားဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံအစိုးရများ၏ စီးပွားရေးမူဝါဒရေးဆွဲကျင့်သုံးမှုများတွင် အင်အားကြီးနိုင်ငံများ၏ လွှမ်းမိုးမှုများရှိလာနိုင်ပြီး နိုင်ငံ၏အချုပ်အခြာအာဏာကို ဝင်ရောက်စွက်ဖက်လာနိုင်သည့် အခြေအနေသို့ ဦးတည်သွားနိုင်သည်။
''ကြွေးမြီဝန်ထုပ်ဝန်ပိုးများ''
ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အင်အားကြီးနိုင်ငံမှချေးငှားယူထားသည့် ကြွေးမြီများသိသိသာသာ စုပုံနေတတ်သည်။ ထိုကြွေးမြီများကိုပြန်လည်ပေးဆပ်ရာတွင် နိုင်ငံတော်၏ဘတ်ဂျတ်ကို အဓိကသုံးစွဲနေရသဖြင့် ကြွေးမြီဝန်ထုပ်ဝန်ပိုးများသည် နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးလုပ်ဆောင်မှုများကိုနှောင့်နှေးစေသည်။
''အမြတ်ထုတ်သော ကုန်သွယ်မှုအခြေအနေများ''
အင်အားကြီးနိုင်ငံများ၏အကျိုးစီးပွားကို အခွင့်သာစေသည့် ကုန်သွယ်မှုများသည် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စီးပွားရေးကို အနည်းနှင့်အများထိခိုက်မှုများရှိနေတတ်သည်။ မျှတမှုမရှိသော နှစ်နိုင်ငံကုန်သွယ်မှုစည်းမျဉ်းများနှင့် ကုန်သွယ်ရေးကျင့်ထုံးများသည် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စီးပွားရေးမညီမျှမှုကို အချိန်ပိုကြာမြင့်စွာဖြစ်စေသည်။
''နိုင်ငံရေးအရ သက်ရောက်မှုများ''
အင်အားကြီးနိုင်ငံများအားပြိုင်မှုတွင် ဖွံ့ဖြိုးဆဲနိုင်ငံများသည် ကြားခံပဋိပက္ခနယ်မြေဖြစ်လာနိုင်ပြီး ကြားခံစစ်ပွဲနယ်မြေလည်းဖြစ်လာနိုင်သည်။ အကျိုးဆက်များအဖြစ် ပြည်တွင်းမတည်ငြိမ်မှုများ၊ ဖွံ့ဖြိုးတိုးတက်မှုအဟန့်အတားများနှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများကိုပေါ်ပေါက်လာနိုင်သည်။ ထို့ပြင်အင်အားကြီးနိုင်ငံများသည် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ရွေးကောက်ပွဲကိစ္စအပါအဝင်နိုင်ငံရေးလုပ်ငန်းစဉ်များ၌ ပါဝင်ပတ်သက်လာတတ်သည်။ ထိုမှတစ်ဆင့် ၎င်းတို့၏အကျိုးစီးပွားအတွက် အစိုးရအပြောင်းအလဲဖြစ်စေသည့်ဖန်တီးမှုများပါရှိလာနိုင်ရာ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ နိုင်ငံရေးမတည်ငြိမ်မှုများနှင့် လူမှုရေးမငြိမ်မသက်မှုများကို ဦးတည်သည့် အခြေအနေရှိလာနိုင်သည်။
''သဘာဝပတ်ဝန်းကျင်ဆိုင်ရာသက်ရောက်မှုများ''
အင်အားကြီးနိုင်ငံများသည် လုံလောက်သော သဘာဝပတ်ဝန်းကျင်ဆိုင်ရာကာကွယ်မှု အစီအမံများ ပြုလုပ်ထားခြင်းမရှိဘဲ ဖွံ့ဖြိုးဆဲနိုင်ငံများမှ သဘာဝသယံဇာတအရင်းအမြစ်များကို မကြာခဏထုတ်ယူတတ်ကြသည်။ အကျိုးဆက်အားဖြင့် သစ်တောများပြုန်းတီးခြင်း၊ သဘာဝအရ နေထိုင်ကျက် စားသည့်နေရာများ ပျက်စီးခြင်းနှင့် ရေထုလေထုညစ်ညမ်းခြင်းများ ဖြစ်လာစေသည်။ ၎င်းတို့၏ အကျိုးစီးပွားကို ရှေ့တန်းထား၍ သယံဇာတများ အလွန်အကျွံထုတ်ယူခြင်း၏ သက်ရောက်မှုဖြစ်သည့် ရာသီဥတုပြောင်းလဲမှုများ အပါအဝင် သဘာဝဘေးအန္တရာယ် သက်ရောက်မှုများကိုလည်း ဖွံ့ဖြိုးဆဲနိုင်ငံများက အကျိုးဖြစ်ထွန်းမှုနှင့် မညီမျှစွာ ခံစားကြရသည်။
''လူမှုရေးအရ သက်ရောက်မှုများ''
အင်အားကြီးနိုင်ငံများ၏အားပြိုင်မှုများကြောင့် ဖြစ်ပေါ်လာသော ပဋိပက္ခများ၊ နိုင်ငံရေးမတည်ငြိမ်မှုများသည် ဖွံ့ဖြိုးဆဲနိုင်ငံများမှ နိုင်ငံသားများ နေရပ်များမှ စွန့်ခွာထွက်ပြေးမှုများ ပိုမိုဖြစ်လာစေကာ ကမ္ဘာလုံးဆိုင်ရာ ဒုက္ခသည်အကျပ်အတည်းကို ပိုမိုကြီးထွားလာစေနိုင်သည်။ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပညာ သင်ကြားရေးအခြေအနေများကိုပါ ဟန့်တားမှုများဖြစ်လာသည်။ လူမှုရေးမငြိမ်သက်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို မကြာခဏကြုံတွေ့လာရသည်။
''လက်တွေ့အခြေအနေများနှင့်ပတ်သက်၍ ''
၂၁ ရာစု ပိုးလမ်းမအစီအစဉ် - တရုတ်နိုင်ငံ၏ ရည်မှန်းချက်ကြီးသောပိုးလမ်းမစီမံကိန်း ( Belt and Road Initiative) အတွက်လိုအပ်သော အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်သည် ဖွံ့ဖြိုးဆဲနိုင်ငံများကိုကြွေးမြီဝန်ထုပ်ဝန်ပိုးကိုကြီးမားလာစေခဲ့သည်။ ထိုအခြေအနေကို ကြွေးမြီ ထောင်ချောက် သံခင်းတမန်ခင်း (debt-trap diplomacy) ဟု ဆိုလျက် ဝေဖန်မှုများ ဆူညံနေသည်။
စစ်ရေးဝင်ရောက်စွက်ဖက်မှုများ - အာဖဂန်နစ္စတန်၊ ဆီးရီးယားနှင့် ယူကရိန်းတို့နိုင်ငံတို့တွင် အမေရိကန်နှင့် ရုရှားနိုင်ငံတို့က စစ်ရေးအရ ဝင်ရောက်စွက်ဖက်ပတ်သက်မှုများရှိနေပြီး ထိုသို့ စွက်ဖက်မှုများကြောင့်ပင် ထိုနိုင်ငံများကိုပို၍ မတည်မငြိမ်ဖြစ်စေကာ ထိုနိုင်ငံများရှိ ပြည်သူများကို အခက်အခဲ များ စွာဖြစ်စေခဲ့သည်။
သယံဇာတ ထုတ်ယူရေးစီမံကိန်းများ - အင်အားကြီးနိုင်ငံအစိုးရများကို ကျောထောက်နောက်ခံထားသည့် ကုမ္ပဏီကြီးများနှင့် စီးပွားရေးလုပ်ငန်းကြီးများသည် အာဖရိကနှင့် လက်တင်အမေရိကရှိ သဘာဝသယံဇာတများကို လုံလောက်သောစည်းကမ်းစည်းကမ်းများမရှိဘဲ ထုတ်ယူမှုများပြုလုပ်နေခြင်း ကြောင့် သဘာဝ ပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှုနှင့် လူမှုရေးဆူပူအုံကြွမှုများ မကြာခဏ ဖြစ်ပေါ်ခဲ့သည်။
''အခက်အခဲများလျော့ပါးသက်သာစေရေးအားထုတ်ခြင်း''
(၁) ဘက်ပေါင်းစုံမှ ချဉ်းကပ်လုပ်ဆောင်မှု - ပဋိပက္ခများလျော့ကျရေးနှင့် စစ်ပွဲများ အဆုံးသတ်ရေးအတွက် အင်အားကြီးနိုင်ငံများအနေဖြင့် နိုင်ငံတကာစံနှုန်းများကို လိုက်နာလာစေရေး သေချာမှုရှိစေရန် ကမ္ဘာ့ကုလသမဂ္ဂကဲ့သို့ နိုင်ငံတကာအဖွဲ့အစည်းများနှင့်ဆွေးနွေးမှုများကို အလေးထားပြုလုပ်၍ တိကျစွာအကောင်အထည်ဖော်ရန်လိုအပ်သည်။
(၂) ဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု - ပြည်တွင်းတည်ငြိမ်ရေး၊ စီးပွားရေးတိုးတက်မှုနှင့် လုံခြုံရေးဆိုင်ရာ အခြေအနေများကို မြှင့်တင်နိုင်ရန် ဖွံ့ဖြိုးဆဲနိုင်ငံများ အနေဖြင့် ဒေသဆိုင်ရာအဖွဲ့အစည်းများနှင့် မဟာမိတ်နိုင်ငံများကို ဆွဲဆောင်စည်းရုံး၍ အားပေးနိုင်ရန်လိုအပ်သည်။
(၃) ဖွံ့ဖြိုးဆဲတို့ကို အလေးထားမှု - ပြည်တွင်းကိုသာအားကိုးနိုင်ရေးနှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးလုပ်ဆောင်နိုင်ရေးအတွက် အင်အားကြီးနိုင်ငံများနှင့် တန်းတူရည်တူ ညှိနှိုင်းဆွေးနွေးနိုင်ရန်နှင့် ဖွံ့ဖြိုးဆဲနိုင်ငံများကို အခွင့်အာဏာပေးရန်လည်း လိုအပ်သည်။
နိဂုံး
အင်အားကြီးနိုင်ငံများ၏ ပြင်းထန်လာသော အားပြိုင်မှုများသည် ပထဝီနိုင်ငံရေးအခင်းအကျင်းသစ်ကိုပြန်လည်ပုံဖော်နေသကဲ့သို့ရှိနေသည်။ ၎င်းတို့အားပြိုင်မှု၏ အကျိုးဆက်များသည် ဖွံ့ဖြိုးဆဲနိုင်ငံများအပေါ်တွင်လည်း သက်ရောက်မှုများရှိလာနေ၏။ ဖွံ့ဖြိုးဆဲနိုင်ငံများ တွေ့ကြုံရသည့်အခြေအနေ ဆိုးများသည်လည်း အင်အားကြီးနိုင်ငံများနှင့် ပြန်လည်ပတ်သက်မှုများရှိလာသည်။
ယနေ့အချိန်တွင် ကမ္ဘာပေါ်ရှိနိုင်ငံများအနေဖြင့် အင်အားကြီးသည်ဖြစ်စေ၊ အင်အားသေးသည်ဖြစ်စေ သီးခြားရပ်တည်နေ၍မရပေ။ အားလုံးသည် အနည်း နှင့်အများ အပြန်အလှန်ပတ်သက်ဆက်စပ်မှုများ ရှိနေကြသည်။ ပိုမိုမျှတမှုရှိသော၊ ပို၍ တည်ငြိမ်သော ကမ္ဘာလုံးဆိုင်ရာအစီအစဉ်ကို ဖော်ဆောင်နိုင်ရန်အတွက် နိုင်ငံများအားလုံး၏ အရေးကို ထည့်သွင်းစဉ်းစားကြရလိမ့်မည်။ အထူးသဖြင့် အင်အားကြီးနိုင်ငံများ၏ အားပြိုင်မှုကြားတွင် မြေစာပင်ငယ်သဖွယ်ခံနေကြရသော
ဖွံ့ဖြိုးဆဲနိုင်ငံတို့အရေးကို အလေးထားထည့်သွင်းစဉ်းစားရန်လုပ်ဆောင်ရန်လိုအပ်ပေသည်။















