ဆယ်လ်တာဗီဂိုအား အနိုင်ရပြီးနောက် ဘာစီလိုနာအသင်း လာလီဂါစံချိန်တစ်ခုပိုင်ဆိုင်ခဲ့ပြီး ဇာဗီနှင့် ဂျော်အိုဖေးလစ်တို့လည်း မှတ်တမ်းကောင်းများရရှိ

ဆယ်လ်တာဗီဂိုအား အနိုင်ရပြီးနောက် ဘာစီလိုနာအသင်း လာလီဂါစံချိန်တစ်ခုပိုင်ဆိုင်ခဲ့ပြီး ဇာဗီနှင့် ဂျော်အိုဖေးလစ်တို့လည်း မှတ်တမ်းကောင်းများရရှိ
Photo : Twitter
Photo : Twitter
Published 25 September 2023

ပြီးခဲ့သည့် စက်တင်ဘာ (၂၃)ရက်နေ့ကယှဉ်ပြိုင်ခဲ့သော စပိန်လာလီဂါပွဲစဉ် ဘာစီလိုနာ (၃-၂) ဆယ်လ်တာဗီဂိုပွဲအပြီးတွင် ဘာစီလိုနာအသင်းသည် လာလီဂါပြိုင်ပွဲ၏ စံချိန်တစ်ခုကို ပိုင်ဆိုင်နိုင်ခဲ့ပြီး အသင်းနည်းပြ ဇာဗီနှင့် ကစားသမား ဂျော်အိုဖေးလစ်တို့မှာလည်း မှတ်တမ်းကောင်းများ အသီးသီးရရှိခဲ့ကြောင်း သိရသည်။

အဆိုပါပွဲစဉ်တွင် ဘာစီလိုနာအသင်းသည် ဆယ်လ်တာဗီဂိုအသင်းအား ပွဲချိန်မိနစ် (၈၀)အထိ (ဝ-၂)ဂိုးဖြင့် ရှုံးနိမ့်နေခဲ့ပြီးမှ လက်ကျန်မိနစ်များတွင် တိုက်စစ်မှူးလီဝန်ဒေါစကီး (၂ ဂိုး)နှင့် နောက်ခံလူ ကန်ဆယ်လိုတို့က ဂိုးများသွင်းယူခဲ့သောကြောင့် (၃-၂)ဂိုးဖြင့် အံ့အားသင့်ဖွယ်ပြန်လည်အနိုင်ရခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ဘာစီလိုနာအသင်းသည် ၁၉၉၈-၉၉ ရာသီနောက်ပိုင်း လာလီဂါပြိုင်ပွဲသမိုင်းတစ်လျှောက် (ဝ-၂)ဂိုးဖြင့်ရှုံးနိမ့်နေပြီးမှ လက်ကျန်ပွဲချိန် (၁၀)မိနစ်အတွင်း (နာကျင်အချိန်ပိုမိနစ်များ မပါဝင်) (၃)ဂိုးသွင်းယူကာ (၃-၂)ဂိုးဖြင့် ပြန်လည်အနိုင်ရရှိခဲ့သည့် ဒုတိယမြောက်အသင်းအဖြစ် စံချိန်မှတ်တမ်းတင်ရှိနိုင်ခဲ့ခြင်းဖြစ်သည်။ ဘာစီလိုနာမတိုင်မီ ယင်းကဲ့သို့စွမ်းဆောင်နိုင်ခဲ့သည့်အသင်းမှာ ဘီလ်ဘာအိုအသင်းဖြစ်ပြီး ၂၀၀၁ ခုနှစ် နိုဝင်ဘာလအတွင်း ယှဉ်ပြိုင်ခဲ့သည့် ဆယ်လ်တာဗီဂိုနှင့် လာလီဂါပွဲစဉ်တွင် (ဝ-၂)ဂိုးဖြင့် ရှုံးနိမ့်နေပြီးမှ လက်ကျန် (၁၀)မိနစ်အတွင်း (၃)ဂိုးသွင်းယူကာ (၃-၂)ဂိုးဖြင့် ပြန်လည်အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့်ဘာစီလိုနာအသင်းအနေဖြင့် ဆယ်စုနှစ် (၂)ခုကျော်အကြာတွင် ဘီလ်ဘာအိုအသင်း၏ ဂန္ထဝင်မြောက် Comeback စံချိန်မှတ်တမ်းကို လိုက်မီခဲ့ခြင်းဖြစ်ပြီး အသင်းသမိုင်းတစ်လျှောက် လာလီဂါပွဲစဉ်တစ်ပွဲအတွင်း ယင်းကဲ့သို့ပထမဆုံးအကြိမ် စွမ်းဆောင်နိုင်ခြင်းလည်းဖြစ်ခဲ့သည်။

ဘာစီလိုနာအသင်း၏ အံ့အားသင့်ဖွယ် Comeback နိုင်ပွဲနှင့်အတူ ဘာစီလိုနာနည်းပြ ဇာဗီမှာလည်း နည်းပြဘဝမှတ်တမ်းကောင်းတစ်ခုကို ပိုင်ဆိုင်ခဲ့ကြောင်းသိရသည်။ ဆယ်လ်တာဗီဂိုအသင်းအား အနိုင်ရခဲ့သည့်ပွဲစဉ်မှာ ဇာဗီအတွက် ဘာစီလိုနာနည်းပြဘ၀ လာလီဂါပွဲ (၅၀)မြောက် နိုင်ပွဲရရှိခြင်းဖြစ်ခဲ့ပြီး ယင်းနိုင်ပွဲ (၅၀)ပြည့်မြောက်ရန်အတွက် ပွဲ (၇၀)ကိုင်တွယ်ခဲ့ရကြောင်း သိရသည်။ ထို့ကြောင့် ဇာဗီအနေဖြင့် လာလီဂါပြိုင်ပွဲသမိုင်းတစ်လျှောက် ပဉ္စမမြောက်နိုင်ပွဲ (၅၀)အမြန်ဆုံးပြည့်မြောက်သည့် နည်းပြအဖြစ် မှတ်တမ်းဝင်နိုင်ခဲ့ခြင်းဖြစ်သည်။ လာလီဂါပြိုင်ပွဲ သမိုင်းတစ်လျှောက် နိုင်ပွဲ (၅၀)အမြန်ဆုံးပြည့်မြောက်သည့် နည်းပြအဖြစ် စံချိန်တင်ထားသူမှာ ဘာစီလိုနာနည်းပြဟောင်း လူးဝစ္စအန်နရီကေးဖြစ်ပြီး (၆၃)ပွဲကိုင်တွယ်ရာတွင် နိုင်ပွဲ (၅၀)ပြည့်မြောက်ကာ စံချိန်တင်ခဲ့ခြင်းဖြစ်သည်။

ဆယ်လ်တာဗီဂိုနှင့်ပွဲစဉ်တွင် ဘာစီလိုနာအသင်းအတွက် ဂိုးဖန်တီးမှုတစ်ကြိမ်ပြုလုပ်ပေးခဲ့သည့် ပေါ်တူဂီ တောင်ပံကစားသမား ဂျော်အိုဖေးလစ်မှာလည်း ဘာစီလိုနာကစားသမားဘ၀ ပထမဆုံးကစားခဲ့သည့် ပြိုင်ပွဲစုံ (၄)ပွဲတွင် ဂိုးပါဝင်ပတ်သက်မှု (၅)ကြိမ် (၃ ဂိုးသွင်း၊ ၂ ကြိမ်ဖန်တီး) အထိရှိလာခဲ့ကြောင်းသိရသည်။ ဂျော်အိုဖေးလစ်သည် ပြီးခဲ့သည့် ၂၀၂၃ နွေဈေးကွက်နောက်ဆုံးနေ့ရက်တွင်မှာ ဘာစီလိုနာအသင်းသို့ အငှားဖြင့်ပြောင်းရွှေ့လာခဲ့သည့်သူဖြစ်ပြီး ဘာစီလိုနာအသင်းအတွက်မကစားမီ ၎င်းနောက်ဆုံးကစားခဲ့သည့် ပြိုင်ပွဲစုံ (၂၃)ပွဲတွင်လည်း ဂိုးပါဝင်ပတ်သက်မှု (၅)ကြိမ်သာရှိခဲ့ခြင်းဖြစ်ကြောင်း စပိန်မီဒီယာများကဖော်ပြခဲ့ကြသည်။

Most Read

Most Recent