အာမေးနီးယားထိန်းချုပ်ခံ ကရာဘတ်‌ဒေသကို အဇာဘိုင်ဂျန်ကတိုက်ခိုက်လိုက်မှုအတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေးခေါ်ယူ 

အာမေးနီးယားထိန်းချုပ်ခံ ကရာဘတ်‌ဒေသကို အဇာဘိုင်ဂျန်ကတိုက်ခိုက်လိုက်မှုအတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေးခေါ်ယူ 
Photo - AFP
Photo - AFP
Published 20 September 2023
Ref:AFP        

အာမေးနီးယားက ထိန်းချုပ်ထားသည့် နာဂေါ်နို-ကရာဘတ်ဒေသကို အဇာဘိုင်ဂျန်နိုင်ငံဘက်က စစ်ဆင်ရေးဆင်နွှဲနေသည်ကို ရပ်တန့်ရန် ပြင်သစ်နှင့် အမေရိကန်တို့ ဦးဆောင်ကြိုးစားနေပြီး ထိုအရေးကိုဆွေးနွေးရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေး ခေါ်ယူထားသည်။

တောင်ထူထပ်ရာ ကရာဘတ်ဒေသကို နိုင်ငံတကာက အဇာဘိုင်ဂျန်ပိုင်နက်အဖြစ် အသိအမှတ်ပြုထားသော်လည်း ဒေသတစ်စိတ်တစ်ပိုင်းကို ခွဲထွက်ရေး အာမေးနီးယားအာဏာပိုင်များက ဘိုးဘေးပိုင်နေရာဟုဆိုကာ ထိန်းချုပ်ထားသည်။ စက်တင်ဘာ ၁၉ ရက်တွင် အဇာဘိုင်ဂျန်ဘက်မှ လက်နက်ကြီးများ၊ ဂျက်လေယာဉ်များ၊ ဒရုန်းများဖြင့် ကရာဘတ်ကို တိုက်ခိုက်လာသည်ဟု အာမေးနီးယားဘက်ကပြောသည်။

အဇာဘိုင်ဂျန်၏ စစ်ဆင်ရေးသည် လက်ခံနိုင်စရာမရှိဟု ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ကတ်သရင်းကိုလွန်နာက ပြောနေပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီ အလှည့်ကျဥက္ကဌအဖြစ်  တာဝန်ယူထားသည့် အယ်လ်ဘေးနီးယားနိုင်ငံက အစည်းအဝေးကို စက်တင်ဘာ ၂၁ ရက်တွင်ကျင်းပမည်ဟု ကြေညာထားသည်။နယူးယော့ခ်တွင် ကုလသမဂ္ဂအထွေထွေညီလာခံအတွက် ကမ္ဘာ့ခေါင်းဆောင်များ ရောက်ရှိနေချိန်လည်းဖြစ်သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်ကလည်း ထိုအရေးကို အာမေးနီးယား၊ အဇာဘိုင်ဂျန် နှစ်နိုင်ငံစလုံး၏ခေါင်းဆောင်များနှင့် ဖုန်းဆက်ဆွေးနွေးထားကာ၊ စစ်ဆင်ရေးကို ချက်ချင်းရပ်တန့်ရန် အဇာဘိုင်ဂျန်သမ္မတကို တောင်းဆိုထားသည်။ အဇာဘိုင်ဂျန်ဘက်ကမူ တူရကီနိုင်ငံက ထောက်ခံအားပေးနေသည်။ တူရကီနှင့်လည်း အမေရိကန်က ဆက်သွယ်ဆွေးနွေးထားသည်။

အဇာဘိုင်ဂျန် ကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်ချက်တွင် လက်ရှိ ၎င်းတို့တပ်ဖွဲ့များက စခန်းနေရာ ၆၀ ကျော်ကိုသိမ်းယူထားသည်ဟုဆိုသည်။ ကရာဘတ်အာဏာပိုင်များ ထုတ်ပြန်ချက်တွင် တိုက်ပွဲကြောင့် လူ ၂၅ ဦးသေဆုံးထားပြီး ၁၃၈ ဦးဒဏ်ရာရထားကြောင်း၊ ရွာအချို့ကို ပြောင်းရွှေ့ခိုင်းထားကြောင်း ဖော်ပြပါရှိသည်။

၁၉၉၁ ခုနှစ်တွင် ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲပြီးကတည်းက ကရာဘတ်ကိုအကြောင်းပြုကာ စစ်ပွဲနှစ်ခုပေါ်ပေါက်ခဲ့ပြီး ၂၀၂၀ ခုနှစ်တွင် နောက်ဆုံးစစ် ဖြစ်ထားသည်။ ယခုစစ်ဆင်ရေးကို အဇာဘိုင်ဂျန်ဘက်က ကရာဘတ်ရှိ အကြမ်းဖက်သမားများကို ပစ်မှတ်ထားပြုလုပ်ခြင်းဖြစ်သည်ဟု ကြေညာခဲ့သည်။ 

Most Read

Most Recent