မြန်မာ့အရေးကြောင့် အာဆီယံအဖွဲ့ဝင်နိုင်ငံအချင်းချင်း သဘောထားကွဲလွဲမှုများ ရှိနေသော်လည်း အာဆီယံခေါင်းဆောင်များ အပြင် ကမ္ဘာ့အင်အားကြီးနိုင်ငံများက ထိပ်ပိုင်းခေါင်းဆောင်များ ပါဝင်တက်ရောက်ခဲ့ သည့် (၄၃) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးကို စက်တင်ဘာ ၅ ရက်မှ ၇ ရက်အထိ ကျင်းပခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တွင် စက်တင်ဘာ ၅ ရက်မှ ၇ ရက်အထိ ကျင်းပခဲ့ သည့် အာဆီယံထိပ်သီးအစည်းအဝေးသည် ယခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံ၏ နောက်ဆုံးကျင်းပရ သော အစည်းအဝေးပွဲလည်း ဖြစ်သည်။
အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တွင် ကျင်းပပြီးစီးခဲ့သည့် အာဆီယံထိပ်သီးအ စည်းအဝေးတွင်လည်း မရိုးနိုင်သော မြန်မာ့ အရေးနှင့် တောင်တရုတ်ပင်လယ်အရေးတို့ နေရာယူခဲ့သည်။
အာဆီယံထိပ်သီးအစည်းအဝေးတွင် အာဆီယံ၏ မိတ်ဖက်နိုင်ငံများဖြစ်ကြသည့် အမေရိကန်၊ တရုတ်၊ ဗြိတိန်၊ အိန္ဒိယနှင့် ရုရှား အပါအဝင် အင်အားကြီးနိုင်ငံအချို့က ခေါင်းဆောင်များလည်း တက်ရောက်ခဲ့ သည်။
အာဆီယံထိပ်သီးအစည်းအဝေးသို့ အမေရိကန် ဒုတိယသမ္မတ ကမ်မလာဟဲရစ် နှင့် တရုတ်ဝန်ကြီးချုပ်လီချန်းတို့လည်း တက် ရောက်ခဲ့သည်။ ထို့ပြင် အာဆီယံထိပ်သီး အစည်းအဝေးသို့ အာဆီယံ ၁၀ နိုင်ငံအပြင် ၁၁ နိုင်ငံမြောက်အဖွဲ့ဝင်အဖြစ် မူအားဖြင့် သဘောတူထားသည့် တီမောလက်စ်တေ နိုင်ငံကလည်း ပါဝင်တက်ရောက်ခဲ့သည်။
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ ဆွေးနွေး
အာဆီယံထိပ်သီးအစည်းအဝေး မတိုင် မီ စက်တင်ဘာ ၄ ရက်က အာဆီယံနိုင်ငံခြား ရေးဝန်ကြီးများ၏ အစည်းအဝေးကို အင်ဒိုနီး ရှားနိုင်ငံ ဂျာကာတာမြို့တွင် ကျင်းပခဲ့သည်။
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ အစည်းအဝေးတွင် မြန်မာ့အရေးကို အဓိက ထား ဆွေးနွေးသုံးသပ်သွားရန်ရှိကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်တနို မာဆူဒီက အစည်းအဝေးအဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။
“မြန်မာ့အရေးကို ဖြေရှင်းနိုင်မှသာ အာဆီယံအနေနဲ့ အင်ပြည့်အားပြည့်ရှေ့ ဆက်နိုင်မယ်။ ဘုံသဘောတူညီချက်ငါးချက် ကို ဘယ်လောက်အကောင်အထည်ဖော်နိုင် ထားပြီလဲဆိုတာ ဘက်စုံထောင့်စုံ ပြန်လည် သုံးသပ်မှာဖြစ်ပြီး ဘာတွေလုပ်သင့်တယ် ဆိုတဲ့ အကြံပြုချက်တွေကို အာဆီယံခေါင်း ဆောင်တွေကို တင်ပြသွားမယ်” ဟု အင်ဒိုနီး ရှားနိုင်ငံခြားရေးဝန်ကြီးက ပြောကြားသည်။
အာဆီယံ ထိပ်သီးအစည်းအဝေး
အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာ၌ စက် တင်ဘာ ၅ ရက်တွင် (၄၃) ကြိမ်မြောက် အာ ဆီယံထိပ်သီးအစည်းအဝေးကို ကျင်းပခဲ့ သည်။
မြန်မာ့အရေးဖြေရှင်းရန် အာဆီယံ ဘုံသဘောတူညီချက်ငါးရပ် အကောင်အ ထည်ဖော်နိုင်မှုနှင့် တောင်တရုတ်ပင်လယ် ပြင်အရေး ကိစ္စနှစ်ခုကို အာဆီယံထိပ်သီးအ စည်းအဝေးတွင် အဓိကခေါင်းစဉ်အနေဖြင့် ဆွေးနွေးခဲ့သည်။
အာဆီယံထိပ်သီးအစည်းအဝေးတွင် လက်ရှိ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌဖြစ်သည့် အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက မြန်မာ့ အရေးနှင့်ပတ်သက်၍ အာဆီယံက ချမှတ် ထားသည့် ဘုံသဘောတူညီချက်ငါးရပ်ကို ဆက်လက်ဆုပ်ကိုင်ထားမည်ဟု ပြောကြား ခဲ့သည်။
“အာဆီယံ ဘုံသဘောတူညီချက် ငါး ရပ်ကို အကောင်းအထည်ဖော်တဲ့ကိစ္စနဲ့ပတ် သက်ရင် ဒီငါးချက်ကို ၂၀၂၁ ခုနှစ် ဧပြီလ ၂၄ ရက်မှာ အာဆီယံခေါင်းဆောင်အားလုံး သဘောတူညီခဲ့တာဖြစ်ပြီး ဒါဟာ အာဆီယံ အသင်းကြီးရဲ့ စုပေါင်းအားထုတ်မှုဖြစ်တယ် ဘဆိုတာ ကျွန်တော် သတိပေးချင်ပါတယ်။ နောက်ပြီး ဒီဘုံသဘောတူညီချက် ငါးရပ်ကို အာဆီယံရဲ့ အဓိကလမ်းညွှန်ချက်အဖြစ် ဆက်လက်ထားရှိမှာ ဖြစ်ပါတယ်” ဟု ဂျိုကို ဝီဒိုဒိုက ပြောကြားသည်။
အာဆီယံဘုံသဘောတူညီချက်ငါးချက်မှာ
(၁) မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ ချက်ချင်းရပ်ပြီး သက်ဆိုင်သူအားလုံး ထိန်း ထိန်းသိမ်းသိမ်း ဆောင်ရွက်ကြရန်၊ (၂) သက် ဆိုင်သူများကြား အပြုသဘောဆောင် တွေ့ ဆုံဆွေးနွေးကြပြီး ငြိမ်းချမ်းစွာ အဖြေရှာကြ ရန်၊
(၃) အာဆီယံ အထွေထွေအတွင်းရေးမှူး ချုပ်၏ အကူအညီကိုရယူပြီး အာဆီယံဥက္ကဋ္ဌ ၏ အထူးကိုယ်စားလှယ်တစ်ဦးက ဆွေးနွေး ရေးလုပ်ငန်းစဉ်များကို ကြားဝင်ညှိနှိုင်းပေး ရန်၊
(၄) အာဆီယံဘက်က လူသားချင်းစာနာ မှုဆိုင်ရာ ညှိနှိုင်းကူညီပေးရေးဌာနမှတစ်ဆင့် မြန်မာနိုင်ငံကို လူသားချင်း စာနာမှုအကူအ ညီများပေးရန်နှင့်
(၅) အာဆီယံ မြန်မာနိုင်ငံ ဆိုင်ရာ အထူးကိုယ်စားလှယ်နှင့်အဖွဲ့က မြန် မာနိုင်ငံကို သွားရောက်ပြီး သက်ဆိုင်သူ ဘက်ပေါင်းစုံနှင့် တွေ့ဆုံရန် စသည့်အချက် များ ဖြစ်သည်။
ကျင်းပခဲ့သည့် အာဆီယံထိပ်သီးအ စည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ တွင် မြန်မာနိုင်ငံအား ပါဝင်ခွင့်ကို ကန့်သတ် ထားသော်လည်း အာဆီယံအလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားအနေဖြင့် မြန်မာ့အရေး ဖြေရှင်း ရန်အတွက် ပြင်းပြင်းထန်ထန်အားထုတ်ခဲ့ပြီး ကိုးလကျော်ကာလအတွင်း ဘက်ပေါင်းစုံက အဖွဲ့အစည်း ၇၀ နှင့် ၁၄၅ ကြိမ်ကျော် တွေ့ ဆုံထားကြောင်း ၎င်းင်းက ဆိုသည်။ မြန်မာ့နိုင်ငံရေးအကျပ်အတည်းများကို အားလုံးပါဝင်သည့် တွေ့ဆုံဆွေးနွေးရေး နည်းလမ်းနှင့် ဖြေရှင်းရန် သမ္မတ ဂျိုကိုဝီဒိုဒို က ထပ်မံတိုက်တွန်းခဲ့သည်။
အာဆီယံထိပ်သီးအစည်းအဝေးတွင် မြန်မာ့အရေးဖြေရှင်းရန်အတွက် ဘုံသဘော တူညီချက်ငါးရပ် အကောင်အထည်ဖော် နိုင်မှုကို ပြန်လည်သုံးသပ်ခဲ့ပြီး ဆုံးဖြတ်ချက် များလည်း ချမှတ်ခဲ့သည်။ အာဆီယံဘုံသဘောတူညီချက်ငါးရပ်ကို မြန်မာဘက်က အထမြောက်အောင် ဆောင်ရွက်မှုအပိုင်း၌ တိုးတက်မှု ကြီးကြီး မားမား မရှိသည့်အတွက် အလွန်အမင်းစိုး ရိမ်ကြောင်း အာဆီယံခေါင်းဆောင်များက အာဆီယံဘုံသဘောတူညီများကို ပြန်လည် သုံးသပ်ချိန်တွင် ပြောကြားသည်။
ပါဝင်ပတ်သက်သူအားလုံးအနေဖြင့် အကြမ်းဖက်မှုများလျှော့ချရန်၊ အရပ်သား များကို ပစ်မှတ်ထားတိုက်ခိုက်မှုလျှော့ချရန်၊ အိမ်များ၊ အများပြည်သူနှင့်ဆိုင်သည့် ကျောင်း များ၊ ဆေးရုံများ၊ စျေးများ၊ ဘုရားကျောင်း များနှင့် ဘုန်းတော်ကြီးကျောင်းများကို တိုက် ခိုက်မှုများ လျှော့ချရန် တိုက်တွန်းကြောင်း အာဆီယံခေါင်းဆောင်များက ကြေညာချက် ထုတ်ပြန်ခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တွင် စက်တင်ဘာ ၅ ရက်က ကျင်းပခဲ့သည့် (၄၃) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအ ဝေးတွင် တူညီဆန္ဒငါးချက် အကောင်အထည် ဖော်ခြင်းအပေါ် အာဆီယံခေါင်းဆောင်များ ၏ ပြန်လည်သုံးသပ်ချက်နှင့် ဆုံးဖြတ်ချက် များအား မြန်မာနိုင်ငံက ကန့်ကွက်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
အာဆီယံပဋိညာဉ်စာတမ်းအပိုဒ် (၅) ပါ “အခွင့်အရေးနှင့် တာဝန်ဝတ္တရား” မူနှင့် သွေဖည်လျက် မြန်မာနိုင်ငံ၏ အခွင့်အရေး ဖြစ်သည့် တန်းတူရည်တူ ကိုယ်စားပြုမှုကို ငြင်းပယ်ခဲ့သဖြင့် (၄၃) ကြိမ်မြောက် အာဆီ ယံထိပ်သီးအစည်းအဝေးသို့ မြန်မာနိုင်ငံက တက်ရောက်ခြင်း မပြုခဲ့ကြောင်း ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။
အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံက ထုတ်ပြန်ချက် (မူကြမ်း) အား မြန်မာနိုင်ငံနှင့် ဆွေးနွေးညှိနှိုင်းခဲ့သော် လည်း မြန်မာနိုင်ငံ၏ အမြင်နှင့် ရပ်တည်ချက် တို့ကို ထည့်သွင်းမဖော်ပြဘဲ လျစ်လျူရှုခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။
ထို့ကြောင့် မြန်မာနိုင်ငံအစိုးရကိုယ်စား နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် အပြုသ ဘောမဆောင်သည့် သုံးသပ်ချက်များနှင့် တစ်ဖက်သတ်ဆန်ပြီး မျှတမှုမရှိသည့် ဆုံး ဖြတ်ချက်များပါရှိသည့် တူညီဆန္ဒငါးချက် အကောင်အထည်ဖော်မှုဆိုင်ရာ အာဆီယံ ခေါင်းဆောင်များ၏ ပြန်လည်သုံးသပ် ချက်နှင့် ဆုံးဖြတ်ချက်အပေါ် ကန့်ကွက် ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ် ပြန်သည်။
အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် အာဆီယံပဋိညာဉ်စာတမ်းပါ ပြဋ္ဌာန်းချက် များနှင့် အခြေခံမူများကို တိကျစွာလေးစား လိုက်နာလျက် အထူးသဖြင့် အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံ၏ ပြည်တွင်းရေးကို အခြားတစ်နိုင် ငံက ဝင်ရောက် စွက်ဖက်ခြင်းမပြုရန် ထပ် လောင်းအသိပေးအပ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖောြ်ပ ထားသည်။
အာဆီယံ၏ နည်းဗျူဟာသစ်
မြန်မာ့အရေးကို အာဆီယံ၏ အလှည့်ကျဥက္ကဋ္ဌတာဝန်ယူခဲ့သည့် သုံးနိုင်ငံက ပူးတွဲ ကိုင်တွယ်ဖြေရှင်းမည်ဖြစ်ကြောင်း အင်ဒိုနီး ရှားနိုင်ငံခြားရေးဝန်ကြီး ရက်တနိုမာဆူဒီက ပြောကြားသည်။
သုံးနိုင်ငံဟုဆိုရာတွင် အာဆီယံအ လှည့်ကျဥက္ကဋ္ဌဟောင်း၊ လက်ရှိဥက္ကဋ္ဌနှင့် နောင်အလှည့်ကျဥက္ကဋ္ဌတို့က ပူးပေါင်းဖြေ ရှင်းမည်ဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံခြား ရေးဝန်ကြီးက ဆိုသည်။
အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တွင် စက်တင်ဘာ ၅ ရက် ပြုလုပ်သည့် အာဆီယံ ထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်း အဝေးများအပြီး သတင်းထောက်များနှင့် တွေ့ဆုံချိန်တွင် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက ထိုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ် သည်။
“မြန်မာ့အခြေအနေကို တစ်နှစ်အတွင်း ပြောင်းလဲအောင် ဘယ်သူမှ မလုပ်နိုင်ပါဘူး။ မြန်မာပြည်သူတွေကို ဆက်ပြီးကူညီမယ့် အာဆီယံရဲ့ ကတိကဝတ်အရ ‘နိုင်ငံရေးဦး ဆောင်ဦးရွက် သုံးဦးတွဲဖက်အဖွဲ့’ယန္တရားကို ဖော်ဆောင်ဖို့ ရှိပါတယ်” ဟု ၎င်းက ဆိုသည်။
အဆိုပါဆုံးဖြတ်ချက်သည့် မြန်မာ့အ ရေးနှင့်ပတ်သက်၍ အာဆီယံ၏ ချဉ်းကပ်မှု ပုံစံအသစ်ဖြစ်ပြီး မြန်မာ့အရေးကို ပိုမို စဉ်ဆက်မပြတ် စီမံခန့်ခွဲစေနိုင်မည်ဖြစ် ကြောင်း ၎င်းင်းက ပြောကြားသည်။
လာအိုနိုင်ငံသည် လာမည့် ၂၀၂၄ ခုနှစ်တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌတာ ဝန်ကို ထမ်းဆောင်မည်ဖြစ်ပြီး မလေးရှား နိုင်ငံက ၂၀၂၅ ခုနှစ်တွင် အလှည့်ကျဥက္ကဋ္ဌ တာဝန်ကို ရယူမည်ဖြစ်သောကြောင့် အာဆီ ယံချဉ်းကပ်မှုပုံစံသစ်အရ မြန်မာ့အရေးကို ကမ္ဘောဒီးယားနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံနှင့် လာအိုနိုင်ငံတို့က ယခုနှစ်ကုန်အထိ ပူးတွဲ ကိုင်တွယ်ရမည်ဖြစ်သည်။ အာဆီယံချဉ်းကပ်မှုပုံစံသစ်အရ ၂၀၂၄ ခုနှစ်တွင်မူ အင်ဒိုနီးရှားနိုင်ငံ၊ လာအိုနိုင်ငံနှင့် မလေးရှားနိုင်ငံတို့က မြန်မာ့အရေးကို ပူးတွဲ ကိုင်တွယ်ရမည်ဖြစ်သည်။ ပုံမှန်အားဖြင့် ၂၀၂၆ ခုနှစ်တွင် မြန်မာ နိုင်ငံက အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူရမည်ဖြစ်သော်လည်း မြန်မာနိုင်ငံ အစား ဖိလစ်ပိုင်နိုင်ငံက ပြောင်းလဲတာဝန် ယူမည်ဖြစ်ကြောင်း သိရသည်။
ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့ဂျူနီ ယာက မြန်မာနိုင်ငံအစား ၂၀၂၆ ခုနှစ်တွင် အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူရန် အဆင် သင့်ဖြစ်နေပြီဖြစ်ကြောင်း ပြောကြားထား သည်။
ထိုကိစ္စနှင့်ပတ်သက်၍ နစကအနေဖြင့် အာဆီယံအစည်းအဝေးများ တက်ရောက်ခွင့် မရသည့်အချက်နှင့် နိုင်ငံအတွင်း တည်ငြိမ် ရေးကြိုးပမ်းနေရသောကြောင့် အာဆီယံအ လှည့်ကျဥက္ကဋ္ဌတာဝန်ကို ယူရန်မဖြစ်နိုင် ကြောင်း နစကပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဠဥဗ သတင်းဌာနကို ပြော ကြားထားသည်။ “အာဆီယံမှာ ထိပ်သီးအစည်းအဝေး တွေနဲ့ အရေးကြီးအစည်းအဝေးမှာ မြန်မာ နိုင်ငံက ကိုယ်စားပြုနိုင်တဲ့သူကို တက် ရောက်စေခြင်းမရှိပါဘူး။ ဒါသည်လည်း ကျွန်တော်တို့အနေနဲ့ ဥက္ကဋ္ဌနေရာနဲ့ပတ် သက်ပြီး ဆောင်ရွက်တဲ့နေရာမှာ အခက်အခဲ တွေ ရှိလာနိုင်တယ်။ ဒါကြောင့်မို့လို့ ဒီလို ဆုံးဖြတ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ဠဥဗ သတင်းဌာန သို့ ဖြေကြားထားသည်။
စက်တင်ဘာ ၇ ရက်က အာဆီယံအ လှည့်ကျ ဥက္ကဋ္ဌတာဝန်ကို အင်ဒိုနီးရှားနိုင်ငံ က လာအိုနိုင်ငံထံ လွှဲပြောင်းပေးအပ်ခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တွင် ကျင်းပသည့် အာဆီယံထိပ်သီးအစည်းအဝေး ပိတ်ပွဲအခမ်းအနားတွင် အလှည့်ကျဥက္ကဋ္ဌ သင်္ကေတဖြစ်သည့် တူအသေးလေးကို လာ အိုဝန်ကြီးချုပ်ထံ အင်ဒိုနီးရှားသမ္မတက ပေး အပ်ခဲ့ခြင်းဖြစ်သည်။
လာအိုနိုင်ငံအနေဖြင့် အာဆီယံအ လှည့်ကျဥက္ကဋ္ဌတာဝန်ကို ၂၀၂၄ ခုနှစ်တွင် တရားဝင်စတင်ထမ်းဆောင်မည် ဖြစ်သည်။
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါ ရီလမှစ၍ နိုင်ငံရေးအပြောင်းအလဲဖြစ်ပေါ် ခဲ့သည့်နောက်ပိုင်း အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်ခဲ့သည့် ဘရူ နိုင်းနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံနှင့် လက်ရှိအင် ဒိုနီးရှားနိုင်ငံတို့အနေဖြင့် မြန်မာ့အရေးကို အတိုင်းအတာတစ်ခုရောက်အောင် ဖြေရှင်း နိုင်ခြင်း မရှိခဲ့ပေ။လက်ရှိတွင် အာဆီယံထိပ်သီးအစည်း အဝေး၌ အာဆီယံခေါင်းဆောင်အားလုံး သဘောတူညီခဲ့သည့် မြန်မာ့အရေးကို အာ ဆီယံ၏ အလှည့်ကျဥက္ကဋ္ဌတာဝန်ယူခဲ့သည့် သုံးနိုင်ငံက ပူးတွဲကိုင်တွယ်ဖြေရှင်းမည်ဆိုသည့် နည်းဗျူဟာအသစ်သည် မည်မျှအထိ ဖြေရှင်းဆောင်ရွက်နိုင်မည်ကို နိုင်ငံရေး လေ့လာသူများက ဆက်လက်စောင့်ကြည့် လျက်ရှိကြသည်။
■