NCA ချုပ်ဆိုမှု ရှစ်နှစ်မြောက်နှစ်ပတ်လည်နေ့ အခမ်းအနားကို အဓိပ္ပါယ် လေးနက်စွာဖြင့် ကျင်းပရန်စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း နစကဥက္ကဌ ပြောကြား

NCA ချုပ်ဆိုမှု ရှစ်နှစ်မြောက်နှစ်ပတ်လည်နေ့ အခမ်းအနားကို အဓိပ္ပါယ် လေးနက်စွာဖြင့် ကျင်းပရန်စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း နစကဥက္ကဌ ပြောကြား
Published 10 September 2023

NCA ချုပ်ဆိုမှု ရှစ်နှစ်မြောက်နှစ်ပတ်လည်နေ့ အခမ်းအနားကို အဓိပ္ပါယ် လေးနက် စွာဖြင့်ကျင်းပရန်စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

 စက်တင်ဘာ ၉ ရက်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) အတွင်းရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိ၊ မြို့ဖများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး(MSME)လုပ်ငန်းရှင်များအား လားရှိုးမြို့ မြို့တော်ခန်းမ၌တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ ဆွေးနွေးရာတွင် နစကဥက္ကဌက ထိုသို့ပြောကြားခြင်းဖြစ်သည်။

နစက ဥက္ကဌက လာမည့် အောက်တိုဘာလ ၁၅ ရက်နေ့သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA)ချုပ်ဆိုမှု ၈ နှစ်မြောက်နှစ်ပတ်လည်နေ့ဖြစ်ကြောင်း၊ ယခင်က အကြောင်းအမျိုးမျိုးကြောင့် ငြိမ်းချမ်းရေးနှစ်ပတ်လည်နေ့ကို ကျင်းပ ပြုလုပ်နိုင်ခဲ့ခြင်းမရှိကြောင်း၊ ယခုနှစ်တွင် အဆိုပါအခမ်းအနားကို အဓိပ္ပါယ် လေးနက်စွာဖြင့်ကျင်းပပြုလုပ်သွားရန်စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့နိုင်ငံ၌ ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခများဖြစ်ပေါ်နေခြင်းကို သုံးသပ်ကြည့်မည်ဆိုပါက နိုင်ငံရေးအရ သဘောထားကွဲလွဲမှုများ၊ တိုင်းရင်းသားရေးအရသဘောထားကွဲလွဲမှုများ၊ ဘာသာရေးအရ သဘောထားကွဲလွဲမှုများ စသည်တို့ကြောင့် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်ကို တွေ့ရှိရ ကြောင်း ပြောကြားသည်။

ထို့ပြင်  နိုင်ငံရေးအရသဘောထားကွဲလွဲမှုများနှင့်ပတ်သက်၍ ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်း သည် တစ်နိုင်ငံနှင့်တစ်နိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံနှင့် နိုင်ငံရေးစနစ်များ တူညီမှုမရှိကြကြောင်း၊ မိမိတို့နိုင်ငံတွင် လွတ်လပ်ရေးရရှိပြီးကာလတွင် ပါလီမန်ဒီမိုကရေစီစနစ်ကို ကျင့်သုံးခဲ့ကြောင်း၊ လွတ်လပ်ရေးကြိုးပမ်းခဲ့စဉ်ကတည်းက လွတ်လပ်ရေးသည် ပထမ၊ ဒီမိုကရေစီရေးသည် ဒုတိယ၊ ဆိုရှယ်လစ်ရေးသည် တတိယဟူ၍ ကြွေးကြော် ဆောင်ရွက်ခဲ့သည်ကို တွေ့ရှိရမည် ဖြစ်ကြောင်း၊ လွတ်လပ်ရေးမရမီကာလနှင့် လွတ်လပ်ရေးရပြီးကာလတွင် ဆိုရှယ်လစ်စနစ်နှင့် အရင်းရှင်စနစ်တို့၏ အားပြိုင်ခဲ့မှု၊ အယူဝါဒ ကွဲပြားမှုများကြောင့် ၁၉၄၈ မတ်လတွင် ကွန်မြူနစ်ပါတီ တောခိုခဲ့ကြောင်း၊ ထို့နောက် KNDO ကဲ့သို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ပေါ်ပေါက်လာခဲ့ကြောင်း၊ ၁၉၆၂ ခုနှစ်မှ ၁၉၈၈ ခုနှစ်ထိ တော်လှန်ရေးကောင်စီနှင့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီတို့က အုပ်ချုပ်ဆောင်ရွက်ခဲ့ပြီး စီမံခန့်ခွဲမှုအားနည်းချက်တို့ကြောင့် စီးပွားရေးကျဆင်းခဲ့ကာ ၁၉၈၈ ခုနှစ် အရေးအခင်း ဖြစ်ပေါ်လာခဲ့ကြောင်း၊ ၁၉၈၈ ခုနှစ် အရေးအခင်းကို ဒီမိုကရေစီတောင်းဆိုသည့် ဖြစ်စဉ်တစ်ခုအဖြစ်သာ ယေဘူယျသဘောထားကြသော်လည်း ၎င်းနောက်ကွယ်၌ ဖြစ်ပွားရသည့်အကြောင်းအရင်းများစွာရှိသည်ကို လေ့လာ တွေ့ရှိနိုင်ကြောင်း၊ ဆိုရှယ်လစ်စနစ်ကို မကြိုက်နှစ်သက်ခြင်းကြောင့် ပါတီစုံ ဒီမိုကရေစီစနစ်ကိုတောင်းဆိုခဲ့ကြကြောင်း၊ ၁၉၈၈ ခုနှစ် နောက်ပိုင်း တပ်မတော်အစိုးရတက်လာခဲ့ပြီး ပြည်သူလူထု၏ဆန္ဒနှင့်အညီ ပါတီစုံ ဒီမိုကရေစီစနစ်သွားနိုင်ရေး ဦးတည်ဆောင်ရွက်ခဲ့ကြောင်း၊ ဒီမိုကရေစီစနစ်ကို ကျင့်သုံးနိုင်ရေး ကိုက်ညီသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲနိုင်ရေးဆောင်ရွက်ခဲ့ရကြောင်း၊ တိုင်းရင်းသား ပြည်သူလူထုနှင့် အလွှာပေါင်းစုံမှအစုအဖွဲ့များ‌ ပါဝင်သော အမျိုးသားညီလာခံ၌ အချေအတင် ဆွေးနွေးပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကို ၂၀၀၈ ခုနှစ်၌ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲဖြင့် အတည်ပြုနိုင်ခဲ့ကြောင်း နစကဥက္ကဌက ပြောကြားသည်။

 ထို့အတူ မိမိတို့နိုင်ငံတွင် ကျင့်သုံးခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေများကို ကြည့်မည် ဆိုပါက လွတ်လပ်ရေးရပြီးနောက် ၁၉၄၇ ခုနှစ်တွင် တိုင်းပြုပြည်ပြုလွှတ်တော်က အတည် ပြုရေးဆွဲခဲ့သည့် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ (၁၉၄၇ ခုနှစ်)သည် ပြည်သူလူထု တစ်ရပ်လုံး မဲပေးအတည်ပြုခဲ့သည့် ဥပဒေမဟုတ်ဘဲ တိုင်းပြုပြည်ပြုလွှတ်တော်က အချို့သော ပညာရှင်များ၏ အကြံဉာဏ်များရယူကာ ရေးဆွဲအတည်ပြုခဲ့သည့် ဥပဒေ ဖြစ်ကြောင်း၊  ဖွဲ့စည်းပုံအခြေခံဥပဒေ (၁၉၇၄ ခုနှစ်)သည် မူကြမ်း ၃ ကြိမ် အထိ ရေးဆွဲ၍ ပြည်သူလူထုအားချပြပြီးမှ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲပြုလုပ်၍ အတည်ပြုခဲ့ ခြင်းဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)သည်လည်း ပြည်လုံးကျွတ် ဆန္ဒခံယူပွဲပြုလုပ်၍ အတည်ပြုခဲ့ခြင်းဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)ကို လေ့လာကြည့်ပါက ဖက်ဒရယ်ဟု တိုက်ရိုက်သုံးစွဲထားခြင်းမရှိသော်လည်း အာဏာကို ခွဲဝေကျင့်သုံးသည့် ဖက်ဒရယ်၏ လုပ်ထုံးလုပ်နည်းများပါပြီးဖြစ်သည်ကိုလေ့လာ သိရှိနိုင်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ကျေးလက်ကို အခြေခံပြီး ကျေးလက်ကို ပေါင်းစည်း၍ မြို့နယ်၊ မြို့နယ်မှ ခရိုင်၊ ခရိုင်မှ တိုင်းဒေသကြီးနှင့်ပြည်နယ်ဖြစ်လာပြီး ထိုမှတဆင့် ပြည်ထောင်စုဖြစ်လာကြောင်း၊ ထိုအတွင်းမှ တူညီသည့် တိုင်းရင်းသားများ ပြားသည့်ဒေသများ၌ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ တိုင်းများအဖြစ် ဖွဲ့စည်းဆောင်ရွက် ပေးထားခြင်းဖြစ်ကြောင်း နစကဥက္ကဌက ဆိုသည်။

ယခုအခါတွင် မိမိတို့နိုင်ငံသည် ပါတီစုံဒီမိုကရေစီစနစ်ကို လျှောက်လှမ်းလျက်ရှိပြီး နိုင်ငံရေးအရ၊ တိုင်းရင်းသားရေးအရ၊ ဘာသာရေးအရ သဘောထားကွဲလွဲမှုများ မဖြစ်သင့်တော့ဘဲ ငြိမ်းချမ်းစွာဖြင့် ဒီမိုကရေစီနှင့် လွှတ်တော်လမ်းကြောင်းပေါ်သို့ ရောက်ရှိနိုင်ရေး မိမိတို့အနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ NCA စာချုပ်ကို ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် အစိုးရ၊ လွှတ်တော်၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက ကမ္ဘာ့ကုလသမဂ္ဂအပါအဝင် နိုင်ငံ တကာမှ အသိသက်သေများ ပြည်တွင်းအသိသက်သေများ ရှေ့မှောက်တွင် ခမ်းနားထည်ဝါစွာလက်မှတ်ရေးထိုးခဲ့ကြကြောင်း၊ Union Accord အဖြစ် ပြည်ထောင်စု လွှတ်တော်က အတည်ပြုပေးထားသည့် သမိုင်းဝင်စာချုပ်ဖြစ်ပြီး မည်သည့်အချိန်မှ ပျက်ပြယ်မှုမရှိ တည်ရှိနေမည့်စာချုပ်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ NCA စာချုပ်အပေါ်တွင်သာ ခိုင်ခိုင်မာမာရပ်တည် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လာမည့် အောက်တိုဘာ ၁၅ ရက်တွင် ကျရောက်မည့် ၈ နှစ်မြောက် NCA နှစ်ပတ်လည်နေ့အခမ်းအနားကိုလည်း လက်တွေ့ကျကျ၊ အဓိပ္ပါယ်ရှိရှိ၊ အလေးအနက်ထား၍ စီစဉ်ကျင်းပသွားမည်ဖြစ်ပြီး မိမိတို့အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အောင်မြင်မှုရရှိစေရေး ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နစကဥက္ကဌက ပြောကြားသည်။

Most Read

Most Recent