အခြေခံအချက်အလက် ဂေဟစနစ် (The Data Ecosystem)

အခြေခံအချက်အလက် ဂေဟစနစ် (The Data Ecosystem)
Published 10 September 2023
ပါမောက္ခ ဒေါက်တာသောင်းဌေး (စာရင်းအင်းပညာ)

စာရေးသူအနေဖြင့် ဂေဟ စနစ် (ECOSYSTEM) ဆိုသည့် စကားလုံး၊ စကားရပ်ကို စတင်ရင်းနှီးကျွမ်း ဝင်စေခဲ့သည်မှာ စာရေးသူ နည်းပြ ဘဝ ရေဆင်းတွင် ဖွင့်လှစ်ထားရှိသည့် ယခင် သစ်တောပညာဌာန နောက်ပိုင်းတွင် သစ်တောတက္ကသိုလ်၊ ယနေ့အချိန်တွင် သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်သို့ သွားရောက်ပြီး စာရင်းအင်း ပညာဘာသာရပ်ကို သင်ကြားပို့ချစဉ် အချိန်ကာလက ဖြစ်ပါသည်။ ထိုစဉ်အချိန်က သိမြင်နားလည်မှုကို တင်ပြရပါလျှင် သဘာဝအရင်းအ မြစ်များ ဖြစ်ကြသည့် လေ၊ မြေ၊ ရေ၊ အပင်၊ သစ်ပင်၊ သစ်တော၊ သယံဇာတ စသည်တို့နှင့် အသက်ရှင်ရပ် တည်လျက်ရှိကြသည့် လူ၊ တိရစ္ဆာန် စသည့် သက်ရှိသတ္တဝါများအကြား သဟဇာတရှိစွာ ရေရှည် ရှင်သန်ရပ်တည်နိုင်စေရန် ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရမည့်စနစ် သို့မဟုတ် သဘာဝအတိုင်း အပြန်အလှန်မှီခို လျက်ရှိသည့်စနစ်အဖြစ် မှတ်ယူခဲ့ရပါသည်။

အလျဉ်းသင့်သဖြင့် ထိုစဉ်အချိန်အခါက ရန်ကုန်မှ ရေဆင်းသို့ သွားရောက်ရာတွင် တွေ့ကြုံခဲ့ရ သည့် အတွေ့အကြုံကို စာဖတ်သူများအား ဝေမျှလိုပါသည်။ ထိုစဉ်အချိန်က ကားလမ်း၏ အခြေအနေကို အနည်းငယ်တင်ပြရပါလျှင် ကားလမ်း၏အလယ်တွင် ကြီးမားသော ချိုင့်ခွက်ကြီးများ ဖြစ်ပေါ်လျက်ရှိ သည့်အပြင် ချိုင့်ခွက်ကြီးများနှင့် ကပ်လျက် တစ်ပေခန့်မြင့်သည့် ချပ်ကြီးများလည်း ဖြစ်ပေါ်လျက်ရှိနေပါသည်။ ထို့ကြောင့် လူစီးအဝေးပြေးကားကြီးများမှာ လွယ်ကူချောမွေ့စွာ မောင်းနှင်နိုင်ခြင်းမရှိဘဲ အများအားဖြင့် ကုန်တင်ကားကြီးများသာလျှင် ယိမ်းကာယိုင်ကာနှင့် ဖြည်းဖြည်းချင်း မောင်းနှင်သွားလာလျက် ရှိကြပါသည်။

ထို့ကြောင့် ခရီးသည်များမှာ ယနေ့အချိန်ကဲ့သို့ လူစီးအဝေးပြေး ကားကြီးများနှင့် သွားလာခြင်းထက် မီးရထားကိုသာ အဓိကထားပြီး အသုံးပြုသွားလာကြရပါသည်။ ရေဆင်းကို သွားရောက်ရန်အတွက် ညနေအချိန် ရန်ကုန်မှ ထွက်သည့် ရန်ကုန်-မန္တလေးရထားကို စီးကြရပါသည်။ ရန်ကုန်-မန္တလေးရထားတွင် ပျဉ်းမနားဘူတာသို့ ဆင်းမည့် ခရီးသည်များအတွက် ရထားတွဲ သီးသန့်ထားရှိပြီး မီးရထားလက်မှတ်ကို ရောင်းချပေးပါသည်။ ပျဉ်းမနားဘူတာတွင် ဆင်းမည့်ခရီးသည်များအတွက် စီးရမည့် လူစီး ရထားတွဲသည် မီးရထားစက်ခေါင်းနှင့် အနီးကပ်ဆုံး နေရာတွင် ထားရှိသည်ကိုလည်း ထူးခြားစွာ တွေ့ရှိရပါသည်။

အဆိုပါ မီးရထားတွဲပေါ်တွင် လိုက်ပါစီးနင်းခဲ့ရသည့် အတွေ့အကြုံကို စာဖတ်သူများအား တင်ပြပါသည်။ “မြင်းလိုခုန် ဆင်လိုယမ်း” ဆိုသည့် အဆိုနှင့် လုံးဝကိုက်ညီသည့် မီးရထားတွဲမှာ ရန်ကုန်-မန္တလေး ရထားတွင်ရှိ ပျဉ်းမနားရထားတွဲကို ရည်ညွှန်းသည်ဟု ထင်မြင်ပါသည်။ မီးရထားခုတ်မောင်းနေစဉ် အပေါ် သို့ မြောက်တက်သွားပြီး ပြန်ကျသည့်အခါတွင် “ဒုန်း” ခနဲ “ဝုန်း” ခနဲ ဆောင့်ပြီး အသံများထွက်ပေါ် လျက်ရှိသည့်အပြင် အပေါ်သို့ မြောက်တက်သွားသည်မှာလည်း ယိမ်းထိုးပြီး အလွန်အကျွံ မြောက်တက်သွားသည့်အတွက် အချို့သောခရီးသည်များ၏ ကြောက်ရွံ့တုန်လှုပ်သည့် အော်သံများကိုပင် ကြားသိခဲ့ရပါသည်။

ဖော်ပြပါ မီးရထားတွဲကြီးကို စီးပြီး ပျဉ်းမနားဘူတာသို့ ရောက်ရှိသည့်အခါတွင်မူ ရေဆင်းသို့သွားရောက်ရန်အတွက် ပျဉ်းမနားဘူတာအနီးတွင်ရှိ ဂျစ်ကားဂိတ်သို့ သွားရောက်ကြရပါသည်။ ဂျစ်ကား စီးသည့်အခါတွင် အမျိုးသားများ ဂျစ်ကား၏ အလယ်ရှိ ထိုင်ခုံများတွင် စီးနင်းခွင့်မရှိကြောင်းနှင့် အမျိုးသားများ စီးမည်ဆိုပါက ဂျစ်ကား၏ ဘောနက်ပေါ် သို့မဟုတ် ဂျစ်ကား၏ ခေါင်မိုးပေါ်တွင် တက် ရောက်စီးနင်းနိုင်ကြောင်း ပြောပြပါသည်။ စာရေးသူသည် ဂျစ်ကား၏ ခေါင်မိုးပေါ်တွင် စီးနင်းလိုက်ပါခွင့် ရရှိခဲ့ပါသည်။ ဂျစ်ကားမောင်းသူသည် ဂျစ်ကား၏ ဘောနက်ပေါ်တွင် လူအပြည့်လိုက်ပါလျက်ရှိသဖြင့် ပုံမှန်ကြည့်သည့်မှန်နှင့် ရှေ့သို့ကြည့်ရန် မဖြစ်နိုင်သောကြောင့် ဂျစ်ကားဘေးရှိဘောင်ပေါ်တွင် ဘေးစောင်းထိုင်ပြီး ဂျစ်ကား၏ စတီယာရင်ကိုကိုင်ကာ စောင်းလျက် ရှေ့သို့ကြည့်ပြီး မောင်းနှင်ရပါသည်။ အထက်တွင် ဖော်ပြခဲ့သည့် လမ်းပေါ်တွင် ဂျစ်ကားကို မောင်းနှင်နေစဉ် ဂျစ်ကားမှာ ဘီးပေါက်ပြီး လမ်းဘေးသို့ ထိုးကျသွားခဲ့ရာ ခရီးသည်များမှာ ထိခိုက်မှု မရှိသော်လည်း ဂျစ်ကားဘီးလဲပြီးသည်အထိ စောင့်ပြီး စီးကြရပါသည်။ ခရီးသည်များက ကားမောင်းသူအား ချီးကျူးသည့်အသံများကိုလည်း ကြားသိခဲ့ရပါသည်။

ရေဆင်းရှိ ယခင် သစ်တောပညာဌာန နောက်ပိုင်းတွင် သစ်တောတက္ကသိုလ်၊ ယနေ့အချိန်တွင် သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်သို့ ရောက်ရှိသည့် အချိန်တွင်မူ ပတ်ဝန်းကျင်အသစ်၊ အတွေ့အကြုံအသစ်များကို ရရှိခဲ့ပါသည်။ ထို့ပြင် ရန်ကုန်တွင် တည်ထောင်ထားရှိသည့် စာရေးသူတို့နှင့် ရင်းနှီးကျွမ်းဝင်သော “တက္ကသိုလ်” တစ်ခု၏ သွင်ပြင်လက္ခဏာရပ်များနှင့် “သင်တန်းကျောင်း” တစ်ခု၏ သွင်ပြင်လက္ခဏာရပ်များ၏ အငွေ့အသက်များကို တစ်ပြိုင်နက်တည်း ခံစားရရှိခဲ့ပါသည်။

စာရေးသူသည် စာရင်းအင်း ပညာဘာသာရပ်ကို အထူးပြုလေ့လာခဲ့ပြီး သင်ယူ၊ သင်ကြားခဲ့သည့် ကျောင်းသား သို့မဟုတ် ကျောင်းဆရာတစ်ဦး ဖြစ်ပါသည်။ စာရင်း အင်းပညာဘာသာရပ်၏ အခြေခံသဘောသဘာဝသည် အခြေခံ ကိန်းဂဏန်းအချက်အလက်များ သို့မဟုတ် အခြေခံအချက်အလက်များ (DATA) နှင့် သတင်းအချက်အလက်များ (Information) ကို အခြေခံကာ အကြောင်းခြင်းရာတစ်ခု၏ အခြေအနေ၊ အကြောင်းအရာတစ်ခုနှင့် တစ်ခု ဆက်စပ်ပတ်သက်မှုအခြေအနေ စသည့် သတင်းအချက်အလက်များကို ရှာဖွေဖော်ထုတ်ခြင်း၊ အကြောင်းနှင့် အကျိုးဆက်စပ်မှုကို ရှာဖွေဖော်ထုတ်ခြင်းနှင့် ဆုံးဖြတ် ချက်ချမှတ်ခြင်း ကောက်ချက်ချခြင်းတို့ကို ပြုလုပ်ဆောင်ရွက်ရသည့် ဘာသာရပ်ဖြစ်ပါသည်။

သို့သော်လည်း ထိုစဉ်အချိန် အခါက အခြေခံကိန်းဂဏန်းအချက်အလက်များ သို့မဟုတ် အခြေခံအချက်အလက်များ (DATA) ဆိုသည့် စကားလုံးစကားရပ်နှင့် ဂေဟစနစ် (ECOSYSTEM) ဆိုသည့် စကားလုံး၊ စကားရပ်တို့ ပေါင်းစည်းထား ခြင်းကို စာရေးသူအနေဖြင့် တွေ့ မြင်ခဲ့ဖူးခြင်း မရှိခဲ့ပါ။ နောက်ပိုင်း အချိန်အခါရောက်ရှိသည့် ကာလမှသာ စာရေးသူအနေဖြင့် တွေ့ရှိ သိမြင်ရခြင်း ဖြစ်ပါသည်။

စာရေးသူ ယခုဆောင်းပါးကို ရေးသားတင်ပြရသည့်အကြောင်းရင်းမှာ စာရေးသူကဲ့သို့ စာရင်းအင်း ပညာဘာသာရပ်ကို အထူးပြုလေ့လာခဲ့သူများအနေဖြင့်သော်လည်းကောင်း၊ သုတေသနလုပ်ငန်းရပ်များကို ထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက်လျက်ရှိသူများအနေဖြင့်သော်လည်းကောင်း၊ မူဝါဒချမှတ်သူများ အနေနှင့်သော်လည်းကောင်း အခြေခံကိန်းဂဏန်းအချက်အလက်များ သို့မဟုတ် အခြေခံ အချက်အလက်များ (DATA) ကို စာရင်းအင်း ပညာဘာသာရပ် ရှုထောင့်အရ လေ့လာဆန်းစစ်ရာတွင် သိမြင် နားလည်သည့် အခြေအနေတွင် တည်ရှိနိုင်ပါသော်လည်း ဂေဟစနစ် (ECOSYSTEM) ရှုထောင့်အရ လေ့လာဆန်းစစ်ရာတွင်မူ တွေ့ကြုံ သိမြင် နားလည်သင့်သည့် အခြေအနေများကို မိတ်ဆက် ရှင်းလင်း တင်ပြရန် ရည်ရွယ်ပါသည်။

ပထမဦးစွာ အခြေခံအချက်အလက် ဂေဟစနစ် (The Data Ecosystem) ဖြစ်ထွန်းပေါ်ပေါက်လာပုံနှင့် အဓိပ္ပာယ် ဖွင့်ဆိုချက်များအား (Reference: 1) တွင် ဖော်ပြထားချက်များကိုအခြေခံကာ ရှင်းလင်းတင်ပြပါမည်။ အဆိုပါရှင်းလင်း တင်ပြချက်များသည် ဂေဟစနစ် သဘောတရား (The Data Ecosystem) ကို အခြေခံကာ သို့မဟုတ် ဂေဟစနစ် ရှုထောင့်အရ ဖော်ပြချက်များ ဖြစ်ကြပါသည်။

အခြေခံအချက်အလက် ဂေဟစနစ် (The Data Ecosystem) ဖြစ်ထွန်းပေါ်ပေါက်လာပုံ အကျဉ်းကို တင်ပြရပါလျှင် - “Initially, the term was used in biology to describe the interactions between organisms of different species and their environment as an integrated system.” (Reference: 1, pp – 6114). ဖော်ပြထားချက်အရ “အစကနဦးအဆင့် ကာလတွင် ဂေဟစနစ်ဆိုသည့် စကားလုံး စကားရပ်သည် ဇီဝဗေဒဘာသာရပ်တွင် အသုံးပြုခဲ့ကြပါသည်။ အသုံးပြုပုံမှာ အမျိုးမျိုးကွဲပြားခြားနားသည့် သက်ရှိသတ္တဝါမျိုးစိတ်များနှင့် ၎င်းတို့၏ ပတ်ဝန်းကျင်အကြား အပြန်အလှန် ဆက်စပ်ပတ်သက် ခြင်းများမှသည် စနစ်တစ်ရပ်အဖြစ်သို့ ပေါင်းစည်းဖြစ်ပေါ်တည်ရှိ လာစေခြင်းကို ဖော်ထုတ်တင်ပြရန် ဖြစ်ပါသည်။”

“…the specific characteri-stics of the biological ecosystem concept have been transferred to other research contexts One of the most famous analogies was coined by with the concept of “business ecosystems”.” (Reference: 1, pp – 6114). ဖော်ပြထားချက်အရ “ဇီဝဗေဒဂေဟစနစ်၏ ထူးခြားထင်ရှားသည် သွင်ပြင်လက္ခဏာရပ်များမှသည် အခြားသော သုတေသနနှင့် ပတ်သက်သည့် အကြောင်းအရာများအဖြစ် ကူးပြောင်း ပေါ်ထွက်လာစေခဲ့ပါသည်။ ၎င်းတို့အထဲမှ ထူးခြားထင်ရှား နာမည်အကျော်ကြားဆုံးဖြစ်သည့် သဘောတရားတစ်ရပ်မှာ “စီးပွားရေးလုပ်ငန်းဂေဟစနစ်များ (Business Ecosystems) ၏ သဘောတရားသည် စကားလုံး ဝေါဟာရအဖြစ် တီထွင်ဆန်းသစ် အသုံးပြုလာခဲ့ကြပါသည်။”

“Thereafter the ecosystem concept has been applied to other research areas e.g. digital ecosystems, software ecosystems, or platform ecosystems.  However, some of these ecosystem concepts overlap both in definition and content.  For example are digital ecosystems regarded as “digital versions” of business ecosystems and data ecosystems as a special kind of digital ecosystems.” (Reference: 1, pp – 6114).

ဖော်ပြထားချက်အရ “ထို့နောက် ဂေဟစနစ်သဘောတရား များသည် အခြားသော သုတေသန နယ်ပယ် ဧရိယာများတွင် အသုံးပြု လာခဲ့ကြပါသည်။ ဥပမာအားဖြင့် ဒစ်ဂျစ်တယ်ဂေဟစနစ်များ (Digital Ecosystems)၊ အပျော့ထည် ဂေဟစနစ်များ (Software Ecosystems) သို့မဟုတ် ပလက်ဖောင်း ဂေဟစနစ်များ (Platform Ecosystems) စသည်တို့ဖြစ်ကြပါသည်။ သို့သော်လည်း အချို့သောဂေဟစနစ်များ၏ သဘောတရားများမှာ အဓိပ္ပာယ်သတ်မှတ်ချက်နှင့် ၎င်းတွင်ပါဝင်သည့် အကြောင်းအရာတို့သည် တစ်ခုနှင့် တစ်ခု ထပ်တူကျလျက် တည်ရှိနိုင်ပါသည်။ ဥပမာအားဖြင့် ဒစ်ဂျစ်တယ်ဂေဟစနစ်များ (Digital Ecosystems) သည် ဒစ်ဂျစ်တယ်နှင့် ပတ်သက်သည့် ပုံစံအမျိုးမျိုးဖြင့် တည်ရှိနေနိုင်သည့် အခြေအနေဖြစ်သည့်အတွက် စီးပွားရေးလုပ်ငန်း ဂေဟစနစ်များ (Business Ecosystems) နှင့် အခြေခံအချက်အလက် ဂေဟစနစ်များ (The Data Ecosystems) သည် ဒစ်ဂျစ်တယ်ဂေဟစနစ်၏ အထူးအစိတ်အပိုင်းများအဖြစ် ပါဝင်လျက်ရှိသည်ဟု မှတ်ယူနိုင်ပါသည်။”

ဒုတိယအနေဖြင့် စာရေးသူတို့ အသုံးပြုလျက်ရှိသည့် စာရင်းအင်း ပညာရှုထောင့်အရ အခြေခံကိန်း ဂဏန်းအချက်အလက်များ သို့မဟုတ် အခြေခံအချက်အလက်များ (DATA) ၏ သဘောသဘာဝနှင့် ဂေဟစနစ် (ECOSYSTEM) ရှုထောင့်အရ လေ့လာ ဆန်းစစ်ရာတွင် အသုံးပြုသည့် အခြေခံကိန်းဂဏန်းအချက် အလက်များ သို့မဟုတ် အခြေခံအချက်အလက်များ (DATA) ၏ သဘောသဘာဝ တို့ကို စာရေးသူ၏ အမြင်သက်သက်ဖြင့် ရှင်းလင်းတင်ပြပါမည်။ စာဖတ်သူများ အလွယ်တကူ သိမြင်နိုင်စေရန် ပုံတွင် ဖော်ပြထားပါသည်။

 ပထမအချက်အနေနှင့် အခြေခံကိန်းဂဏန်းအချက်အလက်များ သို့မဟုတ် အခြေခံအချက်အလက်များ (DATA) ၏ မူလအခြေခံသည် အသုံးပြုသည့် ပုံစံ၊ ရှုထောင့်ပြောင်း လဲသွားနိုင်ပါသော်လည်း ပင်ကို သဘောသဘာဝ သဘောတရားများအားဖြင့် ပြောင်းလဲသွားမည် မဟုတ်ပါ။ အခြေခံကိန်းဂဏန်း အချက်အလက် အမျိုးအစားများ သို့မဟုတ် အခြေခံအချက်အလက် အမျိုးအစားများကို အကျဉ်းမျှတင်ပြပါမည်။

စာရေးသူသည် ၂၀၁၇ ခုနှစ် ဧပြီလတွင် “စာရင်းအင်းပညာ - အခြေခံ နိုင်ငံတော်တည်ဆောက်ရေး အကြံပြုချက်များ” စာအုပ်ကို ပြုစုရေးသားထုတ်ဝေခဲ့ပါသည်။ ဖော်ပြပါစာအုပ် စာမျက်နှာ ၆၀ တွင် တင်ပြထားသည်ကို ပြန်လည် ဖော်ပြရပါလျှင် - “အခြေခံကိန်း ဂဏန်းအချက် အလက်အမျိုးအစားများ သို့မဟုတ် အခြေခံအချက်အလက်အမျိုးအစား လေးမျိုးကို တင်ပြလိုပါသည်။ (က) အမျိုးအစား ခွဲခြင်းကို အခြေခံသည့်အချက်အလက်များ (Nominal Data or Level)၊ (ခ) အစီအစဉ်၊ ကြီးစဉ်ငယ်လိုက် (သို့မဟုတ်) ငယ်စဉ်ကြီးလိုက် ကို အခြေခံသည့် အချက်အလက် များ (Ordinal Data or Level))၊ (ဂ) ကြားပိုင်းကို  အခြေခံသည့်အချက် အလက်များ (Interval Data or Level) နှင့် (ဃ) အချိုးကို အခြေခံသည့် အချက်အလက်များ (Ratio Data or Level) တို့ ဖြစ်ကြပါသည်။”

ဒုတိယအချက်အနေဖြင့် စာရင်းအင်းပညာဘာသာရပ်တွင် အသုံးပြုလျက်ရှိသည့် အခြေခံကိန်း ဂဏန်းအချက်အလက်များ သို့မဟုတ် အခြေခံအချက်အလက်များ (DATA) သည် ကွန်ပျူတာများ မပေါ်ပေါက်မီ အချိန်ကာလကတည်းကပင် အသုံးပြုလျက်ရှိသည့် အခြေခံ အချက်အလက် အမျိုးအစားများ ဖြစ်ကြပါသည်။ ဂေဟစနစ် (Ecosystem) ရှုထောင့်အရ လေ့လာ ဆန်းစစ်ရာတွင် အသုံးပြုသည့် အခြေခံကိန်းဂဏန်း အချက်အလက်များ သို့မဟုတ် အခြေခံအချက်အလက်များ (DATA) သည် ကွန်ပျူတာများ ဖြစ်ထွန်းပေါ်ပေါက်လာသည့်အချိန်တွင်မှ အသုံးပြုသည့် အခြေခံအချက်အလက်အမျိုးအစားများဖြစ်ကြပါသည်။

တတိယအချက်အနေဖြင့် စာရင်းအင်းပညာ ရှုထောင့်အရ အခြေခံအချက်အလက်များကို ကောက်ယူ၊ စုစည်း၊ စိစစ်၊ တွက် ချက်၊ ထုတ်ပြန်၊ ကောက်ချက်ချခြင်းများသည် သီးခြားရည်ရွယ်ချက်နှင့် အကောင်အထည်ဖော်ဆောင်ရွက် သည့် လုပ်ငန်းများ သို့မဟုတ်သုတေသနလုပ်ငန်းများအတွက်သာ ဖြစ်ပါသည်။ သို့သော်လည်း ဂေဟစနစ် ရှုထောင့်အရ ဆောင်ရွက်ခြင်းကို တင်ပြရပါလျှင်- “This is due to the fact that the actors in an ecosystem have cooperative and competitive relationships simultaneously – also known as coopetition.” (Reference: 1, pp – 6114).  ဖော်ပြထားသည်မှာ “အကြောင်းအရာ အချက်အလက်အရ ဂေဟစနစ်တစ်ခုအတွင်း အကောင်အထည်ဖော် ဆောင်ရွက်သူများသည် အတူတကွ ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ပြိုင်ဆိုင်ခြင်းကို တစ်ပြိုင်နက်တည်း ဆက်စပ်ပြုလုပ်ဆောင်ရွက်ကြသူများ ဖြစ်ကြပါသည်။ ၎င်းတို့ကို ပူးပေါင်းပြိုင်ဆိုင်သူများအဖြစ် (Coopetition) အသိအမှတ်ပြု ကြပါသည်။”

တတိယအနေဖြင့် မြန်မာနိုင်ငံအတွက် ရေးသားတင်ပြထားသည့် စာအုပ်စာစောင်များထဲမှ မြန်မာနိုင်ငံနှင့် ပတ်သက်သည့် အခြေခံအချက်အလက် ဂေဟစနစ် (The Data Ecosystem) အကြောင်း ကို (Reference: 2) အား အခြေခံ ကာ ရှင်းလင်းတင်ပြပါမည်။ (Reference: 2) တွင် ရှင်းလင်းတင်ပြ ထားချက်များသည် ကျယ်ပြန့်ပြီး အသေးစိတ် ဖော်ပြထားသည့်အတွက် ယခုဆောင်းပါးအဆင့်နှင့် အကျဉ်းချုပ်တင်ပြရန်ပင် မဖြစ်နိုင်ပါ။ ထို့ကြောင့် စာရေးသူအနေဖြင့် ထူးခြားပြီး ယခုဆောင်းပါးနှင့် ဆက် စပ်သည့် အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် သတင်းအချက်အလက်များကိုသာ ထုတ်နုတ်တင်ပြပါမည်။

ပထမထုတ်နုတ်တင်ပြချက်အနေဖြင့် အခြေခံကိန်းဂဏန်း အချက်အလက်များ သို့မဟုတ် အခြေခံအချက်အလက်များ (DATA) နှင့် ပတ်သက်သည့် အဓိပ္ပာယ်ဖွင့်ဆိုချက်များကို အထက်တွင် ဖော်ပြခဲ့သည့် အဓိပ္ပာယ်များနှင့် စာဖတ်သူများ နှိုင်းယှဉ်ကြည့်နိုင်ရန်တင်ပြပါသည်။

“DATA is the collected facts and statistics that describe and record information. Data can be any factual information, such as words, numbers, measurements, observations, or descriptions, used for record-keeping, description, calculation, or analysis. Data matters because it provides the ability to comprehend, order, control, and communicate complex systems. Increasingly, data has been linked with electronic storage, retrieval, and analysis.” (Reference: 2, pp – 6).

ဖော်ပြထားချက်အရ “အခြေခံအချက်အလက်များဆိုသည်မှာ ကောက်ယူစုဆောင်းထားရှိသည့် ဖြစ်ရပ်မှန် အချက်အလက်များနှင့် စာရင်းအင်းဆိုင်ရာ အချက်အလက်များကို သတင်းအချက်အလက်အဖြစ် မှတ်တမ်းတင်ရန်နှင့် ထုတ်ဖော်ရှင်းလင်းတင်ပြရန် အသုံးပြုသည့်အချက်အလက်များကို ခေါ်ဆိုပါသည်။ အခြေခံအချက်အလက်သည် မည်သည့်ဖြစ်ရပ်မှန် သတင်းအချက်အလက်မဆို ဖြစ်နိုင်ပါသည်။ ၎င်းတို့မှာ စကားလုံး စကားရပ်များ၊ ကိန်းဂဏန်းများ၊ တိုင်းတာ ရရှိခြင်းများ၊ လေ့လာဖော်ထုတ် ရရှိခြင်းများ သို့မဟုတ် ထုတ်ဖော်ရှင်း လင်းတင်ပြချက်များ ဖြစ်ကြပြီး မှတ်တမ်းတင်ထိန်းသိမ်းထားရှိခြင်း၊ ထုတ်ဖော်ရှင်းလင်းတင်ပြခြင်း၊ တွက်ချက်ခြင်း သို့မဟုတ် လေ့လာ စိစစ်ခြင်းတို့အတွက် အသုံးပြုထား ရှိခြင်းများလည်း ပါဝင်ပါသည်။ အခြေခံအချက်အလက်နှင့် ပတ် သက်သည့်ကိစ္စရပ်များကို အဘယ် ကြောင့် ဆောင်ရွက်ရသလဲဆိုပါလျှင် ၎င်းတို့သည် ရှုပ်ထွေးနက်နဲလှသည့်စနစ်များအား ဆက်သွယ်ခြင်း၊ ထိန်းကျောင်းခြင်း၊ အစီအစဉ်တကျ ဖြစ်စေခြင်းတို့ကို အပြည့်အဝ နားလည်သဘောပေါက်စေရန်အတွက် အရည်အသွေးကို အထောက်အပံ့ပေးနိုင်ခြင်းကြောင့် ဖြစ်ပါသည်။ အခြေခံအချက်အလက်များသည် အီလက်ထရွန်နစ်ပစ္စည်းဖြင့် သိမ်းဆည်းခြင်း၊ ပြန်လည်ရယူခြင်း နှင့် လေ့လာစိစစ်ခြင်း စသည်တို့နှင့် ပတ်သက် ဆက်စပ်မှုမှာ ပိုမိုဖြစ် ထွန်းပေါ်ပေါက်စေလျက်ရှိနေပါသည်။”

“DATA ECOSYSTEM is the data system or environment in which data is collected, stored, analysed, and used, as well as the underpinning governance framework. The term “data ecosystem” refers to each of the interconnected technical components of the data system (collection, storage, analysis, use, and governance), the relationship between the components, and sometimes the human interactions with the components.” (Reference: 2, pp – 6). ဖော်ပြထားချက်အရ “အခြေခံအချက်အလက်ဂေဟစနစ်ဆိုသည်မှာ အခြေခံအချက်အလက်စနစ် သို့မဟုတ် ပတ်ဝန်းကျင်ကို ခေါ်ဆိုပါသည်။ ၎င်းတွင် အခြေခံအချက်အလက်များကို ကောက်ယူ ခြင်း၊ သိမ်းဆည်းခြင်း၊ လေ့လာစိ စစ်ခြင်းတို့ကို အသုံးပြုခြင်းနှင့် အုပ်ချုပ်ရေးလုပ်ငန်းများ၏ မူဘောင်အတွက် ခိုင်မာစေရန် အုတ်မြစ်ချ ခြင်း၊ ထိန်းသိမ်းခြင်းတို့ ပါဝင်ပါသည်။ အချက်အလက်ဂေဟစနစ်၏အဓိပ္ပာယ်မှာ အခြေခံအချက်အလက်စနစ်တွင် ပါဝင်သည့် ကောက်ယူခြင်း၊ သိမ်းဆည်းခြင်း၊ စိစစ်ခြင်း၊ အသုံးပြုခြင်းနှင့် အုပ် ချုပ်စီမံခန့်ခွဲခြင်းစသည့် နည်းပညာ အစိတ်အပိုင်းအတွင်း တစ်ခုနှင့် တစ်ခု အပြန်အလှန် ဆက်စပ်ပတ်သက်လျက်ရှိသည်ကို ရည်ညွှန်းပါသည်။ ၎င်းတွင် အစိတ်အပိုင်း တစ်ခုနှင့်တစ်ခုအကြား ဆက်စပ် ပတ်သက်ခြင်းများနှင့် တစ်ခါတစ်ရံ လူတို့နှင့် အစိတ်အပိုင်းများအကြား ဆက်စပ်ပတ်သက်ခြင်းများလည်း ပါဝင်ပါသည်။”

ဒုတိယထုတ်နုတ်တင်ပြချက်အနေဖြင့် မူဝါဒချမှတ်ခြင်းများ၊ ဆုံးဖြတ်ချက်ချမှတ်ခြင်းများ ပြုလုပ်ရာတွင် အခြေခံအားဖြင့် ဖြစ် ပေါ်တည်ရှိသင့်သည့် အခြေအနေ ကို တင်ပြရပါလျှင် -  “Fundamentally, does the right data, in the right format, get to the right people with the right skills and at the right time to support effective decision-making?” (Reference: 2, pp – 5).

ဖော်ပြထားချက်အရ “အခြေခံအားဖြင့် ဖြစ်ပေါ်တည်ရှိသင့်သည့် အခြေအနေမှာ အခြေခံအချက်အလက်မှန်များသည် မှန်ကန်သည့် ဖွဲ့စည်းတည်ဆောက်ထားရှိသည့် ပုံစံအတွင်း တည်ရှိနေစေပြီးလျှင် အရည်အချင်းအမှန်ရှိသည့် လူမှန်များ၏လက်ထဲသို့ ရောက်ရှိစေကာ ထိရောက်အကျိုးရှိသည့် ဆုံးဖြတ်ချက်ချမှတ်ခြင်းကို အထောက်အကူပြုရန် အချိန်မှန် ရရှိနေစေရမည် ဖြစ်ပါသည်။”

တတိယထုတ်နုတ်တင်ပြချက်အနေဖြင့် မြန်မာနိုင်ငံတွင် အခြေခံ အချက်အလက်များနှင့် ပတ်သက်ပြီး တည်ရှိ ဖြစ်ပေါ်စေလျက်ရှိသည့် အခြေအနေများနှင့် တရားဝင်စာရင်းအင်းအချက်အလက်များနှင့် ပတ်သက်သည့် အခြေခံအချက်အလက်များ၏ အခြေအနေ အရည်အသွေး အဆင့်အတန်းကို တင်ပြပါမည်။

မြန်မာနိုင်ငံတွင် အခြေခံအချက်အလက်များနှင့် ပတ်သက်ပြီး တည်ရှိ ဖြစ်ပေါ်စေလျက်ရှိသည့် အခြေအနေများကို တင်ပြရပါလျှင် - “In many sectors in Myanmar, data collection and storage are still paper based, with some forms of data dating to the British colonial and Burma Socialist Program Party administrations. As a consequence, some data may serve little purpose in informing decision-making, and paper-based data impedes more complex computer-facilitated analysis.” (Reference: 2, pp – 5). ဖော်ပြထားချက်အရ “မြန်မာနိုင်ငံတွင်ရှိ ကဏ္ဍအားလုံးတွင် အခြေခံအချက်အလက်များ ကောက်ယူခြင်းနှင့် သိမ်းဆည်းစု ဆောင်းခြင်း ပြုလုပ်လျက်ရှိကြသည် မှာ ယနေ့အချိန်အထိတိုင် စက္ကူ စာရွက်ကို အခြေခံပြီး ဆောင်ရွက်လျက်ရှိနေကြပါသည်။ အချို့သော အခြေခံအချက်အလက်ကောက်ယူသည့် ပုံစံများမှာလည်း ကိုလိုနီခေတ်နှင့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ အုပ်ချုပ်စဉ်က အသုံးပြုခဲ့ကြသည့် ပုံစံအဟောင်းများသာ ဖြစ်နေပါသည်။ အကျိုးဆက်အဖြစ် အချို့သော အခြေခံအချက်အလက်များမှာ ဆုံးဖြတ်ချက်ချမှတ်ရန် အသုံးပြုရမည့် သတင်းအချက်အလက်များအနေဖြင့် ရည်ရွယ်ချက် အနည်းငယ်ကိုသာလျှင် အထောက်အကူပေးနိုင်ပါသည်။ စက္ကူစာရွက်ဖြင့် ကောက်ယူရရှိထားသည့် အခြေခံအချက်အလက်များအနေဖြင့် ကွန်ပျူတာကို အသုံးပြုပြီး လေ့လာစိစစ်ရန်မှာ အချိန်ကြန့်ကြာပြီး အဟန့်အတားဖြစ်စေသည့်အပြင် လွယ်ကူလျင်မြန်ခြင်းလည်း မရှိနိုင်ပါ။”

မြန်မာနိုင်ငံတွင် တရားဝင် စာရင်းအင်းအချက်အလက်များနှင့် ပတ်သက်သည့် အခြေခံအချက်အလက်များ၏ အခြေအနေ အရည်အသွေး အဆင့်အတန်းကို တင်ပြရပါလျှင် - “The data quality of official statistics in Myanmar has ranked at the bottom of ASEAN countries and second lowest in a recent World Bank analysis of ASEAN statistical capacity.” (Reference: 2, pp – 5). ဖော်ပြထားချက်အရ “မြန်မာနိုင်ငံတွင် တရားဝင်စာရင်းအင်းအချက်အလက်များ၏ အခြေခံအချက်အလက် အရည်အသွေးမှာ အာဆီယံနိုင်ငံများအတွင်း အောက်ခြေအဆင့်တွင်သာ တည်ရှိနေပါသည်။

အာဆီယံနိုင်ငံများ၏ စာရင်းအင်းစွမ်းရည် အရည်အသွေးကို ကမ္ဘာ့ဘဏ်၏ လေ့လာဆန်းစစ်ချက်အရ အောက်ဆုံးအဆင့် ဒုတိယနေရာတွင် ရပ်တည်လျက်ရှိပါသည်။”

နောက်ဆုံးအနေဖြင့် စာရေးသူ၏ အမြင်သက်သက်ဖြင့် တင်ပြလိုသည်မှာ အခြေခံအချက်အလက်များ (DATA)၊ စာရင်းအင်းဆိုင်ရာအ ချက်အလက်များ (Statistics)၊သတင်းအချက်အလက်များ (Information) သည် တိုင်းပြည်တည်ဆောက်ရာတွင်သော်လည်းကောင်း၊ နိုင်ငံတော်ကို တည်ဆောက်ရာတွင်သော် လည်းကောင်း၊ ပြည်သူပြည်သား နိုင်ငံသားများ ကိုယ်ကျန်းမာစိတ်ချမ်းသာစွာ အသက်ရှင်ရပ်တည်နိုင်စေရေးအတွက်သော်လည်းကောင်း မရှိမဖြစ် အရေးကြီးသည့် ယန္တရား ကိရိယာတန်ဆာပလာများ ဖြစ်ကြပါသည်။

မြန်မာနိုင်ငံတွင် လွတ်လပ်ရေး ရရှိပြီးချိန်နောက်ပိုင်း နှစ်ကာလတာရှည်စွာ လက်နက်ကိုင်အင်အားကိုသာ အခြေပြုပြီး အာဏာကိုသာ ရယူတည်ဆောက်ခဲ့ကြသဖြင့် အာဏာကို ဗဟိုပြုသည့် နံကြားထောက်ဆုံးဖြတ်ချက်ချမှတ်ခြင်းများကိုသာ အသုံးပြုခဲ့ကြသောကြောင့် အထက်ဖော်ပြပါ ယန္တရား ကိရိယာ တန်ဆာပလာများမှာ ပျက်စီးယိုယွင်းလျက်ရှိသည်ကို တာဝန်ရှိသူများအနေဖြင့် သတိပြုနိုင်စေရန် တင်ပြအပ်ပါသည်။

နိဂုံးချုပ်အနေဖြင့် တင်ပြလိုသည်မှာ စာရေးသူကဲ့သို့ စာရင်းအင်းပညာဘာသာရပ်ကို အထူးပြု လေ့လာခဲ့သူများအနေဖြင့်သော်လည်းကောင်း၊ သုတေသနလုပ်ငန်း ရပ်များကို ထဲထဲဝင်ဝင် ပါဝင် ဆောင်ရွက်လျက်ရှိသူများ အနေ ဖြင့်သော်လည်းကောင်း၊ မူဝါဒချ မှတ်သူများအနေဖြင့်သော်လည်းကောင်း အခြေခံကိန်းဂဏန်းအချက်အလက်များ သို့မဟုတ် အခြေခံအချက်အလက်များ (DATA) ကို စာရင်းအင်းပညာ ဘာသာရပ်ရှုထောင့်အရ လေ့လာဆန်းစစ်ရာတွင် သိမြင်နားလည်သည့် အခြေအနေတွင် တည်ရှိနိုင်ပါသော်လည်း ဂေဟစနစ် (ECOSYSTEM) ရှုထောင့်အရ လေ့လာဆန်းစစ်ရာတွင်မူ တွေ့ကြုံသိမြင်နားလည်သင့်သည့် အခြေအနေများကို အခြေခံအားဖြင့် သဘောပေါက်နားလည်ပြီးလျှင် အဆင့်မြင့်ပညာရပ်များကို တတ်ကျွမ်းအောင်မြင်ပေါက်မြောက်သည်အထိ ကြိုးပမ်းအားထုတ်ကာ တိုင်းပြည်အကျိုး၊ နိုင်ငံတော် အကျိုးနှင့် ပြည်သူပြည်သား နိုင်ငံသားများ၏အကျိုးကို စွမ်းစွမ်းတမံ အားထုတ်ဆောင်ရွက်နိုင်ကြပါစေကြောင်း ရေးသားတင်ပြအပ်ပါသည်။

References:

1. Joshua Gelhaar, Tobias Grob and Boris Otto (2021), “A Taxonomy for Data Ecosystems”, Proceedings of the 54 th Hawaii International Conference on System Science (2021), pp – 6113 – 6122. ResearchGate.

2. Richard Batcheler, Lu Min Lwin, David Ney, James Owen and James Powers (2020), “Developing Myanmar’s Local Data Ecosystem”, March 2020, The Asia Foundation.

Most Read

Most Recent