ထိုစဉ်ကာလက ကျွန်တော်သည် တိုက်နယ်ဆရာဝန်ပေါက်စဘဝ ပြည်သူ့ကျန်းမာရေးလုပ်ငန်းများတွင် မူကြိုအဆင့်သာရှိသေးသောကာလဖြစ်ပါသည်။ ဗဟိုမှတိုင်း တိုင်းမှမြို့နယ် မြို့နယ်မှ တိုက်နယ်သို့ ခိုင်းစေလိုက်သော စီမံချက်/စီမံကိန်းလုပ်ငန်းများကို လူနာများအား ကုသနေရင်း တစ်ဖက်က တာဝန်ကျေပွန်အောင် ကြိုးစားဆောင်ရွက်နေရချိန်လည်းဖြစ်ပါသည်။
ဆေးကျောင်းတက်စဉ်ကာလက ပြည်သူ့ကျန်းမာရေး ဘာသာရပ်ကို အလေးအနက်မထားဘဲ ပေါ့တန်စွာ အခြား ကုသရေး ဘာသာရပ်များကိုသာ အလေးပေးမိသော ကျွန်တော့်အတွက် ပြည်သူလူထုတစ်ရပ်လုံး၏ ကျန်းမာရေးသည် ဆေးရုံများအပေါ်တွင် အဓိက အားပြုနေရုံဖြင့် ကောင်းမွန်မလာဘဲ ပြည်သူ့ကျန်းမာရေး လုပ်ငန်းများ ထဲထဲဝင်ဝင် ဆောင်ရွက်မှသာ တိုးတက်အောင်မြင်လာမည်ဟု စတင်လက်ခံယုံကြည်လာချိန်လည်း ဖြစ်ပါသည်။ လူနာများ၏ ရောဂါများကို စိတ်ပါဝင်စားစွာ ကုသပေးရင်း ထိုရောဂါတွေသည် မည်သို့ဖြစ်သနည်းဆိုသည်ကို ဆန်းစစ်ကြည့်ရင်း ကာကွယ်ရှောင်လွှဲ၍ ရသော ရောဂါများကို မသိနားမလည်၍ သို့မဟုတ် ဆိုးကျိုးအတိုင်းအဆကိုမသိ၍ ဖြစ်ပွားရသည်ကို သိနားလည်သောအခါ ပြည်သူ့ကျန်းမာရေးလုပ်ငန်းများ၏ လေးနက်မှု အရေးပါမှုကို ပိုမို သိမြင်လာခဲ့ပါသည်။
ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများတွင် အဓိကအားဖြင့် အပိုင်းကြီးသုံးပိုင်း ပါဝင်ပါသည်။ ဆန်းစစ်ခြင်း (Assessment)၊ ဖြေရှင်းခြင်း (Assurance) နှင့် မူဝါချမှတ်ခြင်း (Policy development) တို့ပင်ဖြစ်ပါသည်။ ကျောင်းတုန်းက ဆရာဆရာမများသည် ထိုသို့ သင်ခဲ့ကောင်း သင်ခဲ့မည် ဖြစ်သော်လည်း ပေါ့တန်သော ကျွန်တော့်ခေါင်းထဲတွင် ထိုစဉ်က ကျန်မနေတော့ပါ။ လူနာများ ခံစားနေရသောဝေဒနာများကို အရင်းအမြစ်ကျကျ ဖြေရှင်းလို စိတ်တစ်ခုတည်းနှင့်ပင် ကျွန်တော်သည် တွေ့ကြုံဆန်းစစ်မိသော ပြဿနာ (ရောဂါမှန်သမျှ) ကို ရရာနည်းလမ်းများဖြင့် ဖြစ်သလို တုံ့ပြန်ဆောင်ရွက်ရင်း ပြည်သူ့ကျန်းမာရေးလုပ်ငန်း၏ အပိုင်းကဏ္ဍကြီးနှစ်ရပ်ကို အကောင်အထည်ဖော်မိမှန်းမသိ အကောင်အထည်ဖော်မိလျက်သား ဖြစ်နေခဲ့ပါသည်။
ဆေးကျောင်းသားဘဝတွင် ကျွန်တော်တို့ကြားဖူးခဲ့သော သူရဲကောင်းဆရာဝန်ကြီးများ၏ လုပ်ရပ်များသည် ကျွန်တော်တို့ အိပ်မက်များကို ဒဏ္ဍာရီ လာ ပုံပြင်များ (Myth) များသဖွယ် လွှမ်းမိုးခဲ့ပါသည်။ တောရွာအရပ်မှ အမျိုးသားကြီးတစ်ဦး ညနေခင်း မှောင်ရီဖျိုးဖျအချိန်တွင် ရဲစခန်းသို့ သုတ်သီးသုတ်ပျာ ပူပင်စွာ ဝင်လာသည်။ တာဝန်ကျရဲအရာရှိအား သူ့ဇနီး မနက်အစော မြို့ဈေးသို့ ဟင်းရွက် အရောင်းသွားရင်း ပြန်မလာသေးကြောင်း ဈေးထဲတွင်လည်း မေးမရကြောင်း အဆက်အသွယ်လည်း မရှိ၊ မရကြောင်း လူပျောက် လာတိုင်ခြင်းဖြစ်ပါသည်။ (ထိုစဉ်အခါက ယခုကာလကဲ့သို့ တယ်လီဖုန်း၊ လက်ကိုင်ဖုန်းများ မတွင်ကျယ်၊ မရှိသေးသော ကာလဖြစ်ပါသည်) ရဲစခန်းမှူးကိုယ်တိုင်ရောက်လာပြီး ဝိုင်းစဉ်းစားပေးကြသည်။ ရန်ငြိုးလည်း မရှိသော ကျေးတောသူ၊ လင်သားနှင့်လည်း ရန်ပင်မဖြစ်ဖူး၊ ကလေး ငါးယောက်အမေ အရွယ်ထက်အိုနေသူ ဖြစ်၍ ကြိုက်နှစ်သက်ပါသည်ဆိုကာ ကားတင်ပြေး၊ လှည်းတင်ပြေးမည့်သူမရှိ။ အတော်ခေါင်းခြောက် ကြတော့သည်။ နောက်ဆုံး မင်းမိန်းမမှာ သိသာထင်ရှားတာ ဘာရှိလဲ ဟု မေးတော့ ရွာသားကြီးက လည်ပင်း .. လည်ပင်းကြီး နေတယ်ဟု ဖြေလေတော့သည်။ စိတ်ရှုပ်နေသော စခန်းမှူးကြီးလည်း ပျော်ရွှင်စွာဖြင့် မင်းမိန်းမရှိတဲ့နေရာငါသိပြီ သွားစို့ဟု ဆိုလေသည်။ ရွာသားကြီးက ကျွန်တော့်မိန်းမကို ခေါ်ထားသိမ်းထားတဲ့သူ ကို မိရင် ကျွန်တော့်ကိုပါ ဝင်ဆုံးမခွင့် ပြုပါ စခန်းမှူးကြီးဟု ဆိုလေသည်။ စခန်းမှူးကြီးက ရွာသားကြီး၏ ကျောကုန်းကို ခတ်ဆတ်ဆတ်ရိုက်ကာ မင်း ထိုင်တောင်ကန်တော့နေဦးမှာပါကွာဟု ဆိုလေသည်။
အမှန်စင်စစ် မြို့နယ်ဆရာဝန်ကြီးသည် မနက်စောစော သူ၏ဇနီးသည်ကို ဈေးလိုက်ပို့ရင်း ဟင်းရွက်သည် မိန်းမကြီး၏ လည်ပင်းကြီးဝေဒနာကို တွေ့ကာ သနားသဖြင့် နင်ခွဲမလား ပိုက်ဆံ မကုန်စေရဘူး။ နင့်ဟင်းရွက်တွေလည်း ငါအကုန်ဝယ်မယ် ဆိုတော့ လေးလံသော ဝေဒနာကို မခံစားလိုသူ ကျေးတောသူကြီးက ဆရာကြီးတို့ ဇနီးမောင်နှံ၏ ဂျစ်ကားပေါ် ကောက်ကောက်ပါအောင်လိုက်သွားတော့သည်။ ဆရာကြီးသည် ထုံဆေးထိုးကာ ကြီးနေသော လည်ပင်းအကြိတ်ကို တောသူမကြီးနှင့် စကားတပြောပြောဖြင့် ခွဲစိတ်ပေးလိုက်သည့်အကြောင်း ဒဏ္ဍာရီသဖွယ် အဖြစ်အပျက်များက ဆေးကျောင်းသား ကျွန်တော့်အတွက် စိတ်ခွန်အားစာစုများဖြစ်ခဲ့ပါသည်။
ထိုဆရာကြီးတို့ ခွဲစိတ်ကုသသကဲ့သို့ လူနာကိုမေ့ဆေးမပေးဘဲ ထုံဆေးဖြင့်သာ လည်ပင်းကြီးရောဂါကို ခွဲစိတ်လိုသော ကျွန်တော်တို့ လူလားမြောက်သောအခါ ခွဲစိတ်ကုသသောနည်းလမ်းသည် ပိုမို ကောင်းမွန်စွာ စိတ်ချယုံကြည်ရသော မေ့ဆေးဖြင့် စနစ်တကျ ပိုးသတ်ထားသော ခွဲစိတ်ခန်းထဲတွင် စက်ကိရိယာ စုံလင်စွာဖြင့် ခွဲစိတ်ကုသနေသော ခေတ်သို့ ရောက်ရှိခဲ့လေပြီ။ နားနှာခေါင်းလည်ချောင်း အထူးကု ဆရာဝန်ကြီးများကလည်း လက်လှမ်းတမီ ဒေသများတွင် ရောက်ရှိတာဝန်ထမ်းဆောင်နေပေပြီ။ ထို့ကြောင့် ကျွန်တော်တို့ အတွက်တာဝန်မှာ လူနာကို အကောင်းဆုံး အလုံခြုံဆုံးနေရာများသို့ စနစ်တကျ ညွှန်းပို့ရန်သာလိုပါတော့သည်။ ထိုစဉ်က ကျွန်တော်တာဝန်ကျရာဒေသတွင် ထူးဆန်းစွာ လည်ပင်းကြီးလူနာ ၇၈၀ ကျော်ရှိကြောင်း ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများ၏ နှစ်ကုန် စစ်တမ်း ကောက်ယူမှုအရ သိခဲ့ရလေသည်။
သဘာဝဝန်းကျင်ပြောင်းလဲမှုကြောင့် နှစ်စဉ် ရေကြီးရေလျှံ ဖြစ်တတ်သော ဒေသတွင် မူရင်းမြေဆီလွှာများတွင် ရေကြီးရေလျှံမှုကြောင့် အိုင်အိုဒင်းဓာတ် ပြုန်းတီးနေသောကြောင့် အိုင်အိုဒင်းဆားကို မသုံးစွဲပါက အိုင်အိုဒင်း ချို့တဲ့မှုကြောင့် လည်ပင်းကြီးခြင်း (Iodine deficient Goiter) ဖြစ်တတ်ပါသည်။ ထိုလူနာအများထဲမှ နမူနာ လူနာ ၇၉ ဦးအား တိုင်းအစိုးရကိုတင်ပြကာ အထောက်အပံ့ယူ၍ ဆေးရုံကြီးများတွင် စနစ်တကျခွဲစိတ်၍ ခွဲထုတ်ပြီး အကြိတ်များအား ဓာတ်ခွဲကြည့်ရာ အိုင်အိုဒင်းချို့တဲ့မှုကြောင့် လည်ပင်းကြီးရောဂါဟူ၍ အဖြေထွက်လာပါသည်။ ကျွန်တော်ဦးဆောင်၍ ပြည်သူ့ကျန်းမာဝန်ထမ်းများ ဆားရောင်းချသော ဈေးဆိုင်တိုင်းသို့ လိုက်လံစစ်ဆေးကြပါတော့သည်။ ခရမ်းရောင်ရင့်ခနဲ ပြနေသော အိုင်အိုဒင်းဓာတ် ပြည့်ဝမှုက ကျွန်တော်တို့ကို အံ့အားသင့်စေပါသည်။ ရောင်းသည့်ဆိုင်တိုင်းတွင် အိုင်အိုဒင်းဓာတ်သည် စံချိန်မီ အပြည့်ပါနေပါသည်။ သို့သော် လူနာများကား အိုင်အိုဒင်းချို့တဲ့မှု၏ သက်သေပင်။
နောက်ဆုံး လည်ပင်းကြီးသော လူနာများ၏ အိမ်ရှိ ဆားများကို လိုက်စစ်ကြပါသည်။ ဆားသည် အရောင်မပြောင်း တစ်နည်း အိုင်အိုဒင်းဓာတ်မရှိတော့။ ဘယ်ဆိုင်က ဝယ်သလဲဆိုတော့ ခုနင်ကပင် ကျွန်တော်တို့ စစ်ဆေးခဲ့သော အရောင်ရင့်ပြောင်း (အိုင်အိုဒင်း အပြည့်ပါသော ဆိုင်) က ဝယ်ထားသည်တဲ့။ ခေါင်းကိုက်သွားသော ကျွန်တော့်အတွက် နောက်ဆုံး မီးဖိုချောင်ထဲအထိ ရောက်သွားပါတော့သည်။ နောက်ဆုံးမှ တွေ့မိသည်မှာ ဆိုင်က ဝယ်လာသော ဆားကို အထုပ်လိုက်သော်လည်းကောင်း၊ အဖုံးပွင့် အိုး/ဘူးထဲ၌လည်းကောင်းထည့်ကာ ချက်ပြုတ်စဉ်ယူရလွယ်ရန် မီးဖိုနားအမြဲထား ချက်ကြသည်ကို တွေ့ရလေသည်။ အဖုံးပွင့်လျက် အပူအနားတွင် ကြာရှည်ထားကြသော အိုင်အိုဒင်းဆားထဲမှ အိုင်အိုဒင်းဓာတ်များ အငွေ့ပျံသွားသောကြောင့် စားကားစား၏ မထိရောက်သော အဖြစ်သို့ရောက်ကြကြောင်း သိရလေတော့သည်။
ထိုအချိန်မှစ၍ ကျွန်တော်တာဝန်ကျရာနေရာတိုင်း အိုင်အိုဒင်းဆားများကို အဖုံးလုံ ဘူး၊ အိုး များအတွင်း ထားရှိရန် အသုံးပြုပြီးတိုင်း အဖုံးကိုလုံအောင်ပိတ်ရန် အပူနှင့်နေရောင်တိုက်ရိုက်ထိတွေ့သော နေရာတွင် မထားရန် ထည့်သွင်း၍ ပညာပေးဆောင်ရွက်ခဲ့ပါသည်။ လိုက်နာသူများတွင်လည်း များစွာ အကျိုးကျေးဇူးရှိခဲ့ပါသည်။ ကျောင်းသားလူငယ်များမှ တစ်ဆင့်လည်း ကျန်းမာစေသော အမှုမဲ့ အပြုအမူတစ်ရပ်အဖြစ် အသိပညာပေးခဲ့ပါသည်။
အစပိုင်းတွင် ဆိုခဲ့သကဲ့သို့ ပြည်သူ့ကျန်းမာရေးတွင် အပိုင်းကဏ္ဍ သုံးရပ်ရှိရာ ကျွန်တော်ရှာတွေ့ခဲ့မိသော လည်ပင်းကြီးလူနာများတွင် အိုင်အိုဒင်းဆားကို စနစ်တကျ သုံးစွဲစေလျှင် ဖြစ်ပွားမှုမှကာကွယ်နိုင်သည်ကို သက်သေ ပြခဲ့ပြီး ဆန်းစစ်ခြင်း (Assessment) နှင့် ဖြေရှင်းခြင်း (Assurance) လုပ်ငန်းစဉ်များကို ဆောင်ရွက်နိုင်ခဲ့သော်လည်း မူဝါချမှတ်ခြင်း (Policy development) လုပ်ငန်းစဉ်ကို ယနေ့တိုင် အကြွေးသဖွယ်ကျန်နေပါသေးသည်။
သို့ဖြစ်ပါ၍ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ၏ နောက်ဆုံးပတ်ဖြစ်သော ဩဂုတ်လ နောက်ဆုံးပတ် “အိုင်အိုဒင်းချို့တဲ့ရောဂါများ ပပျောက်ရေးရက်သတ္တပတ်” တွင် အိုင်အိုဒင်းဆားတိုင်း၏ အထုပ်ပေါ်၌ “ဆားများကို လေလုံဘူး/အိုးများထဲတွင် ထည့်သွင်းသိမ်းဆည်းထားပြီး နေရောင်/အပူ တိုက်ရိုက် မထိသောနေရာတွင် သိမ်းဆည်းရန်” ဟူသော စာတန်းကလေး သတိပေးရိုက်နှိပ်စေရေးကို “မူဝါဒ” တစ်ရပ် အဖြစ် စဉ်းစားနိုင်ရန် တင်ပြလိုက်ရပါသည်။