၂၀၂၄ ခုနှစ်တွင် ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူရန်ရှိသဖြင့် ၂၀၂၄ ခုနှစ် အလွန်မှသာ ရွေးကောက်ပွဲဖြစ်လာနိုင်သည်ဟု နိုင်ငံရေးပါတီခေါင်းဆောင်အချို့ သုံးသပ်

၂၀၂၄ ခုနှစ်တွင် ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူရန်ရှိသဖြင့် ၂၀၂၄ ခုနှစ် အလွန်မှသာ ရွေးကောက်ပွဲဖြစ်လာနိုင်သည်ဟု နိုင်ငံရေးပါတီခေါင်းဆောင်အချို့ သုံးသပ်
Published 5 September 2023

၂၀၂၄ ခုနှစ်တွင် ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူရန်ရှိသဖြင့် ၂၀၂၄ ခုနှစ် အလွန်မှသာ ရွေးကောက်ပွဲဖြစ်လာနိုင်သည်ဟု နိုင်ငံရေးပါတီခေါင်းဆောင်အချို့က သုံးသပ်ပြောကြားသည်။

စက်တင်ဘာ ၅ ရက်က ပြုလုပ်သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မှတ်ပုံတင်ခွင့်ပြုထားသည့် နိုင်ငံရေးပါတီများနှင့် တွေ့ဆုံ၍ မြန်မာအီလက်ထရွန်နစ်မဲပေးစက်ကို ရှင်းလင်းပြသခြင်းနှင့် သရုပ်ပြမဲပေးစမ်းသပ်ခြင်းအခမ်းအနားတွင် သတင်းထောက်များ၏ မေးမြန်းမှုများကို ဖြေကြားရာတွင် နိုင်ငံရေးပါတီခေါင်းဆောင်အချို့က ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ရခိုင့်ဦးဆောင်ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ရွေးကောက်ပွဲကျင်းပနိုင်မည့် အခြေအနေသည် ခိုင်မာမှုရှိသည့် မဲစာရင်းနှင့် အကြားအလပ်မရှိ ရွေးကောက်ပွဲကျင်းပနိုင်သည့် တည်ငြိမ်အေးချမ်းသော အနေအထားလိုအပ်ကြောင်း သတင်းထောက်များကို ပြောကြားသည်။

“၂၀၂၄ အောက်တိုဘာမှာ သန်းခေါင်စာရင်းကောက်ယူမယ်လို့ ပြောတယ်။ အဲဒီတော ့မဲလက်မှတ် ၁၁ သန်းကွာလို့ အရေးပေါ်ကာလပြဋ္ဌာန်းချက်အတိုင်း အခုလိုအခြေအနေဖြစ်လာတာလေ။ မဲလက်မှတ်တို့၊ မဲဆန္ဒရှင်များရဲ့ ခိုင်မာမှုကို အခုရွေးကောက်ပွဲကော်မရှင်က အဓိက အာရုံစိုက်မှာပေါ့။ ... ဘယ်တော့ ဖြစ်မလဲဆိုရင် ခိုင်မာတဲ့ မဲစာရင်း၊ တိကျတဲ့ မဲစာရင်းရှိမှပဲ အဲဒီစာရင်းကို အခြေခံပြီး ရွေးကောက်ပွဲလုပ်ဖို့ ရွေးကောက်ပွဲကော်မရှင်သည် ပထမအချက် စဉ်းစားလိမ့်မယ်။ ဒုတိယတစ်ချက်က လုံခြုံရေးနဲ့ပတ်သက်ပြီး အကြားအလပ်မရှိဆိုတာကို ရည်မှန်းပေမဲ့ အခြေခံဥပဒေခွင့်ပြုချက်က ၅၀ ရာခိုင်နှုန်းကျော်သော လွှတ်တော်အမတ်ရောက်ရင် အစိုးရတစ်ရပ်ဖွဲ့နိုင်မယ်။ ဖွဲ့နိုင်ရင် အရေးပေါ်ကာလတာဝန်အရ ကာလုံသည် အာဏာလွှဲပြောင်းလို့ရပြီး ရွေးကောက်ခံအစိုးရတစ်ရပ်ပေါ်ပြီ။ အဲဒါက လက်ရှိပေးထားချက်။ အဲဒီတော့ SAC က ဘယ်လိုသွားမှာလဲ။ ပုဒ်မ ၄၂၅ ကို ခြောက်လနှစ်ကြိမ်ထပ်တိုးဖို့ လိုသလား၊ မလိုဘူးလားက တည်ငြိမ်အေးချမ်းမှုနဲ့ ရွေးကောက်ပွဲအခင်းအကျင်း။ ဒီအပေါ်မူတည်ပြီးမှ ရှေ့ဆက်သွားမှာလား။ ဘယ်တော့ လုပ်မှာလဲ သူဆုံးဖြတ်လိမ့်မယ်။ အဲဒီတော့ ကျွန်တော်ထင်တယ် ၂၀၂၄ အလွန်လောက်တော့မျှော်မှန်းလို့ ရတာပေါ့” ဟု ရခိုင့်ဦးဆောင်ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပြောကြားသည်။

ထို့ပြင် ကျားဖြူပါတီဟု လူသိများသည့် ရှမ်းနှင့် တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းကလည်း  ၂၀၂၄ ခုနှစ်တွင် သန်းခေါင်စာရင်းကောက်ယူရန်ရှိသဖြင့် ၂၀၂၄ ခုနှစ်တွင် ရွေးကောက်ပွဲမဖြစ်နိုင်ကြောင်း သုံးသပ်သည်။

“အန်ကယ်တို့ တွက်ထားတာတော့ ၂၀၂၄ က ဖြစ်ဖို့ ရာခိုင်နှုန်းအရမ်းနည်းမယ်ထင်တယ်။ ဘာဖြစ်လို့လဲဆိုရင် ၂၀၂၄ အောက်တိုဘာမှာ သန်းခေါင်းစာရင်း ကောက်မယ်။ ကောက်ပြီးမှ ဖြစ်မှာပေါ့။ သန်းခေါင်စာရင်းက အောက်တိုဘာဆိုရင် နှစ်လပဲကျန်တယ်လေ။ ၂၀၂၄ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး။ ၂၀၂၅ မှ ဖြစ်မယ်လို့ ယူဆတယ်လေ” ဟု ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက ပြောကြားသည်။

အလားတူ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးခင်ရီက ရွေးကောက်ပွဲမည်သည့်အချိန်တွင် ကျင်းပမည်မှာ နိုင်ငံတော်၏ လုံခြုံရေးအခြေအနေပေါ်မူတည်ပြီး လုံခြံရေးအခြေအနေနှင့် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရန်လိုသည်ဟု ဆိုသည်။

“နိုင်ငံတော်တာဝန်ရှိတဲ့သူတွေဘက်ကတော့ ရွေးကောက်ပွဲကို လုပ်ပေးမယ်လို့ ကမ္ဘာသိ၊ တိုင်းသိ၊ ပြည်သိကြေညာထားတယ်။ ဒါတွေက အခြေအနေပေါ် မူတည်မယ်။ နိုင်ငံတော်လုံခြုံရေးအခြေအနေ ဘယ်လိုရှိသလဲ။ အဓိကကတော့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့လိုတယ်။ အဲဒီလိုဖြစ်ဖို့အတွက် အခြေအနေတွေက အဲဒီအပေါ်မှာ ဖန်တီးနိုင်ဖို့လိုတယ်။ ရွေးကောက်ပွဲက ဘယ်လိုအခြေအနေမှာ ဘယ်လိုမဲပေးလို့ ရတယ်ဆိုတာ ခင်ဗျားတို့ အခြေခံဥပဒေပုဒ်မ ၃၉၉ မှာ ရှိတယ်။   အဲဒီထဲမှာ Partially ဘယ်လိုလုပ်လို့ရတယ်ဆိုတာ ပြောထားတာရှိတယ်။  နိုင်ငံတော်ရဲ့ လိုအပ်ချက်အတိုင်း နိုင်ငံတော်တာဝန်ရှိသူတွေက ဆောင်ရွက်သွားမှာပါ။ အကောင်းဆုံးဖြစ်အောင် လုပ်မှာပါ” ဟု ၎င်းက ပြောကြားသည်။

နစက,က ကျင်းပမည့် ရွေးကောက်ပွဲ မည်သည့်အချိန်တွင် ဖြစ်လာနိုင်မလဲဆိုသည့် သတင်းထောက်များ၏ မေးမြန်းမှုများနှင့်ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးက  “ကြေညာချက်ထွက်မယ်။ ကြေညာချက်ထွက်ရင် သိလိမ့်မယ်” ဟု ဖြေကြားသည်။ ၂၀၂၄ ခုနှစ်တွင် ရွေးကောက်ပွဲကျင်းပနိုင်မလားဟု ထပ်မံမေးမြန်းမှုများနှင့်ပတ်သက်၍ ကြေညာချက် ထွက်လာလိမ့်မည်ဟု ဖြေကြားခဲ့သည်။

 

Most Read

Most Recent