တရုတ်နိုင်ငံမှ မြို့တော် ၂၂ မြို့နှင့် နေပြည်တော်မြို့တော်အပါအဝင် နိုင်ငံ ၂၅ နိုင်ငံမှ မြို့တာ် ၃၆  မြို့ စုစုပေါင်းမြို့တော် ၅၈ မြို့ဖြင့် အပြည်ပြည်ဆိုင်ရာ ပိုးလမ်းမမြို့တော်များ ခရီးသွားလာရေးမဟာမိတ်အဖွဲ့ ဖွဲ့စည်း

တရုတ်နိုင်ငံမှ မြို့တော် ၂၂ မြို့နှင့် နေပြည်တော်မြို့တော်အပါအဝင် နိုင်ငံ ၂၅ နိုင်ငံမှ မြို့တာ် ၃၆  မြို့ စုစုပေါင်းမြို့တော် ၅၈ မြို့ဖြင့် အပြည်ပြည်ဆိုင်ရာ ပိုးလမ်းမမြို့တော်များ ခရီးသွားလာရေးမဟာမိတ်အဖွဲ့ ဖွဲ့စည်း
Published 4 September 2023

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကျင်းသကျန်းမြို့၌ စက်တင်ဘာ ၁ ရက်ကကျင်းပသည့် အပြည်ပြည်ဆိုင်ရာ ပိုးလမ်းမမြို့တော်များ ခရီးသွားလာရေးမဟာမိတ်အဖွဲ့(Intermational Tourism Alliance of Silk Road Cities) စတင်တည်ထောင်ခြင်းအခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ မြို့တော်ဝန် ဦးသန်းထွန်းဦး တက်ရောက်မိန့်ခွန်း ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ မြို့တော်ဝန်က ယခုဖွဲ့စည်းသည့် မဟာမိတ်အဖွဲ့သည် ကမ္ဘာ့စီးပွားရေးကို အထောက်အကူဖြစ်စေရန် အလားအလာကောင်းများရှိနေသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ အတူတကွ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှုကိုမောင်းနှင်ရန်၊ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးရန်နှင့် မိမိတို့နိုင်ငံသားများ၏ လူမှုစီးပွား အခြေအနေများကို မြှင့်တင်ရန် ခရီးသွားလုပ်ငန်း၏ စွမ်းအားကို အသုံးချနိုင်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံအကြား ခရီးသွားလုပ်ငန်းကဏ္ဍအပြင် အခြားသောပူးပေါင်း ဆောင်ရွက်မှုများအနေဖြင့် များစွာရှိနေပြီးဖြစ်ကြောင်း ပြောကြားသည်။

ထို့ပြင်ယခုမဟာမိတ်အဖွဲ့၏ အဖွဲ့ဝင်နိုင်ငံများနှင့် မြို့တော်များအနေဖြင့်လည်း မြန်မာနိုင်ငံနှင့် ခရီးသွားလုပ်ငန်းကဏ္ဍအပြင် အခြားသောဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်ရန် ဖိတ်ခေါ်လိုကြောင်း၊ မြန်မာနိုင်ငံတွင်ခရီးသွားများအတွက် ထင်ရှားကျော်ကြားသော ခရီးစဉ်လမ်းကြောင်းများဖြစ်သည့် ပုဂံယူနက်စကို ကမ္ဘာ့အမွေအနှစ် ဒေသ၊ အင်းလေးကန်၊ နေပြည်တော် ကျောက်မျက်ခန်းမနှင့် ကမ္ဘာ့အမြင့်ဆုံး ထိုင်တော်မူ မာရဝိဇယစကျင်ဗုဒ္ဓရုပ်ပွားတော် စသည့် ခရီးစဉ်များကို လာရောက်လည်ပတ်ရန် ဖိတ်ခေါ်လိုကြောင်း နေပြည်တော်မြို့တော်ဝန် ဦးသန်းထွန်းဦးက ပြောကြားသည်။

ထို့အတူ အဖွဲ့ဝင်မြို့တော်များအနေဖြင့် ခရီးသွားလုပ်ငန်းဆောင်ရွက်ရာတွင် သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ခြင်း၊ မိမိတို့၏ ရိုးရာယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းကာကွယ်ခြင်းဖြင့် နောင်လာမည့် မျိုးဆက်သစ်များ၏ ကောင်းကျိုးချမ်းသာကို ဖန်တီးပေးနိုင်မည့် ရေရှည်တည်တံ့ခိုင်မြဲသော ခရီးသွားလာရေးလုပ်ငန်းဖြစ်စေရေး ဆောင်ရွက်ရန် လိုအပ်ကြောင်း နေပြည်တော်မြို့တော်ဝန်က ပြောကြားသည်။

အပြည်ပြည်ဆိုင်ရာ ပိုးလမ်းမမြို့တော်များ ခရီးသွားလာရေးမဟာမိတ်အဖွဲ့ (Intermational Tourism Alliance of Silk Road Cities) စတင်တည်ထောင်ခြင်း အခမ်းအနားတွင် တရုတ်နိုင်ငံမှ မြို့တော် ၂၂ မြို့နှင့် နေပြည်တော် မြို့တော်အပါအဝင် အာရှ၊ ဥရောပ၊ အာဖရိက၊ အမေရိကဒေသများရှိ နိုင်ငံ ၂၅ နိုင်ငံမှ မြို့တော် ၃၆ မြို့ စုစုပေါင်း အဖွဲ့ဝင်မြို့တော် ၅၈ မြို့ဖြင့် စတင်ဖွဲ့စည်း ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent