UEC က ပါတီ မှတ်ပုံတင်ခွင့်ကို ဘယ်လိုမူတွေနဲ့ ခွင့်ပြု ပေးနေသလဲ 

UEC က ပါတီ မှတ်ပုံတင်ခွင့်ကို ဘယ်လိုမူတွေနဲ့ ခွင့်ပြု ပေးနေသလဲ 
 ■ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံဆွေးနွေးစဉ်
■ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံဆွေးနွေးစဉ်
Published 3 September 2023

လွတ်လပ်ပြီး တရားမျှတတဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ပြန်လည်ကျင်းပပေးမယ်လို့ နစကဥက္ကဋ္ဌက မကြာခဏ ပြောကြားလေ့ရှိပါတယ်။ နစကက ကျင်းပမယ့် ရွေးကောက်ပွဲကို ဝင်ပြိုင်ဖို့နဲ့ ပါတီဆက်လက်ရပ်တည်ဖို့ ရည် ရွယ်ပြီး နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအသစ်ရဲ့ ပြဋ္ဌာန်းချက်တွေအတိုင်း   ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှာ လာရောက်လျှောက်ထားတဲ့ပါတီ ၆၄ ပါတီ ရှိပါတယ်။ 

ဒီလို လာရောက်လျှောက်ထားတဲ့ နိုင်ငံ ရေးပါတီ ၆၄ ပါတီရှိတဲ့အနက် နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၅ အရ လျှောက်ထားတဲ့ပါတီ ၅၀ ရှိပြီး ပုဒ်မ ၃ အရ လျှောက်ထားတဲ့ပါတီ ၁၄ ပါတီရှိတယ် လို့ UEC က ထုတ်ပြန်ပါတယ်။ နစကက နိုင်ငံရေးပါတီများ မှတ်ပုံခြင်း ဥပဒေကို ဇန်နဝါရီ ၂၆ ရက်နဲ့ UEC က နိုင်ငံ ရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေများ ကို ဇန်နဝါရီ ၃၁ ရက်မှာ ထုတ်ပြန်ကြေညာခဲ့ ပါတယ်။ 

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ အသစ်ရဲ့ ပြဋ္ဌာန်းချက်အရ လက်ရှိတည်ဆဲ ပါတီအားလုံး လာမယ့်ရက်ပေါင်း ၆၀ အတွင်း မှတ်ပုံပြန်တင်ရမှာဖြစ်ပြီး မတင်ရင် အလိုအ လျောက် ပါတီဖျက်သိမ်းပြီးသား ဖြစ်မယ်လို့ ဥပဒေအသစ်က ဆိုပါတယ်။နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ အသစ် စတင်ပြဋ္ဌာန်းတာဟာ ဇန်နဝါရီ ၂၆ ရက်ဖြစ်တဲ့အတွက် ရက်ပေါင်း ၆၀ ပြည့်တဲ့နေ့ ဟာ မတ် ၂၆ ရက်ဖြစ်ပေမဲ့ ရုံးပိတ်ရက်ဖြစ်နေ တာကြောင့် မတ် ၂၈ ရက်မှာ နောက်ဆုံးလာ ရောက်လျှောက်ထားဖို့ UEC က ကြေညာခဲ့ပါ တယ်။ 

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၅ အရ အကျုံးဝင်တဲ့ တည်ဆဲနိုင်ငံရေး ပါတီ ၉၀ အနက် သတ်မှတ်ကာလ ရက်ပေါင်း ၆၀ ပြည့်မြောက်တဲ့ မတ် ၂၈ ရက်အထိ ပါတီ ဆက်လက်မှတ်ပုံတင်ခွင့်ကို ပါတီ ၅၀ က လာရောက်လျှောက်ထားခဲ့တယ်လို့ UEC က ဆိုပါတယ်။ UEC ရဲ့ အဆိုအရ တည်ဆဲနိုင်ငံရေး ပါတီ ၉၀ ရှိတဲ့အနက် ၅၀ လာရောက်လျှောက် ထားတဲ့အတွက် နိုင်ငံရေးပါတီအဟောင်း ထက်ဝက်ကျော် လာရောက်လျှောက်ထားတာ ကို တွေ့ရမှာပါ။

နောက်ပြီး နိုင်ငံရေးပါတီများ မှတ်ပုံတင် ခြင်းဥပဒေပုဒ်မ ၃ အရ သြဂုတ် ၃၀ ရက်အထိ UEC မှာ ပါတီတည်ထောင်ခွင့် လာရောက် လျှောက်ထားတဲ့ပါတီ ၁၄ ပါတီရှိတယ်လို့ UEC က ထုတ်ပြန်ပါတယ်။ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၃ အရ ပြည်ထောင်စုတစ်ဝန်းလုံးဖြစ်စေ၊ တိုင်း (ဒါမှမဟုတ်) ပြည်နယ်တစ်ခုအတွင်းဖြစ်စေ စည်းရုံးလိုတဲ့ ပါတီတည်ထောင်လိုသူ အနည်းဆုံး ၁၅ ဦးဟာ တည်ထောင်လိုတဲ့ ပါတီ အမည်ကို ဖော်ပြပြီး ပါတီဝင်တွေကို ဥပဒေနဲ့အညီ စည်းရုံးခွင့်ပြုဖို့ UEC ဆီမှာ လျှောက် ထားရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။ဒီလိုလျှောက်ထားလာတဲ့အခါမှာလည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဥ ပဒေနဲ့ ညီညွတ်မှု ရှိ မရှိ စစ်ဆေးပြီး လျှောက် ထားမှုအပေါ် လက်ခံတာ ဒါမှမဟုတ် ငြင်း ပယ်တာတွေကို ဆောင်ရွက်နိုင်တယ်လို့ နိုင်ငံ ရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၃ ပုဒ်မခွဲ (ခ) မှာ ပြဋ္ဌာန်းထားပါတယ်။ဒီပုဒ်မခွဲ (ခ) အရ ပါတီတည်ထောင်ခွင့် လျှောက်ထားချက်ကို ကော်မရှင်က လက်ခံခဲ့ ပါက ပါတီတည်ထောင်လိုသူတွေအနေနဲ့ ပထမခေါင်းဆောင်နဲ့  ဒုတိယခေါင်းဆောင် တစ်ဦးစီကို ရွေးချယ်ရမှာလည်း ဖြစ်ပါတယ်။ 

ပါတီတည်ထောင်လိုသူတွေရဲ့ အရည် အချင်းနဲ့ပတ်သက်လို့လည်း ပါတီတည် ထောင်သူဟာ ၂၅ နှစ် ပြည့်ရမယ်။ သာသနာ့ ဝန်ထမ်း၊ နိုင်ငံ့ဝန်ထမ်း၊   ထောင်ကျနေသူ မဟုတ်ရဘူး။ သောင်းကျန်းသူအဖွဲ့အစည်း၊ အကြမ်းဖက်အဖွဲ့အစည်း၊ မတရားအသင်းအ ဖြစ် ကြေညာခံထားရတဲ့ အဖွဲ့အစည်းတွေရဲ့ အဖွဲ့ဝင်မဖြစ်ရဘူး။ မူးယစ်ဆေးပြစ်မှုနဲ့ ငြိ စွန်းသူ မဟုတ်ရမယ့်အပြင် နိုင်ငံခြားသား ဒါမှမဟုတ် နိုင်ငံခြားသားအဖြစ် ခံယူထားသူ မဟုတ်ရဘူးလို့ သတ်မှတ်ထားပါတယ်။ 

သြဂုတ် ၃၀ ရက်အထိ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၃ အရ UEC ကို လာရောက်လျှောက်ထားတဲ့ ပါတီ ၁၄ ပါတီ သာ ရှိပေမဲ့ UEC ကတော့ နိုင်ငံရေးပါတီ အသစ် တည်ထောင်ခွင့်ကို ဆက်လက်ခွင့်ပြု ထားပါတယ်။ ထပ်ပြီး စိတ်ဝင်စားစရာကောင်းတာက တော့ ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမယ့် ပါတီ ၁၂ ပါတီရှိပြီး တိုင်း (ဒါမှမဟုတ်) ပြည် နယ်တစ်ခုအတွင်း စည်းရုံးမယ့်ပါတီ ၅၂ ပါတီ ရှိတယ်လို့ UEC က ထုတ်ပြန်ပါတယ်။  လက်ရှိတည်ဆဲနိုင်ငံရေးပါတီ ၉၁ ပါတီ အနက် ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံး မယ့်ပါတီက ၇၄ ပါတီရှိပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ်တစ်ခုအတွက် စည်းရုံးမယ့်ပါတီက ၁၈ ပါတီရှိတယ်လို့ UEC က ထုတ်ပြန်ထားပါ တယ်။ ဒီထုတ်ပြန်ချက်နဲ့ နှိုင်းယှဉ်ကြည့်ရင် ပြည်ထောင်စုတစ်ဝန်း စည်းရုံးမယ့်ပါတီအ ရေအတွက်က သိသိသာသာလျော့သွားတာ ကို တွေ့ရမှာပါ။ နိုင်ငံရေးပါတီတွေ ဖောင်းပွ နေမှုကို လျှော့ချချင်နေတဲ့ နစကရဲ့ ရည်ရွယ် ချက်ဟာလည်း အထမြောက်သွားတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ ဒါဟာ နစက,က အသစ်ပြဋ္ဌာန်းလိုက်တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအ သစ်ကြောင့်လည်း ဖြစ်တယ်လို့ နိုင်ငံရေးလေ့ လာသုံးသပ်သူတွေက ထောက်ပြပါတယ်။ 



နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပ ဒေအသစ် ပုဒ်မ ၅ (စ) မှာ ပြည်ထောင်စုတစ် ဝန်း စည်းရုံးမယ့်ပါတီဆိုရင် နိုင်ငံရေးပါတီအ ဖြစ် မှတ်ပုံတင်ခွင့်ပြုတဲ့ နေ့ရက်ကစလို့ ရက် ပေါင်း ၉၀ အတွင်း ပါတီဝင်ဦးရေ အနည်းဆုံး တစ်သိန်းကို စည်းရုံးရမယ်ဆိုတဲ့အချက်က ပါတီခေါင်းဆောင်တွေကို သွေးတက်စေခဲ့ ပါတယ်။ဒါ့အပြင် ပုဒ်မ ၅ (ဆ) မှာလည်း ပါတီရန် ပုံငွေသတ်မှတ်ရာမှာ ပြည်ထောင်စုတစ်ဝန်း လုံး စည်းရုံးမယ့်ပါတီဖြစ်ပါက ကျပ်သိန်း ၁၀၀၀ ကို မြန်မာ့စီးပွားရေးဘဏ်တစ်ခုခုမှာ ငွေစာရင်းဖွင့်ထားကြောင်း အထောက်အ ထားပြရမှာ ဖြစ်ပါတယ်။ ဒီထက်ပိုဆိုးတာက ပါတီရုံးခန်းတွေ ဖွင့်လှစ်ရမှာနဲ့ပတ်သက်လို့ ပုဒ်မ ၅ (ဇ) မှာ ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမယ့်ပါတီ ဖြစ်ပါက ရက်ပေါင်း ၁၈၀ အတွင်း ပြည် ထောင်စုတစ်ဝန်းလုံးရှိ မြို့နယ်အားလုံးရဲ့ အနည်းဆုံးထက်ဝက်မှာ ဖွင့်လှစ်ရမယ်လို့ ပြဋ္ဌာန်းထားတာပါ။ နောက်ပြီး ရွေးကောက်ပွဲ မှာဆိုရင်လည်း မဲဆန္ဒနယ်အားလုံးရဲ့ တစ် ဝက် ဝင်မပြိုင်ရင် ဆက်လက်ရပ်တည်ပိုင်ခွင့် မရှိဘူးလို့ ဆိုထားပြန်ပါတယ်။နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပ ဒေအသစ်ကို ပြဋ္ဌာန်းလိုက်ကတည်းက ဒီလို တင်းကျပ်တဲ့ ပြဋ္ဌာန်းချက်တွေကြောင့် ပြည် ထောင်စုတစ်ဝန်းလုံး စည်းရုံးမယ့် ပါတီ လျော့ နည်းသွားလိမ့်မယ်လို့ နိုင်ငံရေးလေ့လာသူ တွေက သုံးသပ်မှုတွေ ရှိခဲ့တာပါ။ တကယ်လည်း နိုင်ငံရေးလေ့လာသူတွေ သုံးသပ်ထားသလို ပြည်ထောင်စုတစ်ဝန်း စည်းရုံးမယ့်ပါတီအရေအတွက်ဟာ သိသိ သာသာ လျော့နည်းသွားခဲ့ပါတယ်။ ဒါပေမဲ့ တိုင်း (ဒါမှမဟုတ်) ပြည်နယ်တစ် ခုအတွင်း စည်းရုံးမယ့် ပါတီအရေအတွက် ကတော့ တိုးလာတာကို တွေ့ရပါတယ်။ အဓိက,ကတော့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကြောင့်ပါ။ ဘာလို့ဆို နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအ သစ် ပုဒ်မ ၅ (စ) မှာ တိုင်းနဲ့ ပြည်နယ်တစ်ခု အတွင်းမှာသာ စည်းရုံးမယ့်ပါတီဆိုရင်တော့ ပါတီဝင်ဦးရေ အနည်းဆုံး ၁၀၀၀ စည်းရုံး ရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။

နောက်ပြီး ပုဒ်မ ၅ (ဆ) မှာလည်း ပါတီ ရန်ပုံငွေကို သတ်မှတ်ရာမှာ တိုင်းနဲ့ ပြည်နယ် တစ်ခုအတွင်းမှာသာ စည်းရုံးမယ့်ပါတီဆို ရင်တော့ ကျပ်သိန်း ၁၀၀ ကို မြန်မာ့စီးပွားရေး ဘဏ်တစ်ခုခုမှာ ငွေစာရင်းဖွင့်ထားကြောင်း အထောက်အထားပြရမယ်လို့ ပြဋ္ဌာန်းထား ပါတယ်။

ပါတီရုံးခန်းတွေ ဖွင့်လှစ်ရမှာလည်း ပုဒ်မ ၅ (ဇ) အရ တိုင်းနဲ့ ပြည်နယ်တစ်ခုအ တွင်းမှာသာ စည်းရုံးမယ့်ပါတီဆိုရင်တော့ အဆိုပါ တိုင်းနဲ့ပြည်နယ်အတွင်းရှိ အနည်း ဆုံး ငါးမြို့နယ်မှာ ပါတီရုံးခန်းတွေ ဖွင့်လှစ် ရမှာ ဖြစ်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။ လက်ရှိမှာတော့ အရင်က ပြည်ထောင်စု တစ်ဝန်း စည်းရုံးတဲ့ပါတီအဖြစ် မှတ်ပုံတင် ထားရာကနေ တိုင်း (ဒါမှမဟုတ်) ပြည်နယ် တစ်ခုအတွင်းမှာသာ စည်းရုံးမယ့်ပါတီအဖြစ် ပြောင်းလဲမှတ်ပုံတင်လိုက်တဲ့ နာမည်ကြီးပါ တီ အများအပြား ရှိလာပါတယ်။နောက်တစ်ခုကတော့ တည်ဆဲနိုင်ငံရေး ပါတီတွေထဲက မှတ်ပုံပြန်ခြင်းမရှိတဲ့ ပါတီ ၄၀ ကို ပါတီအဖြစ် မှတ်ပုံတင်ထားတာကနေ ပယ်ဖျက်လိုက်ပြီး ဖျက်သိမ်းလိုက်တယ်လို့ UEC က ကြေညာပါတယ်။ 

ဖျက်သိမ်းခံလိုက်ရတဲ့ နိုင်ငံရေးပါတီ ၄၀ ထဲမှာ လူထုထောက်ခံမှု ရရှိထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီနဲ့ တိုင်းရင်းသားအင်းအားကြီးပါတီဖြစ်တဲ့ ရှမ်း တိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီတို့လို ပါတီတွေလည်း ပါရှိပါတယ်။ ဒီလို ဖျက်သိမ်းလိုက်တဲ့အပေါ် ပြည် တွင်းနဲ့ နိုင်ငံတကာကပါ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ပြင်းပြင်းထန်ထန် ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။ 

ဝေဖန်မှုတွေ ရှိပေမဲ့လည်း UEC အနေ နဲ့ လာရောက်လျှောက်ထားတဲ့ နိုင်ငံရေးပါတီ ၆၄ ပါတီကို စိစစ်ပြီး နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုခဲ့ပါတယ်။ UEC အနေနဲ့ ပထမဆုံး နိုင်ငံရေးပါတီ အဖြစ် မှတ်ပုံတင်ခွင့်ပြုခဲ့တဲ့ ပါတီကတော့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီပဲ ဖြစ်ပါတယ်။ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီကို ဧပြီ ၂၀ ရက်က နိုင်ငံရေး ပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုခဲ့တာလည်း ဖြစ် ပါတယ်။ နောက်ပိုင်းမှာလည်း စိစစ်ပြီးတဲ့ နိုင်ငံ ရေးပါတီတွေကို မှတ်ပုံတင်ခွင့် ဆက်လက်ခွင့် ပြုခဲ့တဲ့အတွက် သြဂုတ် ၁၁ ရက်အထိ UEC က နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုထား တဲ့ ပါတီ ၃၆ ပါတီအထိ ရှိလာပါတယ်။ 

အဲဒီ ၃၆ ပါတီထဲမှာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၂၅ အရ ခွင့်ပြုခဲ့ တဲ့ ပါတီဟောင်း ၃၀ နဲ့ ပုဒ်မ ၃ အရ ပါတီသစ် လျှောက်ထားတဲ့ ခြောက်ပါတီ ပါဝင်တယ်လို့ UEC က ထုတ်ပြန်ထားပါတယ်။  

UEC က မှတ်ပုံတင်ခွင့်ပြုခဲ့တဲ့ ၃၆ ပါတီ ထဲမှာ ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံး ဆောင်ရွက်မယ့်ပါတီ ခုနစ်ပါတီရှိပြီး ကျန်တဲ့ ပါတီတွေကတော့ တိုင်းနဲ့ပြည်နယ်အဆင့် စည်းရုံးဆောင်ရွက်သွားမယ့် ပါတီတွေဖြစ်တယ်လို့ UEC က ဆိုပါတယ်။ UEC က မှတ်ပုံတင်ခွင့်ပြုခဲ့တဲ့ နိုင်ငံရေး ပါတီ ၃၆ ပါတီ ရှိလာပေမဲ့လည်း မှတ်ပုံတင် ပြန်လည်လျှောက်ထားတဲ့ နိုင်ငံရေးပါတီ များအနက် ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံး မယ့်ပါတီအချို့ အပါအဝင် နိုင်ငံရေးပါတီ ၂၈ ပါတီဟာ မှတ်ပုံတင်ခွင့်မကျသေးတဲ့အ ပေါ် ဝေဖန်မှုတွေလည်း မြင့်တက်နေပါတယ်။ ပြည်ထောင်စုတစ်ဝန်း စည်းရုံးမယ့်ပါတီ အဖြစ် မှတ်ပုံတင်ထားတဲ့ ၁၂ ပါတီထဲမှာ ၈၈ ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးကိုကိုကြီး ဦးဆောင်မယ့် ပြည်သူ့ပါတီ၊ ရန် ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စား လှယ်ဟောင်း ဦးကျော်ဇေယျ ဦးဆောင်မယ့် ပြည်ထောင်စုငြိမ်းချမ်းရေးနှင့် ညီညွတ်ရေးပါ တီ အစရှိတဲ့ ပါတီတွေအပါအဝင် ပါတီအချို့ ကတော့ မှတ်ပုံတင်ထားတာ ငါးလကျော်ပေ မဲ့ UEC ဆီက ခွင့်ပြုချက်မရသေးပါဘူး။ 

ဒါ့အပြင် UEC က မှတ်ပုံတင်ခွင့်မပြု သေးတဲ့ နိုင်ငံရေးပါတီ ၂၈ ပါတီထဲမှာ နာမည် ကြီး တိုင်းရင်းသားနိုင်ငံရေးပါတီတွေဖြစ်တဲ့ ရခိုင်အမျိုးသားပါတီ၊ မွန်ညီညွတ်ရေးပါတီ၊ ကချင်အမျိုးသားကွန်ဂရက်ပါတီ၊ ဓနုအမျိုး သားများအဖွဲ့ချုပ်ပါတီ၊ ဇိုမီးဒီမိုကရေစီအ ဖွဲ့ချုပ်ပါတီ စတဲ့ ပါတီတွေလည်း ပါဝင်ပါ တယ်။ မှတ်ပုံတင်ခွင့်ပြုဖို့ ကြန့်ကြာနေတာနဲ့ ပတ်သက်လို့ UEC အနေနဲ့ ဘယ်လိုမူတွေနဲ့ ဆောင်ရွက်နေသလဲလို့ နိုင်ငံရေးပါတီခေါင်းဆောင်အချို့က မေးခွန်းထုတ်နေတာတွေ လည်း ရှိနေပါတယ်။ ဒီလို မေးခွန်းထုတ်မှုတွေအပေါ် UEC ဘက်ကတော့ ဘာမှ တုံ့ပြန်တာ မရှိပါဘူး။

သြဂုတ်၂၂ ရက်က ကျင်းပတဲ့ သတင်း စာရှင်းလင်းပွဲမှာ နစက ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ကျန်ရှိနေသေးတဲ့ နိုင်ငံရေးပါတီတွေကိုလည်း လိုအပ်တဲ့စိစစ်မှု တွေ ဆောင်ရွက်ပြီးချိန်မှာ ခွင့်ပြုသွားမယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ ဥပမာတစ်ခုအနေနဲ့ ပြောရရင် နိုင်ငံရေးပါတီတွေကို မတ် ၂၈ ရက်မှာ နောက် ဆုံးလျှောက်ထားဖို့ UEC က ပြောကြားခဲ့ပြီး ဧပြီ ၂၀ ရက်မှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို မှတ်ပုံတင်ခွင့်ပြုခဲ့တဲ့အ တွက် ရက်ပေါင်း ၂၀ ကျော်ပဲ ကြာပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ဇန်နဝါရီ ၂၆ ရက်ကနေ မတ် ၂၈ ရက်အထိ ရက်ပေါင်း ၆၀ အတွင်း မှတ်တင်ခွင့် လျှောက်တာချင်းအ တူတူ ဘာကြောင့် နိုင်ငံရေးပါတီ ၂၈ ပါတီက အချိန်ငါးလကျော်ကြာတဲ့အထိ ခွင့်ပြုချက်မရ သေးလဲဆိုတာကို မှတ်ပုံတင်မကျသေးတဲ့ နိုင်ငံရေးပါတီတွေက သိချင်နေကြတာပါ။  ဒါကြောင့် နိုင်ငံရေးပါတီတွေကို မှတ်ပုံ တင်ခွင့်ပြုရာမှာ UEC က ဘယ်လိုမူတွေနဲ့ ခွင့်ပြုပေးမလဲဆိုတာကို မှတ်ပုံတင်မကျသေး တဲ့ မှတ်ပုံတင်မကျသေးတဲ့ နိုင်ငံရေးပါတီ တွေက ဆက်လက်စောင့်မျှော်လျက် ရှိနေပါ တယ်။        

       

         



 

Most Read

Most Recent