အာဖရိကတွင် နောက်ထပ် အာဏာသိမ်းမှုတစ်ခု ဖြစ်ပွားလာပြန်သည်။ နိုင်ဂျာသမ္မတ မိုဟာမက် ဘာဇိုအမ်းကို သူကိုယ်တိုင်၏ ကိုယ်ရံတော်တပ်ဖွဲ့ဝင်များက ဓားစာခံအဖြစ် ဇူလိုင် ၂၆ ရက်တွင် ဖမ်းဆီးခဲ့ပြီးနောက် သီတင်းငါးပတ်အကြာ ၂၀၂၃ ခုနှစ် သြဂုတ် ၃၀ ရက်တွင် ဂါဘွန်မှ အလီဘွန်ဂိုသည်လည်း သူ၏နေအိမ်တွင် ထိန်းသိမ်းခံထားရသည်ကို တွေ့ရှိရသည်။
ယခုအခါ အာဏာသိမ်းမှုများနှင့် အစိုးရကို အတင်းအဓမ္မဖြုတ်ချမှုများ အထူးသဖြင့် အာဖရိကတိုက်တွင် ခပ်စိပ်စိပ် ဖြစ်ပေါ်လျက် ရှိနေခြင်းက စစ်အေးခေတ်သက်ရောက်မှုများကို သတိရစရာဖြစ်သည်။ ယခုအခါ ဒုတိယစစ်အေးခေတ်ဟု ခေါ်ဆိုနိုင်လောက်သော အနေအထားသို့ ရောက်ရှိလာပြီဟု ဆိုနိုင်သည်။
■ ပထမစစ်အေးခေတ် (၁၉၄၅ - ၁၉၉၀)
စစ်အေးခေတ်သည် အမေရိကန် ပြည်ထောင်စု၊ ဆိုဗီယက်ပြည်ထောင်စုနှင့် ၎င်းတို့၏သက်ဆိုင်ရာ မဟာမိတ်များဖြစ်သည့် အနောက်အုပ်စုနှင့် အရှေ့အုပ်စုတို့ ပထဝီနိုင်ငံရေးဆိုင်ရာ တင်းမာမှု ဖြစ်ပွားသည့် ကာလဖြစ်သည်။
အင်အားကြီးနှစ်နိုင်ငံ ကြီးကြီးမားမား စစ်ပွဲ တိုက်ရိုက်ဖြစ်ပွားခြင်း မရှိသောကြောင့် စစ်အေးဟူသော ဝေါဟာရကို အသုံးပြုသည်ဆိုသော်လည်း အင်အားကြီးတစ်နိုင်ငံစီက ကိုယ်စားပြုစစ်ပွဲဟုခေါ်သည့် ဒေသဆိုင်ရာ ပဋိပက္ခကြီးများတွင် ဆန့်ကျင်ဘက်အုပ်စုများကို ထောက်ခံခဲ့ကြသည်။
ပဋိပက္ခသည် ၁၉၄၅ ခုနှစ်တွင် နာဇီဂျာမနီနှင့် အင်ပါယာ ဂျပန်တို့ကို အနိုင်ရခဲ့သည့် ဒုတိယကမ္ဘာစစ်၏ မဟာမိတ်များအဖြစ် ၎င်းတို့၏အခန်းကဏ္ဍများ ရှိလာခဲ့ပြီးနောက် အဆိုပါအင်အားကြီးနှစ်နိုင်ငံက ကမ္ဘာ့သြဇာလွှမ်းမိုးရေးအတွက် အတွေးအခေါ်အယူအဆနှင့် ပထဝီနိုင်ငံရေးဆိုင်ရာ ကြိုးပမ်းမှုအပေါ်တွင် အခြေပြုထားသည်။
နျူကလီးယားလက်နက်များ ပြိုင်ဆိုင်မှု၊ သမားရိုးကျစစ်ရေး ဖြန့် ကြက်မှုတို့မှအပ သြဇာလွှမ်းမိုးရေးအတွက် ကြိုးပမ်းမှုကို စိတ်ပိုင်းဆိုင်ရာ စစ်ပွဲ၊ ၀ါဒဖြန့်လှုံ့ဆော်မှုများ၊ သူလျှိုထားခြင်း၊ ထိရောက်မှုရှိသော ကုန်သွယ်ရေးပိတ်ဆို့မှုများ၊ အားကစား သံခင်းတမန်ခင်း၊ အာကာသပြိုင်ဆိုင်မှုလို နည်းပညာဆိုင်ရာ ယှဉ်ပြိုင်မှုများကဲ့သို့ သွယ်ဝိုက်နည်းလမ်းများဖြင့် ဖော်ပြလျက်ရှိသည်။
အနောက်အုပ်စုကို အမေရိကန်ကသာမက ယေဘုယျအားဖြင့် လစ်ဘရယ်ဒီမိုကရက်ဖြစ်သော်လည်း အာဏာရှင်ကွန်ရက်ဖြင့် ချည်နှောင်ထားသော အခြားပထမကမ္ဘာ့နိုင်ငံများ၊ အများစုမှာ ဥရောပအင်အားကြီးနိုင်ငံများ၏ ကိုလိုနီနိုင်ငံဟောင်းများဖြစ်သော တတိယကမ္ဘာ့နိုင်ငံများက ဦးဆောင်ထားသည်။
အရှေ့အုပ်စုကို ဆိုဗီယက်ပြည်ထောင်စုနှင့် ၎င်း၏ကွန်မြူနစ်ပါတီတို့က ဦးဆောင်ထားသည်။ ဆိုဗီယက်ပြည်ထောင်စုသည် ဒုတိယကမ္ဘာစစ်ကို လွှမ်းမိုးခဲ့ပြီး အာဏာရှင်နိုင်ငံများ ကွန်ရက်နှင့်ဆက်စပ်နေသည်။
ဆိုဗီယက်ပြည်ထောင်စုသည် ဗဟိုချုပ်ကိုင် စီးပွားရေးစနစ်ကို ကျင့်သုံးခဲ့ခြင်းဖြစ်ပြီး ၎င်း၏သြဇာခံနိုင်ငံများ၌ ဆင်တူ ကွန်မြူနစ် အစိုးရများကို ဖွဲ့စည်းစေခဲ့သည်။
ဒုတိယကမ္ဘာစစ်အတွင်းတွင် အစိုးရအဖွဲ့အပြောင်းအလဲများ၌ အမေရိကန်ပြည်ထောင်စု၏ ပါဝင်ပတ်သက်မှုသည် ကွန်မြူနစ်စနစ်ကို ဆန့်ကျင်သော၊ လက်ယာယိမ်းသော အာဏာရှင်နိုင်ငံများနှင့် အစိုးရများကိုထောက်ခံခြင်း၊ ကမ္ဘာတစ်ဝန်းတွင် ဖြစ်ပွားသော လူထုအုံကြွမှုများကို ထောက်ခံခြင်းတို့ ပါဝင်သည်။
အစိုးရအဖွဲ့အပြောင်းအလဲများတွင် ဆိုဗီယက်ပြည်ထောင်စု ပါဝင်ပတ်သက်မှုသည် လက်ဝဲယိမ်းပါတီများကို ငွေကြေးထောက်ပံ့ခြင်း၊ ကမ္ဘာအနှံ့ အမျိုးသားလွတ် မြောက်ရေးစစ်ပွဲများနှင့် တော်လှန်ရေးတို့ ပါဝင်သည်။ ၁၉၄၅ ခုနှစ်မှ ၁၉၆၀ ပြည့်နှစ်အထိကာလတွင် ကိုလိုနီအဖြစ်မှ လွတ်မြောက်သော ကိုလိုနီနိုင်ငံများအားလုံးနီးပါးနှင့် လွတ်လပ်ရေးရရှိသောနိုင်ငံများအနေဖြင့် နိုင်ငံအများအပြားသည် စစ်အေးကာလတွင် တတိယ ကမ္ဘာ့စစ်မြေပြင်များ ဖြစ်လာသည်။
၁၉၄၅ ခုနှစ်တွင် ပထမကမ္ဘာ စစ်ပြီးဆုံးပြီး မကြာမီ စစ်အေးပထမ အဆင့် အစပြုသည်။ အမေရိကန် ပြည်ထောင်စုနှင့် ၎င်း၏ အနောက် ဥရောပမဟာမိတ်များက ဆက်ဆံရေးများ အားကောင်းစေရန်ကြိုးပမ်းခဲ့ကြပြီး ဆိုဗီယက်သြဇာထိန်းချုပ်ရေးမူဝါဒကို အသုံးပြုခဲ့ကြသည်။ ယင်းသို့ လုပ်ဆောင်ရာတွင် အခြေခံအားဖြင့် ၁၉၄၉ ခုနှစ် ကာကွယ်ရေးသဘောတူညီချက်များဖြစ်သော နေတိုးမဟာမိတ်ကို ထူထောင်ခြင်းမှတစ်ဆင့် အလေးပေး လုပ်ဆောင်ခြင်းဖြစ်သည်။
ဆိုဗီယက်ပြည်ထောင်စုသည် ၁၉၅၅ ခုနှစ်တွင် ၀ါဆောသဘောတူစာချုပ်ဖြင့် နေတိုးကို တန်ပြန်ခဲ့သည်။ ၀ါဆောသဘောတူစာချုပ်က အရှေ့အုပ်စုတွင် ဆင်ဆင်တူသော ရလဒ်များ ထွက်ပေါ်ခဲ့သည်။ ထိုကာလတစ်ဝိုက်တွင် ဆိုဗီယက်ပြည်ထောင်စုသည် ၎င်း၏အရှေ့ သြဇာခံနိုင်ငံအားလုံး၌ လက်နက်နှင့် နိုင်ငံရေးသြဇာတို့ကို လွှမ်းမိုးထားရာ ၀ါဆောအဖွဲ့မှာ မလိုအပ်သော အဖွဲ့အဖြစ် ယူဆခံရသည်။
ယေဘုယျအားဖြင့် ၀ါဆောသည် ကာကွယ်ရေးမဟာမိတ်အဖွဲ့ ဖြစ်သော်လည်း ၀ါဆော၏ ကနဦး လုပ်ငန်းဆောင်တာမှာ ဆိုဗီယက်က ၎င်း၏အရှေ့ဥရောပ သြဇာခံနိုင်ငံများတွင် ဆိုဗီယက်ဗိုလ်ကျစိုးမိုးရေးကို ကာကွယ်ထားရန်သာဖြစ်သည်။ ၀ါဆောမဟာမိတ်၏တစ်ခုတည်းသော စစ်ရေးဆောင်ရွက်ချက်တစ်ခုမှာ အဖွဲ့ဝင်နိုင်ငံများ ၀ါဆောမှ ခွဲထွက်မသွားစေရေးအတွက် ယင်းအဖွဲ့ဝင်နိုင်ငံကို မိမိဘာသာ ပြန်လည်ကျူးကျော်ရေးသာဖြစ်သည်။
၁၉၆၀ ပြည့်နှစ်ကာလများတွင် ၀ါဆောမဟာမိတ်အဖွဲ့သည် ဘက်ပေါင်းစုံ မဟာမိတ်အဖြစ် ဆင့်ကဲပြောင်းလဲသွားပြီး ဆိုဗီယက်-၀ါဆောအဖွဲ့ဝင်မဟုတ်သော နိုင်ငံများက ၎င်းတို့၏အကျိုးစီးပွားများကို ဆောင်ရွက်ရန် ထင်သာမြင်သာ အခွင့်အလမ်းများ ရရှိ လာသည်။
ဆိုဗီယက်နှင့် မဟာမိတ်ပြုထားသော အရှေ့ဂျာမနီသည် အရှေ့ဘာလင်ရှိ ၎င်း၏ ပြည်သူများ အနောက်ဘာလင်သို့ ထွက်ပြေးခြင်းကို တားဆီးရန် ၁၉၆၁ ခုနှစ်တွင် ဘာလင်တံတိုင်းကို တည်ဆောက်ခဲ့သည်။ ဘာလင်တံတိုင်း တည်ဆောက်ချိန်တွင် အနောက်ဘာလင်သည် အမေရိကန်နှင့် မဟာမိတ်ဖွဲ့ထားချိန်ဖြစ်သည်။
စစ်အေးပထမအဆင့်၏ပြဿနာကြီးများထဲတွင် ဘာလင် ပိတ်ဆို့မှု (၁၉၄၈-၁၉၄၉)၊ တရုတ် ကွန်မြူနစ်တော်လှန်ရေး (၁၉၄၅-၁၉၄၉)၊ ဟန်ဂေရီတော်လှန်ရေး (၁၉၅၆)၊ စူးအက်တူးမြောင်းပြဿနာ(၁၉၅၆)၊ ဘာလင်အကျပ်အတည်း (၁၉၆၁)၊ ဗီယက်နမ်စစ်ပွဲ (၁၉၆၄-၁၉၇၅) တို့ ပါဝင်သည်။
အင်အားကြီးနှစ်နိုင်ငံစလုံးသည် လက်တင်အမေရိက၊ အရှေ့အလယ်ပိုင်း၊ အာဖရိက၊ အာရှ၊ သမုဒ္ဒရာပိုင်းဒေသတို့၏ ကိုလိုနီ လွတ်မြောက်နိုင်ငံတို့တွင် သြဇာလွှမ်းမိုးရေးအတွက် ပြိုင်ဆိုင်ကြသည်။
ကျူးဘားဒုံးကျည်အကျပ်အတည်း ဖြစ်ပွားအပြီး စစ်အေး စတုတ္ထအဆင့်တွင် ကွန်မြူနစ်နယ်ပယ်၌ တရုတ်နှင့် ဆိုဗီယက်ပြည်ထောင်စု၏ ရှုပ်ထွေးနေသော ဆက်ဆံရေးများတွင် တရုတ်-ဆိုဗီယက် နှစ်ပိုင်းကွဲသွားသည်ကို တွေ့ရသည်။ ယင်းသို့နှစ်ပိုင်းကွဲသွားခြင်းက တရုတ်-ဆိုဗီယက် နယ်စပ် ပဋိပက္ခကို ဦးတည်သွားစေသည်။ ထိုအချိန်တွင် အနောက်အုပ်စုထဲက ပြင်သစ်က ကြီးကြီးမားမား လုပ်ပိုင်ခွင့်ကို စတင်တောင်းဆိုလာသည်။ ၁၉၆၈ ပရာဟာ နွေဦးတော်လှန်ရေးကို နှိမ်နင်းရန် ချက်ကိုဆလိုဗက်ကီးယားကို ၀ါဆော မဟာမိတ်အဖွဲ့၏ ကျူးကျော်မှု ပေါ်ပေါက်သည်။ တစ်ချိန်တည်းတွင် အမေရိကန်ပြည်ထောင်စုသည် ပြည်သူ့ရပိုင်ခွင့်လှုပ်ရှားမှုမှသည် ဗီယက်နမ်စစ်ပွဲ၌ အမေရိကန်ပါဝင်မှုကို ကန့်ကွက်မှုအထိ ပြည်တွင်း ဝရုန်းသုန်းကားအခြေအနေကို ကြုံတွေ့နေရသည်။
၁၉၆၀ နှင့် ၁၉၇၀ ပြည့်နှစ်ကာလများတွင် ကမ္ဘာ့ပြည်သူများအကြား နိုင်ငံတကာငြိမ်းချမ်းရေး လှုပ်ရှားမှု ပေါ်ပေါက်လာသည်။ နျူကလီးယားလက်နက် စမ်းသပ်မှုများကို ဆန့်ကျင်သည့် လှုပ်ရှားမှုများနှင့် နျူကလီးယားလက်နက် ဖျက်သိမ်းရေးတို့အတွက် စစ်ဆန့်ကျင်ရေး ဆန္ဒပြပွဲကြီးများဖြစ်ပွားလာသည်။
၁၉၇၀ ပြည့်နှစ်များတွင် နှစ်ဖက်စလုံးက ငြိမ်းချမ်းရေးနှင့်လုံခြုံရေးတို့အတွက် စတင်စဉ်းစားလာရာ တင်းမာမှုလျော့ပါးရေးကာလတစ်ရပ် စတင်ဖြစ်ပေါ်လာသည်။ ထို့ကြောင့် ဗျူဟာမြောက်လက်နက်များ ကန့်သတ်ရေး ဆွေးနွေးပွဲများနှင့် ဆိုဗီယက်ပြည်ထောင်စုကို မဟာဗျူဟာမြောက် မဲတင်းမှုအဖြစ် တရုတ်နှင့် ဆက်ဆံရေးများကို ဖွင့်လှစ်လိုက်သည့် သမ္မတ ရစ်ချတ်ဒ်နစ်ဆင်၏ ၁၉၇၂ တရုတ် ခရီးစဉ်တို့ ဖြစ်ပေါ်လာသည်ကို မြင်ရသည်။
၁၉၇၀ ပြည့်နှစ်ကာလ ဒုတိယပိုင်းတွင် အန်ဂိုလာ၊ မိုဇမ်ဘစ်၊ အီသီယိုပီးယား၊ ကမ္ဘောဒီးယား၊ အာဖဂန်နစ္စတန်၊ နီကာရာဂွာတို့အပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ကိုယ့်ဘာသာကိုယ် ကြေညာထားသည့် မာ့ခ်-လီနင် အစိုးရအဖွဲ့များ ပေါ်ပေါက်လာသည်။
တင်းမာမှု လျော့ပါးရေးသည် ၁၉၇၉ ခုနှစ်တွင် ဆိုဗီယက်-အာဖဂန်နစ္စတန်စစ်ပွဲ စတင်ခြင်းနှင့်အတူ ဆယ်စုနှစ်တစ်ခုအကုန်တွင် ပြိုလဲသွားသည်။
၁၉၈၀ ပြည့်နှစ်ကာလများ အစပိုင်းတွင် စစ်အေး ပဥ္စမအဆင့်သည် နောက်ထပ် တင်းမာမှုမြင့်တက်လာသော ကာလတစ်ရပ်ကို ဖြစ်စေခဲ့သည်။
ရေဂင်ဝါဒသည် စီးပွားရေး အိုင်နေသည့် ခေတ်ကိုဖြတ်သန်းနေရသည့် ဆိုဗီယက် ပြည်ထောင်စုကို သံတမန်၊ စစ်ရေး၊ စီးပွားရေးဆိုင်ရာဖိအားများ တိုးလာစေသည်။
စစ်အေးဆဋ္ဌမအဆင့်သည် ဆိုဗီယက်ခေါင်းဆောင်သစ် မစ်ခေးလ်ဂေါ်ဘာချော့က ဆိုဗီယက်စီးပွားရေးကို ပွင့်လင်းလွတ်လပ်သောစီးပွားရေးအဖြစ် စတင်ပြောင်းလဲသော ကာလဖြစ်ပြီး ၁၉၈၉ ခုနှစ်တွင် အာဖဂန်နစ္စတန်၌ ဆိုဗီယက် ပါဝင်ပတ်သက်မှု အဆုံးသတ်သွားသည်ကို မြင်ရသည်။ အမျိုးသား ရေးအချုပ်အခြာအတွက် ဖိအားများသည် အရှေ့ဥရောပတွင် ပိုမိုအားကောင်းလာသည်။ ကွန်မြူနစ် အစိုးရများကို စစ်ရေးအရ နောက်ထပ် ထောက်ပံ့မှုများပေးရန် ဂေါ်ဘာချော့က ငြင်းဆန်ခဲ့သည်။
Pan-European Picnic ငြိမ်းချမ်းရေးဆန္ဒပြပွဲများနှင့် ၁၉၈၉ တော်လှန်ရေးများအပြီးတွင် သံကန့်လန့်ကာ ပြိုလဲသွားပြီးနောက် အရှေ့အုပ်စု၏ မာ့ခ်-လီနင်အစိုးရ အားလုံးနီးပါး ပြုတ်ကျသွားသည်။ ဆိုဗီယက်ပြည်ထောင်စု၏ ကွန်မြူနစ်ပါတီကိုယ်နှိုက်က နိုင်ငံကို ထိန်းချုပ်နိုင်ခြင်းမရှိတော့ပေ။ ၁၉၉၁ ခုနှစ် သြဂုတ်လထဲတွင် ဆိုဗီယက်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် ကွန်မြူနစ်ပါတီ ပိတ်ပင်ခံရသည်။ ယင်းသည် ၁၉၉၁ ခုနှစ် ဒီဇင်ဘာလထဲတွင် ဆိုဗီယက်ပြည်ထောင်စု တရားဝင ပြိုကွဲမှုကို ဦးတည်သွားစေပြီး အာဖရိကနှင့်အာရှဒေသတို့ရှိ ကွန်မြူနစ်အစိုးရများ ပြိုလဲသွားသည်။
ရုရှားဖက်ဒရေးရှင်းသည် ဆိုဗီယက်ပြည်ထောင်စုကို ဆက်ခံသောနိုင်ငံဖြစ်လာသည်။ အခြားသမ္မတနိုင်ငံများသည် အပြည့်အဝ လွတ်လပ်ရေးရသော ဆိုဗီယက် ခေတ်လွန်နိုင်ငံများ ဖြစ်လာသည်။ အမေရိကန်ပြည်ထောင်စုသည်ကား ကမ္ဘာ၏တစ်ခုတည်းသောအင်အားကြီးနိုင်ငံအဖြစ် ရှိနေသည်။
စစ်အေးခေတ်သည် ထူးခြားသော သမိုင်းကို ကျန်ရစ်စေသည်။ စစ်အေးခေတ်၏ အကျိုးဆက်များသည် အထူးသဖြင့် သူလျှိုလုပ်ငန်း၏အာဘော်များနှင့် နျူကလီးယားစစ်ပွဲ ခြိမ်းခြောက်မှုတို့နှင့်အတူ စစ်ပွဲအတွင်း ယဉ်ကျေးမှုဆိုင်ရာရည်ညွှန်းပြောဆိုမှုများထဲတွင် ပါဝင်လာသည်။
■ ‘စစ်အေး’ ဟူသည့် အသုံးအနှုန်း
ဒုတိယကမ္ဘာစစ်အပြီးတွင် အင်္ဂလိပ် စာရေးဆရာ ဂျော့ချ် အိုဝဲလ်သည် ‘စစ်အေး’ ဟူသည့် အသုံးအနှုန်းကို စတင်သုံးစွဲခဲ့သည်။
၁၉၄၅ ခုနှစ် အောက်တိုဘာ ၁၉ ရက်က ဗြိတိန်သတင်းစာ Tribune တွင် ဖော်ပြခဲ့သည့် ၎င်း၏ “သင်နှင့် အဏုမြူဗုံး” (You and Atomic Bomb) အမည်ရှိ အက်ဆေးတွင် စစ်အေးဟူသည့် ဝေါဟာရကို သုံးစွဲခဲ့ခြင်းဖြစ်သည်။
အိုဝဲလ်သည် နျူကလီးယားစစ်ရေး ခြိမ်းခြောက်မှုများ၏ အရိပ်အောက်တွင် နေထိုင်နေရသည့် ကမ္ဘာကို ချင့်ချိန်စဉ်းစားပြီး ဂျိမ်းစ် ဘာနမ် (James Burnham) ၏ အယူဝါဒနှစ်ခြမ်းကွဲနေသည့်ကမ္ဘာကို လေ့လာသုံးသပ်ကာ အောက်ပါအတိုင်း ရေးသားခဲ့သည်။
“ယေဘုယျအားဖြင့် ကမ္ဘာကြီးကို လေ့လာကြည့်လိုက်ပါ။ ဆယ်စုနှစ်အများစုမှာ တဖြည်းဖြည်းရွေ့လျားနေတဲ့ အခြေအနေဟာ မင်းမဲ့စရိုက်အခြေအနေဆီကို ဦးတည်နေတာမဟုတ်ပေမဲ့ ကျွန်စနစ်ကို ပြန်လည်သွတ်သွင်းနေတဲ့ အခြေအနေဆီကို ရွေ့လျားနေပါတယ်။ ဂျိမ်းစ်ဘာနမ်ရဲ့ သီအိုရီကို ဆွေးနွေးမှုတွေ အများကြီး ရှိခဲ့ပါတယ်။ ဒါပေမဲ့ အယူဝါဒရေးရာ မကျေချမ်းစရာတွေကို ဆင်ခြင်စဉ်းစားသူတွေကတော့ အနည်းငယ်သာရှိခဲ့ပါတယ်။ အဲဒါကတော့ ကမ္ဘာ့အမြင်လိုလို၊ ယုံကြည်မှုလိုလိုနဲ့ လူမှုဖွဲ့စည်း တည်ဆောက်ပုံဟာ တစ်ချိန်တုန်းက အနိုင်ယူနိုင်စွမ်းမရှိခဲ့တဲ့ အထိတ်တလန့်အခြေအနေနဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ စစ်အေးဖြစ်ပွားတဲ့ အမြဲတမ်းအထိတ်တလန့်အခြေအနေကို ကျော်လွှားစေနိုင်ပါလိမ့်မယ်”ဟု အိုဝဲလ်က ရေးသားခဲ့သည်။
၁၉၄၆ ခုနှစ် မတ် ၁၀ ရက်က The Observer သတင်းစာတွင် အိုဝဲလ်လ်က “ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလက ပြုလုပ်ခဲ့သည့် မော်စကို ညီလာခံပြီးနောက် ရုရှားသည် ဗြိတိန်နှင့် ဗြိတိသျှအင်ပါယာကို စစ်အေး စတင်ဆင်နွှဲခဲ့သည်”ဟု ရေးသားဖော်ပြခဲ့သည်။
ဒုတိယကမ္ဘာစစ်အပြီး အမေရိကန်နှင့် ဆိုဗီယက်အကြား ပထဝီနိုင်ငံရေး ထိပ်တိုက်တွေ့မှု အခြေအနေကို ဖော်ပြရာတွင် စစ်အေးဆိုသည့် စကားလုံးကို ၁၉၇၄ ခုနှစ် ဧပြီ ၁၆ ရက်က အမေရိကန် ဒီမိုကရက်သမ္မတများ၏ အကြံပေးပုဂ္ဂိုလ် ဘားနတ် ဘာရုချ်က စတင်အသုံးပြု ပြောကြားခဲ့သည်။
ဟားဘတ် ဘေယတ်ဆွတ် အမည်ရှိ သတင်းထောက်တစ်ဦးက ရေးသားခဲ့သည့် ဘားနတ်၏ မိန့်ခွန်းတွင် “ကျွန်တော်တို့ကို မလှည့်စားပါနဲ့တော့။ ဒီနေ့မှာ ကျွန်တော်တို့ဟာ စစ်အေးရဲ့ လမ်းခုလတ်မှာ ရောက်နေပါပြီ}} ဟု စစ်အေးဆိုသည့် စကားလုံးကိုပထမဆုံးအကြိမ် ထည့်သွင်းပြောဆိုခဲ့သည်။
သတင်းစာ ကော်လံစားတစ်ဦးဖြစ်သူ ဝေါလ်တာ လစ်ပ်မန်းကလည်း The Cold War ဟု အမည်ပေးထားသည့် ၎င်း၏စာအုပ်ကို ထုတ်ဝေခဲ့သည်။
ထိုစာအုပ်ကို အမည်ပေးထားသည့် ခေါင်းစဉ်နှင့်ပတ်သက်ပြီး မေးမြန်းခံရချိန်တွင် လစ်ပ်မန်းက ၁၉၃၀ ပြည့်နှစ်များက အသုံးပြုခဲ့သည့် ပြင်သစ် ဝေါဟာရဖြစ်သည့် la guerre froide ကို မှီငြမ်းခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။











