(၁)
ရုရှား၏ ယူကရိန်းကို ကျူးကျော်မှုနှင့် အမေရိကန်-တရုတ်ပြင်းထန်သော ပြိုင်ဆိုင်မှုကြောင့် ပထဝီဆိုင်ရာ မဟာဗျူဟာမြောက် အကျိုးဆက်နှစ်ခုပေါ်လာသည်။ ဥရောပသမဂ္ဂ (EU)၊ မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (NATO) တို့ ပြန်လည်လှုပ်ရှားသက်ဝင်လာမှုနှင့် ဘရစ် (BRICS) အုပ်စု၏ လှုပ်ရှားမှု ပို၍အရှိန်မြင့်လာခြင်းဖြစ်သည်။ ဘရစ်အုပ်စုတွင် ဘရာဇီး (Brazil-B)၊ ရုရှား (Russia-R)၊ အိန္ဒိယ (India- I)၊ တရုတ် (China- C) နှင့် တောင်အာဖရိက (South Africa- S) တို့ပါဝင်သည်။ ပြီးခဲ့သည့် သီတင်းပတ် (ဩဂုတ်လ ၂၂-၂၄ ရက်) တွင် ပြုလုပ်ခဲ့သည့် ဂျိုဟန်နက်စ်ဘတ်ထိပ်သီးအစည်းအဝေး (Johannesburg summit) က ဘရစ်အုပ်စု၏လှုပ်ရှားမှု အခြေအနေကို သက်သေပြနေသည်။
(၂)
ဘရစ် (BRICS) အုပ်စုနိုင်ငံများတွင် ကိုလိုနီနယ်ချဲ့ဝါဒ၏ ကာလရှည်အကျိုးသက်ရောက်မှုများ၊ စီးပွားရေးပိတ်ဆို့အရေးယူမှုဒဏ်များ၏ ခါးသီးသောနာကြည်းချက်များ ရှိနေလိမ့်မည်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့နှင့် နိုင်ငံတကာဘဏ္ဍာရေးအဖွဲ့အစည်းများ အပါအဝင် တစ်ကမ္ဘာလုံးနှင့် ဆက်စပ်ပတ်သက်နေသည့် ကမ္ဘာလုံးဆိုင်ရာ ဦးဆောင်မှုစနစ် ပြုပြင်ပြောင်းလဲရေးကိုလည်း လုပ်ဆောင်လိုစိတ် ရှိနေကြလိမ့်မည်။
ဘရစ်အုပ်စုနိုင်ငံ ငါးနိုင်ငံသည်အပြန်အလှန်နားလည်မှုရှိနေသည့် ရင်းနှီးချစ်ခင်ကြသော မိတ်ဆွေနိုင်ငံများလော။ အဖွဲ့ဝင်နိုင်ငံကြားရှိ ရင်းနှီးမှုအခြေအနေကိုကြည့်၍ ဘရစ်အုပ်စုအနာဂတ်ကို မှန်းဆထားရန်လိုသည်။ အဖွဲ့ဝင်နိုင်ငံကြီးနှစ်နိုင်ငံဖြစ်သည့် အိန္ဒိယနှင့် တရုတ်တို့သည် စနစ်တကျအပြန်အလှန်တိုက်ခိုက်နေသော၊ နားလည်ရခက်သော အိမ်နီးချင်းနိုင်ငံများဖြစ်သည်။ အမျိုးသားရေး၊ စီးပွားရေး၊ နယ်စပ်အငြင်းပွားမှုများနှင့် တောင်တရုတ်ပင်လယ် အကြောင်းအရာ များနှင့်ဆက်စပ်၍လည်း အားပြိုင်မှုများရှိနေသည်။ ကမ္ဘာ့တောင်ဘက်အချို့နိုင်ငံများမှာမူ ယခင်က ဗိုလ်ကျစိုးမိုးဩဇာလွှမ်းမိုးနေသည့် အခြေအနေ (အမေရိကန်) နေရာတွင် အခြေအနေသစ်တစ်ရပ် တစ်နည်းဆိုသော် နိုင်ငံတစ်နိုင်ငံ (တရုတ်) ကို အစားထိုးရန် စိတ်ကူးနေကြခြင်းဖြစ်သည်။
(၃)
ပြီးစီးခဲ့သည့် ဘရစ်ထိပ်သီးဆွေးနွေးပွဲတွင် အာဂျင်တီးနား၊ အီဂျစ်၊ အီသီယိုးပီးယား၊ အီရန်၊ ဆော်ဒီအာရေးဗီးယားနှင့် အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး) တို့ကို လာမည့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ၌ ဘရစ်အဖွဲ့ဝင်အဖြစ် လက်ခံရန်ဆုံးဖြတ်ခဲ့ကြသည်။ ထိုနိုင်ငံများထဲတွင် အီဂျစ်နှင့် ယူအေအီးတို့သည် ဘရစ်အုပ်စု ဖွံ့ဖြိုးတိုးတက်ရေးဘဏ်သစ်၏ အဖွဲ့ဝင်နိုင်ငံများဖြစ်သည်။ ဥရုဂွေးသည်လည်း နောင်ဖြစ်လာနိုင်သည့် အဖွဲ့ဝင်နိုင်ငံဖြစ်သည်။ သို့သော် ဥရုဂွေးနိုင်ငံမဟုတ်ဘဲ ဘဏ်အဖွဲ့ဝင်မဖြစ်သေးသည့် အာဂျင်တီးနားကို ဘရစ်အဖွဲ့ဝင်အဖြစ်ထည့်သွင်းလာမှုသည် အံ့သြစရာဖြစ်သည်ဟုဆိုသည်။ ထို့ပြင်ကုလသမဂ္ဂနှင့်အခြားသောအဖွဲ့များ၏ အရေးယူပိတ်ဆို့မှုများကိုခံနေရသော အီရန်နိုင်ငံကိုပါ အဖွဲ့ဝင်အဖြစ် ထည့်သွင်းလာခြင်းသည်း အငြင်းပွားဖွယ်ရာကိစ္စတစ်ခုဖြစ်လာလိမ့်မည်ဟု သုံးသပ်ကြသည်။
(၄)
ဘရစ်အဖွဲ့၏ ပထမအကြိမ်သိသာသော အဖွဲ့ဝင်ချဲ့ထွင်မှုသည် အမေရိကန်နှင့် မဟာမိတ်နိုင်ငံများကို စိန်ခေါ်သကဲ့သို့ဖြစ်နေသည်။ မည်သို့တုံ့ပြန်မှုများဖြစ်ပေါ်လာနိုင်သနည်းဆိုသည်မှာ စိတ်ဝင်စားဖွယ်ဖြစ်သည်။ ဘရစ်အုပ်စုနှင့်ဆန့်ကျင်ဘက် မြောက်အမေရိကဒေသ၊ အီးယူ၊ ဂျပန်၊ တောင်ကိုးရီးယားနိုင်ငံများသည် စီးပွားရေးအင်အားကောင်းသည့်နိုင်ငံများဖြစ်ပြီး ထပ်မံတိုးချဲ့ထားသည့် ဘရစ်အဖွဲ့ထက်ပင်ပို၍ ကြီးမားသောစီးပွားရေးအုပ်စုဖြစ်နေသည်။ လာမည့်ဆယ်စုနှစ်များ တွင်လည်း ဆက်လက်ကြီးထွားနေကြလိမ့်မည်။ ဆိုလိုသည်မှာ ဘရစ်အုပ်စုနိုင်ငံများသည် အမေရိကန်အပါအဝင် အခြားသော အနောက်နိုင်ငံများ၏ စီးပွားရေးများနှင့်ယှဉ်ပါက စီးပွားရေးတောင့်တင်းမှု အားနည်းနေခြင်းဖြစ်သည်။ သို့သော် လာမည့် အမေရိကန်ရွေးကောက်ပွဲသည် ကမ္ဘာ့အခြေအနေ အပြောင်းအလဲအတွက် စောင့်ကြည့်ရမည့်ကိစ္စဖြစ်လာသည်။ ၂၀၂၄ ခုနှစ် ရွေးကောက်ပွဲတွင် ဒေါ်နယ်လ်ထရန့် (Donald Trump) ကဲ့သို့ လူမျိုး အမေရိကန်သမ္မတ ဖြစ်လာခဲ့ပါက အနောက်နိုင်ငံများ၏ စည်းလုံးညီညွတ်မှု၊ ဟာမိုနီဖြစ်မှု အတွက်အန္တရာယ်ဖြစ်စေနိုင်သည်ဟု ဆိုသည်။
(၅)
အမေရိကန်ဗဟိုဘဏ် အတိုးနှုန်းမြှင့်တင်သည့်အခါတိုင်း ဖြစ်ပေါ်လာသည့် ကမ္ဘာ့စီးပွားရေးအပေါ် အကျိုးသက်ရောက်မှုဖြစ်စေသည်။ စီးပွားရေး အင်အားနည်းသည့် နိုင်ငံများတွင် ပြည်တွင်းစီးပွားရေးအခြေအနေ မည်သို့မျှအပြောင်းအလဲမရှိသည့်တိုင် ၎င်းတို့၏ စီးပွားရေးအခြေအနေသည် ကမောက်ကမဖြစ်သွားနိုင်သည်။ ထိုအခြေအနေများကို သဘောပေါက်လျက် အမေရိကန်ဒေါ်လာအသုံးပြုမှုကို ကျောခိုင်းလိုသော ဆန္ဒများစုစည်းကာ ဘရစ်အဖွဲ့ဝင်နိုင်ငံများ
စည်းလုံးသွားကြခြင်းဖြစ်သည်ဟု ယေဘုယျဆိုနိုင်သည်။ သို့သော် အနောက်နိုင်ငံများ၏ စီးပွားရေးပမာဏနှင့် ထပ်မံတိုးချဲ့ထားပြီးဟု ယူဆထားသည့် ဘရစ်အဖွဲ့ဝင် နိုင်ငံများ၏ စီးပွားရေးပမာဏအရွယ်အစားတို့ကို နှိုင်းယှဉ်လေ့လာ၍သုံးသပ်ကြည့်မိလျှင် ဒေါ်လာအသုံးပြုမှု လျှော့ချခြင်း ခေါ် ဒီဒေါ်လိုက်ဇေးရှင်း (de-dollarization) သည် ထင်သလောက်လျင်လျင်မြန်မြန်မဖြစ်နိုင်ဟု သုံးသပ်ကြပေလိမ့်မည်။
(၆)
ရုရှားနိုင်ငံသည်လည်း အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုကိုရှောင်လွှဲနိုင်ရန် သို့မဟုတ် အဆုံးသတ်စေရန် စိတ်အားထက်သန်လျက် အားထုတ်မှုအမျိုးမျိုး လုပ်ဆောင်နေသည်။ ထိုအခြေအနေတွင် တရုတ်နိုင်ငံသည် ရုရှားနိုင်ငံနှင့် ပူးပေါင်းခဲ့သည်။ ဘရစ်အဖွဲ့ဝင်နိုင်ငံများသည်လည်း နိုင်ငံတကာ ရောင်းဝယ်မှုများတွင် အမေရိကန်ဒေါ်လာနေရာ၌ ငွေကြေးတစ်မျိုးအစားထိုးနိုင်ရေး အားထုတ်မှုများ ပြုလုပ်နေသည်။ ၎င်းတို့၏ နိုင်ငံခြားအရန်ငွေများကို ယူရို၊ ဆွဇ်ဖရန့်၊ ဗြိတိန်ပေါင်၊ ဂျပန်ယန်းငွေများဖြင့် ပြောင်းလဲအသုံးပြုနေကြသည်။ ဘရစ်အဖွဲ့ဝင်နိုင်ငံများတွင် ဘရာဇီးနိုင်ငံမှလွဲ၍ အားလုံးသည် ဒေါ်လာအခြေခံထားသည့် နိုင်ငံတကာငွေပေးချေးမှုစနစ် ဆွစ်ဖ် (SWIFT) နေရာ၌ အစားထိုးနိုင်ရေးနည်းလမ်းများ ထူထောင်ခဲ့ပြီးဖြစ်သည်။ အာဖရိကဒေသတွင်လည်း ဒေသတွင်း ငွေပေးချေမှုစနစ်အတွက် Pan-African Payment and Settlement System(PAPSS) ကို ရှိနေပြီဖြစ်သည်။ အဖွဲ့ဝင်နိုင်ငံများအကြား နှစ်နိုင်ငံကုန်သွယ်မှုပေးချေမှုအများစုကို ပြည်တွင်းသုံးငွေကြေးများဖြင့် လုပ်ဆောင်နေပြီး နောက်ထပ် နည်းလမ်းသစ်များကိုပါ ချဉ်းကပ်အဆိုပြုခဲ့ကြသည်ကို ဂျိုဟန်နက်စ်ဘတ် ထိပ်သီးအစည်းအဝေး၌ တွေ့ရသည်။
(၇)
လက်ရှိအခြေအနေတွင် ဘရစ်အုပ်စုနိုင်ငံများကြားကုန်သွယ်မှုပမာဏမှာ ဘုံငွေကြေးသစ်တစ်ရပ် ထူထောင်ရလောက်သည့်အထိ မကြီးမားသေးပေ။ ၎င်းတို့အချင်းချင်းကြား ကုန်သွယ်မှုချိန်ခွင်လျှာ အနည်းနှင့်အများ တူညီနေမှသာ ပြည်တွင်းသုံးငွေကြေးများ (လွတ်လပ်စွာ လဲလှယ်နိုင်မှုလည်းရှိမှသာ) ဖြင့် ကုန်သွယ်မှု အလုပ်ဖြစ်မည်။ ဥပမာဆိုရလျှင် ရုရှားနိုင်ငံသည် မကြာသေးမီက အိန္ဒိယသို့ ရေနံအမြောက်အမြားကို အိန္ဒိယရူပီးငွေဖြင့် ရောင်းချခဲ့သည်။ သို့သော် အိန္ဒိယနိုင်ငံသည် ရုရှားသို့ ပို့ကုန်တင်ပို့နိုင်မှု မကြီးမားခဲ့သောကြောင့် ရုရှားနိုင်ငံသည် ၎င်းတို့ရရှိထားသော ရူပီးငွေကြေးကို အိန္ဒိယပို့ကုန်အတွက် အနည်းငယ်ကိုသာ ပြန်လည်အသုံးပြုနိုင်ခဲ့ပြီး ကျန်ရူပီးငွေကြေးများကို အသုံးမပြုနိုင်ဘဲ ပိုက်ထားရသည့်အခြေအနေ ရှိနေသည်။
(၈)
တရုတ်နိုင်ငံသုံး ယွမ်ငွေကြေးသည်လည်း အခြားငွေကြေးများနှင့် မည့်သည့်ကန့်သတ်ချက်မျှမရှိဘဲ လွတ်လွတ်လပ်လပ် ဖလှယ်နိုင်ခွင့်မရှိသေး။ ကျယ်ပြန့်ဆက်စပ်မှုရှိသော အရင်းအနှီးဈေးကွက်များ၊ စျေးကွက်ပွင့်လင်းမြင်သာမှုများလည်း ကောင်းစွာမရှိသေးပေ။ လွတ်လပ်သော ဗဟိုဘဏ်များနှင့် ဆက်စပ်လုပ်ကိုင်မှု၊ အနောက်နိုင်ငံများရှိ ဘဏ်များနှင့် ငွေကြေးဆိုင်ရာအဖွဲ့အစည်းများ၏ ပံ့ပိုးမှုများလည်း လိုအပ်နေသည်။ ထို့ပြင် တရုတ်နိုင်ငံသည် စီးပွားရေး အဆောက်အအုံအတွင်း အစိုးရက အာဏာအပြည့်အဝချုပ်ကိုင်၍ ဝင်ရောက်စွက်ဖက်သည့် အခြေအနေရှိသောနိုင်ငံဖြစ်နေသည်။ ထို့ကြောင့် တရုတ်နိုင်ငံ၏ အနာဂတ်အခြေအနေနှင့် ဆက်စပ်၍ စွန့်စားရမည့် ဘေးအန္တရာယ်များကိုလည်း မြင်နေရသည်။
(၉)
နိုင်ငံတကာငွေကြေးနယ်ပယ်ထဲတွင် အမေရိကန်ဒေါ်လာ၏ လွှမ်းမိုးနိုင်မှုစွမ်းအား အပြောင်းအလဲသည် ရေနံနှင့် သဘာဝဓာတ်ငွေ့ဈေးနှုန်းများကို အမေရိကန်ဒေါ်လာဖြင့် သတ်မှတ်မှုမရှိတော့မှသာ ဖြစ်ပေါ်လာလိမ့်မည်။ ထိုအခြေအနေအတွက် ဘရစ်အုပ်စု၏ အဖွဲ့ဝင်သစ်ဖြစ်လာမည့် ဆော်ဒီအာရေးဗီးယားနှင့် ယူအေအီးတို့၏ လှုပ်ရှားမှုများကို စောင့်ကြည့်ရပေလိမ့်မည်။
လက်ရှိ အားထုတ်မှုများသည် လတ်တလောအခြေအနေ၌ အမေရိကန်ဒေါ်လာကို အစားထိုးနိုင်မည့် ဘုံငွေကြေးအသစ်တစ်မျိုး ပေါ်လာနိုင်ခြေထက် ကုန်သွယ်မှုကို အခြေခံသည့် ငွေကြေးအုပ်စုသစ် (new currency Bloc) များသာ ပေါ်ပေါက်လာဖွယ်ရာရှိပေသည်။











