ဒရုန်းတိုက်ခိုက်မှုများကြားက မော်စကိုသားများ

ဒရုန်းတိုက်ခိုက်မှုများကြားက မော်စကိုသားများ
Photo: AFP
Photo: AFP
Published 31 August 2023
TRNASLATED- မင်းထက်

ကော်ဖီဆိုင်က ပေါ့ခ်ဂီတသံ ကျယ်လောင်စွာထွက်ပေါ်နေစဉ် နွေရာသီနေ့တစ်နေ့တွင် မော်စကိုမြို့၌ အေးအေးလူလူ လမ်းလျှောက်နေသော တီဂရန်သည် ယူကရိန်းဒရုန်းတိုက်ခိုက်မှုများ မြင့်တက်လာခြင်းနှင့် အထိုက်အလျောက်နေတတ်အောင် နေထိုင်နေရကြောင်းပြောပြသည့် မော်စကိုမြို့ခံများထဲက မြို့ခံတစ်ဦးဖြစ်ပါသည်။

လွန်ခဲ့သောနှစ်တွင် ရုရှားက ယူကရိန်းကို အကြီးစားစစ်ရေးလုပ်ခဲ့ပြီးနောက်ပိုင်း လူ ၁၂ သန်းခန့်နေထိုင်ရာ မော်စကိုမြို့တွင် နေ့စဉ်ဘဝသည် အပြောင်းအလဲအနည်းငယ်သာရှိပြီး ယူကရိန်းပြည်သူများ၏ဘဝသည် စိတ်ပျက်စရာကောင်းနေသည်။

သို့သော် မကြာသေးမီက လေကြောင်းထိုးစစ်များက မော်စကို၏ဘဏ္ဍာရေးခရိုင်ကို ထိမှန်ခဲ့သည်။ ကုန်သွယ်ရေးအဆောက် အအုံများတွင် အပေါက်ကြီးများဖြစ်ကုန်သည်။ ရုရှားအစိုးရအဆောက်အအုံကို တောင်ထိမှန်ခဲ့သည်။ မော်စကိုမြို့နှင့် ကီလိုမီတာ ရာချီဝေးသောနေရာတွင်ဖြစ်ပွားနေသောစစ်ပွဲ၏ သတိပေးချက်ဖြစ်သည်။

မြို့ခံအချို့က ယူကရိန်းစစ်ပွဲ၏ ဂယက်ရိုက်မှုကို ပခုံးတွန့်ကာ လက်ခံထားကြသည်။

“မော်စကိုမြို့မှာ နေထိုင်ရတာဟာ ကြောက်စရာမဟုတ်ပါဘူး”ဟု နေကာမျက်မှန်တပ်ထားသော အသက် ၄၀ အရွယ် တီဂရန်က အေအက်ဖ်ပီကို ပြောသည်။ “ဘေးကင်းပါတယ်ဗျာ”ဟု ၎င်းက ပြောသည်။ တီဂရန်က သူ၏နာမည်အပြည့်အစုံကို ပြောမပြပါ။

သတိဖြင့်နေထိုင်နေရ

တိုက်ခိုက်မှုများက နှစ်ဘက်စလုံးအ တွက် ဒရုန်းများ၏ အရေးပါပုံကို ကျယ်ကျယ် ပြန့်ပြန့် ညွှန်ပြနေသည်။ ရုရှားရော ယူကရိန်းပါ ဒရုန်းများကို ကင်းထောက်ခြင်းနှင့်  လက်နက်ကြီးပစ်မှတ်တို့အတွက် အများအပြား အသုံးပြုနေကြသည်။

ယူကရိန်းသမ္မတဗိုလိုဒီမာဇယ်လန်းစကီးက စစ်ပွဲသည် ရုရှားကို လာနေပြီဟု ဇူလိုင်လတွင် ပြောထားသည်။ သူ၏နိုင်ငံသည် အီရန်လုပ်ဒရုန်းတိုက်ခိုက်မှုအများအပြားကို လွတ်မြောက်အောင် လုပ်နေရသည်။

ဇယ်လန်းစကီး သတိပေးပြောဆိုခဲ့ပြီး ကတည်းက မော်စကိုမြို့သည် အနည်းဆုံးဝေဟင်တိုက်ခိုက်မှု ရှစ်ကြိမ် ခံထားရသည်။ အဆိုပါတိုက်ခိုက်မှုများကို ယူကရိန်းကလုပ်သည်ဟု ရုရှားအာဏာပိုင်များက ပြောကြားသည်။

မော်စကိုမြို့ခံများက ဒရုန်းများအား ရုရှားစစ်တပ်၏ကြာဖြတ်ဟန့်တားနိုင်စွမ်းကို ယုံကြည်မှုရှိသည်ဟု ပြောသည်။

အမည်အပြည့်အစုံမပြောသော အသက် ၇၀ အရွယ် ကွန်စတန်တင်က ရုရှားစစ်တပ်ကိုယုံကြည်သောကြောင့် ၎င်းသည် တည်တည်ငြိမ်ငြိမ်ရှိနေပါသည်ဟု အေအက်ဖ်ပီကိုပြောသည်။

“အမှုထမ်းနဲ့ ပစ္စည်းကိရိယာ အလုံအလောက်ရှိပါတယ်”ဟု မော်စကိုတစ်ဝိုက်ရှိ လေကြောင်းကာကွယ်ရေးစနစ်များကို ရည်ညွှန်းကာ ၎င်းက ပြောသည်။

လေကြောင်းကာကွယ်ရေးစနစ်များက  တိုက်ခိုက်မှုအများအပြားကို တွန်းလှန်နိုင်စွမ်းမြင့်တက်လာစေသည်ဟု အာဏာပိုင်များက ပြောသည်။ သို့ုဖြစ်ရာ ဒရုန်းများက ထိခိုက်ပျက်စီးမှု အနည်းငယ်ကိုသာဖြစ်စေသည်ဟု ရုရှားတာဝန်ရှိသူများက ပြောသည်။

မေလတွင် ကရင်မလင်နန်းတော်တိုက်ခိုက်ခံရပြီးနောက်ပိုင်း အီလက်ထရွန်နစ် လေကြောင်းကာကွယ်ရေးစနစ်များက တိုက်ခိုက်မှုအများအပြားကို ဖျက်ဆီးခဲ့သည်ဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားသည်။

“အရေးအကြီးဆုံးအပိုင်းကတော့ သူတို့သတိထားနေဖို့ပဲဖြစ်ပါတယ်။ ကျန်တဲ့အပိုင်းကတော့ အရေးမကြီးပါဘူး”ဟု ကွန်စတန်တင်က ရုရှားတပ်ဖွဲ့များကို ရည်ညွှန်းပြောကြားသည်။

ယူကရိန်းဒရုန်းများကို ပစ်ချရာတွင် အသုံးပြုသော ရေဒီယိုလှိုင်းစနစ်က သူ့ကား၏လမ်းကြောင်းရှာစနစ်အား အနှောင့်အယှက်ပေးနေခြင်းကိုသူက ညည်းညူခြင်းမပြုပါ။ “မော်စကိုမှာ လမ်းကြောင်းရှာစနစ်မပါဘဲ ကားမောင်းရတာ ခက်ပါတယ်”ဟု ကွန် စတန်တင်က ပြောသည်။

အဖျက်အမှောင့်လော

မြို့ထဲသွားလာရသည့်အခက်အခဲ သို့မဟုတ် ဒရုန်းပျက်ကျရာနေရာများ၌ ပြင်ဆင်မှုလုပ်နေရခြင်းကဲ့သို့သော အသေးအဖွဲ အဆင်မပြေမှုများမှလွဲ၍ ယူကရိန်းဝေဟင်တိုက်ခိုက်မှုများက သက်ရောက်မှု နည်းနည်း သာရှိသည်ဟု လေ့လာဆန်းစစ်သူများက ပြောသည်။

“ဝေဟင်တိုက်ခိုက်မှုတွေဟာ မော်စကိုလို ဧရာမမြို့ကြီးက လူတွေ တော်တော်စိုးရိမ် ရတဲ့အနေအထားမဟုတ်ပါဘူး”ဟု ရုရှားကို လိုလားသော စစ်ရေးကျွမ်းကျင်သူ အလက်ဇန်ဒါခရမ်ချီခင်က ပြောသည်။

“အဲဒီတိုက်ခိုက်မှုတွေဟာ အနည်းဆုံး လူ ၁၂ သန်းလောက်နေတဲ့မြို့ကြီးကို သက်ရောက်မှု အလွန်နည်းပါတယ်”ဟု  ၎င်းက ပြောသည်။

အကြိမ်ကြိမ်တိုက်ခိုက်ခံရသော ဘဏ္ဍာရေး ရပ်ကွက်က လုပ်ငန်းများပြောင်းကုန်သည်ဟု ၎င်းက ပြောသည်။ ဒရုန်းတိုက်ခိုက်မှုများက မော်စကိုလေဆိပ်သုံးခု၌ အနှောင့်အယှက်များဖြစ်စေသည်ဟုဆိုသည်။

“အကြီးမားဆုံး အကျိုးသက်ရောက်မှုကတော့ စိတ်ရှုပ်ထွေးစရာဖြစ်ပါတယ်။ ဒီလောက်လေးနဲ့ သူတို့ အောင်မြင်ချင်တာတဲ့ အရာဟာ ဘာလဲလို့ မေးခွန်းထုတ်ရတော့မှာပါ”ဟု ၎င်းက ယူကရိန်းအာဏာပိုင်များကို ရည်ညွှန်းပြီး ပြောသည်။

မော်စကို ဘောဂဗေဒ အဆင့်မြင့်ကျောင်းရှိ နိုင်ငံရေးလေ့လာဆန်းစစ်သူလည်းဖြစ် ပါမောက္ခလည်းဖြစ်သော ဗက်ဆီလီကာရှင်က ဒရုန်းတိုက်ခိုက်မှုများ၏ သက်ရောက်မှုသည် အကန့်အသတ်ရှိသည်ဟု ပြောသည်။

ရုရှားတပ်ဖွဲ့များက ယူကရိန်းမြို့ကြီးများကို တိုက်ခိုက်သောကြောင့်ဖြစ်ပေါ်သော ထိခိုက်ဆုံးရှုံးမှုများနှင့် နှိုင်းယှဉ်ပါက မော်စကိုမြို့ကို ယူကရိန်း၏ဝေဟင်တိုက်ခိုက်မှုများသည် မပြောပလောက်ဟု ၎င်းက ပြောကြားခဲ့ သည်။

“ဒါဟာ သူတို့(မော်စကိုမြို့သူမြို့သား)တွေရဲ့စိတ်ဓာတ်ကို ထိန်းထားဖို့ အထောက်အကူပြုပါတယ်။ ဒီလောက်ပါပဲ”ဟု ၎င်းက ပြောသည်။

“မော်စကိုမြို့ကို တိုက်တဲ့ဒရုန်းတွေဟာ စစ်ပွဲအပေါ်ထားတဲ့ ပြည်သူ့စိတ်ဓာတ်ကို မထိခိုက်စေပါဘူး။ တင်းတင်းကျပ်ကျပ်လုပ်ပါဆိုပြီး တောင်းဆိုတာမျိုးလည်း မဖြစ်စေပါဘူး”ဟု ဗက်ဆီလီကာရှင်က ပြောသည်။

မည်သို့ပင်ဖြစ်စေ တိုက်ခိုက်မှုများက ရုရှားလေကြောင်းကာကွယ်ရေးစနစ်များ အကြောင်းကိုလည်းကောင်း၊ ယူကရိန်းဘက်ကပစ်လွှတ်သော ဒရုန်းများကို ကီလိုမီတာရာပေါင်းများစွာအထိ ထောက်လှမ်းမိ ခြင်းမရှိဘဲဒရုန်းများပျံနေပုံအကြောင်း ကိုလည်းကောင်း မေးခွန်းများထွက်ပေါ်စေသည်။

မော်စကိုက အရိုးအကြောပစ္စည်းများ ရောင်းချသည့် စတိုင်းဆိုင်၏ မန်နေဂျာ ဗီနီရာသည်လည်း ပြောစရာအကြောင်းများရှိနေသည်။

“ကျွန်မတို့ရဲ့ရုရှားပြည်သူတွေဟာ ရုရှားကို ဆန့်ကျင်နေကြတယ်လို့ ထင်ပါတယ်။ အဲဒီဒရုန်းတွေကို သူတို့က ပစ်လွှတ်နေတာပါ”ဟု ဗီနီရာက ပြောသည်။

 

ဒရုန်းတိုက်ခိုက်ခံရသည့် ခရိုင်းမီးယား

ခရိုုင်းမီးယားအနီး အမေရိကန်ကင်းထောက် ဒရုန်းနှစ်စင်းကို ကြားဖြတ်ဟန့်တားရန် ဂျက်တိုက်လေယာဉ်နှစ်စီးကို မိမိတို့ အမြန်ပျံတက်ခိုင်းခဲ့သည်ဟု သြဂုတ် ၂၈ ရက်တွင် ရုရှားက ပြောကြားသည်။

ရုရှားနယ်စပ်ဘက်သို့ ဒရုန်းများ ပျံသန်းလာသည်ကို ထောက်လှမ်းမိခဲ့ပြီးနောက် ဂျက်တိုက်လေယာဉ်နှစ်စီး အသုံးပြုခဲ့ရသည်ဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာနက တယ်လီဂရမ်တွင် ဖော်ပြထားသည်။

အမေရိကန်ဒရုန်းနှစ်စင်းဖြစ်သည့် ရီပါဒရုန်းနှင့် ဂလိုဘယ်ဟော့ခ် ဒရုန်းတို့သည် ခရိုင်းမီးယားကျွန်းဆွယ် ဒေသတွင် ဝေဟင်ကင်းထောက်မှုကို လုပ်ဆောင်နေသည်ဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဖော်ပြ ထားသည်။ ရုုရှားက ခရိုင်းမီးယားကို ၂၀၁၄ ခုနှစ်တွင် သိမ်းပိုက်ထားခြင်းဖြစ်သည်။

ရုရှားတိုက်လေယာဉ်များ ရောက်လာပြီးနောက် ဒရုန်းများသည် ဝေဟင်လမ်းကြောင်း ပြောင်းသွားပြီး ဝေဟင်ကင်းထောက်မှုလုပ်နေသော နေရာမှထွက်ခွာသွားသည်ဟု ဆိုသည်။

မကြာသေးမီကာလများတွင် ယူကရိန်းက ခရိုင်းမီးယားကို ဒရုန်းတိုက်ခိုက်မှုများ မကြာခဏ လုပ်ဆောင်ခဲ့သည်။ အမေရိကန် ကင်းထောက်ဒရုန်းများလည်း ခရိုင်းမီးယားအနီးကို ရောက်လာတတ်သည်။

Ref: AFP

Most Read

Most Recent