သမိုင်းဝင် ရတနာဂူဘုရားပွဲတော်နှင့် ပုပ္ပားမယ်တော်ကြီး ရိုးရာပွဲ ကျင်းပမည်

သမိုင်းဝင် ရတနာဂူဘုရားပွဲတော်နှင့် ပုပ္ပားမယ်တော်ကြီး ရိုးရာပွဲ ကျင်းပမည်
၂၀၁၉ ခုနှစ်က ပွဲတော်ပြုလုပ်ခဲ့သည့် မြင်ကွင်းအား တွေ့ရစဉ် (ဓာတ်ပုံ-သက်ထွန်းအောင်)
၂၀၁၉ ခုနှစ်က ပွဲတော်ပြုလုပ်ခဲ့သည့် မြင်ကွင်းအား တွေ့ရစဉ် (ဓာတ်ပုံ-သက်ထွန်းအောင်)
Published 30 August 2023

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ငယ်တိုးကျေးရွာအုပ်စုရှိ အင်းဝမင်းကြီး စွာစော်ကဲ တည်ထားကိုးကွယ်တော်မူသော သမိုင်းဝင်ရတနာဂူဘုရားပွဲတော်နှင့် ပုပ္ပားမယ်တော် ရိုးရာပွဲကို ၁၃၈၅ ခုနှစ်၊ ၀ါခေါင်လပြည့်ကျော် ၇ ရက်နေ့မှစတင်ပြီး ကျင်းပသွားမည် ဖြစ်ကြောင်း ရတနာဂူ ဂေါပက အဖွဲ့ထံမှ သိရသည်။

“၀ါခေါင်လပြည့်ကျော် ၇ ရက်နေ့က စပြီး နံနက် ၉ နာရီကနေ ညီလာခံကျင်းပ မှာ ပါ။ ရတနာဂူ ဘုရားပွဲတော်နဲ့ သာသနာ တော်ကြီး ပုပ္ပားမယ်တော်ကြီးများ ဖွင့်ပွဲကို နံနက် ၉ နာရီမှာစပြီး ဖွင့်ပွဲလုပ်မှာပါ။ ၀ါ ခေါင်လကွယ်နေ့အထိ ကျင်းပမှာပါ။ ပွဲ တော်ကို ကိုဗစ်တုန်းက နားတယ်၊ ၂၀၂၀ ၊ ၂၀၂၁ ခုနှစ်တွေ ပွဲတော်ကို နားခဲ့တယ်။ ၂၀၂၂ ခုနှစ်မှာ ပွဲတော် မနားခဲ့ပါဘူး။ ဒီနှစ် ချိုးရေတော်သုံးပွဲက ၀ါခေါင်လပြည့်ကျော် ၁၀ ရက် နေ့လယ် ၁၂ နာရီတိတိမှာ နတ်နန်း ရှေ့မှာ လုပ်မှာပါ။ ၀ါခေါင်လကွယ်နေ့ ၁၄ ရက်နေ့ နံနက် ၇ နာရီ သံဃာ ၁၅၀ ကို ဆွမ်း လောင်းမှာပါ။ အခု ဆိုင်ခန်းအရေအတွက် ၄၀ လောက်ရှိပါတယ်” ဟု ရတနာဂူ ဘုရား ဂေါပကအဖွဲ့မှ အတွင်းရေးမှူး ဦးခင်မောင် စိုးက ပြောကြားသည်။

ယခင်က ရတနာဂူပွဲ ကျင်းပချိန်သည် ဧရာဝတီ မြစ်ရေ မြင့်တက်ချိန်ဖြစ်သည့် အ တွက် မြစ်ရေ မြင့်တက်မှုအလိုက် ဘုရားရှေ့ ရှိ မြစ်နှင့် ဆက်စပ်ရေဝင်သည့် ရတနာဂူ ရွှေကြူချောင်းအတွင်း ရေဝင်ရောက်လျက်ရှိရာ ပွဲတော်လာသူများသည် ချောင်းမှတစ် ဆင့် ငှက်လှေများစီးကာ လာရောက်လေ့ရှိခဲ့ ကြောင်း၊ ချိုးရေတော်သုံးအခမ်းအနားကို လည်း ဖောင်များဖြင့် ချောင်းအတွင်းကျင်းပလေ့ရှိခဲ့သည်။ ယခုနှစ်တွင် ချိုးရေတော် သုံး အခမ်းအနားကို ချောင်းအတွင်းကျင်းပနိုင်ခြင်းမရှိကြောင်း သိရသည်။

ရတနာဂူဘုရားပွဲနှင့် ပုပ္ပားမယ်တော် ကြီးနတ်ပွဲသည် နှစ်စဉ် ၀ါခေါင်လပြည့်ကျော် ၇ ရက်နေ့မှ စတင်ကာ နတ်ညီလာခံများ၊ ၈ ရက်နှင့် ၉ ရက်များတွင် တက်ပွဲနှင့် ချော့ပွဲ များ၊ ၁၀ ရက်တွင် ချိုးရေတော် သုံးပွဲတော်၊ ၁၁၊ ၁၂၊ ၁၃၊ ရက်များ၌ တက်ပွဲ များနှင့် ၁၄ ရက်တွင် ထိန်ခုတ်ပွဲ၊ မယ်တော်ကြီး ပြန်ပို့ပွဲ များ ကျင်းပလေ့ရှိကြောင်းနှင့် သမိုင်းဝင် ရတနာ့ဂူမြတ်စွာဘုရားပွဲတော်ကို ၀ါခေါင် လကွယ်နေ့ နံနက်ပိုင်းတွင် သံဃာများအား ဆွမ်းလောင်းလှူခြင်းပြုလုပ်လေ့ရှိသည်။

 

 

Most Read

Most Recent