မြန်မာဆိုရိုးစကားစာအုပ်တွင် ဖော်ပြထားချက်အရ “အိမ်ထောင်မှု ဘုရားတည်၊ ဆေးမင်ရည် စုတ်ထိုး” ၏ အဓိပ္ပာယ်ကို ရှင်းလင်းတင်ပြထားသည်မှာ အိမ်ထောင်ပြုခြင်း၊ ဘုရားတည်ခြင်း၊ ဆေးမင်ရည် ထိုးခြင်းတို့သည် တစ်ကြိမ်မှားလျှင် ပြင်ရန်ခက်ခဲသည့်ကိစ္စများဖြစ်၍ သေချာစေ့စပ်စွာ စဉ်းစားချိန်ဆပြီးမှ ဆောင်ရွက်ရသည်။ “တက္ကသိုလ် ဆရာတစ်ဦးက၊ မှာဖူးသည့်နှုတ်ရည်၊ အိမ်ထောင်မှု ဘုရားတည်၊ ဆေးမင်ရည်စုတ်ထိုး၊ သည်သုံးခု ချက်မပိုင်လျှင်၊ နောင်ပြင်နိုင် ခက်သည့်အမျိုး” ဟူ၍ သတိပေးစကားများနှင့် ဖော်ပြထားပါသည်။
အထက်ပါ ရှင်းလင်းတင်ပြချက်များအား စာရေးသူ သိမြင်နားလည်သကဲ့သို့ အသေးစိတ် ပြန်လည်ဖော်ပြရပါလျှင် လူတစ်ဦးတစ်ယောက်သည် အိမ်ထောင်ပြုခြင်း၊ ဘုရားတည်ခြင်း၊ မိမိ၏ကိုယ်ခန္ဓာအပေါ်တွင် ဆေးမင်ရည်စုတ်ထိုးခြင်း တစ်နည်းအားဖြင့် တက်တူးထိုးခြင်းများ ပြုလုပ်ရန် အကောင်အထည်ဖော် ဆောင်ရွက်မည်ဆိုပါက သေချာစေ့စပ်စွာ စဉ်းစားချိန်ဆပြီး ဆုံးဖြတ်ချက်ချမှတ်ပြီးချိန် ကျမှသာလျှင် ဆောင်ရွက်သင့်ကြောင်း သတိပေးထားသည့် အချက်ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် အထက်ဖော်ပြပါ အချက်သုံးချက်သည် ပြုလုပ်ဆောင်ရွက်ပြီးပါက ပြင်ဆင်ရန်ခက်ခဲလှသောကြောင့် ဖြစ်ပါသည်။
ဤတွင် မေးခွန်းမှာ “အိမ်ထောင်ပြုခြင်း၊ ဘုရားတည်ခြင်း၊ ဆေးမင်ရည်ထိုးခြင်းတို့သည် လုံးဝပြင်ဆင်ရန် မဖြစ်နိုင်သည့် ကိစ္စရပ်များ ဖြစ်ပါသလား” ဆိုသည့် မေးခွန်းဖြစ်ပါသည်။ မေးခွန်း၏ အဖြေကို စာရေးသူ အထင်အမြင် သက်သက်ဖြင့် တင်ပြရပါလျှင် “အိမ်ထောင်ပြုခြင်း၊ ဘုရားတည်ခြင်း၊ ဆေးမင်ရည်ထိုးခြင်းတို့သည် လုံးဝပြင်ဆင်ရန် မဖြစ်နိုင်သည့် ကိစ္စရပ်များမဟုတ်ကြပါ”။ သို့သော်လည်း ပြင်ဆင်ပြီးပါက အကောင်အထည်ဖော် မဆောင်ရွက်မီ အချိန်ကကဲ့သို့ နဂိုအခြေအနေအတိုင်း ပြန်လည်ရောက်ရှိရန် ခက်ခဲသည့် သို့မဟုတ် မဖြစ်နိုင်တော့သည့် အခြေအနေသို့ ရောက်ရှိစေသဖြင့် သတိပေးခြင်း ဖြစ်နိုင်ပါသည်။
အထက်တွင် ရှင်းလင်းတင်ပြချက်များသည် လူတစ်ဦးတစ် ယောက်အနေဖြင့် ၎င်းတစ်ဦးတည်းနှင့်ပတ်သက်သည့် ကိစ္စရပ်များအတွက် ဆုံးဖြတ်ချက် ချမှတ်ရာတွင် အရေးကြီးပုံနှင့် စေ့စပ်သေချာစွာ စဉ်းစားချိန်ဆပြီးမှသာလျှင် ဆုံးဖြတ်ချက်ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်သင့်ကြောင်းကို မြန်မာ့နည်း မြန်မာ့ဟန်နှင့်သတိပေးထားသည့် ချစ်စရာကောင်းလှသည့် မြန်မာဆိုရိုးစကားလေးဖြစ်ပါသည်။
လူတစ်ဦးတစ်ယောက်နှင့် ပတ်သက်သည့်ကိစ္စရပ်များပင်လျှင် အထက်ပါကဲ့သို့ စေ့စပ်သေချာစွာ စဉ်းစားချိန်ဆပြီး ဆုံးဖြတ်ချက် ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်ရသည်ဆိုပါလျှင် လူအများနှင့် ပတ်သက်သည့်ကိစ္စရပ်များ ဖြစ်ကြသည့် တိုင်းပြည်တည်ဆောက်ခြင်း၊ နိုင်ငံတော်တည်ဆောက်ခြင်းနှင့် တိုင်းပြည်နိုင်ငံတွင်နေထိုင်လျက်ရှိကြသည့် ပြည်သူပြည်သား နိုင်ငံသားများ ကိုယ်ကျန်းမာ စိတ်ချမ်းသာစွာ အသက်ရှင်ရပ်တည်နိုင်ရန် အကောင်အထည်ဖော် ဆောင်ရွက်ရသည့် ကိစ္စရပ်များဆိုပါလျှင် မည်သည့်အတိုင်းအတာအထိ အရေးကြီးမည်ကို စာဖတ်သူများအနေဖြင့် စဉ်းစား တွေးခေါ် ချိန်ဆကြည့်နိုင်ပါသည်။
စာရေးသူသည် စာရင်းအင်း ပညာဘာသာရပ်ကို အထူးပြုလေ့လာခဲ့သည့် အားလျော်စွာ လူအများနှင့် ပတ်သက်သည့်ကိစ္စရပ်များဖြစ်ကြသည့် တိုင်းပြည်တည်ဆောက်ခြင်း၊ နိုင်ငံတော်တည်ဆောက်ခြင်းနှင့် တိုင်းပြည်နိုင်ငံတွင် နေထိုင်လျက်ရှိကြသည့် ပြည်သူပြည်သား နိုင်ငံသားများ ကိုယ်ကျန်းမာ စိတ်ချမ်းသာစွာ အသက်ရှင်ရပ်တည်နိုင်ရန် အကောင်အထည်ဖော်ဆောင် ရွက်ရမည့် ကိစ္စရပ်များအတွက် အခြေခံလိုအပ်ချက်များကို စနစ်တကျ ဖြစ်ထွန်းပေါ်ပေါက်လာစေရေး အလို့ငှာ အခါအခွင့်သင့်တိုင်း သာမန် ပြည်သူပြည်သားတစ်ဦးအနေဖြင့် အစွမ်းကုန်ကြိုးစားတင်ပြလျက် ရှိပါသည်။
စာရင်းအင်းပညာဘာသာရပ် ၏ အခြေခံသဘောသဘာဝသည် အခြေခံကိန်းဂဏန်းအချက်အလက်များ (Data) နှင့် သတင်းအချက်အလက်များ (Information) ကို အခြေခံကာ အကြောင်းခြင်းရာ တစ်ခု၏အခြေအနေ၊ အကြောင်းအရာတစ်ခုနှင့်တစ်ခု ဆက်စပ် ပတ်သက်မှုအခြေအနေ စသည့် သတင်းအချက်အလက်များကို ရှာဖွေဖော်ထုတ်ခြင်း၊ အကြောင်းနှင့် အကျိုးဆက်စပ်မှုကို ရှာဖွေဖော်ထုတ်ခြင်းနှင့် ဆုံးဖြတ်ချက်ချမှတ်ခြင်း၊ ကောက်ချက်ချခြင်းတို့ကို ပြုလုပ်ဆောင်ရွက်ရသည့် ဘာသာရပ်ဖြစ် ပါသည်။ စာရင်းအင်းပညာဘာသာရပ်ကို နှစ်ပေါင်းများစွာ ကြာရှည် လေ့လာခဲ့သူတစ်ဦးဖြစ်သဖြင့် အခြေခံ ကိန်းဂဏန်းအချက်အလက်များ (Data) နှင့် သတင်းအချက်လက်များ (Information) ကို အခြေခံခြင်းမရှိဘဲ၊ လေ့လာစိစစ်ခြင်းမရှိဘဲ တွေ့ကြုံရမြင်ရကြားရသည့် သတင်းအချက်အလက်ကလေးများကိုသာ အခြေခံကာ စိတ်ခံစားချက်သက်သက်နှင့် ဆုံးဖြတ်ချက် ချမှတ်တတ်သူများ ကောက်ချက်ချမှတ်တတ်သူများကို စာရေးသူက မြန်မာ့နည်း မြန်မာ့ဟန်ဖြင့် “နံကြား ထောက် ဆုံးဖြတ်ချက်ချမှတ်သူများ” ဟု အမည်ပေးထားပါသည်။
ဤတွင်မေးခွန်းမှာ “တိုင်းပြည် နိုင်ငံတစ်နိုင်ငံ၏ တိုင်းရေးပြည် ရေးကိစ္စရပ်များတွင် ဦးစီးဦးဆောင် ဦးရွက်ပြုလုပ်လျက်ရှိကြသူများ၊ တိုင်းပြည် နိုင်ငံခေါင်းဆောင်ကြီးများက အာဏာနှင့်လုပ်ပိုင်ခွင့်ကို အခြေပြုပြီး နံကြားထောက် ဆုံးဖြတ်ချက်ချမှတ်ခြင်းကို ပြုလုပ် ဆောင်ရွက်လျက်ရှိနေပါက မည်ကဲ့သို့သော ရလဒ်များ ဖြစ်ထွန်းပေါ် ပေါက်လာနိုင်ပါသလဲ”ဆိုသည့် မေးခွန်းဖြစ်ပါသည်။
အထက်ဖော်ပြပါမေးခွန်း၏ အဖြေကို ယခုဆောင်းပါးအဆင့်နှင့် ပြည့်စုံအောင် ဖြေကြားရန်မဖြစ်နိုင်ပါသော်လည်း နမူနာအဖြစ် ဖော်ပြရမည်ဆိုပါက လွတ်လပ်ရေးရရှိပြီး ချိန်နောက်ပိုင်း မြန်မာနိုင်ငံ၏ အခြေအနေကို လေ့လာကြည့်ပါက ထင်ရှားစွာ တွေ့မြင်နိုင်မည်ဟု စာရေးသူအနေဖြင့် ထင်မြင်ပါသည်။ အထူးသဖြင့် လွတ်လပ်ရေးရရှိပြီးချိန် ၁၉၆၂ ခုနှစ် နောက်ပိုင်း အခြေအနေကို စနစ်တကျ လေ့လာဆန်း စစ်နိုင်မည်ဆိုပါက အာဏာနှင့် လုပ်ပိုင်ခွင့်ကို အခြေပြုပြီး နံကြား ထောက် ဆုံးဖြတ်ချက်ချမှတ်ခြင်းများကို စာအုပ်များ၊ စာစောင်များ၊ မိန့်ခွန်းများတွင် ထင်ရှားစွာ တွေ့မြင်နိုင်ပါသည်။
ယနေ့အချိန် မြန်မာနိုင်ငံ တွေ့ကြုံရင်ဆိုင်ရလျက်ရှိသည့် ပြည်သူ ပြည်သား နိုင်ငံသားတို့၏ အသက်ပေါင်း မြောက်မြားစွာ သေကျေပျက်စီးစေလျက်ရှိနေခြင်း၊ အချို့သော ပြည်သူပြည်သား နိုင်ငံသားများမှာ အိုးအိမ်စွန့်ခွာ နေရပ်စွန့်ခွာဘဝများတွင် အသက်ရှင်သန်နေထိုင်ရလျက် ရှိနေခြင်း၊ တိုင်းပြည်နိုင်ငံမှာလည်း ကမ္ဘာပေါ်တွင် ဖွံ့ဖြိုးမှုအနည်းဆုံး သို့မဟုတ် ကမ္ဘာပေါ်တွင် အဆင်းရဲဆုံးနိုင်ငံများစာရင်းတွင် ပါဝင်လျက်ရှိနေခြင်းတို့၏ အခြေခံအကြောင်းရင်းကို ရှာဖွေလေ့လာ ကြည့်ရာတွင် အာဏာနှင့် လုပ်ပိုင်ခွင့်ကို အခြေပြုပြီး နံကြားထောက် ဆုံးဖြတ်ချက်ချမှတ်ခြင်း၏ ရလဒ်များကြောင့် ဖြစ်သည်ကို ထူးခြားစွာ တွေ့ရှိရမည်ဖြစ်ပါသည်။
အာဏာနှင့် လုပ်ပိုင်ခွင့်ကို အခြေပြုပြီး နံကြားထောက်ဆုံးဖြတ် ချက်များ ချမှတ်ခြင်းကြောင့် တိုင်းရေးပြည်ရေးကိစ္စရပ်များတွင် မည်သည့် ရလဒ်များ ဖြစ်ထွန်းပေါ် ပေါက်လာစေနိုင်စေသည်ကို သင်ခန်းစာရယူနိုင်စေရန်အလို့ငှာ တိုင်းရေးပြည်ရေးကိစ္စရပ်များနှင့် နှိုင်းယှဉ်ပါက အလွန်သေးငယ်သည့် တစ်ဦးချင်း တစ်ယောက်ချင်းအတွက် ဆုံးဖြတ်ချက်ချမှတ်သည့် ကိစ္စရပ်ကလေးများပင်လျှင် သေချာစေ့စပ်စွာ စဉ်းစားချင့်ချိန်ပြီးမှသာ ဆုံးဖြတ်ချက် ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်ရသည်ကို စာဖတ်သူများအလွယ်တကူ သိမြင်နိုင်စေရန် ပုံတွင် (စာ - ၄) ဖော်ပြ ထားပါသည်။
စာရေးသူ ယခုဆောင်းပါးကို ရေးသားတင်ပြရသည့်အကြောင်းရင်းမှာ လူအများနှင့် ပတ်သက်သည့် ကိစ္စရပ်များ ဖြစ်ကြသည့် တိုင်းပြည် တည်ဆောက်ခြင်း၊ နိုင်ငံတော် တည်ဆောက်ခြင်းနှင့် တိုင်းပြည် နိုင်ငံတွင်နေထိုင်လျက်ရှိကြသည့် ပြည်သူပြည်သား နိုင်ငံသားများ ကိုယ်ကျန်းမာ စိတ်ချမ်းသာစွာ အသက်ရှင်ရပ်တည်နိုင်ရန် အကောင်အထည်ဖော် ဆောင်ရွက်ရသည့်ကိစ္စရပ်များအတွက် စာရင်းအင်းပညာနှင့် ပတ်သက်သည့် အခြေခံဖြစ်သည့် နိုင်ငံတော်အဆင့် အသိအမှတ်ပြု သင်္ကေတ၊ အမှတ်အသားစနစ်များဖြစ်ထွန်း ပေါ်ပေါက်လာစေရန်နှင့် ယနေ့အချိန်တွင် အချို့သော သင်္ကေတ၊ အမှတ်အသား စနစ်များမှာ အာဏာနှင့် လုပ်ပိုင်ခွင့်ကို အခြေပြုပြီး နံကြားထောက် ဆုံးဖြတ်ချက် ချမှတ်ခဲ့ခြင်း၏ ရလဒ်များကြောင့် အိမ်ထောင်မှု ဘုရားတည်၊ ဆေးမင်ရည် စုတ်ထိုး၊ မြန်မာဆိုရိုး စကားကဲ့သို့ ပြင်ဆင်နိုင်ရန် ခက်ခဲသည့် ချောက် ကမ်းပါးအတွင်းသို့ ကျရောက်လျက် ရှိသည်ကို တာဝန်ရှိသူများနှင့် ပြည်သူ ပြည်သားနိုင်ငံသားအားလုံး တို့က သိမြင်နားလည်နိုင်ကြစေရန်နှင့် အနာဂတ်တွင် အသစ်တည်ဆောက်မည့် ကိစ္စရပ်များအတွက် အထက်ပါကဲ့သို့ အမှားများ ထပ်မံ ကျူးလွန်စေခြင်း မရှိနိုင်စေရေးကို အစွမ်းကုန် ကြိုးပမ်းအားထုတ် ဆောင်ရွက်နိုင်ကြစေရန် ရည်ရွယ်ပါသည်။
ပထမဦးစွာ စာရင်းအင်း ပညာဘာသာရပ်၏ အခြေခံလိုအပ်ချက်များဖြစ်ပြီး လူအများနှင့်ပတ်သက်သော ကိစ္စရပ်များဖြစ်ကြသည့် တိုင်းပြည် တည်ဆောက်ခြင်း၊ နိုင်ငံတော်တည်ဆောက်ခြင်းနှင့် တိုင်းပြည်နိုင်ငံတွင် နေထိုင်လျက်ရှိကြသည့် ပြည်သူ ပြည်သား နိုင်ငံသားများ ကိုယ်ကျန်းမာ စိတ်ချမ်းသာစွာ အသက်ရှင်ရပ်တည်နိုင်ရန် အကောင်အထည်ဖော် ဆောင်ရွက်ရမည့် ကိစ္စရပ်များအတွက် တိကျသော၊ မှန်ကန်သော၊ ခိုင်မာသော၊ မယိမ်းယိုင်သော၊ တစ်သမတ်တည်း ရှိသော၊ ထိရောက်မှုရှိသော၊ လုံ လောက်မှုရှိသော၊ ယုံကြည်စိတ်ချရသော၊ အရည်အသွေး ပြည့်ဝသော အခြေခံကိန်းဂဏန်း အချက်အလက်များ (Data) နှင့် သတင်းအချက်အလက်များ (Information) များက ထုတ်ဖော်ရရှိသည့် စာရင်း အင်းအချက်အလက်များ အစဉ်အမြဲ ရရှိတည်ရှိနေစေရန် လိုအပ်ပုံကို ရှင်းလင်းတင်ပြပါမည်။
စာရင်းအင်းပညာဘာသာရပ်နှင့် ပတ်သက်သည့် အကြောင်းအရာများကို အသေးစိတ် ရေးသားတင်ပြမည်ဆိုပါက စာဖတ်သူများအတွက် စာလေးမည်ကို စိုးရိမ်သည့်အတွက် စာရင်းအင်းပညာ ဘာသာရပ်တွင် ရေးသားတင်ပြထားသည်များကို တိုက်ရိုက် ရှင်းလင်းတင်ပြ ခြင်းမပြုတော့ဘဲ အရပ်ဘက်သုံး စကားလုံး စကားရပ်များကို အသုံးပြုကာ သဘောတရားများကို ရှင်းလင်း တင်ပြမည်ဖြစ်ပါသည်။
ပထမအချက်အနေဖြင့် စာဖတ်သူများအား မေးခွန်းမေးလိုသည်မှာ “အသိဉာဏ်ရှိသော လူသားသတ္တဝါတို့တွင် မွေးဖွားပြီးချိန် နောက်ပိုင်း အသက်ရှင်သန် နေထိုင်စဉ်ကာလ လူတစ်ဦးချင်း လူတစ်ယောက်ချင်းစီတိုင်းအတွက် အမည် (နာမည်) ကို အဘယ်ကြောင့် ပေးကြပါသလဲ” ဆိုသည့် မေးခွန်းနှင့် “လူတစ်ဦးချင်း လူတစ်ယောက် ချင်းစီကို အမည် (နာမည်) ပေးထားခြင်းကြောင့် မည်ကဲ့သို့သော အကျိုးများ ဖြစ်ထွန်းပေါ်ပေါက်လာစေနိုင်ပါသလဲ” ဆိုသည့် မေးခွန်းများ ဖြစ်ကြပါသည်}} စာဖတ်သူများအ နေဖြင့် စဉ်းစားတွေးခေါ်ကြည့်ပါက အမျိုးမျိုးသော အဖြေများကို ရရှိ နိုင်မည်ဟု ထင်မြင်ပါသည်။
စာရေးသူအနေဖြင့် မေးခွန်းများ၏ အဖြေများကို တိုက်ရိုက် ဖြေဆိုခြင်းမဟုတ်ပါသော်လည်း စာရင်းအင်းပညာ သဘောတရားအရ ချဉ်းကပ်လေ့လာရသည့် အခြေအနေကို တင်ပြရပါလျှင် လူတစ်ဦးချင်း လူတစ်ယောက်ချင်းစီ တိုင်းအတွက် သတ်မှတ်ပေးအပ်ထားရှိသည့် အမည် (နာမည်) သည် အဆိုပါ လူတစ်ဦးချင်း လူတစ်ယောက်ချင်းအတွက် ပင်တိုင် အခြေခံသတင်း အချက်အလက်ဖြစ်ပါသည်။
ထိုမှတစ်ဆင့် ကျား/မ၊ အသက်၊ အိမ်ထောင်ရေး အခြေအနေ၊ ပညာအရည်အချင်း၊ အလုပ်အကိုင်၊ ဝင်ငွေ စသည့် သတင်းအချက် အလက်များကို ဆက်လက်ဖော် ထုတ်တင်ပြနိုင်မည်ဖြစ်ပါသည်။ ထို့ထက်ပို၍ စနစ်တကျ လေ့လာ ဆန်းစစ်လိုပါက လူတစ်ဦးချင်း လူ တစ်ယောက်ချင်းစီတိုင်းအတွက် နိုင်ငံတော်အဆင့် အသိအမှတ်ပြု သင်္ကေတ၊ အမှတ်အသားစနစ်တစ် ခု ထူထောင်တည်ဆောက်ပေးရန် လိုအပ်မည်ဖြစ်ပါသည်။
စာဖတ်သူများအတွက် အလွယ်တကူ သိမြင်နားလည်နိုင်စေရန် အလို့ငှာ ဥပမာတစ်ခုအဖြစ် တင်ပြလိုသည်မှာ မော်တော်ယာဉ်များ သို့မဟုတ် စက်တပ်ယာဉ်များကို ၎င်းတို့ တစ်စီးချင်း သို့မဟုတ် တစ်ခု ချင်းစီတိုင်းအတွက် အတိအကျ သတ်မှတ်ပေးထားရှိသည့် နံပါတ်ပြားများ တပ်ဆင်အသုံးမပြုဘဲ မောင်းနှင်စေပါက မော်တော်ယာဉ်များနှင့်ပတ်သက်၍ အလွယ်တကူ ခွဲခြားနိုင်ရန် လွန်စွာခက်ခဲစေမည့်အပြင် ယာဉ်စည်းကမ်း၊ လမ်းစည်း ကမ်းများကိုလည်း စနစ်ကျစွာ ထိန်းသိမ်းနိုင်ခြင်း မရှိသည့် အခြေအနေကို ဖြစ်ပေါ်နေမည်ဖြစ်ပြီး ပရမ်းပတာ ဖြစ်နေပါမည်။
အခြားဥပမာတစ်ခုအနေဖြင့် တင်ပြရမည်ဆိုပါက အမည် (နာမည်) များ သတ်မှတ်ပေးအပ်ထား ရှိပါသော်လည်း ပြောကြားအသုံးပြုလျက်ရှိသည့် ဘာသာစကားအရေအတွက်မှာ များပြားလှသည့်အတွက် အမည် (နာမည်) များ အမျိုးမျိုးဖြစ်ပေါ်နေခြင်းမှ ကာကွယ်ရန် သို့မဟုတ် အခြားသော အလွယ်တကူခွဲခြားရန် ခက်ခဲခြင်းများကို ရှောင်ရှားနိုင်ရန်အတွက် နိုင်ငံတော်အဆင့် အသိအမှတ်ပြု သင်္ကေတ၊ အမှတ်အသားစနစ်တစ်ခု ထူထောင် တည်ဆောက်ပေးရန် လိုအပ်ခြင်းဖြစ်ပါသည်။
မြန်မာနိုင်ငံအတွင်းရှိ နေရာ မြေဧရိယာပေါ်တွင် ထူထောင်တည်ဆောက်ထားရှိသည့် ကျေးရွာများ၊ ကျေးရွာအုပ်စုများ၊ ရပ်ကွက်များ၊ မြို့များ၊ မြို့နယ်ခွဲများ၊ မြို့နယ်များ၊ ခရိုင်များ၊ တိုင်းဒေသကြီးများ၊ ပြည်နယ်များနှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသများ စသည်တို့တွင် အမည် (နာမည်) များ သတ်မှတ်ပေးအပ်ထားရှိပါသော်လည်း ၎င်းတို့နှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို စနစ်တကျ လေ့လာပြီး ခွဲခြမ်းစိတ်ဖြာမည်ဆိုပါက ၎င်းတို့နှင့်ပတ်သက်သည့် နိုင်ငံတော်အဆင့် အသိအမှတ်ပြု သင်္ကေတ၊အမှတ် အသားစနစ် တစ်ခု ထူထောင် တည်ဆောက်ပေးရန် လိုအပ်မည်ဖြစ်ပါသည်။ ထိုနည်းတူစွာ မြန်မာနိုင်ငံတွင် ခိုင်မာသော၊ မယိမ်းယိုင်သော၊ ဘက်လိုက်မှုကင်းသော၊ ရှေ့နောက် ညီညွတ်သော သတင်းအချက် အလက်များကို ရရှိနိုင်စေရန်မှာ မြန်မာနိုင်ငံတွင် တည်ရှိနေသည့် အရင်းအမြစ်များအားလုံး ဥပမာအားဖြင့် အပင်၊ တိရစ္ဆာန်၊ ကုန်ပစ္စည်း၊ အလုပ်အကိုင် စသည်တို့အတွက် နိုင်ငံတော်အဆင့် အသိအမှတ်ပြု သင်္ကေတ၊ အမှတ်အသား စနစ်များ ထူထောင်တည်ဆောက် ပေးရန် လိုအပ်မည်ဖြစ်ပါသည်။
စာရေးသူသည် ၂၀၁၇ ခုနှစ် ဧပြီလတွင် “စာရင်းအင်းပညာ - အခြေခံ နိုင်ငံတော်တည်ဆောက်ရေး အကြံပြုချက်များ” စာအုပ်ကို ပြုစုရေးသားထုတ်ဝေခဲ့ပါသည်။
ဖော်ပြပါစာအုပ် စာမျက်နှာ ၃၅ နှင့် ၃၆ တွင် နိုင်ငံတကာ စံချိန် စံညွှန်းများနှင့်အညီ သင်္ကေတ၊ အမှတ်အသား စနစ်များ ထူထောင်တည်ဆောက်ပြီး အမျိုးအစားများ ခွဲခြားရမည့် အချက်များကို ပြန် လည်တင်ပြရပါလျှင် - “စက်မှုလုပ်ငန်းများကို (International Stan-dard Industrial Classification – ISIC) ဖြင့်လည်းကောင်း၊ ထုတ်ကုန် ပစ္စည်းများကို (International Product Classification – IPC) ဖြင့် လည်းကောင်း၊ အိမ်ထောင်စု သို့မဟုတ် တစ်ဦးချင်းစားသုံးမှုကို (Classification of Individual Consumption According to Purpose – COICOP) ဖြင့် လည်းကောင်း၊ အမြတ်အစွန်းအဓိက မထားဘဲဆောင်ရွက်နေသည့်လုပ ် ငန်းများကို (Classification of the Purpose of Non-profit Institutions Serving Household – COPNI) ဖြင့်လည်းကောင်း၊ အစိုးရ အသုံးစရိတ်များကို (Classification of the Function of Government – COFOG) ဖြင့်လည်းကောင်း၊ ထုတ်လုပ်သူများ၏ အသုံးစရိတ်ကို (Classification of Outlays of Producers According to Purpose – COPP) ဖြင့်လည်းကောင်း၊ အလုပ်အကိုင်အမျိုးအစားများကို (International Standard Classification of Occupation – ISCO) ဖြင့်လည်းကောင်း၊ လူတို့၏ ပညာအရည်အချင်းကို (Inter-national Standard Classification of Education – ISCED) ဖြင့် လည်းကောင်း စသည်ဖြင့် စနစ်ကျစွာ ခွဲခြားရမည် ဖြစ်ပါသည်။”
ဒုတိယအနေဖြင့် အထက်တွင် တင်ပြခဲ့သည့် သင်္ကေတ၊ အမှတ်အသားစနစ်များနှင့် ပတ်သက်ပြီး အာဏာနှင့် လုပ်ပိုင်ခွင့်ကို အခြေပြုပြီး နံကြားထောက် ဆုံးဖြတ်ချက်များ ချမှတ်ခြင်းကြောင့် ဖြစ်ထွန်းပေါ် ပေါက်လျက်ရှိသည့် အခြေအနေများထဲမှ အနည်းငယ် သိမြင်လွယ်စေမည့် အချက်ကလေးနှစ်ချက်ကို စာရေးသူအနေနှင့် ထုတ်နုတ်တင်ပြပါမည်။ သက်ဆိုင်ရာ ဌာနအမည်များကို တင်ပြခြင်းမပြုဘဲ ဖြစ်စဉ် ဖြစ်ရပ်များကိုသာ အခြေခံပြီး ရှင်းလင်း တင်ပြပါမည်။ ပထမအချက်မှာ တိုင်းပြည်နိုင်ငံနှင့် ပတ်သက်ပြီး ကိုယ်စားပြု အသုံးပြုလျက်ရှိကြသည့် သင်္ကေတ၊ အမှတ်အသား (Country Code) ဖြစ်ပါသည်။
စာဖတ်သူများလည်း သိမြင် ပြီးဖြစ်မည်ဟု ထင်မြင်ပါသည်။ တိုင်းပြည်နိုင်ငံအမည် “မြန်မာ” “Myanmar” ကို အတိုကောက် သင်္ကေတ၊ အမှတ်အသားအဖြစ် အသုံးပြုလျက်ရှိကြသည်မှာ အချို့သော နေရာများတွင် “MM” အဖြစ် လည်းကောင်း၊ အချို့သောနေရာများတွင် “MMR” အဖြစ်လည်းကောင်း၊ အချို့သော နေရာများတွင် “MYR” အဖြစ်လည်းကောင်း၊ အချို့သောနေရာများတွင် “MYA” အဖြစ်လည်းကောင်း စသည်ဖြင့် လေ့လာတွေ့ရှိရပါ သည်။ အချို့သော သင်္ကေတ၊ အမှတ်အသား အသုံးပြုထားသည်မှာလည်း သန်းချီသည့် အရေအတွက် ဖြစ်နေသဖြင့် “နောင်ပြင်နိုင် ခက်သည့်အမျိုး”ထဲတွင် ပါဝင်နေမည် ဖြစ်ပါသည်။
ထူးခြားသည့် အခြေအနေမှာ တိုင်းပြည်နိုင်ငံနှင့် ပတ်သက်ပြီးကိုယ်စားပြုအသုံးပြုလျက် ရှိကြသည့် သင်္ကေတ၊ အမှတ်အသား (Country Code) ကိုပင် အသုံးပြုလျက်ရှိကြသည့် ဌာနများအကြား တူညီစေရန် မညှိနှိုင်း မဆောင်ရွက်နိုင်ခြင်းပင် ဖြစ်ပါသည်။ အဓိကမှာ အာဏာနှင့် လုပ်ပိုင်ခွင့်ကို အခြေပြုပြီး နံကြား ထောက် ဆုံးဖြတ်ချက် ချမှတ်ခြင်း၏ ရလဒ်ဖြစ်ပါသည်။
ဒုတိယအချက်မှာ ရန်ကုန်တိုင်း “ရန်ကုန်” “Yangon” ၏ အတိုကောက် သင်္ကေတ၊ အမှတ်အသားအဖြစ် အသုံးပြုလျက်ရှိကြသည်မှာ အချို့သောနေရာများတွင် “YGN” အဖြစ်လည်းကောင်း၊ အချို့သော နေရာများတွင် “၁၂” သို့မဟုတ် “၁၂/” အဖြစ်လည်းကောင်း တွေ့မြင်ရလျက်ရှိနေပါ သည်။ “YGN” အဖြစ် အသုံးပြုထားသည်မှာလည်း သိန်းချီသည့် အရေအတွက်ရှိပြီး “၁၂” သို့မဟုတ် “၁၂/” အဖြစ် အသုံးပြုထားသည်မှာလည်း သန်းချီသည့် အရေအတွက်ဖြစ်နေသဖြင့် “နောင်ပြင်နိုင် ခက်သည့်အမျိုး” ထဲတွင် ပါဝင်နေမည် ဖြစ်ပါသည်။
တတိယအနေဖြင့် ဝမ်းမြောက်ဂုဏ်ယူရမည့် အခြေအနေအဖြစ် တိုင်းပြည်နိုင်ငံကိုယ်စားပြု သတင်းအချက်အလက်များအတွက် အလွယ်တကူ လေ့လာဆန်းစစ်နိုင်စေရန်အလို့ငှာ မြန်မာနိုင်ငံတွင်းရှိ နေရာ မြေဧရိယာပေါ်တွင် ထူထောင်တည်ဆောက်ထားရှိသည့် ကျေးရွာများ၊ ကျေးရွာအုပ်စုများ၊ ရပ်ကွက်များ၊ မြို့များ၊ မြို့နယ်ခွဲများ၊ မြို့နယ်များ၊ ခရိုင်များ၊ တိုင်းဒေသကြီးများ၊ ပြည်နယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများ၏ တည်နေရာပြ သင်္ကေတ၊ အမှတ်အသားစနစ် Place Coding System (P-Code) ကို လုံးဝ အပြည့်အစုံ ပါဝင်နိုင်စေရန် လွန်စွာခက်ခဲပါသော်လည်း အတိုင်းအတာတစ်ခုအထိ အောင်မြင်စွာ ကြိုးပမ်းတည်ဆောက်ထားရှိပြီး ဖြစ်သည်ကို တွေ့ရှိရခြင်းပင် ဖြစ်ပါသည်။
အဆိုပါစနစ်ကို ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းတစ်ခု ဖြစ်သည့် Myanmar Information Management Unit (MIMU)က ဦးစီးဦးဆောင်ပြုလုပ်ပြီး တာဝန်ယူကာ တည်ဆောက်ခဲ့ခြင်း ဖြစ်သည်ကို လေ့လာတွေ့ရှိရပါသည်။
နိဂုံးချုပ်အနေဖြင့် တင်ပြလိုသည်မှာ လူအများနှင့် ပတ်သက်သည့်ကိစ္စရပ်များ ဖြစ်ကြသည့် တိုင်းပြည်တည်ဆောက်ခြင်း၊ နိုင်ငံတော်တည်ဆောက်ခြင်းနှင့် တိုင်း ပြည်နိုင်ငံတွင် နေထိုင်လျက်ရှိကြသည့် ပြည်သူ ပြည်သား နိုင်ငံသားများ ကိုယ်ကျန်းမာ စိတ်ချမ်းသာစွာ အသက်ရှင်ရပ်တည်နိုင်ရန် အကောင်အထည်ဖော် ဆောင်ရွက်ရသည့် ကိစ္စရပ်များအတွက် စာရင်းအင်းပညာနှင့် ပတ်သက်သည့် အခြေခံဖြစ်သည့် နိုင်ငံတော်အဆင့် အသိအမှတ်ပြု သင်္ကေတ၊ အမှတ်အသား စနစ်များဖြစ်ထွန်း ပေါ်ပေါက်လာစေရန်နှင့် ယနေ့အ ချိန်တွင် အချို့သော သင်္ကေတ၊ အမှတ်အသား စနစ်များမှာ အာဏာနှင့် လုပ်ပိုင်ခွင့်ကို အခြေပြုပြီး နံကြားထောက် ဆုံးဖြတ်ချက် ချမှတ်ခဲ့ခြင်း၏ ရလဒ်များကြောင့် အိမ်ထောင်မှု ဘုရားတည်၊ ဆေးမင်ရည် စုတ်ထိုး၊ မြန်မာဆိုရိုး စကားကဲ့သို့ ပြင်ဆင်နိုင်ရန် ခက်ခဲသည့် ချောက် ကမ်းပါးအတွင်းသို့ ကျရောက်လျက်ရှိသည်ကို တာဝန်ရှိသူများနှင့် ပြည်သူ ပြည်သား နိုင်ငံသားအား လုံးတို့က သိမြင်နားလည်နိုင်ကြစေရန်နှင့် အနာဂတ်တွင် အသစ်တည်ဆောက်မည့် ကိစ္စရပ်များအတွက် အထက်ပါကဲ့သို့အမှားများ ထပ်မံ ကျူးလွန်စေခြင်း မရှိနိုင်စေရေးကို အစွမ်းကုန် ကြိုးပမ်းအားထုတ် ဆောင်ရွက်နိုင်ကြပါစေကြောင်း ရေးသားတင်ပြအပ်ပါသည်။











