ကုန်စျေးနှုန်းတစ္ဆေနှင့် ဆီတိုးဆန်တိုးနေရသည့် ဘဝများ

ကုန်စျေးနှုန်းတစ္ဆေနှင့် ဆီတိုးဆန်တိုးနေရသည့် ဘဝများ
သြဂုတ် ၁၁ ရက်က ပြည်သူ့ရင်ပြင်တွင် သက်သာသောစျေးနှုန်းဖြင့် ဆီများရောင်းချပေးသောကြောင့် ပြည်သူများ တန်းစီစောင့်ဆိုင်းဝယ်ယူနေစဉ် (ဓာတ်ပုံ ကြည်နိုင်)
သြဂုတ် ၁၁ ရက်က ပြည်သူ့ရင်ပြင်တွင် သက်သာသောစျေးနှုန်းဖြင့် ဆီများရောင်းချပေးသောကြောင့် ပြည်သူများ တန်းစီစောင့်ဆိုင်းဝယ်ယူနေစဉ် (ဓာတ်ပုံ ကြည်နိုင်)
Published 27 August 2023

ရန်ကုန်မြို့၏ အပန်းဖြေပန်းခြံဖြစ်သည့် ပြည်သူ့ရင်ပြင်တွင် ရှည်လျားလှသည့် လူတန်းကြီးက တန်းစီ စောင့်ဆိုင်းနေသည်။

ထိုလူများသည် ပြည်သူ့ရင် ပြင်ပန်းခြံအတွင်းသို့ လာရောက်အပန်းဖြေခြင်း မဟုတ်သကဲ့သို့ လာရောက်အနားယူကြခြင်းလည်း မဟုတ်ပါ။

ထိုလူများအနေဖြင့် ပြည်သူ့ ရင်ပြင်သို့ အပန်းဖြေခြင်းလည်း မဟုတ်၊ အနားယူခြင်းလည်း မဟုတ်ဘဲနှင့် မည်သည့်အတွက်ကြောင့် လာရသနည်း။

မိတ်ဆွေတို့အနေဖြင့် ပန်းခြံနှင့်ပတ်သက်လျှင် လာရောက်လည်ပတ်စရာ၊ လာရောက်အပန်းဖြေစရာ၊ လာရောက်အနားယူစရာဆိုသည့် သတ်မှတ်ချက်များနှင့်သာ အဓိပ္ပာယ်ဖွင့်ဆိုကြပါလိမ့်မည်။

သို့သော် ပြည်သူ့ရင်ပြင်ပန်းခြံအတွင်းသို့ လာရောက်တန်းစီနေသည့် လူအုပ်ကြီးမှာမူ ထိုအဓိပ္ပာယ် ဖွင့်ဆိုချက်များနှင့် လာရောက်ခြင်း မဟုတ်ဘဲ ဝမ်းရေးအတွက် လာရောက်တန်းစီစောင့်နေသည်ဆိုလျှင် မိတ်ဆွေတို့အနေဖြင့် မအံ့သြလိုက်ပါနှင့်။

ဟုတ်ပါသည်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ဆန်နှင့် ဆီများကို သက်သာသောနှုန်းထားဖြင့် ပြည်သူ့ရင်ပြင်တွင် ရောင်းချပေးသည့်အတွက် ထိုလူများက လာရောက်တန်းစီ၍ ဝယ်ယူနေကြခြင်းဖြစ်သည်။

ပြည်သူ့ရင်ပြင်တွင် အပြာရောင်ရွက်ဖျင်တဲနေရာ၌ ဆီကို ရောင်းချပေးခြင်းဖြစ်ပြီး အစိမ်းရောင်ရွက်ဖျင်တဲနေရာ၌ ဆန်ကို ရောင်းချပေးခြင်းဖြစ်သည်။

သြဂုတ် ၁၁ ရက်မှစ၍  ပြည်သူ့ရင်ပြင်တွင် ဧည့်မထတစ်ပြည် ကျပ် ၂၅၀၀၊ ဧရာဝတီပေါ်ဆန်း တစ်ပြည် ကျပ် ၄၀၀၀၊ စားအုန်း ဆီတစ်ပိဿာ ကျပ် ၄၄၀၀ ဖြင့် လူ တစ်ဦးလျှင် ဆန်ငါးပြည်၊ ဆီတစ် ပိဿာ ရောင်းချပေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က သြဂုတ် ၁၀ ရက်တွင် ထုတ်ပြန်ခဲ့ သည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့နှင့် မြန်မာနိုင်ငံဆန်းစပါးအသင်းချုပ်တို့ ပူးပေါင်းပြီး ဒဂုံမြို့နယ်ရှိ ပြည်သူ့ရင်ပြင်တွင် သြဂုတ် ၁၁ ရက် နံနက် ၉ နာရီမှစတင်၍ ရောင်းချပေးနေခြင်းလည်း ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ကြေညာပြီးသည့်နောက် ပြည်သူ့ရင်ပြင်တွင် သြဂုတ် ၁၁ ရက် နံနက် ၈ နာရီခန့်ကတည်းက ဆန်နှင့်ဆီကို ဝယ်ယူရန်  မြို့နယ်အသီးသီးမှ လာရောက်တန်းစီ စောင့်ဆိုင်းသူ အများအပြား ရှိခဲ့သည်။

ဆီရောင်းချပေးသည့် အပြာရောင်ရွက်ဖျင်တဲနေရာမှ ကြည့်လျှင် ရှည်လျားလှသည့် တန်းစီ စောင့်ဆိုင်းနေသူများကို မြင်နိုင်ပြီး ဆန်ရောင်းချပေးသည့် အစိမ်းရောင် ရွက်ဖျင်တဲနေရာမှ ကြည့်လျှင် တန်းစီစောင့်ဆိုင်းနေသည့် လူတန်းရှည်ကြီးကို မြင်နိုင်သည်။

နံနက် ၉ နာရီ ထိုးသည့်အချိန်တွင် တန်းစီနေသည့် လူတန်းကြီးမှာ ပို၍ ရှည်လျားလာသည်။ ဒဂုံမြို့နယ်၊ အင်းစိန်မြို့နယ်၊ ကြည့်မြင်တိုင်မြို့နယ်နှင့် အခြားသောမြို့နယ်များတွင် နေထိုင်ကြသည့် အလွှာ ပေါင်းစုံ လူတန်းစားပေါင်းစုံက လာရောက်၍ တန်းစီဝယ်ယူနေကြခြင်းလည်း ဖြစ်သည်။  

ရွှေတိဂုံဘုရား မြောက်ဘက် မုခ်တွင် နေထိုင်သူတစ်ဦးက “ဆန်ချော ငါးပြည်မှ ၁၉၀၀၀ ပဲ ပေးရတယ်။ အပြင်မှာ တကယ်လို့ ဝယ်မယ်ဆိုရင်တော့ ၂၅၀၀၀၊ ၃၀၀၀၀ လောက် ရှိတာပေါ့နော်။ ကျွန်တော် တို့လို စားတဲ့ ပြည်သူတွေအတွက်ကတော့ တော်တော်လေးကို သင့်တော်တယ်။ အခါအခွင့်သင့်တိုင်းလည်း အဲဒီလို အများပြည်သူအတွက် လာရောက်ရောင်းချပေးပါလို့ တောင်းဆိုပါတယ်” ဟု ပြောသည်။

“သတင်းစာထဲမှာ တွေ့လို့ လာတန်းစီပြီး ဝယ်တာပါ။ ဆီတော့ ဝယ်ပြီးသွားပြီ။ ဆန်က တန်းစီနေတုန်း။ အများကြီး ဝမ်းသာပါတယ်။ အပြင်မှာဆို ဆန်စျေးက တော်တော်စျေးတက်နေတာ။ ဒီမှာက ဆန်လည်း သက်သာသလို ဆီစျေးလည်း သက်သာတယ်။ ဆင်းရဲသားတွေအတွက်တော့ တော်တော်အဆင်ပြေပါတယ်။ ကျွန်တော်တို့ ကြည့်မြင်တိုင်တစ်ဖက်ကမ်းက လာကြတဲ့သူတွေ တော်တော်များပါတယ်။ တကယ်လည်း ဆင်းရဲလို့ပါ”ဟု ကြည့်မြင်တိုင်မြို့နယ်တစ်ဖက်ကမ်းတွင် နေထိုင်သူတစ်ဦးက ပြောသည်။

မြို့နယ်အသီးသီးမှ ပြည်သူများအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က သက်သာသော နှုန်းထားဖြင့် ရောင်းချသည့် ဆန်နှင့်ဆီများကို မည်သည့်အတွက်ကြောင့် လာရောက်တန်းစီ၍ ဝယ်ယူကြသနည်း။ အဖြေက ရှင်းသည်။

လက်ရှိတွင် ကုန်စျေးနှုန်းသည် တရိပ်ရိပ်မြင့်တက်လာသည့်အတွက် သက်သာသောနှုန်းထားဖြင့် ရောင်းချသည့် ဆန်နှင့်ဆီများကို လာရောက်တန်းစီ၍ ဝယ်ယူကြခြင်းဖြစ်သည်။

မြန်မာပြည်သူများအနေဖြင့် အဓိကအားထားပြီး စားနေရသည့် ဆန်စျေးနှုန်းသည် လက်ရှိတွင် ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ကျပ် တစ်သိန်းခွဲအထိဖြစ်လာပြီး ဆန်ကြမ်းအုပ်စုဝင် ဆန်အမျိုးအစားများမှာလည်း ကျပ်ရှစ်သောင်းကျော် ဖြစ်လာသည်။

သြဂုတ် ၁၀ ရက်နောက်ပိုင်းတွင် ဆန်စျေးနှုန်းများ ယခင်ကထက် မြင့်တက်လာပြီး ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင် ကျပ်တစ်သောင်းအထိ မြင့်တက်လာခြင်းလည်း ဖြစ်သည်။ ထို့ပြင် ဆန်ကြမ်းအုပ်စုများမှာလည်း တစ်အိတ်လျှင် ပျမ်းမျှ ကျပ်ငါးထောင်အထိ မြင့်တက်လာသည်။

“ရွှေဘိုပေါ်ဆန်းက တစ်အိတ်ကို တစ်သောင်းလောက် တက်သွားတယ်။ ရက် ၉၀ လို ဆန်မျိုးက အခု ရှစ်သောင်းဖြစ်နေတယ်။ ရွှေဘို မဂျမ်းတောဆိုရင် တစ်ပြည်ကို ခြောက်ထောင်ဖြစ်နေတယ်”ဟု ဆန်ဆိုင် ပိုင်ရှင်တစ်ဦးက ပြောသည်။

ဆန်ကြမ်းအုပ်စုဝင်များဖြစ်သည့် ရက် ၉၀၊ ဆင်းသွယ် အမျိုးအစားဆန်များမှာလည်း တစ်အိတ်လျှင် ကျပ်ရှစ်သောင်းဖြစ်လာသည့်အတွက် စားသုံးသူများအနေဖြင့် ရွှေဘိုပေါ်ဆန်းနှင့် ရောနှောစား သောက်ကြရသည်။

“ဆင်းသွယ်တို့၊ ရက် ၉၀ တို့ဆိုတာ ဆန်ကြမ်းထဲမှာမှ အနူတောမှာ လူချောလို့ ပြောလို့ရတယ်။ ရွှေဘိုနဲ့လည်း ရောလို့ရတယ်။ သူ့ထက်နိမ့် တဲ့ ဆန်ကြမ်းနဲ့လည်း ရောလို့ရတယ်။ အခုကတော့ ရွှေဘိုနဲ့ အဲဒီကောင်တွေကို ရောနှောပြီးတော့ ချက်ကြတယ်”ဟု ဆန်ဆိုင်ပိုင်ရှင် တစ်ဦးကဆိုသည်။

နှစ်စဉ် ယခုလိုကာလမျိုးတွင် ဆန်စျေးနှုန်းများ မြင့်တက်လေ့ရှိသော်လည်း ယခုနှစ်တွင်မူ ပိုမိုမြင့်တက်လာကြောင်း ဆန်အရောင်း ဆိုင်ပိုင်ရှင်အချို့က သုံးသပ်ပြောဆိုသည်။

“ဆန်စျေးနှုန်းက အရင်နှစ်တွေတုန်းကလည်း ဒီကာလဆိုရင် စျေးနည်းနည်းတက်နေတဲ့အချိန်။ အခုကတော့ အရင်တုန်းက တက် တယ်ဆိုတဲ့နှုန်းထက်ကို ပိုများနေတယ်” ဟု ဆန်ဆိုင်ပိုင်ရှင်တစ်ဦးက ပြောကြားသည်။

ထိုသို့ ဆန်စျေးနှုန်းများ မိုးပျံနေသည့်အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က သက်သာသောနှုန်းထားဖြင့် ရောင်းချသည့် ဆန်များကို မြို့နယ်အသီးသီးမှ ပြည်သူများက အလုအယက် လာရောက် ဝယ်ယူနေကြခြင်းလည်း ဖြစ်သည်။

“ဆန်ပဲ လာဝယ်တာပါ။ နည်း နည်းသက်သာလို့လေ။ တစ်ပြည်ကို နှစ်ထောင်လောက် သက်သာတာပေါ့။ ပေါ်ဆန်း (ဧရာဝတီ) လို့တော့ ပြောတာပေါ့။ ဒါပေမဲ့ အပြင်မှာ ဝယ်စားရင် ငါးထောင်ကျော် ခြောက် ထောင်လောက်တော့ ရှိတာပေါ့။ ကိုယ်တွေလို မရှိတဲ့လူတွေအတွက်တော့ အပြင်မှာ ဝယ်စားရတာ စျေးများတယ်။ တစ်အိတ်ကို တစ်သိန်း ကျော်နေပြီဆိုတော့။ ဒါမျိုးလေး အကြမ်းနဲ့အချော ရောစားတဲ့အခါကျ တော့ စားရတာ အဆင်ပြေတာပေါ့” ဟု အင်းစိန်မြို့နယ်တွင် နေထိုင်သူ တစ်ဦးက ပြောသည်။

ကြည့်မြင်တိုင်မြို့နယ်တွင် နေထိုင်သူ တစ်ဦးကလည်း “ဖေ့စ်ဘွတ်ခ်မှာ ကြေညာတာတွေ့လို့ လာဝယ်တာပါ။ အပြင်ထက်စာရင် ထက်ဝက်လောက်တော့ သက်သာတာပေါ့”ဟု ပြောကြားသည်။

ပြည်သူ့ရင်ပြင်တွင် ရန်ကုန်တိုင်းအစိုးရအဖွဲ့အနေဖြင့် ပေါ်ဆန်းမွှေး ၅ kg တစ်အိတ်ကို ကျပ် ၁၉၀၀၀၊ ဧည့်မထ ၁၀ kg တစ်အိတ် ကို ကျပ် ၁၂၀၀၀ ဖြင့် ရောင်းချပေး နေသည့်အပြင် တစ်ပြည်ချင်းအနေ ဖြင့်လည်း ပေါ်ဆန်းမွှေးတစ်ပြည်ကို ကျပ် ၄၀၀၀ နှင့် ဧည့်မထတစ်ပြည် လျှင် ကျပ် ၂၅၀၀ နှုန်းဖြင့် ရောင်းချ ပေးနေကြောင်း ဆန်ရောင်းချပေး နေသည့် တာဝန်ရှိသူတစ်ဦးက ပြော ကြားသည်။

“ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ မြန်မာနိုင်ငံ ဆန်ကုန်သည်ကြီးများအသင်းတို့ ပူးပေါင်းဆောင်ရွက်မှုနဲ့ ဆန်ရောင်းချပေးနေမှုအပိုင်းကို တာဝန်ယူထားရပါတယ်။ ဒီမှာ မနက် ၉ နာရီကနေ စတင်ရောင်း ချရာမှာ ပေါ်ဆန်းမွှေး ရောင်းပါတယ်။ နောက် ဧည့်မထရောင်းပါတယ်။ ပေါ်ဆန်းမွှေး ၅ kg တစ် အိတ်ကို ၁၉၀၀၀ နဲ့ ရောင်းပေးပါ တယ်။ ဧည့်မထ ၁၀ kg တစ်အိတ်ကို ၁၂၀၀၀ နဲ့ ရောင်းပေးပါတယ်။ တစ်ပြည်နှုန်းနဲ့လည်း အများပြည်သူ စား သုံးနိုင်အောင်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အစီအစဉ်နဲ့ ရောင်းချပေးပါတယ်။ ပေါ်ဆန်းမွှေးတစ်ပြည်ကို ၄၀၀၀ နဲ့ ရောင်းချပေးပါတယ်။ နောက် ဧည့်မထတစ်ပြည်ကို ၂၅၀၀ နှုန်းနဲ့ ရောင်းချပေးပါတယ်။ စျေးနှုန်းကတော့ အပြင်စျေးနဲ့ဆို တော်တော်ကြီး ကွာပါတယ်။ ဒီမှာ ရောင်းချတဲ့ စျေးနှုန်းနဲ့ဆို အနည်းဆုံး သုံး၊ လေးသောင်းတော့ ကွာပါတယ်။ အချိန်အနေနဲ့ကတော့ ကျွန်တော်တို့ မနက် ၉ နာရီကနေ စတင်ရောင်းချ ပေးပါတယ်”ဟု ၎င်းက ဆိုသည်။

ထိုသို့ ရောင်းချရာတွင် တစ်ရက်လျှင် ဆန်အကန့်အသတ်မရှိ သည့် ပမာဏနှင့် ဆီပိဿာချိန် တစ်ထောင် ရောင်းချပေးမည်ဖြစ်ပြီး မည်သူမဆို လွတ်လပ်စွာ လာရောက် ဝယ်ယူနိုင်သည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

“အွန်လိုင်းမှာ ကျွန်တော်တို့ ကြေညာထားသလိုပေါ့နော်။ ဆန်ကတော့ အကန့်အသတ်မရှိ ရောင်းချပေးပါမယ်။ နောက် ဆီအနေနဲ့ကတော့ ဆီကုန်သည်ကြီးများအသင်း ကတော့ သူတို့ ကြေညာထားတာ ပိဿာ တစ်ထောင်ပေါ့နော်။ ပိဿာ တစ်ထောင်အထိ ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။ ဒီနေ့အတွက်ပေါ့။ အခြေခံစားသုံးကုန်ပစ္စည်းဖြစ်တဲ့ ဆန်နဲ့ဆီကို အများပြည်သူ သက်သာ စွာဝယ်ယူစားသုံးနိုင်အောင် ရောင်းချပေးခြင်း ဖြစ်ပါတယ်”ဟု ဆန်ရောင်းချပေးနေသည့် တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ဆန်စျေးနှုန်းကဲ့သို့ ဆီစျေး နှုန်းများကလည်း အဆမတန်စျေး တက်လာသဖြင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က သက်သာသောနှုန်းထားဖြင့် ရောင်းချသည့် စားအုန်းဆီကိုလည်း လာရောက်တန်းစီ ဝယ်ယူသူ များပြားခဲ့သည်။

လက်ရှိတွင် ပြင်ပစျေးကွက်၌ စားအုန်းဆီ တစ်ပိဿာလျှင် ကျပ် တစ်သောင်းနီးပါးသို့ ရောက်ရှိနေ သည်။ စားအုန်းဆီစျေးနှုန်းမှာ ယခင်က တစ်ပိဿာလျှင် ကျပ် ၇၀၀၀ နှင့် ၈၀၀၀ ခန့်သာရှိရာမှ ကျပ်တစ်သောင်းနီးပါး ခုန်တက်လာခြင်း ဖြစ်သည်။

ထိုသို့သော အခြေအနေတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က စားအုန်းဆီ တစ်ပိဿာ (ဆီနှစ်ဘူး) လျှင် ၅၄၀၀ ကျပ်ဖြင့် ရောင်းချပေးသည့်အတွက် ပြင်ပစျေးနှင့် ထက်ဝက်နီးပါး ကွာနေသောကြောင့် လာရောက်တန်းစီ၍ ဝယ်ယူသူများပြားခဲ့ခြင်းဖြစ်သည်။

“ဖေ့စ်ဘွတ်ခ်ထဲမှာ တွေ့လို့ လာဝယ်တာပါ။ ဆီက နှစ်ဘူး တစ်ပိဿာကို ၅၄၀၀ ပဲ ကျပါတယ်။ အပြင်မှာဆို ၁၀၀၀၀ လောက်တော့ ဖြစ်နေပါပြီ။ အများကြီး ကျေးဇူးတင်ပါတယ်။  ပြည်သူလူထုတွေ စားသုံးဖို့အတွက် ဒီလိုရောင်းချပေးတာကို အများကြီးကျေးဇူးတင်ပါတယ်”ဟု ဒဂုံမြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။ 

“သမီးက ဆန်ဝယ်ပြီး အန်တီက ဆီဝယ်တာပါ။ ဆီနှစ်ဘူးကို ၅၄၀၀ ကျပါတယ်။ တစ်ဘူးကို သုံးထောင်ကျော်လောက်တော့ ကွာတာပေါ့။ အပြင်မှာဆိုရင်တော့ ၅၀၀၀ နဲ့ ဝယ်ရပါတယ်။ ကျေးဇူးတင်ပါတယ်။ နောက်လည်း လာရောင်းပေးပါဦးလို့ ပြောချင်ပါတယ်”ဟု ဒဂုံမြို့နယ်တွင် နေထိုင်သူတစ်ဦးကပြောသည်။

“ကျွန်တော်ကတော့ ဆီဝယ်တယ်။ ဆန်ဝယ်တယ်။ ဆီကလည်း သူက တစ်ပိဿာကို ၅၄၀၀ ဆို တော့ ကျွန်တော်တို့အတွက် တော်တော်ကိုက်တာပေါ့။ အပြင်မှာကျတော့ မတရားကြီး စျေးကွာနေတော့ တော်ရုံတန်ရုံ ဝယ်မစားနိုင်ဘူး”ဟု ရွှေတိဂုံဘုရား မြောက်ဘက်မုခ်တွင် နေထိုင်သူတစ်ဦးက ဆိုသည်။

ထိုနေ့က စားအုန်းဆီရောင်းချပေးသည့်နေရာတွင် လာရောက်တန်းစီသူများက ဆန်ဝယ်ယူသူများထက် များပြားခဲ့ပြီး နံနက် ၁၁ နာရီခန့်တွင် ယင်းနေ့အတွက် ရောင်းချရန် သတ်မှတ်ထားသည့် ဆီပမာဏ ကုန်သွားကြောင်း ဆီရောင်းချပေးနေသူများထံမှ သိရသည်။

ပြည်သူ့ရင်ပြင်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က သက်သာသောစျေးနှုန်းဖြင့် ဆန်နှင့်ဆီကို ရောင်းချပေးသောကြောင့် လူအများအပြား လာရောက်တန်းစီ ဝယ်ယူကြသည့်အတွက် အချိန်များစွာ စောင့်ရကြောင်း လာရောက် ဝယ်ယူသူအချို့က ဆိုသည်။

“စျေးလျှော့ ရောင်းပေးတယ်ဆို လို့ လာဝယ်တာပါ။ အလုပ်တစ်ဖက်နဲ့ဆိုတော့ ရောက်တာ နောက်ကျသွားတယ်။ ဒီရောက်တော့လူက တော်တော်များနေပြီ”ဟု စားအုန်းဆီဝယ်ယူရန် တန်းစီနေသည့် အမျိုးသမီးတစ်ဦးက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ပြည်သူ့ရင်ပြင်၌ စျေးနှုန်းသက်သာစွာဖြင့် ဆန်နှင့်ဆီကို ရောင်းချပေးသကဲ့သို့ မြို့နယ်အလိုက် သွားရောက်၍ စားအုန်းဆီ တစ်ပိဿာလျှင် ကျပ် ၅၀၀၀၊ ကြက်ဥ တစ်လုံး ကျပ် ၂၀၀၊ ဧည့်မထဆန် တစ်ပြည်လျှင် ကျပ် ၂၄၀၀၊ ဧရာဝတီ ပေါ်ဆန်းမွှေး ဆန်တစ်ပြည်လျှင် ကျပ် ၃၈၀၀ နှုန်းဖြင့် ရောင်းချပေးလျက်ရှိသည်။

တစ်ဖက်တွင်လည်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ဆန်စျေးနှုန်းတည်ငြိမ်စေရန် ပြည်တွင်းစားသုံးမှုများသည့် ဆန်များကို သြဂုတ် ၇ ရက်ကစတင်၍ ရန်ကုန်မြို့ ၀ါးတန်းဆိပ်ကမ်းရှိ ဆန်စပါးကုန်စည်ဒိုင်၊ ဘုရင့်နောင်ပွဲရုံရှိ ဆန်စပါးကုန်စည်ဒိုင်များတွင် ဆန်အိတ်အလိုက် စျေးလျှော့ရောင်းချပေးလျက်ရှိသည်။

ရွှေဘိုပေါ်ဆန်းမွှေးများ ၁၀၈ ပေါင် တစ်အိတ် ကျပ် ၁၁၀ç၀၀၀ မှ ကျပ် ၁၂၀ç၀၀၀ ကြား၊ ဧရာဝတီ ပေါ်ဆန်းမွှေးဆန်များ ၁၀၈ ပေါင် တစ်အိတ် ကျပ် ၉၄ç၀၀၀ မှ ကျပ် ၉၇ç၀၀၀ ကြား၊ ဧည့်မထ ၁၀ ရာခိုင်နှုန်း ၁၀၈ ပေါင် တစ်အိတ် ကျပ် ၆၅,၀၀၀၊ ဧည့်မထ ၂၅ ရာခိုင်နှုန်း ၁၀၈ ပေါင် တစ်အိတ် ကျပ် ၆၀,၀၀၀ ဖြင့် ၀ါးတန်းဆိပ်ကမ်းရှိ ဆန်စပါး ကုန်စည်ဒိုင်၊ ဘုရင့်နောင်ပွဲရုံရှိ ဆန် စပါးကုန်စည်ဒိုင်များတွင် ရောင်းချ ပေးနေခြင်းလည်း ဖြစ်သည်။

ထို့အတူ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းကလည်း ပြည်တွင်း၌ စားသုံးဆီစျေး မြင့်တက်နေသဖြင့် မြို့နယ်အလိုက် ဆီကားများဖြင့် သွားရောက်၍ စားဆီ တစ်ပိဿာလျှင် ကျပ် ၄၃၀၀ ဖြင့် စျေးနှုန်းသက်သာစွာ ရောင်းချပေးလျက်ရှိသည်။

လက်ရှိတွင် အထွေထွေကုန် စျေးနှုန်းများ မြင့်တက်နေသည့်အတွက် အခြေခံပြည်သူများအနေဖြင့် ဆန်နှင့်ဆီများကို စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနေသည့် နေရာများသို့ သွားရောက်တန်းစီ၍ ဝယ်ယူလျက်ရှိသည်။

ဦးနေဝင်းလက်ထက်က သမဝါယမဆိုင်များတွင်လည်းကောင်း၊ ဦးသန်းရွှေလက်ထက်က ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများတွင်လည်းကောင်း ပြည်သူများအနေဖြင့် ဆီတိုးဆန်တိုးစားခဲ့ရပြီး လက်ရှိ နစက လက်ထက်တွင်လည်း ကုန်စျေးနှုန်း ကြီးမြင့်လာသည့်အတွက် စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးသည့် နေရာများတွင် ပြည်သူများမှာ ဆီ တိုးဆန်တိုးစားနေရသည့်အတွက် ခေတ်ကြီးက သံသရာတစ်ပတ်ပြန် လည်လာပြီဟု သုံးသပ်မှုများလည်း ရှိနေသည်။

“ပြည်သူတွေ စားဝတ်နေရေး ကျပ်တည်းနေလို့ ဒီလိုစျေးချပြီး ရောင်းပေးတာကို ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ လိုချင်တာက ဒီလိုမျိုး မဟုတ်ဘူး။ ဘယ်သူမဆို လက်လှမ်းမီတဲ့ စျေးနှုန်းလေးနဲ့ ဘယ်အချိန်မဆို ဝယ်လို့ရတဲ့ အခြေအနေမျိုးကို လိုချင်တာ။ ဒါကိုလည်း သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ လုပ်ပေးစေချင်တယ်။ အခုဟာက ဝင်ငွေက တက်မလာဘဲ ကုန်စျေးနှုန်းက မတရားတက်နေတော့ လိုက်မမီတော့ဘူး”ဟု ကုမ္ပဏီဝန်ထမ်း တစ်ဦးက ဆိုသည်။

Most Read

Most Recent