ဖားကန့်လို့ အသံကြားလိုက်တာနဲ့ ထင်လာတဲ့ ပုံရိပ်က ကျောက်စိမ်းပဲ ဖြစ်ပါတယ်။ ထွာဆိုင် ကျောက်စိမ်းတုံးက ဆင်းရဲသားဘဝကနေ နေချင်းညချင်း ချမ်းသာတတ်ပါတယ်။ မြန်မာနိုင်ငံ နေရာအနှံ့မှာ ဆင်းရဲတဲ့ လူတန်းစား များပြားရာ အလွယ်တကူ ချမ်းသာလိုတဲ့ သူတွေက နိုင်ငံအနှံ့၊ ဒေသအသီးသီး၊ လူမျိုး အထွေထွေဟာ ဖားကန့်ဒေသကို အသက်ကိုရင်းပြီး ရောက်လာကြပါတယ်။
တကယ်လည်း အသက်စွန့်ကြရသူများမှာ ကျောက်စိမ်းရှာဖွေသူ အောက်ခြေ လူတန်းစားအများဆုံး ဖြစ်ကြပါတယ်။ လွန်ခဲ့သည့် သြဂုတ် ၁၃ ရက် ကလည်း မနကျေးရွာအနီးမှာ မြေပြိုပါတယ်။ အောက်ခြေ ရေကန်အတွင်း ကျရောက်ကာ ပေ ၂၀ ဝန်းကျင် လှိုင်းတွေဖြစ်လာပါတယ်။ ရေလှိုင်းကြီးများက ကမ်းပါးမှာ ကျောက်စိမ်းတူးနေသူတွေကို ဆွဲချသွားပါတယ်။ အလောင်း ၃၃ လောင်းသာ ရရှိခဲ့ပြီး ရှာမတွေ့သူများလည်း ရှိနိုင်ပါသေးတယ်။ အဲဒီလို ဖားကန့်မှာ အန္တရာယ်ကြုံလာတာနဲ့ အသက် အရင်စတေးကြရသူများမှာ အောက်ခြေလူတန်းစားအများစု သာဖြစ်ကြပါတယ်။
''အန္တရာယ်ရှိတဲ့ ထောင်ချောက်ရေကန်ကြီးတွေ''
ဖားကန့်မြေပြိုမှု အများဆုံး ဖြစ်ပွားသည်အချိန်မှာ မြေသားများ ရေဝချိန်၊ မြေကြီးတုန်ခါမှု (မိုင်းဒဏ်၊ ငလျင်ဒဏ်များ) ကြောင့် ဖြစ်ပေါ်နေတဲ့အက်ကြောင်းများ ရေဝင်ချိန် မိုးဦးနှင့် မိုးရာသီဖြစ်ပါတယ်။ မြေသားများ လျှောဆင်းခြင်း၊ ပြုတ်ကျခြင်း၊ မိုက်ကျင်း (ကြွက်တွင်းကြွင်း) များတွင် အပေါ်မှ မြေသားများ ကွာကျခြင်းတို့ကြောင့် လူများသေဆုံးကြရခြင်းဖြစ်ပါတယ်။ အကြီးဆုံးပြိုဆင်းမှုများကို မြေစာပုံနှင့် လုပ်ကွက်အစပ်များရှိ ရေကန်ကြီးသဖွယ်ဖြစ်နေတဲ့ လုပ်ကွက်ဟောင်းများ ကျိုးပေါက်ကြခြင်းများတွင် တွေ့ရပါတယ်။ အခုနောက်ပိုင်း အသေအပျောက်များတဲ့ ကိစ္စရပ်များမှာ လုပ်ကွက်ဟောင်း ရေကန်ကြီးများ အတွင်းသို့ အခြားတစ်ဖက်မှ မြေပြိုကျကာ ဆူနာမီရေလှိုင်းကဲ့သို့ လှိုင်းလုံးကြီးများဖြင့် အခြားဘက်ကမ်းမှ ကျောက်ရှာသူများကို ရိုက်ချကာရေကန်အတွင်း ရေနစ်သေဆုံးကြရခြင်းဖြစ်ပါတယ်။ အသေအပျောက်လည်း များတတ်ပါတယ်။
လွန်ခဲ့သည့်နှစ်က စံချိန်ချိုး လူသေမှုဖြစ်ခဲ့သည့် ဝှေခါမှော်မြေပြိုမှုမှာ ရေလှိုင်းရိုက်ချမှုကြောင့် သေဆုံးကြရခြင်းဖြစ်ပါတယ်။ လွန်ခဲ့သည့် ရက်ပိုင်းကဖြစ်ပွားခဲ့တဲ့ မနကျေးရွာ မြေပြိုမှုကလည်း ရေလှိုင်းရိုက်သဖြင့် သေဆုံးခဲ့ကြရခြင်းဖြစ်ပါတယ်။ လက်ရှိမှာ မြေပြိုမှုနဲ့ ပေါက်ကျမှု ဖြစ်နိုင်တဲ့ ရေကန်မှာ မှော်ဝမ်းလေးကျေးရွာနဲ့ မော်ဝမ်းကြီး ကျေးရွာကြားရှိ ဧက လေးဆယ်ဝန်းကျင်နဲ့ အနက် ပေ ၃၀၀ ဝန်းကျင်ရှိတဲ့ ကျောက်စိမ်းတောင် ရေကန်ဖြစ်ကြောင်း ဖားကန့်မြို့ခံတစ်ဦးက ဆိုပါတယ်။
'' ဒီရေကန်က ပေါက်နိုင်တယ်ဆိုတာက ဒိုကျန် (ကျောက်စိမ်း မတူးရသေးတဲ့ လုပ်ကွက်နှစ်ခုကြား မြေသားမူရင်း) ကိုတူးနေကြတယ်။ပါးပါးလေးပဲ ကျန်တော့တာ။ မော်ဝမ်း ဘက်လာမလား။ အေးမြသာယာဘက် လာမလား မသိဘူး။ ဘက်ဟိုးတွေ၊ ရွှေမျှောလောင်းတွေကြောင့် ကန်ရေပြင်က တစ်ရက် တစ်ပေ လောက်တက်တက်နေတာ။ ဒီအတိုင်းသွား တစ်လမကျော်ဘူး'' လို့ ဆိုပါတယ်။
ဖားကန့်ဒေသမှာ ကျောက်စိမ်းရောင်းဝယ်ရေး လုပ်ကိုင်နေသူ တစ်ဦးက ''ရေကန်ကြီးတွေကမှော်တိုင်း၊ ရွာတိုင်းအနီးမှာ ကျန်ခဲ့တာချည်းပဲ။ အနက်ကလည်း ပေ ၁၀၀ ကျော်တွေ။ အကျယ်ကလည်း ဧက ၁၀ ဧက လောက်ကနေ ဧကရာကျော်အထိ ရှိတယ်။ ပေါက်ကျနိုင်တာက နည်းတယ်။ မြေပြိုလို့ ရေလှိုင်းရိုက်နိုင်တာကတော့ နေရာတိုင်းပဲ'' လို့ ဆိုပါတယ်။
''အသက်ပေါင်း တစ်ထောင်ကျော် မြေပြိုလို့ သေခဲ့ပြီ''
ဖားကန့်မှာ မြေပြို သဘာဝဘေးဒဏ်ကြောင့် မည်မျှ သေဆုံးခဲ့ကြောင်း စာရင်းကောက်ကြည့်ပါက တိကျမှန်ကန်တဲ့ စာရင်းရမည်မဟုတ်ပါ။ ကျောက်ခဲတစ်လုံးပြုတ်ကျရာမှ ခေါင်းမှန်ပြီး နေရာတွင်သေဆုံးသူအပါအဝင် ကမ်းပါးကြီး တစ်ခြမ်းလုံးပြိုကျ၊ အောက်ခြေရှိ လူလေးငါးဦးမှာ စာရင်းပင် မကောက်နိုင်တဲ့ အခြေအနေမျိုး ကြုံတွေ့ခဲ့ကြရသောကြောင့် ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ် NLD အစိုးရ တက်လာပြီးနောက်ပိုင်း မတ်လမှ ၂၀၂၀ ခုနှစ် ဇူလိုင် ၄ ရက်အထိ ၆၈၈ဦး သေဆုံးခဲ့ပါတယ်။ ဒီစာရင်းက အလောင်းရရှိတဲ့ စာရင်းဖြစ်ပြီး မြေပြိုပြီး မဖော်နိုင်သူတွေတော့ မပါပါ။ကချင်ပြည်နယ်သတင်းများကို တင်ပြနေသည့် Kachinwaves သတင်းဌာနက ၂၀၁၅ ခုနှစ်မှ ၂၀၂၃ ခုနှစ် သြဂုတ် ၁၅ ရက် မြေပြိုကျမှု ၁၇ ကြိမ်မှာ လူပေါင်း ၇၉၆ ဦး အသက် ဆုံးရှုံးခဲ့တယ်လို့ ဖော်ပြပါတယ်။ဖားကန့်ရဲ့ မြေပြို လူသေဆုံးမှုဟာ ဦးသိန်းစိန် အစိုးရလက်ထက်မှာလည်း လူမှုကူညီရေးအသင်းတွေ အားနည်းတာ၊ ဆက်သွယ်ရေး အားနည်းတာတွေကြောင့် အသေအချာ စာရင်းမကောင်းနိုင်ပေမဲ့ သတင်းမှတ်တမ်းတွေ အရဆိုရင် နှစ်စဉ် လူပေါင်း တစ်ရာကျော် သေဆုံးခဲ့တာချည်းဖြစ်ပါတယ်။ NLD အစိုးရ လက်ထက်နဲ့ ဦးသိန်းစိန် အစိုးရ လက်ထက် နှစ်ခုစလုံးမှာ ဆတူနီးပါး သေဆုံးခဲ့လို့ မြေပြို သေဆုံးမှုတွေဟာ လူပေါင်း တစ်ထောင်ကျော်ပြီလို့ပဲ မှတ်ယူရပါလိမ့်မယ်။
''သမိုင်းတွင် မြေပြိုလို့ သေဆုံးမှုများ''
ဖားကန့်ရဲ့ ကျောက်စိမ်းတူးဖော်မှုကို ကြည်ရင် လက်ကျင်းခေတ်၊ ရေငုပ်ကျင်းခေတ်၊ လူးကျင်း (ကြွက်တွင်းကျင်း) ခေတ်၊ ခေါက်စားခေတ်၊ ဖက်စပ်ခေတ်၊ ယန္တရားငယ်ခေတ်၊ ယန္တရားကြီးခေတ်လို့ ခွဲလို့ရမည် ထင်ပါတယ်။ ခေတ်တိုင်းမှာလည်း ကျောက်စိမ်းတူးဖော်မှုဟာ အသက်ပေါင်းများစွာပေးခဲ့ကြရပါတယ်။ ဖက်စပ်ခေတ်ရောက်ချိန် (၁၉၉၆ ခုနှစ်) နောက်ပိုင်းတွေမှာ လူတွေအစုလိုက် သေဆုံးတာတွေ ရှိခဲ့ပါပြီ။ များများတူး၊ မြန်မြန်ထုတ်၊ များများသေလို့ပဲ ပြောရမလို ဖြစ်ပါတယ်။
၁၉၉၀ ပြည့်နှစ်ကနေ ၁၉၉၇ ခုနှစ်လောက်အထိ လက်တူးကျင်းအများစုနဲ့ ယန္တရား အနည်းငယ်သာရှိပါတယ်။ လမ်းပိုင်းတစ်လျှောက် ကားမပေါက်သဖြင့် ဆင်၊ လား၊ နွား၊ လူတွေနဲ့ ကုန်သယ်ကြရပါတယ်။ အတွေ့အကြုံတွေကို မူတည်ပြီး ဆိုရိုးစကားတွေ ကျန်ရစ်ခဲ့ပါတယ်။ ''တရုတ်တစ်ကောင် ငွေတစ်ထောင်'' တို့၊ ''လူချစ်သူချစ် ၂၁ ''၊ ''လူသတ် ---င်လိုး ၂၉ '' ဆိုတာတွေ့လည်း လူတိုင်း ပါးစပ်ဖျားက ထွက်ကျနေကျစကားတွေဖြစ်ပါတယ်။
၂၀၀၀ ပြည့်နှစ်မတိုင်မီက ရေမဆေးကျောက် ရှာဖွေသူဟာ မူးယစ်ဆေးဝါးသုံးစွဲသူတွေ ဆေးဖိုးရှာတဲ့အလုပ်သာ ဖြစ်ပါတယ်။ ၂ဝဝဝပြည့်နှစ်နောက်ပိုင်းမျာ ကျောက်စိမ်းလုပ်ကွက်တွေကို ကုမ္ပဏီတွေပိုင်တွေ ဖြစ်ကုန်ပြီး စက်အင်အားကြီးများ အသုံးပြုသည့် အသုံးများလာပြီးနောက်ပိုင်း ကုမ္ပဏီမြေစာပုံတွင် ကျောက်စိမ်းအကျန်များကို ရှာဖွေသူတွေတိုးလာကြသည်။ လူပေါင်းသိန်းချီတဲ့ ကျောက်မျက်ရှာဖွေသူတွေဟာ လုပ်ကွက်တွေ ကုမ္ပဏီပိုင် ဖြစ်သွားတာကြောင့် ရေမဆေးကျောက် ရှာဖွေသူတွေ ဖြစ်သွားတာ ဖြစ်ပါလာပါတော့သည်။ အားလုံးဟာ ကုမ္ပဏီတွေရဲ့ စွန့်ပစ်မြေစာပုံမှာသာ မှီတည်နေကြရတဲ့ဘဝတွေ ဖြစ်ကုန်ပြီး မြေပြို၊ ကျင်းပိ တရားခံများဟာ ရွှေ့ပြောင်း အလုပ်သမား ရေမဆေးသမားများ ဖြစ်လာကြတော့တယ်။
ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၂၁ ရက်မှာ ဆိပ်မူကျေးရွာအုပ်စု၊ ဖားပြင်၊ ဆွတ်အောင် ကျေးရွာအနီးက ဆန်ခါမြေစာပုံဟာ နှစ်ဖာလုံလောက် လျှောကျလာခဲ့ပြီး အောက်မှာရှိတဲ့ ရေမဆေးကျောက်ရှာဖွေသူများ၊ စျေးရောင်းသူများ နေထိုင်သည့် တဲ ၇၀ ကျော်လောက်လောက် မြေစာအောက် ရောက်ရှိသွားခဲ့ပါတယ်။
တရားဝင် စာရင်းပေး ပျောက်ဆုံးသူ ၁၃၀ ဦးရှိပြီး ၁၁၄ ဦးအလောင်းများ ပြန်လည်ရရှိကာ ၈၄ ဦးသာ ပိုင်ရှင်ရှိခဲ့ပါတယ်။ ယုံကြည့်ရတဲ့ သတင်းအချက်အလက်များအရ သေဆုံးသူ အရေအတွက်ဟာ နှစ်ရာဝန်းကျင် ရှိနေကြောင်း အခိုင်အမာပင် ဆိုထားကြပါတယ်။ ကမ္ဘာတစ်ဝန်းကပင် တုန်လှုပ်ခဲ့ရတဲ့ဖြစ်စဉ်ဖြစ်ပါတယ်။ ထိုစဉ်က ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းကိုယ်တိုင် နိုဝင်ဘာ၂၅ ရက်မှသာ ကွင်းဆင်းနိုင်ခဲ့ပါတယ်။ ပြည်သူများနဲ့ သတင်းစာအမြောက်အမြားကလည်း ဖားကန့်ဒေသတွင်း အဆမတန်တူးဖော်နေမှုများကို ဝေဖန်ထောက်ပြလာကြပါတယ်။
ဒီနောက် တရားမဝင် ယန္တရားကြီးများ တင်သွင်းမှုကို စိစစ်လာခဲ့ကြပါတယ်။ ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၈ ရက် မတိုင်မီက ထုတ်ဝေခဲ့တဲ့ Global Witness က ဖော်ထုတ်မှုတွေကလည်း ရွေးကောက်ပွဲနဲ့ မြေပြိုသေဆုံးမှု တွေရဲ့ တုံ့ပြန်မှုအပေါ် အားဖြစ်စေခဲ့ပါတယ်။ တရားမဝင် ယန္တရားများကို စုံစမ်းစစ်ဆေးကာ လူထုက ကျေနပ်အားရမှု မရှိသော်လည်း အရေးယူမှုများ ပြုလုပ်ခဲ့ကြပါတယ်။ မြေစာပုံတွေကို စနစ်တကျပုံဖို့ စီစဉ်လာကြပါတယ်။ အစိုးရအဖွဲ့လည်း ရွေးကောက်ပွဲကြောင့် အပြောင်းအလဲ ဖြစ်လာကြပါတယ်။
ပထမစံချိန်ကို ချိုးခဲ့သည့် မြေပြိုမှုမှာ NLD အစိုးရလက်ထက် ၂၀၂၀ ပြည့်နှစ် ဇူလိုင် ၂ ရက် နံနက် ၆ နာရီကျော်အချိန်တွင် ဝှေခါကျေးရွာ၊ ရပ်ကွက် ၆ ရှိ လခူးချောင်ရှိ ကျောက်မျက်ရွှေပြည်ကုမ္ပဏီ၊ (ဒေသအခေါ် တစ်သုံးလုံး ကုမ္ပဏီ) ကျင်းကမ်းပါး ပြိုကျမှု ဖြစ်ပါတယ်။ လူပေါင်း ၁၇၂ ဦး အထိ စံချိန်တင် သေဆုံးခဲ့ပြီး ၅၄ ဦးဒဏ်ရာများရရှိကာ ၁၉ ဦးပျောက်ဆုံးခဲ့ခြင်းဖြစ်ပါတယ်။ ကျင်းဟောင်းအတွင်းသို့ အဝေးတစ်မိုင်ခန့်မှ အမြင်ပေ ၂၀၀၀ ခန့်ရှိ ကမ်းပါးကြောပြတ်ကျကာ ရေလှိုင်းလုံးကြီးများဖြင့် တစ်ဖက်ကမ်းမှ ကျောက်တူးနေသူများကို ရိုက်ချလိုက်ခြင်းဖြစ်ပြီး သေဆုံးသူအများစုကို ပြန်လည် ရရှိခဲ့ပါတယ်။
အစိုးရက စုံစမ်းရေးကော်မတီဖွဲ့ စုံစမ်းခဲ့ပြီး ရေမဆေးလောပန်း ၁၃ ဦးကို အမှုဖွင့်ခဲ့ပါတယ်။ မြေပြိုရတဲ့ အကြောင်းရင်းမှာ ဂျန်းနစ်ပတ် (ဒေသအခေါ် ကျောက်ပုတ်) ကြောဖြစ်ခြင်းကြောင့် မြေပြိုလွယ်ခြင်း၊ မိုးရေချိန် လက်မ ၃၀ ကျော်ရွာသွန်းခဲ့ခြင်း၊ သတိပေးမှုများ၊ ဆိုင်းဘုတ်များ ရှိသော်လည်း တရားမဝင် ခိုးတူးသူများပြားနေခြင်း၊ လုပ်ကွက်အနေဖြင့် သတ်မှတ်ကာရံထားသော ခြံစည်းရိုး မရှိခြင်း တို့ကြောင့် ဖြစ်ကြောင်း ကော်မတီက သုံးသပ်ခဲ့ပါတယ်။ ပြည်သူတစ်ရပ်က ကျောက်မျက်တူးဖော်ထိန်းချုပ်မှုတွင် မနိုင်မနင်း ဖြစ်မှုကို ပြစ်တင်ဝေဖန်ခဲ့ကြပါတယ်။
ထိုစဉ်က ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်က ဖားကန့်ဒေသမှာ ပြည်နယ်တွင်း ငြိမ်းချမ်းမှုမရှိခြင်း၊ လက်ကိုင်အဖွဲ့စုံက မှီခိုနေတဲ့နေရာဖြစ်နေခြင်း၊ ရွှေ့ပြောင်းလုပ်သား နှစ်သိန်းအထက် ရှိနေခြင်း၊ ကချင်ပြည်နယ်၏ အကြီးမားဆုံး မူးယစ်ဆေးဝါးစျေးကွက် ရှိနေခြင်း၊ ကြီးမားသော သဘာဝပတ်ဝန်းကျင်များ ရှိနေခြင်းကြောင့် ပြဿနာများ ဖြေရှင်းရာမှာ ကြီးမားသော အခက်အခဲများ ဖြစ်နေကြောင်း သုံးသပ်မှုများရှိနေပါတယ်။
ဖားကန့်ဒေသဟာ မြေပြိုလို့တင်မဟုတ် ၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲ ဖြစ်ပြီးနောက်ပိုင်း သတ်ဖြတ်မှုများ ဖြစ်ပွားနေသည်မှာလည် လူဆယ်ချီ သေနေတဲ့ ဒေသတစ်ခုလည်း ဖြစ်ပါတယ်။
''နိုင်ငံရေးအပြောင်းအလဲ ဖြစ်ပြီးနောက် လူပေါင်း ၇၀ ဝန်းကျင် အသတ်ခံရတဲ့ ဒေသ''
လက်နက်အများဆုံးရှိတဲ့ နေရာ၊ လုံခြုံမှုအနည်းဆုံးဖြစ်နေတဲ့ နေရာပြပါဆိုရင်ဖားကန့်ကိုသာ ပြရပေလိမ့်မယ်။ တပ်မတော်၊ ကေအိုင်အေ၊ PDF တွေ ရှိနေကြပါတယ်။ ကျောက်စိမ်းလုပ်ငန်းနဲ့ ပတ်သက်ပြီး ရောက်လာတဲ့ လက်နက်ကိုင်အဖွဲ့တွေ ပေါင်းလိုက်ရင် အတော်မားပါလိမ့်မယ်။
နိုင်ငံရေးအပြောင်းအလဲ ဖြစ်ပြီးနောက် ၂၀၂၁ ခုနှစ် မေ ၂၅ ရက်တွင် ဖားကန့်မြို့နယ်၊ ဆိပ်မူအုပ်စု စပေါ့ကျေးရွာ လူမှုကူညီရေးအသင်းမှ အသက် ၂၅ နှစ်အရွယ်ရှိ မောင်နေမင်းထွန်းမှာ အိပ်ပျော်နေစဉ် နံနက် ၈ နာရီ ဝန်းကျင်ခန့်က ကားတစ်စီးနဲ့ လူတစ်စု ရောက်လာပြီး လာရောက်ပစ်သတ်သွားခဲ့ပါတယ်။ ယင်းနောက် မေ ၃၁ ရက် မွန်းလွဲ ၂ နာရီဝန်းကျင်က ဖားကန့်မြို့နယ်၊ အေးမြသာယာအုပ်စု၊ မနကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင်စိုး (ခ) အိုက်ပီးကို အမည်မသိ လက်နက်ကိုင်လူတစ်စုက ကားနဲ့ လာရောက်ပစ်သတ်ခဲ့ပါတယ်။ ၂၀၂၁ ခု နှစ်အတွင်း ကိုးဦး၊ ၂၀၂၂ ခုနှစ်အတွင်း ဦးရေ ၂၀ ကျော်၊ ၂၀၂၃ ခုနှစ်မှာ ၄၀ ဦးဝန်းကျင် သတ်ဖြတ်ခံရပြီး ဖမ်းဆီးခံရသူ အချို့မှာ ယနေ့အချိန်အထိ သေသည် ရှင်ကို မသိရသေးချေ။
ဖားကန့်မြို့ခံတစ်ဦးက ''ဖားကန့်မှာ လူသတ်တယ်ဆိုတဲ့ကိစ္စက အရင် ငြိမ်းချမ်းရေး မယူခင်ကတည်းကရှိတဲ့ ကိစ္စပါ။ မူးယစ်ဆေးကြောင့်၊ ရာဇဝတ်မှုကြောင့်၊ ကျောက်စိမ်း လုတာကြောင့် အမျိုးမျိုးရှိတယ်။ အဲဒီတုန်းကသက်ဆိုင်သူတွေပဲ ဖြေရှင်းကြတာ။ အခုက အားလုံး ပြုံတိုက်ကြီး။ ငွေလာတောင်းတော့လည်း ဘယ်အဖွဲ့ကမှန်းလည်း မသိ။ အခု လုံးခင်းက မိတ်ဆွေဆိုရင် ဆိုင်မဖွင့်ရဲဘူး။ ကျည်ဆန်တစ်တောင့်နဲ့ စာပို့တယ်လို့ သိရတယ်။ ငွေတောင်းတဲ့စာ။ ခါတိုင်းက KIA ပြီးရင် ပြီးပြီ။ အခုက ဘယ်သူမှ မထိန်းနိုင်ဘူး။ နောက်ဆုံး မှော်လေးတွေမှာ ကျောက်ကောင်းလေး ကြည့်ချင်ရင်တောင်မှ တစ်ယောက်တည်းသွားဖို့ မလွယ်တော့ဘူး။ အခု မြို့မိမြို့ဖတွေ ဖမ်းထားတာ နှစ်ဦးရှိတယ်။ တစ်ယောက်မှလည်း ပြန်မလွှတ်ကြဘူး'' လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၁၇ ရက်ကလည်း ဖားကန့်မြို့၊ လုံးခင်းကျေးရွာတွင် ဖွင့်လှစ်ထားတဲ့Green City KTV မန်နေဂျာ ဖြစ်သူ အသက် ၄၅ နှစ်အရွယ်ရှိ ကိုထွန်းအောင်ကျော်ကို အဖွဲ့တစ်ခု က ပစ်သတ်သွားခဲ့ပါတယ်။ ငွေကြေးကိစ္စတောင်းခံမှုက အစပြုသည်ဟု ဆိုသော်လည်း မည်သူကမှအတိအလင်း ထုတ်ဖော်ခြင်း မပြုကြ။ ယင်းမတိုင်မီ သြဂုတ်လ ၁၆ ရက်ကလည်း သေနတ်ဒဏ်ရာဖြင့်သေဆုံးနေသည့် လူငယ်နှစ်ဦး၏ အလောင်းများကို ယူမာကျေးရွာတွင် တွေ့ရှိခဲ့ရပါတယ်။ဖားကန့်မှာ စျေးအပေါဆုံးကတော့ လူ့အသက်တွေလို့ ဆိုရမလို ဖြစ်နေပါတယ်။
''ရေမဆေးသမားတွေ အခက်ခဲဆုံးနှစ်''
ဖားကန့်ဒေသဟာ ရွှေ့ပြောင်းလုပ်သား သိန်းနှင့်ချီ နှစ်စဉ်ရှိနေဆဲ ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ် အစိုးရက ကောက်ယူထားသော စုရင်းများအရ ဖားကန့်ဒေသမှာ အိမ်ထောင်စု (၃၃၁၂၈) သုံးသောင်းသုံးထောင်ကျော်၊ လူဦးရေ (၃၁၂၅၂၈ ဦး) သုံးသိန်းတစ်သောင်းကျော်၊ ကျေးရွာအုပ်စုပေါင်း ၂၁ စု၊ ကျေးရွာပေါင်း ၁၁၆ ရွာအနက် ၅၄ ရွာသာ ပြည်ထဲရေးအမည်ပေါက်ဖြစ်ပြီး ကျေးရွာ ၆၆ ရွာမှာ ထပ်တိုးရွာများဖြစ်ကြောင်း အစိုးရရုံးမှတ်တမ်းများက ဆို ပါတယ်။ ဒေသတွင်းတစ်ခုလုံး ကျောက်စိမ်းလုပ်ငန်းသာရှိပြီး စိုက်ပျိုးရေးလုပ်ငန်းမှာ အနည်းငယ်သာ လုပ်ကိုင်ကြ ပါတယ်။
၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲကြောင့် မြန်မာနိုင်ငံအလယ်ပိုင်းတွင် ဖြစ်ပေါ်နေသည့် ပဋိပက္ခများကြောင့်လည်း ကျန်ရှိသမျှ လူငယ်တွေအားလုံးကပြည်ပနဲ့ ဖားကန့်ကို ထွက်ပေါက်အဖြစ် ထားနေကြဆဲဖြစ် ပါတယ်။ ဖားကန့်မှာ ပရမ်းပတာ ကြုံရာကျပန်း လာရောက်တူးဖော်နေကြဆဲဖြစ် ပါတယ်။
''ဖားကန့်မှာ နေရင် လူတွေက သေမထူး နေမထူးတွေချည်း ဖြစ်ကုန်ပြီ။ အောက်ပြည် အောက်ရွာပြန်ရင် ဒေသ အများစုက မငြိမ်းချမ်း။ ဒီမှာ ဖြစ်သလို နေကြရတာ။ လက်နက်ကိုင်အဖွဲ့တွေလည်း ဖြတ်လွန်းတယ်ဗျာ။ လောပန်းတစ်စု၊ လက်နက်ကိုင်က တစ်စု၊ ကျွန်တော်တို့တစ်စု စျေးဖြတ်ချင်ရင် သူတို့ကြိုက်တဲ့စျေးဆိုတော့ ကျွန်တော်တို့ အလိုလိုနာတယ်။ တစ်ပိုင်တစ်နိုင်လုပ်ပြန်တော့လည်း ရလာရင် မလုံခြုံဘူး။ ကောက်ရိုးလောပန်းတွေလောက် ဖားကန့်ထဲ ကျန်တာ။ လောပန်းကြီးတွေက ဒီမှာ မရှိတော့ဘူး'' လို့ ဆိုပါတယ်။
ဖားကန့်မှာ လောပန်းကြီးတွေ ကျောက်ထိုင်မဝယ်သည့် အကြောင်းရင်းများတွင် လွန်ခဲ့သည့်လပိုင်းက ဖြစ်ပေါ်ခဲ့သည့် မြောက်ပိုင်းတိုင်းမှူး အပြောင်းအလဲမှာ ဖမ်းဆီးစစ်ဆေး ခံရမှုများရှိခဲ့ခြင်းနဲ့လက်နက်ကိုင် အဖွဲ့အစည်းပေါင်းစုံက နည်းလမ်းပေါင်းစုံဖြင့် ငွေကြေးကောက်ခံနေခြင်းများလည်း ပါဝင်ကြောင်းကျောက်သမားများက ဆိုပါတယ်။ ကျောက်သမားတစ်ဦးက''အများဆုံးက မန္တလေးစုတယ်။ ရန်ကုန်၊မြစ်ကြီးနား၊ပြည်ပတွေအထိရောက်ကြသူတွေ ရှိတယ်။ လူတစ်ရာကျော် မွေးထားနိုင်တဲ့လောပန်း ဖားကန့်မှာ မရှိတော့ဘူး။ ကျောက်စျေးကွက်လည်း မန္တလေး၊ ဖားကန့် ဆက်တိုက်ပျက်နေတာ'' လို့ ဆိုပါတယ်။
ဦးသိန်းစိန် အစိုးရ သတ္တုတွင်းဝန်ကြီးဌာန စာရင်းများအရ ဖားကန့်ဒေသမှာ ပုဂ္ဂလိက ကုမ္ပဏီ ၈၀၈ ခု၊ တစ်ဧက လုပ်ကွက်ပေါင်း ၁၅၆၃၈ ကွက်၊ အကျိုးတူ ကုမ္ပဏီ ၂၂၂ ခု၊ လုပ်ကွက်ပေါင်း ၃၀၂ ကွက် ရှိခဲ့ပါတယ်။ NLD အစိုးရလက်ထက်ပြောင်းတော့ လုပ်ကွက်ကြီးစုပေါင်းကာ စပ်တူလုပ်ငန်းများကို ပိတ်ပင်ကာ ငါးဧက လုပ်ကွက်နဲ့ တစ်ဧက လုပ်ကွက်သာ ထားရှိရန် ပြင်ဆင်ခဲ့ပါတယ်။ တစ်ဧက လုပ်ကွက် သုံးရာကျော်ကိုအိတ်ပိတ် တင်ဒါစနစ်ဖြင့် ရောင်းချရာတွင် လုပ်ကွက် တစ်ရာကျော် ရောင်းချထားရပါတယ်။ လူအင်အား၊ စက်အင်အားအနည်းငယ်နဲ့ တူးဖော်စေချင်ပြီး နောက်လာနောက်သားများအတွက် ကျန်ရှိစေရန် ရည်ရွယ်၍ လုပ်ကွက်
ကြီးများကို ပိတ်သိမ်းလိုက်ရခြင်းဖြစ်ကြောင်း ဥပဒေရေးဆွဲရာတွင် ပါဝင်ခဲ့သူများက ဆိုပါတယ်။ နိုင်ငံရေးအပြောင်းအလဲ ဖြစ်ပြီးနောက်တွင် ဖားကန့်ဒေသရှိ တရားဝင်လုပ်ကွက် အားလုံးကို ပိတ်သိမ်းခဲ့ပါတယ်။ အဲဒီမှာ ယန္တရားကြီးငယ်တွေနဲ့ တရားမဝင်တူးဖော်မှုများ ပြည့်နှက်သွားခဲ့ပါတယ်။
ပရမ်းပတာဖြစ်နေတဲ့ ဖားကန့်ဟာ လောပန်းလောင်းတို့ ပျော်ရာမြေ မဖြစ်တော့သည်မှာ သေချာနေပါတယ်။ ပြောရရင် အသက်ကို လောင်းကြေးထပ်တဲ့ ဒေသတစ်ခုလို့သာ ဆိုနိုင်ပါတယ်။











