အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားသူများနှင့် တွေ့ဆုံဆွေးနွေးရန်မရှိဘဲ တွေ့ဆုံရေးလမ်းကြောင်းသွားနိုင်ရန် ၎င်းတို့အနေဖြင့် အကြမ်းဖက်မှုများအား ရှုတ်ချကြောင်းနှင့် မလုပ်ဆောင်တော့ကြောင်းကို ကမ္ဘာသိ ဝန်ခံကြေညာချက် လိုအပ်ကြောင်း နစက ပြောရေးဆိုခွင့်ရှိသူ ပြောကြား

အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားသူများနှင့် တွေ့ဆုံဆွေးနွေးရန်မရှိဘဲ တွေ့ဆုံရေးလမ်းကြောင်းသွားနိုင်ရန် ၎င်းတို့အနေဖြင့် အကြမ်းဖက်မှုများအား ရှုတ်ချကြောင်းနှင့် မလုပ်ဆောင်တော့ကြောင်းကို ကမ္ဘာသိ ဝန်ခံကြေညာချက် လိုအပ်ကြောင်း နစက ပြောရေးဆိုခွင့်ရှိသူ ပြောကြား
Published 22 August 2023

အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားသူများနှင့် တွေ့ဆုံဆွေးနွေးရန်မရှိဘဲ တွေ့ဆုံရေးလမ်းကြောင်းသွားနိုင်ရန် ၎င်းတို့အနေဖြင့် အကြမ်းဖက်မှုများအား ရှုတ်ချကြောင်းနှင့် မလုပ်ဆောင်တော့ကြောင်းကို ကမ္ဘာသိ ဝန်ခံကြေညာချက်လိုအပ်ကြောင်း နစကပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

နေပြည်တော်တွင် သြဂုတ် ၂၂ ရက် မွန်းလွဲပိုင်းက ပြုလုပ်ခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၂၂) ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲတွင် နစကပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ထိုသို့ထည့်သွင်းပြောကြားခြင်းဖြစ်သည်။

 “နိုင်ငံတော်အစိုးရအဖွဲ့အနေနဲ့ အကြမ်းဖက်အဖွဲ့လို့ ကြေညာထားတဲ့သူတွေနဲ့ တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်း သွားစရာအကြောင်း မရှိပါဘူး။ တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်း သွားနိုင်ဖို့အတွက် အကြမ်းဖက်လို့ ကြေညာခံထားရတဲ့သူတွေသည် နံပါတ်တစ် ကမ္ဘာသိအကြမ်းဖက်လုပ်ရပ်တွေကို မလုပ်တော့ပါဘူးလို့ ဝန်ခံချက်လိုပါတယ်။ နံပါတ်နှစ် အကြမ်းဖက်လုပ်ရပ်တွေကို ရှုတ်ချပါတယ်ဆိုတဲ့ ကမ္ဘာသိကြေညာချက်လိုပါတယ်” ဟု နစကပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

အကြမ်းဖက်သမားများအနေဖြင့် ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များအား မစွန့်လွတ်မချင်း မည်သည့်နိုင်ငံကမျှ တွေ့ဆုံဆွေးနွေးခြင်းမရှိကြောင်းလည်း နစကပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။

“ဘယ်နိုင်ငံမှ အကြမ်းဖက်တွေနဲ့၊ အကြမ်းဖက်လုပ်ရပ်တွေကို မစွန့်လွတ်မချင်း၊ လက်နက်ကိုင်ပြီးတော့ ပြည်သူလူထုကို သတ်ဖြတ်နေတဲ့ မနေ့တစ်နေ့ကတင် ခင်ဗျားတို့ ကျွန်တော်တို့တွေ့ပါတယ်။ မုံရွာမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးကို ရက်ရက်စက်စက် သတ်ဖြတ်သွားတာတွေ၊ စစ်ကိုင်းတိုင်းဘက်မှာပဲ အချုပ်ခန်းထဲမှာ အမျိုးသမီးတစ်ဦးကို အကြိမ်ကြိမ် မုဒိန်းကျင့်ခဲ့တာတွေ ဒီလိုလူမျိုးတွေနဲ့ ဒီလိုလူမျိုးတွေကို ဦးဆောင်နေတဲ့ သူတွေနဲ့ အကြမ်းဖက်သမားတွေနဲ့ ကျွန်တော်တို့ တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းကို လျှောက်လှမ်းစရာအကြောင်းတော့ မရှိပါဘူး” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

နစကအနေဖြင့် ပြည်တွင်းငြိမ်းချမ်းရေးရရှိရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ဆောင်ရွက်နေမှုများ၊ နိုင်ငံရေးတည်ငြိမ်မှုရရှိစေရေးအတွက် နိုင်ငံရေးပါတီများနှင့် တွေ့ဆုံဆွေးနွေးမှုများ၊ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်နေသော လုပ်ငန်းစဉ်များကို အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း နစက ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။