(၁) ဇွန်လ ၂၈ ရက်နေ့က အီလီနွိုက် ပြည်နယ်၊ ချီကာဂိုတွင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ပရိသတ်ကို မိန့်ခွန်းပြောကြားရာ၌ “ဘိုင်ဒန်နော မစ်” ဝေါဟာရအကြောင်းကိုပါ ရှင်း ပြခဲ့သည်။ အီကိုနောမစ် (Economics) ဝေါဟာရရှေ့တွင် ရှေ့ဆက်ပုဒ်အဖြစ် ၎င်း၏အမည်ကိုတွဲ၍ ဘိုင်ဒန်နောမစ် (Bidenomics) ဟူသော ဝေါဟာရသစ်ဖြင့် အမေရိကန်စီးပွားရေးနှင့်ပတ်သက်၍ ၎င်း၏အယူအဆကို လူသိရှင်ကြားအသိပေးလိုက်ခြင်းဖြစ်သည်။ ဘိုင်ဒန် နောမစ်အယူအဆတွင် (၁) အမေရိကန် စီးပွားရေးအဆောက်အအုံထဲ၌ သစ်လွင်သော ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခြင်း၊ (၂) အမေရိကန်အလုပ်သမားများအား လေ့ကျင့်မှုများပြုလုပ်ပေးခြင်းနှင့် (၃) စွမ်းဆောင်ရည် မြှင့်တင်ပေးခြင်း၊ ယှဉ်ပြိုင်လုပ်ကိုင်မှုများ မြှင့်တင်ပေးခြင်းတို့ပါဝင်သည်။
သမ္မတဂျိုးဘိုင်ဒန်သည် ၂၀၂၄ ရွေးကောက်ပွဲအတွက် ၎င်း၏အကောင်အထည်ဖော်မည့် အစီအစဉ်များကို အသုံးချနေသည်ဟုလည်း ဆိုနေကြသည်။
(၂) ၁၉၈၀ ပြည့်လွန်နှစ်များက အမေရိကန်သမ္မတ ရော်နယ်လ်ရေဂင် (Ronald Reagan) ကို အကြောင်းပြု၍ ရေဂင်နောမစ် (Reagannomics) ပေါ်ပေါက်ခဲ့ဖူးသည်။ သမ္မတ ရော်နယ်လ်ရေဂင်၏ ရောင်းလိုအားဘက် အခြေပြုထားသော ဘောဂဗေဒ အိုင်ဒီယာကို အခြေခံသည့် စီးပွားရေးအယူအဆဖြစ်သည်။ အစိုးရ အသုံးစရိတ် လျှော့ချရေး၊ ဝင်ငွေခွန်လျှော့ပေါ့ရေး၊ အစိုးရ၏စည်းမျဉ်းစည်းကမ်းများ သတ်မှတ်မှုလျှော့ချရေးတို့ပါဝင်သည်။ ၁၉၈၁ ခုနှစ်က အမေရိကန်သမ္မတ ရော်နယ်လ်ရေဂင် အိမ်ဖြူတော်သို့ပြောင်းလာပြီး လပိုင်းကာလများအတွင်း ရေဂင်နောမစ် (ျွနေါညေသာငချ) အယူအဆနှင့် ပတ်သက်၍ ဆွေးနွေး ငြင်းခုံမှုများ စတင်ခဲ့ကြသည်။
(၃) ရေဂင်နောမစ် (Reaganomics) ကဲ့သို့ပင် ဘိုင်ဒန်နောမစ် (Bidennomics) သည် အစဉ်အလာ စီးပွားရေးအယူအဆများကို ပယ်ချသည်။ သမ္မတ နှစ်ဦး၏ စီးပွားရေး အယူအဆနှစ်မျိုးစလုံးသည် နိုင်ငံ့စီးပွားရေး၏ ရောင်းလိုအားဘက်ကို ချဲ့ထွင်ရေးနှင့် ယှဉ်ပြိုင်မှု၏ အခန်းကဏ္ဍကို ပြန်လည်ပုံဖော်ရေးအတွက် သီအိုရီသစ်များဖြင့် ချဉ်းကပ်ခြင်း ဖြစ်သည်။ ယခု ဘိုင်ဒန်နောမစ်အယူအဆ အောင်မြင်ရန်မှာ ရေဂင်နောမစ်အယူအဆကို ကျင့်သုံးချိန်က ပြုလုပ်ခဲ့သကဲ့သို့ စီမံချက်များကို အသေးစိတ်လုပ်ဆောင်ရန် လိုအပ်သည်ဟု ဆိုသည်။
အမှန်တွင် ရောဂင်နောမစ်နှင့် ဘိုင်ဒန်နောမစ် စီးပွားရေးအယူအဆ နှစ်ရပ်စလုံးသည် အမေရိကန်နိုင်ငံ၏ ပါတီကြီးနှစ်ခုဖြစ်သော ဒီမိုကရက်တစ်နှင့် ရီပတ်ပလီကန်တို့ဆုပ်ကိုင်ထားသည့် စီးပွားရေးအယူအဆများကို စွန့်ပယ်ခဲ့ကြသည်ဟု သုံးသပ်ကြသည်။ ရေဂင်နောမစ်သည် စီးပွားရေးပညာရှင် ကိန်းစ်၏
လစ်ဘရယ်ဝါဒ (Keynesisan liberalism ) ကို လက်မခံ။ ဘိုင်ဒန် နောမစ်သည်လည်း လွန်ခဲ့သည့်နှစ် ၃၀ လောက်ကတည်းက တွင်တွင်ကျယ်ကျယ်ရှိနေခဲ့သည့် စျေးကွက် ဗဟိုပြု ဂလိုဘယ်လိုက်ဇေးရှင်း အယူအဆကို ပစ်ပယ်လိုက်သည်ဟု ယူဆ ကြသည်။
ပြီးခဲ့သည့် ဧပြီလကလည်း သမ္မတဂျိုးဘိုင်ဒင်၏ အမျိုးသား လုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန် (Jake Sullivan) က အမေရိကန်ပြည်တွင်းနှင့် ကမ္ဘာတစ်ဝန်းရှိ အမေရိကန်၏မိတ်ဖက်နိုင်ငံများကြားတွင် ခေတ်မီစက်မှုလုပ်ငန်းနှင့် ဆန်းသစ်တီထွင်မှု မဟာဗျူဟာလုပ်ဆောင်နိုင်ရေးအတွက် “သဘောတူညီမှုအသစ်”ရှိနေပြီဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သေးသည်။
(၄) ရေဂင်နောမစ်က ကိန်းစ်၏အယူအဆကို ငြင်းပယ်သကဲ့သို့ပင် ဘိုင်ဒန်နောမစ်သည်လည်း အစဉ်အလာလက်ခံခဲ့သော စီးပွားရေးသီအိုရီများကို လျစ်လျူရှုလျက် သမ္မတဂျိုး ဘိုင်ဒင်၏ ပြောင်းလဲနေသော အမြင်များနှင့် လက်ငင်းလိုအပ်သော နိုင်ငံရေးဦးစားပေးမှုများ ထင်ဟပ်လျက်ရှိသည်။ ဤသို့ဆိုလျှင် အနှောင်အဖွဲ့ မရှိ၊ လွတ်လပ်သော ကမ္ဘာ့ကုန်သွယ်ရေးသည် သဟဇာတဖြစ်သော၊ ငြိမ်းချမ်းသော၊ ကမ္ဘာလုံးဆိုင်ရာ ဒီမိုကရက်တစ် အစီအစဉ် ဖန်တီးနိုင်ခဲ့ ခြင်းမရှိသည့် အခြေအနေ ဖြစ်လာသည့်သဘောဖြစ်သည်။ မျှော်လင့်ထားသည့်ရလဒ်များ ဖြစ်မလာခဲ့ဘဲ အားနည်းသော ရောင်းလိုအားကွင်းဆက်များ၊ အမျိုးသားအဆင့် လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများဖြစ်လာခဲ့ပြီး ကမ္ဘာ့နိုင်ငံအများအပြားသည် ဆင်းရဲ မွဲတေမှုနှင့် စီးပွားရေးအထီးကျန် ဖြစ်မှုဆီသို့ တွန်းပို့ခြင်းခံခဲ့ရလေ သည်။
ဘိုင်ဒန်နောမစ် (Bidennomics) ကိုကျင့်သုံးခြင်းမှာ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုဆီသို့ ဦးတည်နိုင်ရန် ပိုမိုခိုင်မာသောရပ်တည်ချက်ဖြင့် လုပ်ဆောင်ရန်ဖြစ်သည်။ ရင်းနှီးမြှုပ်နှံမှုများကို အင်နှင့်အားနှင့် တွန်းအားပေးခြင်းဖြင့် သဘာဝပတ်ဝန်းကျင်ကို မထိခိုက်သော စွမ်းအင်ကဏ္ဍနှင့် ထုတ်လုပ်မှုကဏ္ဍများဆီသို့ အရောက်သွားမည်ဖြစ်သည်။
(၅) ရေဂင်နောမစ်နှင့် ဘိုင်ဒန်နောမစ် အယူအဆနှစ်ရပ်စလုံးသည် စီးပွားရေးအဆောက်အအုံ၏ ရောင်းလိုအားဘက်နှင့်ပတ်သက်၍ အစိုးရ၏ အပြောင်းအလဲ လုပ်ဆောင်မှုများကို ကိုယ်စားပြုနေသည်။ သမ္မတ ရော်နယ်ရေဂင်လက်ထက်၊ အစောပိုင်းကာလများက ကော်ပိုရေးရှင်းများနှင့် စီးပွားရေးလုပ်ငန်းများ အပေါ်ကောက်ခံသည့် အခွန်နှုန်းနှင့် ထပ်တိုးဝင်ငွေအပေါ်ကောက်ခံသည့် အခွန်နှုန်းတို့ကို လျှော့ချနိုင်ရန် အလေးထားလုပ်ဆောင်ခဲ့ကြသည်။
သမ္မတဂျိုးဘိုင်ဒင် လက်ထက်တွင် ထိုသို့မဟုတ်။ ရောင်းလိုအားဘက်တွင် အခြေအနေကောင်းနေချိန်၌ ရင်းနှီးမြှုပ်နှံမှုတွင်လည်းကောင်း၊ အလုပ်သမားများ အကာအကွယ်ပေးမှုများတွင်လည်းကောင်း အစိုး၏အခန်းကဏ္ဍအပေါ် အလေးအနက်ထားခဲ့သည်။ ၂၀၂၂ ခုနှစ် ဇန်နဝါရီလက အမေရိကန်ဘဏ္ဍာရေး ဝန်ကြီး ဂျနက် ယဲလ်လန်း (Janet Yellen) ပြောစကားအရ ယနေ့ခေတ် ရောင်းလိုအား အခြေပြုဘောဂဗေဒ (modern supply-side economics) အယူအဆတွင် လုပ်သားအင်အား၊ လူသားအရင်းအနှီး၊ အများပြည်သူနှင့်သက်ဆိုင်သည့် အခြေခံအဆောက်အအုံ၊ သုတေသနနှင့်ဖွံ့ဖြိုးမှုနှင့် ရေရှည် တည်တံ့သော သဘာဝ ပတ်ဝန်းကျင်ရေးရာကိစ္စများ၌ ရင်းနှီးမြှုပ်နှံမှုများ ဦးစားပေးမည်ဖြစ်သည်။
(၆) နောက်ထပ်တူညီမှုများမှာ သမ္မတများ၏ လုပ်ငန်းတာဝန် ရှေ့နောက်ဆက်စပ်မှုများနှင့် အကျိုးသက်ရောက်မှုများဖြစ်သည်။ သမ္မတ ရော်နယ်ရေဂင် ပြုလုပ်ခဲ့သည့် အပြောင်းအလဲအချို့ကို စတင်အကောင်အထည်ဖော်ခဲ့သူမှာ ၎င်းမတိုင်ခင်က သမ္မတတာဝန်ယူခဲ့သည့် ဂျင်မီကာတာ (Jimmy Carter) ဖြစ်သည်ဟု သမိုင်းပညာရှင်များက ရှုမြင်ခဲ့ကြသည်။ ထို့အတူ သမ္မတဂျိုးဘိုင်ဒင် အကောင်အထည်ဖော်ရာ၌ အဆင်မပြေ၊ ဟန်ပန်မကျသော အားထုတ်မှုများသည်လည်း ၎င်း၏ရှေ့တွင် တာဝန်ယူခဲ့သော သမ္မတ ဒေါ်နယ်လ်ထရန့် (Donald Trump) စမ်းတဝါးဝါးလုပ်ခဲ့သည့် ကုန်သွယ်ရေးမူဝါဒများ၏ အကျိုးသက်ရောက်မှုဖြစ်သည်ဟု ရှုမြင်နေကြလိမ့်မည်။
(၇) နိုင်ငံ့စီးပွားရေးတိုးတက်မှုကို မြှင့်တင်နိုင်ရေးအတွက် အစိုးရ အသုံးစရိတ်ကြီးထွားမှု နှေးကွေးစေရန်၊ လုပ်အားနှင့် ငွေကြေးအရင်း အနှီးနှစ်ခုစလုံးအပေါ်တွင် အခွန် နှုန်းထားများ လျှော့ချရန်၊ အစိုးရ စည်းမျည်းစည်းကမ်းများ လျှော့ချရန်နှင့် ငွေဖောင်းပွမှုနှုန်းကျဆင်းစေရန် ငွေကြေးပမာဏကိုလျှော့ချရန် လိုအပ်သည့်ဟုယူဆထားသော စီးပွားရေးအိုင်ဒီယာ ရေဂင်နောမစ် (Reaganomics) ပတ်သက်၍ ဆွေးနွေးငြင်းခုံနေကြဆဲဖြစ်သည်။
ကမ္ဘာ့ထိပ်တန်းစီးပွားရေးနိုင်ငံများတွင် အမေရိကန်သည် ကပ်ရောဂါဖြစ်ပွားပြီးနောက်ပိုင်း စီးပွားရေး တိုးတက်မှုနှုန်း အမြင့်ဆုံးဖြစ်ကြောင်း၊ ငွေကြေး ဖောင်းပွမှုလက်ရှိ အခြေအနေမှာ အနိမ့်ဆုံးဖြစ်ကြောင်း၊ ထိုအခြေအနေများသည် မတော်တဆဖြစ်လာသည်မဟုတ်၊ ဘိုင်ဒန်နောမစ် (Bidenomics) ကြောင့်ဖြစ်လာသော ရလဒ်များသာ ဖြစ်ကြောင်း သမ္မတ၏ အိမ်ဖြူတော် အရာရှိများထံမှ ကြားနေရသည်။ သို့သော် စားဝတ်နေရေးအတွက် ဝင်ငွေနှင့်အသုံးစရိတ် အလျင်မီစေရန် မနည်းအားထုတ်နေရသည့် နိုင်ငံ့သား ဦးရေ ၆၀ ရာခိုင်နှုန်းခန့် ( ၂၀၂၃ ခုနှစ် ဧပြီလ ခန့်မှန်းချက်အရ) ရှိနေသည့် အမေရိကန် စီးပွားရေးအဆောက်အအုံအတွင်း၌ လွန်ခဲ့သော နှစ် ၄၀ ကျော်က ရေဂင်နောမစ် (Reaganomics) အယူအဆများကို ပြန်လည်မျှော်လင့်နေသူများလည်း ရှိနေသည်။
Ref: Bidenomics vs Reaganomics