လာမည့်ရွေးကောက်ပွဲများတွင် ကျင့်သုံးလာနိုင်သည့် အီလက်ထရွန်နစ် မဲပေးစနစ်

လာမည့်ရွေးကောက်ပွဲများတွင် ကျင့်သုံးလာနိုင်သည့် အီလက်ထရွန်နစ် မဲပေးစနစ်
မြန်မာအီလက်ထရွန်နစ် မဲပေးစက်နှင့်စပ်လျဉ်း၍ ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းကို သြဂုတ် ၁၄ ရက်က နေပြည်တော်ရှိ  ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်စဉ်
မြန်မာအီလက်ထရွန်နစ် မဲပေးစက်နှင့်စပ်လျဉ်း၍ ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းကို သြဂုတ် ၁၄ ရက်က နေပြည်တော်ရှိ  ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်စဉ်
Published 20 August 2023

ဇူလိုင် ၃၁ ရက်က နေပြည်တော် တွင် ကျင်းပခဲ့သည့် အမျိုးသားကာ ကွယ်ရေးနှင့် လုံခြုံရေးကောင်စီအ စည်းအဝေး (၂/၂၀၂၃) တွင် နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရွေးကောက်ပွဲကျင်းပမှုနှင့် ပတ်သက်ပြီး အခင်းအကျင်းနှစ်ခု ထွက်ပေါ်လာနိုင်ကြောင်း ပြောကြားခဲ့သည်။

ပထမတစ်ခုအနေဖြင့် လတ်တလော လက်နက်ကိုင်တိုက်ခိုက်မှု၊ မတည်ငြိမ်မှုများ ဖြစ်ပေါ်လျက်ရှိသည့် ဒေသများကို ချန်လှပ်ပြီး ရွေးကောက်ပွဲကျင်းပခြင်းနှင့် ဒုတိယတစ်ခုအနေဖြင့် ရွေးကောက်ပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မဖြစ်မနေ ပြုလုပ်ခြင်းဖြစ်ကြောင်း နစကဥက္ကဋ္ဌက ပြောကြားသည်။

နစကဥက္ကဋ္ဌက ရွေးကောက်ပွဲကျင်းပမှုနှင့်ပတ်သက်ပြီး အခင်းအကျင်းနှစ်ခု ထွက်ပေါ်လာနိုင်ကြောင်း ပြောကြားပြီး မကြာမီမှာပင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က မြန်မာအီလက်ထရွန်နစ်မဲပေးစက်နှင့်စပ်လျဉ်း၍ ဝန်ကြီးဌာနများကို ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းကို ပြုလုပ်ခဲ့သည်။

လာမည့်ရွေးကောက်ပွဲများတွင် ဆန္ဒမဲလက်မှတ်များ ဖောင်းပွမှုမရှိစေရေးနှင့် မဲမသမာမှုများ တားဆီးကာကွယ်နိုင်ရေးအတွက် မြန်မာအီလက်ထရွန်နစ်မဲပေးစက်ဖြင့် ဆန္ဒမဲပေးနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း UEC က ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလကတည်းက ပြောကြားထားသည်။

ပြည်​ထောင်စု​ရွေး​ကောက်ပွဲ​ကော်မရှင်အ​နေဖြင့် မဲဆန္ဒရှင်များ၏ ဆန္ဒမဲများ ​လေလွင့်ဆုံးရှုံးမှုမဖြစ်စေ​ရေး၊ ​ရွေးကောက်ပွဲလုပ်ငန်းစဉ်များ တိကျလွယ်ကူမြန်ဆန်​စေ​ရေး၊ ​ရွေး​ကောက်ပွဲအတွက် နိုင်ငံ​တော်၏ ကုန်ကျစရိတ်များ ​လျှော့ချနိုင်​​ရေး၊ ​ရွေး​ကောက်ပွဲနှင့်စပ်လျဉ်းသည့် နည်းပညာအခန်းကဏ္ဍများ တိုးတက်မြင့်မားလာ​ရေး၊ ဆန္ဒမဲလက်မှတ်များ ​ဖောင်းပွမှုမရှိ​စေရေးနှင့် မဲမသမာမှုများ တားဆီးကာကွယ်နိုင်ရေးအတွက် ​ရွေး​ကောက်ပွဲများတွင် မြန်မာအီလက်ထ​ရွန်နစ်မဲ​ပေးစက်ဖြင့် ဆန္ဒမဲ​​ပေးနိုင်စေရန် ​ဆောင်ရွက်လျက်ရှိ​ကြောင်း UEC က ​ပြောကြားထားသည်။

ပြည်​ထောင်စု​ရွေး​ကောက်ပွဲ​ကော်မရှင်အ​နေဖြင့် ​ကျင်းပမည့် ​ရွေး​ကောက်ပွဲများတွင် အချိုးကျကိုယ်စားပြုစနစ်(PR)ကို ကျင့်သုံး​ဆောင်ရွက်သွားမည်ဖြစ်ပြီး ယင်းစနစ်၏ အဓိက အားသားချက်သည် မဲဆန္ဒရှင်များ၏ ဆန္ဒမဲများ ​လေလွင့်ဆုံး ရှုံးမှုမရှိခြင်းဖြစ်​ကြောင်းနှင့် လက်ရှိတွင် ​ဆောင်ရွက်နေသည့် မြန်မာအီလက်ထ​ရွန်နစ် မဲပေးစက်ဖြင့် ဆန္ဒမဲ​ပေးခြင်းသည် ပယ်မဲများဖြစ်ပေါ်ခြင်း၊ ဆန္ဒမဲလက်မှတ်များ ​ပျောက်ဆုံးခြင်း အစရှိသည့်ကိစ္စရပ်များ ဖြစ်ပေါ်မည် မဟုတ်သည့်အတွက် မဲဆန္ဒရှင်များ၏ ဆန္ဒမဲများ ​လေလွင့်ဆုံးရှုံးမှု မရှိ​စေ​ရေး ကြိုတင်ကာကွယ်နိုင်မည် ဖြစ်ကြောင်း UEC က ဆိုသည်။

ထို့ပြင် ​ရွေး​ကောက်ပွဲများ ကျင်းပရာတွင် ​ရွေး​ကောက်ပွဲ တစ်ကြိမ် နှင့်တစ်ကြိမ် သန်း​ပေါင်းများစွာ​သော ဆန္ဒမဲလက်မှတ်များ ရိုက်နှိပ်ရခြင်းအတွက် ကုန်ကျစရိတ်မြင့်မားခြင်းအပြင် ဆန္ဒမဲလက်မှတ်များ ​ဖောင်းပွမှုရှိခြင်း၊ မဲရုံ​ပေါင်း ​လေး​သောင်း​ကျော်အတွက် လွှတ်​တော်သုံးရပ်နှင့် တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်များအတွက် တိုင်းရင်းသားလူမျိုးအလိုက် မဲပုံးများနှင့် ဆန္ဒပြုတံဆိပ်တုံးများ၊ ဆာလာအိတ်များ အစရှိသော မဲရုံ သုံးပစ္စည်းများ ဝယ်ယူရခြင်းသည် နိုင်ငံ​တော်အတွက် ကုန်ကျစရိတ် ကြီးမြင့်ခြင်း​ကြောင့် မြန်မာအီလက်ထ​ရွန်နစ်မဲပေးစက်ဖြင့် ​ဆောင်ရွက် မည်ဆိုပါက ကနဦး တီထွင်​တည် ဆောက်ထုတ်လုပ်သည့် ကုန်ကျစရိတ်သာရှိမည်ဖြစ်ပြီး ​နောင်​ရွေး​ကောက်ပွဲများတွင်လည်း ဆက်လက်အသုံးပြုသွားနိုင်မည်ဖြစ်​ကြောင်း UEC က ထုတ်ပြန်ထားသည်။

သမားရိုးကျ ​ရွေး​ကောက်ပွဲများတွင် ဆန္ဒမဲ​ပေးခြင်းပြီးဆုံးပါက ဆန္ဒမဲရလဒ်​ရေတွက်ခြင်းကို မဲရုံးမှူးနှင့် မဲရုံအဖွဲ့ဝင်များက အချိန်တစ်ခုယူ၍ ​ရေတွက်ကြရပြီး မြန်မာအီလက်ထ​ရွန်နစ်မဲ​ပေးစက်ဖြင့် ​ဆောင်ရွက်မည် ဆိုပါက ဆန္ဒမဲ​ပေးခြင်း ပြီးဆုံးသည်နှင့် တစ်ပြိုင်နက် ဆန္ဒမဲရလဒ်များကို  ထုတ်ယူရရှိနိုင်မည်ဖြစ်​ကြောင်း၊ မဲဆန္ဒရှင်များအ​နေဖြင့်လည်း ခလုတ် တစ်ခု နှိပ်ရုံမျှဖြင့် လွယ်လင့်တကူ ဆန္ဒပြုနိုင်မည်ဖြစ်သကဲ့သို့ မိမိရွေးချယ်သည့်အတိုင်း မှန်ကန်မှု ရှိ မရှိကိုလည်း စိစစ်ကြည့်ရှုနိုင်မည်ဖြစ်​ကြောင်း UEC က ဆိုသည်။

မြန်မာအီလက်ထ​ရွန်နစ်မဲ​ပေးစက်သည် အင်တာနက် သို့မဟုတ် ကွန်ရက်တစ်ခုခုဖြင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရန် တည်ဆောက်ထားခြင်း မရှိသည့်အတွက် ကွန်ပျူတာနည်းပညာအသုံးပြု၍ ပြင်ပမှတိုက်ခိုက်မှုများ ပြုလုပ်ခြင်းဖြင့် ဆန္ဒမဲရလဒ်များအား မသမာမှု ပြုလုပ်နိုင်မည် မဟုတ်ကြောင်း၊ ထို့အတူ မြန်မာအီလက်ထရွန်နစ် မဲ​ပေးစက် အသုံးပြု၍ မဲ​ပေးခြင်းဖြင့် မှန်ကန်တိကျသည့် ရလဒ်များ ရရှိမည်ဖြစ်ပြီး ယင်းစနစ်သည် လျှပ်စစ်မီးအ​ပေါ် မှီခိုမှုမရှိသည့်အတွက် ​နေရာ​ဒေသမ​ရွေး အသုံးပြုနိုင်ရန် စီစဉ်​ဆောင်ရွက်နိုင်ကြောင်း UEC က ပြောကြားထားသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၉ ရက်ကလည်း မြန်မာအီလက်ထ​ရွန်နစ်မဲ​ပေးစက်  (Myanmar Electronic Voting Maching (MEVM)) တည်ဆောက်ထားရှိမှုနှင့်ပတ်သက်၍  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ရှင်းလင်းတင်ပြခဲ့သည်။

ရှင်းလင်းတင်ပြပွဲသို့ နစကဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ နစကအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ နစကအဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

ရှင်းလင်းတင်ပြပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူတစ်ဦးက (Myanmar Electronic Voting Maching (MEVM)) စမ်းသပ်တည်ဆောက်ထားရှိမှုနှင့်ပတ်သက်၍ ထိန်းချုပ်စက် (Control Unit)၊ ဆန္ဒပြုစက် (Ballonting Unit-Main, Extension)၊ ဆန္ဒပြုစက်မှန်ကန်မှု ရှိ မရှိ ပြသသောစက်(Verification Unit)၊ မဲပုံးနှင့် ဘထ္ထရီများဖွဲ့စည်းတည်ဆောက်ထားရှိမှု၊ ထည့်သွင်းအသုံးပြုထားသည့်စက်များနှင့် အသုံးပြုရခြင်း ရည်ရွယ်ချက်များ၊ သုံးသပ်အကြံပြုတင်ပြချက်များ၊ အရေအတွက် အများအပြား ထုတ်လုပ်ရန်အတွက် ပြင်ဆင်ရမည့်အချက်များ၊ လိုအပ်ချက်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသူများသည် စမ်းသပ်တည်ဆောက်ထားသည့် (Myanmar Electronic Voting Maching (MEVM)) ဖြင့် စမ်းသပ်မဲပေးမှုကိုကြည့်ရှုကြပြီး နစကဥက္ကဋ္ဌက လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။

ဝန်ကြီးဌာနများအား ရှင်းလင်းပြသ

မြန်မာအီလက်ထ​ရွန်နစ်မဲ​ပေးစက် (Myanmar Electronic Voting Maching (MEVM)) တည်ဆောက်ထားရှိမှုနှင့်ပတ်သက်၍ နစကဥက္ကဋ္ဌအား ရှင်းလင်းတင်ပြပြီး ခြောက်လအကြာတွင် UEC အနေဖြင့် မြန်မာ အီလက်ထရွန်နစ် မဲပေးစက်နှင့်စပ်လျဉ်း၍ ဝန်ကြီးဌာနများကို ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းကို ပြုလုပ်ခဲ့သည်။

မြန်မာအီလက်ထရွန်နစ် မဲပေးစက်နှင့်စပ်လျဉ်း၍ ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းကို သြဂုတ် ၁၄ ရက်က နေပြည်တော်ရှိ  ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန  အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

ယင်းအခမ်းအနားသို့ နစကအဖွဲ့ဝင်နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန (၁) ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်လွင်ဦးနှင့် ဦးကိုကိုလွင်၊ ကော်မရှင်ရုံးမှ တာဝန်ရှိသူများနှင့် ဝန်ကြီးဌာနမှ အရာထမ်း အမှုထမ်းများ တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးကိုကိုလွင်က မြန်မာအီလက်ထရွန်နစ်မဲပေးစက် (MEVM) နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောပြောကြားခဲ့ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူက (Myanmar Electronic Voting Maching (MEVM)) စမ်းသပ်တည်ဆောက်ထားရှိမှုနှင့်ပတ်သက်၍ ထိန်းချုပ်စက် (Control Unit)၊ ဆန္ဒပြုစက် (Ballot Unit)၊ ဆန္ဒပြုချက် မှန်ကန်မှု ရှိ မရှိ ပြသသောစက် (Verification Unit)၊ မဲပုံးနှင့် ဘက်ထရီများ ဖွဲ့စည်းတည် ဆောက်ထားရှိမှု၊ ထည့်သွင်းအသုံးပြုထားသည့် စက်များနှင့် အသုံးပြုရခြင်း ရည်ရွယ်ချက်များ၊ မဲပေးစက်မှ မဲရလဒ်များ ထုတ်ယူရေတွက်ခြင်း၊ မဲပေးစက်ကို ထုပ်ပိုးသိမ်းဆည်းခြင်း နှင့် မဲပေးစက်လုံခြုံစိတ်ချရမှုများကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

ထို့နောက် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်လွင်ဦးက မြန်မာအီလက်ထရွန်နစ် မဲပေးစက် (MEVM) တည်ဆောက်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြခဲ့သည်။

မြန်မာအီလက်ထရွန်နစ်မဲပေးစက်နှင့်စပ်လျဉ်း၍ နစကအဖွဲ့ဝင်၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်တို့က ဖြည့်စွက်အကြံပြု ဆွေးနွေးခဲ့ကြောင်း သိရသည်။

ယင်းအခမ်းအနားသို့ တက်ရောက်လာသည့် တာဝန်ရှိသူများနှင့် အရာထမ်း၊ အမှုထမ်း ၈၆ ဦးတို့က မြန်မာအီလက်ထရွန်နစ် မဲပေးစက်ကို လေ့လာကြည့်ရှုပြီး လက်တွေ့အသုံးပြု၍ စမ်းသပ်မဲပေးခြင်းများကို ဆောင်ရွက်ခဲ့သည်။

ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှ တာဝန်ရှိသူများသည် စက်မှုဝန်ကြီးဌာနသို့ သွားရောက်ပြီး မြန်မာအီလက်ထရွန်နစ် မဲပေးစက်နှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းများကို ဆောင်ရွက်ခဲ့ရာ အရာထမ်း၊ အမှုထမ်း ၈၅ ဦး တက်ရောက်၍ လက်တွေ့မဲပေးခြင်းများ ဆောင်ရွက်ခဲ့သည်။

ထို့အတူ မြန်မာအီလက်ထရွန်နစ် မဲပေးစက်နှင့်စပ်လျဉ်းပြီး ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းကို သြဂုတ် ၁၅ ရက်က ပြည်ထောင်စုရာထူးဝန်အဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပြီး ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးအောင်သော်နှင့်အဖွဲ့ဝင်များ၊ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့သည်။

ထို့ပြင် ယင်းနေ့မွန်းလွဲပိုင်း၌ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီးများ၊ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ပြီး  လက်တွေ့မဲပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်လွင်ဦးနှင့် ဦးကိုကိုလွင်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှ တာဝန်ရှိသူများက ရှင်းလင်းဆွေးနွေး၍ စမ်းသပ်မဲပေးခြင်းများကို ဆောင်ရွက်ခဲ့ကြပြီး သရုပ်ပြပွဲသို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ အရာထမ်း၊ အမှုထမ်း ၂၁၅ ဦး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်း ၂၆၄ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

(Myanmar Electronic Voting Maching (MEVM)) စက်သည် ထိန်းချုပ်စက် (Control Unit)၊ ဆန္ဒပြုစက် (Ballot Unit)၊ ဆန္ဒပြုချက် မှန်ကန်မှု ရှိ မရှိ ပြသသောစက် (Verification Unit)၊ မဲပုံးနှင့် ဘက်ထရီများ ဖွဲ့စည်း တည်ဆောက်ထားရှိပြီး မဲပေးစက်မှ မဲရလဒ်များ ထုတ်ယူရေတွက်ခြင်း၊ မဲပေးစက်ကို ထုပ်ပိုးသိမ်းဆည်းခြင်းနှင့် မဲပေးစက်၏ လုံခြုံစိတ်ချရမှုအပိုင်းနှင့်စပ်လျဉ်း၍ ၎င်းမဲပေးစက်သည် အင်တာနက်၊ ၀ိုင်ဖိုင်၊ Bluetooth စနစ်များ ပါဝင်မှုမရှိခြင်း၊ ကွန်ပျူတာများကဲ့သို့ ဝင်းဒိုးစနစ်များ ပါဝင်မှုမရှိခြင်း၊ USB Output စနစ်များ ပါဝင်မှုမရှိခြင်းတို့ကြောင့် အလွန်ရိုးရှင်းပြီး လုံခြုံစိတ်ချရသော စနစ်ဖြစ်ကြောင်း UEC မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယင်းမဲပေးစက်ကို အသုံးပြုမဲပေးခြင်းဖြင့် မဲပေးရာတွင် မဲဆန္ဒရှင် ပြည်သူများအတွက် ပိုမိုရှင်းလင်းလွယ်ကူပြီး မဲရလဒ်များကိုလည်း  တိကျမှန်ကန်စွာဖြင့် ရေတွက်နိုင်မည်ဖြစ်ကြောင်း၊ စက်ဖြင့် မဲပေးခြင်းဖြင့် မဲလက်မှတ်များ ရိုက်နှိပ်ဖြန့်ဝေဆောင်ရွက်ရာတွင် ဖြစ်ပေါ်ခဲ့ရသော မဲမသမာမှုများ မဖြစ်ပေါ်နိုင်သည့်အပြင် ပယ်မဲများ မရှိတော့သည့်အတွက် မဲဆန္ဒရှင်များ၏မဲများ ပယ်မဲကြောင့် အဟောသိကံဖြစ်ခဲ့ရခြင်းများလည်း မရှိနိုင်တော့သည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်း UEC မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

သြဂုတ် ၁၆ ရက်တွင်လည်း မြန်မာအီလက်ထရွန်နစ် မဲပေးစက်နှင့်စပ်လျဉ်းပြီး ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းကို အလုပ်သမားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်နှင့် ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့သည်။

ထို့ပြင် ယင်းနေ့ မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ဆက်လက်ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းနှင့် ဒုတိယဝန်ကြီး ဦးစိုးကြည်၊ အရာထမ်း၊ အမှုထမ်းများ တက်ရောက်၍ လက်တွေ့မဲပေးခြင်းများ ဆောင်ရွက်ခဲ့သည်။

အခမ်းအနားတွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးအောင်လွင်ဦးနှင့် ဦးကိုကိုလွင်၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံး တာဝန်ရှိသူများက မြန်မာအီလက်ထရွန်နစ်မဲပေးစက်နှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပြီး စမ်းသပ်မဲပေးခြင်းများ ဆောင်ရွက်ခဲ့သည်။

ရှင်းလင်းဆွေးနွေးခြင်းနှင့် သရုပ်ပြပွဲများသို့ အလုပ်သမားဝန် ကြီးဌာနမှ အရာထမ်း၊ အမှုထမ်း ၁၂၇ ဦး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်း ၂၁၀ တက်ရောက်ကြပြီး မဲပေးစက်ဖြင့် လက်တွေ့ဆန္ဒမဲပေးခဲ့ကြောင်း သိရသည်။

သြဂုတ် ၁၇ ရက်ကလည်း မြန်မာအီလက်ထရွန်နစ်မဲပေးစက်နှင့် စပ်လျဉ်းပြီး ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနတို့၌ ကျင်းပခဲ့သည်။

အခမ်းအနားသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညွန့်အောင်၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းနှင့် ဦးအောင်မြိုင်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနတို့မှ အရာထမ်း၊ အမှုထမ်းများတက်ရောက်၍ လက်တွေ့မဲပေးခြင်းများ ဆောင်ရွက်ခဲ့သည်။

အခမ်းအနားတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်လွင်ဦး၊ ဦးကိုကိုလွင်နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး တာဝန်ရှိသူများက မြန်မာအီလက်ထရွန်နစ် မဲပေးစက်နှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပြီး စမ်းသပ်မဲပေးခြင်းများကို ဆောင်ရွက်ခဲ့ ကြသည်။

ရှင်းလင်းဆွေးနွေးခြင်းနှင့် သရုပ်ပြပွဲများသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်း ၂၈၅ ဦး တက်ရောက်ကြပြီး မဲပေးစက်ဖြင့် လက်တွေ့ဆန္ဒမဲပေးခဲ့ကြောင်း သိရသည်။

အီလက်ထရွန်နစ် မဲပေးစနစ် ကျင့်သုံးမှာလား

အရေးပေါ်အခြေအနေ ကြေညာထားသည့်ကာလပြီးလျှင် လွတ်လပ်ပြီး တရားမျှတသည့် အထွေထွေရွေးကောက်ပွဲကို ပြန်လည်ကျင်းပပေးမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌက အကြိမ်ကြိမ်အခါခါ ပြောဆိုထားသည်။

ထိုသို့ပြောကြားထားသည့်အတွက် နစက,က အသစ်ပြန်လည်ဖွဲ့စည်းထားသော UEC အနေဖြင့် အခြေခံမဲဆန္ဒရှင်စာရင်းပြုစုခြင်း၊ နိုင်ငံရေးပါတီများ စစ်ဆေးခြင်း၊ ရွေးကောက်ပွဲဆိုင်ရာဥပဒေ၊ နည်းဥပဒေများပြင်ဆင်ခြင်း၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခွင့်ပြုခြင်းစသည့် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များကိုတစ်ပြိုင်တည်း လုပ်ဆောင်ခဲ့သည်။

UEC အနေဖြင့် ရွေးကောက်ပွဲလုပ်ငန်းစဉ်များအပြင် လာမည့်ရွေးကောက်ပွဲများတွင် ဆန္ဒမဲလက်မှတ်များ ဖောင်းပွမှုမရှိစေရေးနှင့် မဲမသမာမှုများ တားဆီးကာကွယ်နိုင်ရေးအတွက် မြန်မာအီလက်ထရွန် နစ်မဲပေးစက်ဖြင့် ဆန္ဒမဲပေးနိုင်ရန် စီစဉ်ဆောင်ရွက်ခဲ့ခြင်းလည်းဖြစ်သည်။

လက်ရှိတွင် UEC အနေဖြင့် မြန်မာအီလက်ထရွန်နစ် မဲပေးစက်နှင့်စပ်လျဉ်း၍ နစကဥက္ကဋ္ဌအား ရှင်းလင်းပြသခဲ့ပြီးဖြစ်သည့်အပြင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ သယံဇာတ နှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနစသည့် ဝန်ကြီးဌာန ခုနစ်ခုနှင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့တို့ကိုလည်း ရှင်းလင်းပြသခဲ့ပြီး  စမ်းသပ်မဲပေးခြင်းများလည်း ပြုလုပ်ခဲ့ပြီး ဖြစ်သည်။

ထို့ကြောင့် UEC အနေဖြင့် လာမည့်ရွေးကောက်ပွဲများတွင် မြန်မာအီလက်ထရွန်နစ် မဲပေးစနစ် ကျင့်သုံးလာနိုင်ခြင်း ရှိ မရှိကိုမူ ဆက်လက်စောင့်ကြည့်ရမည်ဖြစ်သည်။