နတ်အိုးကွဲကလေးများ

နတ်အိုးကွဲကလေးများ
Published 20 August 2023
ပါမောက္ခ ဒေါက်တာသောင်းဌေး (စာရင်းအင်းပညာ)

ယခုဆောင်းပါးတွင် ရေးသားတင်ပြသည့် အကြောင်းအရာများသည် စာရေးသူ ငယ်ရွယ်စဉ် မုဆိုးချုံ ရွာမကျေးရွာ၊ ဝက်လက်မြို့နယ်၊ ရွှေဘိုခရိုင်၊ စစ်ကိုင်းတိုင်း ဒေသကြီးတွင် နေထိုင်သည့်အချိန် တွေ့ကြုံ၊ သိမြင်၊ ကြားသိခဲ့ရသည့် အကြောင်းအရာများကိုသာ အခြေခံပြီး ဖော်ပြခြင်း ဖြစ်ပါသည်။

မြန်မာနိုင်ငံရှိ အခြားသော နေရာဒေသများတွင် တည်ရှိဖြစ်ပေါ်စေလျက်ရှိသည့် အခြေအနေများ၊ အချိန်ကာလအားဖြင့် ကွဲပြားခြားနားလျက်ရှိသည့် အခြေအနေများကြောင့် ထပ်တူထပ်မျှ တူညီခြင်း မရှိနိုင်ပါကြောင်း ကြိုတင်အသိပေးတင် ပြအပ်ပါသည်။

မုဆိုးချုံရွာမ ကျေးရွာတွင် နေထိုင်လျက်ရှိကြသည့် ဆရာတော်ကြီးများ၊ လူကြီးသူမများ၊ ဆွေမျိုးများ၊ အဘိုးအဘွားများ၊ မိခင် ဖခင် စသည်တို့သည် မုဆိုးချုံရွာမ ကျေးရွာတွင် မွေးဖွားကြီးပြင်းလာကြမည့် ကလေးငယ် ကလေးများအား ပေါ့ပေါ့နေ ပေါ့ပေါ့စား၊ မည်သည့်ကိစ္စရပ်ကိုမျှ အလေးအနက်ထားခြင်းမရှိ၊ အရာရာတိုင်းကို ပြက်ချော်ချော် သဘောထားရှိပြီး အလုပ်အကိုင်ကိုလည်း လက်ကြောတင်းအောင် လုပ်ကိုင်လိုခြင်းမရှိ၊ ကျမ်းဂန်စာပေများကိုလည်း လေ့လာလိုက်စားခြင်းမရှိ၊ အတတ်ပညာ နည်းပညာ အသိပညာ ဉာဏ်ပညာ တတ်မြောက်ရရှိနိုင်စေ ရန်လည်း စိတ်ဝင်စားခြင်းမရှိသည့် နတ်အိုးကွဲကလေးများ အဖြစ်သို့ မရောက်ရှိစေရန် အတတ်နိုင်ဆုံး ၀ိုင်းဝန်း ကြိုးပမ်းပြီး ထိန်းသိမ်း စောင့်ရှောက်လေ့ရှိကြပါသည်။

ပြောဆိုဆုံးမသည့် စကားများတွင်လည်း နွားကျင့်ပျက် မဖြစ်စေရန်နှင့် လူငယ်ကလေးအရွယ် နတ်အိုးကွဲ မဖြစ်စေရန် အရေးကြီးကြောင်းကို အကြိမ်ကြိမ် ကြားသိခဲ့ရပါသည်။ နွားကျင့်ပျက် ဖြစ်သွားပါက အမဲသား ပြုလုပ်သည့်သူထံ တစ်နည်းအားဖြင့် နွားသတ်ပြီး အမဲသား ရောင်းချသည့် သူထံသို့ ပို့ဆောင်ပြီး ဖြေရှင်း၍ ရနိုင်ပါသော်လည်း လူငယ်ကလေး နတ်အိုးကွဲဖြစ်သွားပါက ဖြေရှင်းသည့် နည်းလမ်းမရှိဘဲ လူငယ် ကလေး၏ ဘဝတစ်သက်တာတွင်လည်း ဒုက္ခရောက်မည့်အပြင် ၎င်း၏ပတ်ဝန်းကျင်ကိုလည်း ဒုက္ခမျိုးစုံကိုပေးမည် ဖြစ်ကြောင်းများကို ကြားသိခဲ့ရပါသည်။

စာရေးသူအနေနှင့် ငယ်ရွယ်သူတစ်ဦးဖြစ်သည့်အတွက် နတ်အိုးကွဲ၏ အဓိပ္ပာယ်ကို သေချာ ဂဃနဏ သိလိုသဖြင့် မေးကြည့်မိရာ စာရေးသူ၏ ဖခင်က “နတ်အိုးကွဲဆိုတာ ချေး (မစင်) လည်း ကော်လို့မရ၊ ပဲလည်း လှော်လို့မရ ဘယ်နေရာမှာမှ သုံးလို့မရတာကို ပြောတာကွ။ လုံးဝ အသုံးမကျတာ သုံးမရတာကို ပြောတာကွ” ဟု ရှင်းလင်း ပြောပြသည်ကို ကြားသိခဲ့ရပါသည်။ နွားဆိုရင်လည်း “အတိုင်”ကလည်းထားမရ၊ “အလှည့်” ကလည်း ထားမရ ဆိုရင် လုံးဝ သုံးမရသည့်နွား၊ ကျင့်ပျက်နွား ဖြစ်သွားကာ နောက်ဆုံး “နွားသတ်ရုံ” ကို ပို့ရသည့်အဆင့်ကို ရောက်သွားရသည့် အခြေအနေကို ကြားသိနားလည်ခဲ့ရပါသည်။

မုဆိုးချုံရွာမ ကျေးရွာတွင် နေထိုင်လျက်ရှိကြသည့် ကျေးရွာသူ ကျေးရွာသားအများစု၏ အဓိက အလုပ်အကိုင်မှာ လယ်ယာလုပ်ငန်းဖြစ်ပြီး ကျေးရွာ၏မြောက်ဘက်တွင် တစ်ဖက်ဆည် တူးမြောင်းကြီးသည် ကပ်လျက်တည်ရှိကာ တစ်ဖက်ဆည် တူးမြောင်းကြီး၏ မြောက်ဘက်ရှိ ဧရိယာ လယ်ကွက်များမှာ မိုးရေကိုသာ အဓိကထားပြီး စိုက်ပျိုးရသည့် မိုးကောင်းမြေဟုခေါ်ဆိုသော ယာမြေ သို့မဟုတ် လယ်မြေများ ဖြစ်ကြပါသည်။

မုဆိုးချုံရွာမ ကျေးရွာ၏ အရှေ့ဘက်၊ အနောက်ဘက်နှင့် တောင်ဘက်တွင်ရှိ လယ်မြေများမှာ ကာဘိုး ဆည်က ရေပေးဝေသည့် တူးမြောင်းများမှတစ်ဆင့် ရေရရှိပြီး စိုက်ပျိုးနိုင်သည့် မြေများဖြစ်ကြသဖြင့် ရေဝင်ဧရိယာဟု ခေါ်ဆိုသော လယ်မြေများဖြစ်ကြပါသည်။ ထို့ကြောင့် မုဆိုးချုံရွာမ ကျေးရွာတွင် မိုးရေသက် သက်ဖြင့်သာ စိုက်ပျိုးနိုင်သည့် ယာမြေများကို ပိုင်ဆိုင်ကြသကဲ့သို့ ကာဘိုးဆည်ရေနှင့် မိုးရေကို အခြေပြုကာ စိုက်ပျိုးနိုင်သည့် လယ်မြေများကိုလည်း ပိုင်ဆိုင်ကြပါသည်။

မိုးရေသက်သက်ဖြင့်သာ စိုက်ပျိုးနိုင်သည့် ယာမြေများမှာ သီးနှံ အမျိုးအစား အမျိုးမျိုးပေါင်းစုံကို စိုက်ပျိုးနိုင်ကြပါသော်လည်း မိုးရွာသွန်းသည့် အခြေအနေကိုသာ လုံးဝ အမှီပြုရသည့်အတွက် သီးနှံထွက်ရှိမှု ရရှိမှုမှာ မသေချာ မရေရာသည့် အခြေအနေဖြစ်ပါသည်။ မိုးရွာသွန်းမှု မှန်ကန်ပါက သီးနှံအထွက်ကောင်းပြီး ရရှိကြသော်လည်း မိုးရွာသွန်းမှု မမှန်ကန်ပါက စိုက်ပျိုးစရိတ်ကိုပင် မရရှိဘဲ ဆုံးရှုံးရသည့် အခြေအနေများလည်း ဖြစ်ပေါ်တတ်ပါသည်။

ကာဘိုးဆည်ရေနှင့် မိုးရေကို အခြေပြုကာ စိုက်ပျိုးနိုင်သည့် လယ်မြေများတွင် အဓိကအားဖြင့် စပါး သီးနှံကိုသာ စိုက်ပျိုးကြပြီး စိုက်ပျိုးမြေအပေါ်တွင် အနည်းငယ်သော ခြံလုပ်ငန်း၊ သီးထပ်သီးညှပ်စိုက်ပျိုး ခြင်းလုပ်ငန်းများကို တွဲဖက်လုပ်ကိုင်ကြပါသည်။ ရေသွင်းစိုက်ပျိုးနိုင်သည့် လယ်မြေများဖြစ်သည့်အတွက် သီးနှံထွက်ရှိမှု ရရှိမှုမှာ မိုးကောင်းမြေနှင့် နှိုင်းယှဉ်ပါက သေချာသည်ဟု ပြောဆိုနိုင်ပါသည်။

စာရေးသူသိတတ်သည့်အရွယ် ငယ်ရွယ်စဉ်ကစတင်ပြီး နှစ်ပေါင်း ၂၀ ကျော်အချိန်ကာလအတွင်း ယခင်အချိန်အခါက စပါးအရည်အသွေးကောင်းမွန်ပြီး အထွက်နည်းသည့် စပါးမျိုးများအစား စပါးအရည် အသွေးအနည်းငယ်ညံ့သော်လည်း စပါးအထွက်နှုန်း ကောင်းမွန်သည့် အထွက်တိုးစပါးမျိုးသစ်များကို စိုက် ပျိုးနည်းအသစ်များနှင့် ပြောင်းလဲ စိုက်ပျိုးခြင်းသာ ထူးခြားသည့် အပြောင်းအလဲအဖြစ် တွေ့မြင်ခဲ့ရပါသည်။  

ကမ္ဘာပေါ်တွင် ဖြစ်ထွန်းပေါ်ပေါက်စေခဲ့သည့် စက်မှုတော်လှန်ရေးကြီးများနှင့် ချိန်ထိုးကြည့်ပါက မုဆိုးချုံရွာမကျေးရွာတွင် နေထိုင်လျက်ရှိကြသည့် ကျေးရွာသူ ကျေးရွာသား အများစု၏ အဓိက အလုပ်အကိုင်မှာ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းဖြစ်ပြီး လူနှင့် တိရစ္ဆာန် (နွား သို့မဟုတ် ကျွဲ) တို့၏ လုပ်အားများကို အသုံးပြုလျက်ရှိသော လုပ်ငန်းများ ဖြစ်ကြပါသည်။

အနည်းငယ် အသေးစိတ်ပြီး ရှင်းလင်းတင်ပြရပါလျှင် လယ်ယာမြေကို ရေရယူခြင်း၊ ရေသွင်းခြင်းကို တူးမြောင်းများမှတစ်ဆင့် သွယ်ယူကြရပြီး တူးမြောင်းများ ပြုပြင်ခြင်း၊ ရေရောက်ရှိရန် ဆောင်ရွက်ခြင်းများကို လူ၏လုပ်အားများကိုသာ အသုံးပြုရပါသည်။ လယ်ယာမြေကို စိုက်ပျိုးရန် ပြုပြင်ရာတွင် လူနှင့် တိရစ္ဆာန် (နွား သို့မဟုတ် ကျွဲ) တို့၏ လုပ်အားများကို အသုံးပြုရသည့် ထယ်နှင့် ထွန်ကို အသုံးပြုရပါသည်။ ရေသွင်း ခြင်း၊ ရေထုတ်ခြင်း၊ ပျိုးထောင်ခြင်း၊ ပျိုးနုတ်ခြင်း၊ ကောက်စိုက်ခြင်း၊ မြေသြဇာ၊ ပိုးသတ်ဆေးအသုံးပြုခြင်း၊ ရိတ်သိမ်းခြင်း စသည်တို့ကိုလည်း လူ၏လုပ်အားကိုသာ အဓိကထား ရှိပြီး အသုံးပြုရပါသည်။ သယ်ယူပို့ ဆောင်ရာတွင်မူ လှည်းနှင့် နွားကိုသာ အဓိကအသုံးပြုကြရပါသည်။

ထို့ကြောင့် မုဆိုးချုံရွာမ ကျေးရွာတွင် နေထိုင်လျက်ရှိကြသည့် ကျေးရွာသူ ကျေးရွာသား အများစု၏ အဆင့်အတန်းမှာ ပထမ စက်မှုတော်လှန်ရေးမတိုင်မီကာလ လူနှင့် တိရစ္ဆာန်တို့၏ လုပ်အားများကို အသုံးပြုကာ ထွန်ယက်စိုက်ပျိုးခြင်း၊ သယ်ယူပို့ဆောင်ခြင်း စသည့် လုပ်ငန်း အမျိုးအစားများ ဖြစ်ကြပါသဖြင့် ပထမ စက်မှုတော်လှန်ရေး မတိုင်မီ ကာလ အခြေအနေ၊ ယဉ်ကျေးစွာ ပြောဆိုပါက ရှေးဦးလူ့အဖွဲ့အစည်း (Primitive Society) အဆင့်ဖြစ်ပါသည်။ ပြင်းထန်သည့် စကားလုံး စကားရပ်များကို အသုံးပြုရမည် ဆိုပါက တိရစ္ဆာန်သာသာ လူ့အဖွဲ့အစည်းအဆင့်သာ ဖြစ်ပါသည်။အမြင့်မားဆုံးအခြေအနေမှာ ဝမ်းစာ ဝမ်းရေး ဖူလုံရုံမျှ လူနေမှုအဆင့်အတန်း (Subsistence Level) ဖြစ်ပါသည်။

စာရေးသူသည် ၂၀၂၂ ခုနှစ် မတ်လ ၂၁ ရက်တွင် ထုတ်ဝေသည့် Weekly ELEVEN News, No. 13, Vol. 17 တွင် “စက်မှုတော်လှန်ရေး ကြီးများနှင့် မြန်မာနိုင်ငံ (Industrial Revolutions and Myanmar)ခေါင်းစဉ်နှင့် ဆောင်းပါးတစ်ပုဒ်ရေးသား တင်ပြခဲ့ပြီးဖြစ်ပါသည်။ ယခု ဆောင်းပါးအား အထက်ဖော်ပြပါ ဆောင်းပါးနှင့် တွဲဖက် ဖတ်ရှုလေ့လာရန် အကြံပြုတင်ပြအပ်ပါသည်။

အထက်ပါကဲ့သို့ အဆင့်အတန်းအားဖြင့် တည်ရှိနေသည့် လူ့အဖွဲ့အစည်းအား အဆင့်ဆင့်မြင့်မား တိုးတက်လာစေရန်အလို့ငှာ အုပ်ချုပ်သူ အစိုးရအဆင့်ဆင့်ကသော်လည်းကောင်း၊ စိုက်ပျိုးရေးကို တာဝန်ယူလျက်ရှိကြသည့် စိုက်ပျိုးရေးဝန်ထမ်း အရာရှိများကသော် လည်းကောင်း ကြိုးပမ်းဆောင်ရွက်မည့် အရိပ်အယောင် မတွေ့မြင်ရပါ။

စပါးပေါ်ချိန်၊ စပါးရိတ်သိမ်းချိန်များတွင်မူ လယ်သမားများထံရှိ စပါးများကို အချိုးကျ အရေအတွက် သတ်မှတ်ပြီးလျှင် စျေးကွက်ပေါက် စျေးထက် အဆမတန် စျေးလျှော့ချပြီး ဝယ်ယူသည့်အချိန်များတွင်မူ အစိုးရဝန်ထမ်းများ/အရာရှိများ၊ စိုက်ပျိုးရေးဝန်ထမ်းများ/အရာရှိများ၊ ကုန်သွယ်ရေး ဝန်ထမ်းများ/ အရာရှိများအား စပါးဝယ်ယူသည့် ဒိုင်များတွင် တွေ့မြင်နိုင်ပါသည်။

စာရေးသူ၏ ဖခင်ကြီး၏  ပြောပြချက်အရမူ ကျေးရွာတွင် နေထိုင်လျက်ရှိကြသည့် ကျေးရွာသူ ကျေးရွာ သားများအား လူနေမှုအဆင့်အတန်း မြင့်မားတိုးတက်လာစေရန် သို့မဟုတ် ကျေးရွာသူ ကျေးရွာသားများ အဓိက လုပ်ကိုင်ဆောင်ရွက်လျက် ရှိကြသည့် စိုက်ပျိုးရေးလုပ်ငန်းများအား နည်းပညာ အတတ်ပညာ အဆင့်အတန်းမြင့်မား တိုးတက်လာစေရန် ကြိုးပမ်းအားထုတ်ဆောင်ရွက်ပေးမည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း အနေနှင့် မရှိသည့်အပြင် ကျေးရွာသူ ကျေးရွာသားများ စိုက်ပျိုးသည့် အတွက် ထွက်ရှိလာသည့် သီးနှံပေါ်ချိန်များတွင် အာဏာနှင့် လုပ်ပိုင်ခွင့်ကို အသုံးပြုပြီး အချောင်ရယူသည့် အလေ့အထ ယဉ်ကျေးမှုသည်သာ ထွန်းကားပြန့်ပွားလျက် ရှိနေပါသည်။

အလျဉ်းသင့်သဖြင့် တင်ပြလိုသည့် အကြောင်းအရာလေးမှာ ကျေးရွာရှိ သမဝါယမအသင်းတွင် ကျေးရွာရှိ လယ်မြေများကို ထွန်ယက်ရန် ရည်ရွယ်လျက် ကိုယ်ထည်ကြီးမားသည့် ထွန်စက်ကြီးနှစ်စီးကို ရောင်း ချပေးခဲ့ရာ ထွန်စက်ကြီးများမှာ အလေးချိန်ကြီးမားသဖြင့် လယ်ထဲသို့ ဆင်းလိုက်သည်နှင့် ရွှံ့နွံ့ထဲတွင်

နစ်မြုပ်သွားခဲ့ရာ နစ်မြုပ်လျက်ရှိ သည့် ထွန်စက်ကြီးများအား လမ်း ပေါ်သို့ ပြန်လည်ရောက်ရှိစေရန်ကိုပင် ကျွဲ၊ နွားများဖြင့် ပြန်လည် ဆယ်ယူခဲ့ကြရပါသည်။

စာရေးသူ မုဆိုးချုံရွာမ ကျေးရွာတွင် နေထိုင်လျက်ရှိစဉ်က စာရေးသူ၏ မိသားစု ပိုင်ဆိုင်လျက်ရှိသည့် ကာဘိုးဆည်ရေနှင့် မိုးရေကို အခြေပြုကာ စိုက်ပျိုးနိုင်သည့် လယ်မြေများကို အမျိုးအစားခွဲခြားပါက အကြမ်းအားဖြင့် နှစ်မျိုးနှစ်စား ခွဲခြားနိုင်ပြီး ပထမတစ်မျိုးမှာ ကုန်းမြေဟု ခေါ်ဆိုကြသည့် သဲနှင့် နုန်းစပ်သည့် မြေအမျိုးအစား ဖြစ်ပြီး ဒုတိယတစ်မျိုးမှာ စနယ်မြေဟုခေါ်ဆိုကြသည့် ရွှံ့မြေ၊ မြေစေးများ ဖြစ်ကြပါသည်။

ဒုတိယတစ်မျိုး ဖြစ်သည့် စနယ်မြေဟုခေါ်ဆိုကြသည့် ရွှံ့မြေ၊ မြေစေးများသည် ရေသွင်းပြီးချိန် ရေဝင်ပြီးသည်နှင့် ရွှံ့စေးများအဖြစ်သို့ ပြောင်းလဲသွားကာ ၎င်းလယ်မြေအမျိုးအစားကို ထယ်ထိုး၊ ထွန်ယက်ရာတွင် မုဆိုးချုံရွာမ ကျေးရွာတွင် မွေးဖွားကြီးပြင်းသည့် နွားများ၊ ကျွဲများဖြင့်သာ ပြုလုပ်နိုင်ပါသည်။

အခြားဒေသမှ နွားများ၊ ကျွဲများဖြင့် ထွန်ယက်ပါက နွားများ၊ ကျွဲများမှာ ရွှံ့စေးများထဲတွင် ခြေလေးချောင်း စလုံး နစ်ပြီး လုံးဝမလှုပ်နိုင်သည့် အဖြစ်သို့ ရောက်ရှိစေပါသည်။ မုဆိုး ချုံရွာမကျေးရွာတွင် မွေးဖွားကြီးပြင်းသည့် နွားများ၊ ကျွဲများကမူ ခြေလေး ချောင်းစလုံး တစ်ပြိုင်နက်တည်း မနစ်စေရန် ကျွမ်းကျင်စွာ သွားတတ်လျှောက်တတ်ပါသည်။

စနယ်မြေဟုခေါ်ဆိုကြသည့် ရွှံ့မြေ၊ မြေစေးများဖြစ်သည့် လယ်မြေများထဲတွင် ကိုယ်ထည်ကြီးမားသည့် ထွန်စက်ကြီးများ ဝင်ရောက်သည့်အတွက် နစ်မြုပ်သည်မှာ သဘာဝပင် ဖြစ်ပါသည်။ သို့သော်လည်း ၂၀၀၀ ပြည့်နှစ်နောက်ပိုင်း တရုတ်နိုင်ငံမှ ဝင်ရောက်လာသည့် လက်တွန်းထွန်စက်ကလေးများကို ပြုပြင်ပြီး ထယ်ခြင်း၊ ထွန်ခြင်း ပြုလုပ်သည့်အခါတွင်မူ အဆင်ပြေသည်ဟုလည်း ကြားသိရပါသည်။

ထို့ပြင် မုဆိုးချုံရွာမ ကျေးရွာ တည်ရှိသည့်နေရာသည် ပူပြင်း ခြောက်သွေ့သည့် ရာသီဥတု အခြေခံဖြစ်သဖြင့် စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းစေရန်၊ သီးနှံ ထွက်ရှိမှု၊ သီးနှံရရှိမှု သေချာစေရန်မှာ အပတ်တကုတ် ကြိုးပမ်းအား ထုတ်ကြရသည့်အပြင် ရှေးယခင်က လူကြီးသူမများ ချမှတ်ပြဋ္ဌာန်းထားရှိခဲ့သည့် လုပ်ထုံးလုပ်နည်းများကိုလည်း လိုက်နာကြရသဖြင့် စိုက်ပျိုးရေးလုပ်ငန်းများကို ကျွမ်းကျင်စွာ လုပ်ကိုင်ဆောင်ရွက်နိုင်ရန်မှာ နှစ်ပေါင်းများစွာ အနည်းဆုံး သုံးနှစ်၊ လေးနှစ်ခန့် လေ့လာသင်ယူရသည့်အပြင် လူ၏ ခန္ဓာကိုယ်သည်လည်း နေပူ မရှောင်၊ မိုးရွာမရှောင် ခံနိုင်ရည်ရှိပြီး ကြံ့ခိုင်သန်မာခြင်းရှိမှသာ လျှင်အောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။

တစ်ခါတစ်ရံ အချို့သော လုပ်ငန်းကလေးများမှာ သာမန်မျက်စိနှင့် ကြည့်ပါက အလွန်လွယ်ကူသည်ဟု ထင်မြင်ရပါသော်လည်း ကိုယ်တိုင်ဝင်ရောက်လုပ်ကိုင်ကြည့်သော အခါတွင် လုံးဝ မလွယ်ကူသည်ကို လေ့လာတွေ့ရှိရပါသည်။ စာရေးသူ၏ အတွေ့အကြုံကို တင်ပြရပါလျှင် ရိုက်ဖတ်စည်းခြင်း၊ ကောက်လှိုင်း စည်းခြင်းသည် လယ်ယာလုပ်ငန်းကို လုပ်ကိုင်လျက်ရှိသူတစ်ဦးအနေဖြင့် စကားထဲတွင် ထည့်သွင်းပြောကြားရမည့် ကျွမ်းကျင်မှု တစ်ရပ်မဟုတ်ပါသော်လည်း စာရေးသူသည် နှစ်ပေါင်းများစွာ ကြိုးပမ်းအားထုတ် လုပ်ကိုင်ကြည့်ပါသော်လည်း ယနေ့ အချိန်အထိ ရိုက်ဖတ်စည်းသည့်၊ ကောက်လှိုင်းစည်းသည့် “ဘွဲ့” ကြိုးကို ကျိုးစေရန် မချိုးတတ်သေးပါ။ စာရေးသူ စည်းသည့်အခါတိုင်း “ကြက်ချေးလိမ်” ဟုခေါ်ဆိုကြသည့် အဆင့်ကိုသာလျှင် လုပ်တတ်ပါသည်။ စာရေးသူမှာ ချပ်ချပ်ရပ်ရပ် မလုပ်တတ်သဖြင့် ဖခင်၏ ပြောဆို ကြိမ်းမောင်းခြင်းကို အမြဲခံရလေ့ရှိပါသည်။

ထို့ကြောင့် အထက်ဖော်ပြပါ အခြေအနေများအရ မုဆိုးချုံရွာမ ကျေးရွာရှိ အခြေခံ စိုက်ပျိုးရေးလုပ်ငန်းများကို အောင်မြင်စွာ လုပ်ကိုင်နိုင်ရန်ပင် ဇွဲ၊ လုံ့လ၊ ဝီရိယ၊ အတတ်ပညာ၊ နည်းပညာ၊ ဉာဏ်ပညာ၊ ကိုယ်ခန္ဓာ ကျန်းမာကြံ့ခိုင်မှုတို့ မဖြစ်မနေ လိုအပ်လျက်ရှိသဖြင့် အဆိုပါလုပ်ငန်းများကို အောင်မြင်စွာ လုပ်ကိုင်နိုင်ခြင်း မရှိသူ၊ မလုပ်ကိုင်နိုင်သူကို နတ်အိုးကွဲကလေးများအဖြစ် သတ်မှတ် ခေါ်ဆိုခံရမည်ဖြစ်ပါသည်။

ထို့ပြင် ငယ်ရွယ်စဉ်အချိန်အခါက ဘာသာရေးစာပေများကို လေ့လာလိုက်စားခဲ့ပြီး အသက်အရွယ်ကြီးသည့်အခါ လေ့လာလိုက်စားခြင်းကို စွန့်လွှတ်ပြီး အခြေခံစိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်ရန် ကြိုးစားကြသူများသည်လည်း နတ်အိုးကွဲအဖြစ်သို့ ရောက်ရှိစေနိုင်ပါသည်။ ငယ်ရွယ်စဉ်အချိန်အခါက အတန်းကျောင်းပညာရေးကို လေ့လာလိုက်စားခဲ့ပြီး ဘွဲ့ရအလုပ်လက်မဲ့ဖြင့် ဂစ်တာကြီး တဒေါင်ဒေါင်နှင့် နေထိုင်လျက်ရှိကြသူများသည်လည်း နတ်အိုးကွဲအဖြစ်သို့ ရောက်ရှိစေနိုင်ကြောင်း သတ်မှတ်လေ့ရှိကြပါသည်။ ပုံတွင် (စာ - ၄) အင်တာနက် စာမျက်နှာများတွင် ဖော်ပြထားရှိသည့် နတ်အိုးကွဲကို တင်ပြထားရာ စာဖတ်သူများအနေဖြင့် နှိုင်းယှဉ် လေ့လာနိုင်ပါသည်။

စာရေးသူ ယခုဆောင်းပါးကို ရေးသားတင်ပြရသည့် အကြောင်းရင်းမှာ စာရေးသူ မွေးဖွားကြီးပြင်း လာခဲ့ရသည့် မုဆိုးချုံရွာမ ကျေးရွာတွင် နေထိုင်လျက်ရှိကြသည့် ကျေးရွာသူ ကျေးရွာသားများ၏ အခြေအနေသည် ကမ္ဘာပေါ်တွင် ဖြစ်ထွန်း ပေါ်ပေါက်ခဲ့သည့် စက်မှုတော်လှန်ရေးကြီးများနှင့် ချိန်ထိုးနှိုင်းယှဉ်လေ့လာပါက မုဆိုးချုံရွာမ ကျေးရွာတွင် နေထိုင်လျက်ရှိကြသည့် ကျေးရွာသူ ကျေးရွာသားအများစု၏ အဆင့်အတန်းမှာ ပထမ စက်မှုတော်လှန်ရေး မတိုင်မီကာလ လူနှင့် တိရစ္ဆာန်တို့၏ လုပ်အားများကို အသုံးပြုကာ ထွန်ယက်စိုက်ပျိုးခြင်း၊ သယ်ယူပို့ဆောင်ခြင်းစသည့် လုပ်ငန်းအမျိုးအစားများဖြစ်ကြပါသဖြင့် ပထမစက်မှု တော်လှန်ရေးမတိုင်မီကာလ အခြေအနေ၊ ယဉ်ကျေးစွာ ပြောဆိုပါက ရှေးဦးလူ့အဖွဲ့အစည်းအဆင့်ဖြစ်ပါသည်။ ပြင်းထန်သည့် စကားလုံး စကားရပ်များကို အသုံးပြုရမည်ဆိုပါက တိရစ္ဆာန်သာသာ လူ့အဖွဲ့အစည်းအဆင့်သာ ဖြစ်ပါသည်။ အမြင့် မားဆုံး အခြေအနေမှာ ဝမ်းစာဝမ်းရေးဖူလုံရုံမျှ လူနေမှု အဆင့်အတန်း (Subsistence Level) ဖြစ်ပါသည်။ ၎င်းအခြေအနေမှ လွတ်မြောက်နိုင် စေရန်အတွက် တိုင်းပြည်နိုင်ငံ၏ အချုပ်အခြာအာဏာကို ရယူခဲ့ကြသည့် အစိုးရများကသော်လည်းကောင်း၊ အခြားသော အဖွဲ့အစည်း အင်စတီကျူးရှင်းများကသော်လည်းကောင်း ကြိုးပမ်းအားထုတ်ဆောင်ရွက်ခြင်းမရှိခဲ့သည်ကို သက်ဆိုင်သူအားလုံးတို့အနေဖြင့် သိမြင်နိုင်ကြစေရန်နှင့် ဖော်ပြပါ အခြေအနေများကြောင့် မွေးဖွားကြီးပြင်းလာမည့် လူငယ်ကလေးများအနေဖြင့်လည်း နတ်အိုးကွဲကလေးများ အဖြစ်သို့ အလွယ်တကူ ရောက်ရှိနိုင်သည်ကို သတိပြုနိုင်စေရန် ရည်ရွယ်ပါသည်။

ပထမဦးစွာ စိုက်ပျိုးရေးလုပ်ငန်း လယ်ယာလုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်ရာတွင် ခက်ခဲနက်နဲ ကြမ်းတမ်းမှုများကြောင့် ကျွမ်းကျင်စွာ လုပ်ကိုင်ဆောင်ရွက်နိုင်သည့် အဆင့်သို့ မရောက်ရှိဘဲ နတ်အိုးကွဲကလေး ဖြစ်နိုင်သည့် အခြေအနေကို တင်ပြပါမည်။ ထိုစဉ်အချိန်အခါက စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်ရာတွင် စိုက်ပျိုးချိန်နှင့် ရိတ်သိမ်းချိန်သည် အပင်ပန်းဆုံး အချိန်ကာလများဖြစ်ကြပါသည်။

စိုက်ပျိုးရန် မြေပြုပြင်ချိန်က စတင်ပြီး အကျဉ်းမျှ ရှင်းလင်းတင်ပြရပါလျှင် မြေပြုပြင်ရန်အတွက် နံနက် ၅ နာရီခန့် အရပ်အခေါ် ဝေလီ ဝေလင်းအချိန်တွင် နေအိမ်မှ လယ်တောသို့ ထွက်ခွာကြရပြီး လယ်ကို ထယ်ထိုးခြင်း သို့မဟုတ် ထွန်မွှေခြင်းများ ပြုလုပ်ကာ ထယ်ချွတ်ချိန် သို့မဟုတ် ထွန်ချွတ်ချိန်သည် နံနက် ၁၀ နာရီခန့်တွင် ပြီးဆုံးရပ်နားပြီး ထမင်းစားကြရပါသည်။ ကျွဲနှင့် ထယ်ရေး ထွန်ရေး ပြုလုပ်မည့်သူက နွားနှင့် ပြုလုပ်မည့်သူထက် ပိုပြီး စောစော အလုပ်ဝင်ကြရပါသည်။ အဘယ်ကြောင့်ဆိုသော် ကျွဲသည် နေပူလာသည့်အခါတွင် အပူဒဏ်ကို မခံနိုင်သည့်အတွက် တတ်နိုင်သမျှ နံနက်စောစောအချိန်တွင် ကြိုတင် ရည်မှန်း သတ်မှတ်ထားချက်ကို ပြီးအောင်ခိုင်းကြရပါသည်။

စာဖတ်သူများ အလွယ်တကူ သိမြင်နိုင်စေရန် ထယ်ထိုးခြင်းကို ရှင်းလင်းတင်ပြရပါလျှင် ဗျက်တစ် ပေပင်မရှိသည့် ထယ်သွားကလေးကို အသုံးပြုကာ နွားတစ်ရှဉ်း သို့မဟုတ် ကျွဲတစ်ရှဉ်းနှင့် တပ်ပြီးလျှင် ထယ် ကြောင်းတစ်ကြောင်းနှင့် တစ်ကြောင်း ကို ငန်းသပ်ပြီး လယ်တစ်ကွက်လုံး ပြီးမြောက်သည်အထိ ထယ်ထိုးရန် မှာ လွယ်ကူသော အလုပ်မဟုတ် သည်ကို စိတ်ကူးနှင့်ပင် ခန့်မှန်းကြည့်နိုင်ပါသည်။ ထိုကဲ့သို့ ငန်းသပ်ပြီး ထယ်ထိုးခြင်း မပြုဘဲ ကွက်ကြားထိုး မိပါက စိုက်ပျိုးပြီးချိန်တွင် မြက်ပင်များ ပေါက်လာမည်ဖြစ်ပါသည်။

နံနက် ၁၀ နာရီခန့်တွင် နံနက်စာ ထမင်းစားပြီးပါက လယ်အတွင်းရှိ ရေအလွယ်တကူ ဆုံးရှုံးနိုင်စေမည့် လယ်ကန်သင်းရိုးတစ်လျှောက်ရှိ ကြွက်တွင်းများကို စစ်ဆေးခြင်း၊ လယ်ကန်သင်းရိုးပြုပြင်ခြင်း၊ မြက်ဖတ်ကောက်ခြင်း စသည်ဖြင့် တစ်နေကုန် ပြုလုပ်ကာ ညနေပိုင်းတွင် လယ်ကိုထယ်ထိုးခြင်း သို့မဟုတ် ထွန်မွှေခြင်းများကို ဆက်လက်ပြု လုပ်ကြရပါသည်။ ပျိုးထောင်ချိန်၊ စိုက်ပျိုးချိန်ဖြစ်ပါက ပို၍ပင် အလုပ်များပါသည်။ အချို့သော လယ်သမားကြီးများက မအားလပ်သည့်အခြေအနေကို ပြောပြရာတွင် ယားတာတောင် မကုတ်အားလို့ ထုံးတို့ထားရ မလားလို့ စဉ်းစားမိပါတယ်ဟု ညည်း ညူလေ့ရှိကြပါသည်။

ဒုတိယအနေဖြင့် မုဆိုးချုံရွာမ ကျေးရွာရှိ အချို့သော လူငယ်ကလေးများမှာ ဘာသာရေးစာပေကို ကျေးရွာရှိ ဘုန်းကြီးကျောင်းတွင် လေ့လာလိုက်စားကြရပါသည်။ ကျေးရွာရှိ ဘုန်းကြီးကျောင်းက လေ့လာသင်ယူပြီးပါက စဥ့်ကိုင်မြို့ရှိ ဘုန်းကြီးကျောင်းတွင် ဆက်လက် လေ့လာသင်ယူကြရပါသည်။ ဘာသာရေးစာပေများကို ဆုံးခန်းတိုင် လေ့လာသင်ယူကြသူများသည် ကိုရင်၊ ဦးပဥ္ဇင်း၊ ဘုန်းတော်ကြီး စသည် အဆင့်ဆင့် ရောက်ရှိစေပါသည်။ သို့သော်လည်း တစ်ခါတစ်ရံ တစ်သက်တာ ဘာသာရေးစာပေများကို လေ့လာရန် ဆုံးဖြတ်ပြီး ဖြစ်သော်လည်း ဆက်လက်လေ့လာခြင်းမပြုတော့ဘဲ ရပ်တန့်ကာ ကျေးရွာရှိ စိုက်ပျိုးရေးလုပ်ငန်းကို ပြောင်းလဲလုပ် ကိုင်ရန် ကြိုးပမ်းအားထုတ်သူများအနေဖြင့် စိုက်ပျိုးရေးလုပ်ငန်း လယ်ယာလုပ်ငန်းများ၏ ခက်ခဲနက်နဲ ကြမ်းတမ်းမှုများကြောင့် ကျွမ်းကျင်စွာ လုပ်ကိုင်ဆောင်ရွက်နိုင်သည့် အဆင့်သို့  မရောက်ရှိဘဲ နတ်အိုးကွဲ ကလေး ဖြစ်စေတတ်ပါသည်။

တတိယအနေဖြင့် မုဆိုးချုံရွာမကျေးရွာရှိ အချို့သော လူငယ်ကလေးများမှာ အတန်းစာပေများကို ကျေးရွာရှိ မူလတန်းကျောင်းတွင် လေ့လာသင်ယူကြရပါသည်။ မူလတန်း အောင်မြင်ပြီးဆုံးသည့်အခါတွင်မူ ဝက်လက်မြို့၊ ရွှေဘိုမြို့၊ စစ်ကိုင်းမြို့၊ မန္တလေးမြို့များသို့  ပညာဆက်လက်သင်ယူကြရပါသည်။ အချို့သော လူငယ်ကလေးများမှာ ပညာတစ်ပိုင်းတစ်စ (အလယ်တန်းအောင်၊ အထက်တန်းအောင်) နှင့် မြို့ပြဒေသများတွင် စီးပွားရေးလုပ်ငန်းရပ်များကို လုပ်ကိုင်ကြသူများ ရှိသကဲ့သို့ အချို့မှာ ပညာတစ်ပိုင်း တစ်စ၊ အချို့မှာ ဘွဲ့ရရှိပြီး ရွာသို့ ပြန်လည်နေထိုင်ကာ ကျေးရွာရှိ စိုက် ပျိုးရေးလုပ်ငန်းကိုပင် လုပ်ကိုင်ရန် ကြိုးပမ်းအားထုတ်ကြသူများလည်း ရှိပါသည်။ အထက်တွင် ဖော်ပြသကဲ့သို့ပင် အဆင်မပြေပါက နတ်အိုးကွဲ ဖြစ်စေတတ်ပါသည်။

နိဂုံးချုပ်အနေဖြင့် တင်ပြလိုသည်မှာ စာရေးသူ မွေးဖွားကြီးပြင်းလာခဲ့ရသည့် မုဆိုးချုံရွာမ ကျေးရွာတွင် နေထိုင်လျက်ရှိကြသည့် ကျေးရွာသူ ကျေးရွာသားများ၏ အခြေအနေသည် ကမ္ဘာပေါ်တွင် ဖြစ်ထွန်း ပေါ်ပေါက်ခဲ့သည့် စက်မှုတော်လှန်ရေးကြီးများနှင့် ချိန်ထိုးနှိုင်းယှဉ်လေ့ လာပါက မုဆိုးချုံရွာမ ကျေးရွာတွင် နေထိုင်လျက်ရှိကြသည့် ကျေးရွာသူ ကျေးရွာသား အများစု၏ အဆင့်အတန်းမှာ ပထမ စက်မှုတော်လှန်ရေးမတိုင်မီကာလ လူနှင့် တိရစ္ဆာန်တို့၏ လုပ်အားများကို အသုံးပြုကာ ထွန်ယက်စိုက်ပျိုးခြင်း၊ သယ်ယူပို့ ဆောင်ခြင်း စသည့် လုပ်ငန်းအမျိုးအစားများ ဖြစ်ကြပါသဖြင့် ပထမ စက်မှုတော်လှန်ရေး မတိုင်မီကာလ အခြေအနေ၊ ယဉ်ကျေးစွာ ပြောဆိုပါက ရှေးဦးလူ့အဖွဲ့အစည်းအဆင့် ဖြစ်ပါသည်။ ပြင်းထန်သည့် စကားလုံး စကားရပ်များကို အသုံးပြုရမည် ဆိုပါက တိရစ္ဆာန်သာသာ လူ့အဖွဲ့အစည်း အဆင့်သာ ဖြစ်ပါသည်။ အမြင့်မားဆုံး အခြေအနေမှာ ဝမ်းစာ ဝမ်းရေး ဖူလုံရုံမျှ လူနေမှုအဆင့်အတန်း (Subsistence Level) ဖြစ်ပါသည်။

၎င်းအခြေအနေမှ လွတ်မြောက်နိုင်စေရန်အတွက် တိုင်းပြည် နိုင်ငံ၏ အချုပ်အခြာအာဏာကို ရယူခဲ့ကြသည့် အစိုးရများကသော် လည်းကောင်း၊ အခြားသော အဖွဲ့အစည်း အင်စတီကျူးရှင်းများက သော်လည်းကောင်း ကြိုးပမ်းအား ထုတ်ဆောင်ရွက်ခြင်းမရှိခဲ့သည်ကို သက်ဆိုင်သူအားလုံးတို့အနေဖြင့် သိမြင်နိုင်ကြပါစေကြောင်းနှင့် ဖော်ပြပါ အခြေအနေများကြောင့် မွေးဖွားကြီးပြင်းလာမည့် လူငယ်ကလေးများအနေဖြင့်လည်း နတ်အိုးကွဲ ကလေးများအဖြစ်သို့ အလွယ်တကူ ရောက်ရှိနိုင်သည်ကို သတိပြုနိုင်စေပြီး ကြိုတင်ကာကွယ်နိုင်ကြစေရေးကို အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်နိုင် ကြပါစေကြောင်း ရေးသားတင်ပြအပ်ပါသည်။