တိမ်ထူလျက်ရှိသော မိုးသားကောင်းကင်အောက်က ဆီနီဂေါကမ်းခြေရွာ ဖက်စ်ဘိုယေးတွင် အရပ်ထဲက အကြီးအကဲက ကွယ်လွန်သွားသူများ၏ ၀ိညာဉ်များအတွက် ဆုတောင်းပေးရန်ရွာသားများကို ဖိတ်ခေါ်သံသည် လော်စပီကာမှ ကျယ်လောင်စွာ ဟိန်းထွက်လာပါသည်။
မြို့တော်ဒါခါမြောက်ဘက် ၇၅ မိုင်(ကီ လိုမီတာ ၁၂၀) ခန့်ဝေးသော ဖက်စ်ဘိုယေးရွာသည် လူဦးရေ ၂၀,၀၀၀ ဝန်းကျင်နေထိုင်သော ရွာဖြစ်သည်။ ထိုရွာက လူများသည် လွန်ခဲ့သော တစ်လကျော်က ပင်လယ်ထဲတွင် ရွှေ့ပြောင်း လှေနစ်မြုပ်ရာတွင် ကွယ်လွန်သွားကြသည်။
ဆီနီဂေါမှထွက်လာသည့် ရွှေ့ပြောင်းများ စီးလာသောလှေသည် အနောက်အာဖရိက၏ ကိတ်ဗာဒီကျွန်းများအလွန်တွင် နစ်မြုပ်ခဲ့ပြီးနောက် လူ ၆၀ ကျော်သေဆုံးသွားသည်ဟု ယုံကြည်ရကြောင်း ရွှေ့ပြောင်းများအတွက် နိုင်ငံတကာအဖွဲ့ (IOM) က သြဂုတ် ၁၆ ရက်တွင် ပြောကြားသည်။
လူ ၆၃ ဦးသေဆုံးသွားသည်ဟု ယူဆရသည်။ အသက်ရှင်သူ ၃၈ ဦးတွင် အသက် ၁၂ နှစ်မှ ၁၆ အထိရှိသူ လေးဦးပါဝင်သည်ဟု IOM ပြောရေးဆိုခွင့်ရှိသူ ဆာဖာအမ်ဆာလီက ပြောသည်။
လူ ၃၈ ဦးသာ အသက်ရှင်သည် ဟုဆိုသည်။ လူခြောက်ဦးသည် ဆေးရုံ တက်နေရသည်ဟု ကိတ်ဗာ ဒီအာဏာပိုင်များက ပြောကြားသည်။
ရှည်လျားသည့် သစ်သားငါးဖမ်းလှေကို သြဂုတ် ၁၆ ရက်က ကိတ်ဗာဒီ၏ ဆားလ်ကျွန်းမှ ရေမိုင် ၁၅၀(ကီလို မီတာ ၂၂၇) အကွာ အတ္တလန်တိတ်သမုဒ္ဒရာတွင်တွေ့ခဲ့သည်ဟု ရဲတပ်ဖွဲ့ကပြောသည်။
လှေသည် ဇူလိုင် ၁၀ ရက်ကတည်းက မျောနေခဲ့ခြင်းဖြစ်သည်ဟု ဆီနီဂေါနိုင်ငံခြားရေးဝန်ကြီးက ပြောကြားသည်။ ခရီးသည် ၁၀ ရက် ဝန်းကျင် ကြာတတ်သည်ဟုဆိုသည်။
စပိန်ငါးဖမ်းသင်္ဘောက ကိတ်ဗာဒီအာဏာပိုင်များကို အကြောင်းကြားခဲ့သည်ဟု ဆိုသည်။ ကိတ်ဗာ ဒီကျွန်းစုသည် ရွှေ့ပြောင်းများသွားလာသည့် ရေလမ်းကြောင်းဖြစ်သော စပိန်၏ ကနေရီကျွန်းနှင့် မိုင် ၃၅၀ (ကီလိုမီတာ ၆၀၀) ခန့်တွင် တည်ရှိသည်။ ကနေရီကျွန်းစုသည် ဥရောပသမဂ္ဂသို့ဝင်ပေါက်ဖြစ်သည်။
“ကွယ်လွန်သူတွေလည်း ကွယ်လွန်သွားကြပါပြီ။ သူတို့ဟာ ဘယ်တော့မှ ပြန်မလာကြတော့ပါဘူး။ သူတို့အတွက်ဆုတောင်းပေရမှာ ကျွန်တော်တို့ရဲ့တာဝန်ဖြစ်ပါတယ်” ဟု အကြီးအကဲ မာဒီယော့ဘိုယေးက ပြောသည်။
“ကျွန်တော်တို့ရွာက လူငယ်တွေဟာ ရေကြောင်းခရီးနဲ့ထွက်သွားတာ ရက် ၁၀၀ ရှိပါပြီ။ ဒါပေမဲ့ ဖက်စ် ဘိုယေးရွာဟာ အခုလိုမျိုးကြုံရတာ ပထမဆုံးပါပဲ”ဟု မာဒီယော့ဘိုယေးက ပြောသည်။
အရေးပေါ်ကယ်ဆယ်ရေး ဌာနက လူခုနစ်ဦး၏ ရုပ်အလောင်းများကို ဆယ်ယူရရှိထားသည်ဟု အမ်ဆာလီက ပြောသည်။ အခြား လူ ၅၆ ဦးသည် ပျောက်နေသည်ဟု ယုံကြည်ရသည်။ ပင်လယ်တွင် ပျောက်နေသူများကို သေဆုံးသွားပြီဟု ယူဆကြောင်း ဆာဖာအမ်ဆာလီက ပြောသည်။
“အသက်ရှင်နေသေးတဲ့ ကျွန်တော်တို့ရဲ့သားတွေကို ပြန်ခေါ်ပေးဖို့နဲ့ ကွယ်လွန်သွားသူတွေရဲ့ အလောင်းတွေကို ပြန်သယ်ပေးဖို့ အားလုံးလုပ်ပေးပါဆိုပြီး ဆီနီဂေါအစိုးရကို ကျွန်တော်တို့ တောင်းဆိုထားပါတယ်”ဟု ဘိုယေးက ပြောသည်။ ၎င်းသည် အသက်ရှင်ကျန်ရစ်သူများကို WhatsApp ကနေ ဆက်သွယ်နေသည်ဟု ဆိုသည်။
အဆိုပါလှေပေါ်တွင် လိုက်ပါသွားသူများမှာ ဖက်စ်ဘိုယေးရွာနှင့် အနီးဝန်းကျင်ကလူများ ဖြစ်သည်ဟု နယ်ခံများနှင့် စည်ပင်သာယာတာဝန်ရှိသူတစ်ဦးက ပြောသည်။
၎င်းတို့ကို အမြန်ဆုံး ပြန်ခေါ်နိုင်ရေးအတွက် ဆောင်ရွက်နေသည်ဟု ဆီနီဂေါနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောသည်။
ဆိတ်များနှင့်ကြက်ဖများက ရွာအပြင်ဘက် ဗလီကိုသွားသော ညစ်ပတ်နေသည့် လမ်းတွင်လျှောက် သွားနေကြစဉ် လမ်းသွားလမ်းလာတစ်ဦးက “ဘုရားသခင်သည် ကြီးမြတ်ပါပေသည်”ဟု တီးတိုးရွတ်သွားသည်။
သြဂုတ် ၁၆ ရက်ညပိုင်းတွင် လူအချို့အတွက် ဝမ်းနည်းမှုသည် အမျက်ဒေါသအဖြစ် ပြောင်းလဲသွားသည်။
လူငယ်များသည် ကားတာယာများကို မီးရှို့ကြသည်။ လမ်းမကျယ်ကြီးကို သစ်လုံးများဖြင့် ပိတ်ထားလိုက်ကြသည်။ ငါးဖမ်းလှေဖြင့် လိုက်သွားသူအားလုံးကို အချိန်မီ ကယ်ရန် လှေကို မည်မည်ရရမရှာဟု လူငယ်များက အာဏာပိုင်များကို စွပ်စွဲသည်။
တင်းမာမှုများသည် သြဂုတ် ၁၇ ရက် နံနက်ပိုင်းအထိ ဆက်လက်ရှိနေဆဲပင်။ ရဲများက ရွာအစပ်တွင် ရဲကားများကို ရပ်ထားကြသည်။
“လူငယ်တွေက ပင်လယ်မှာ လချီ အချိန်ဖြုန်းခဲ့ကြရတယ်။ လက်ဗလာနဲ့ ပြန်လာကြရတယ်”ဟု အသက် ၅၃ နှစ်ရှိ အမီဒီဒီယေးက ပြောသည်။















