ကမ္ဘာ့အကြီးဆုံး ထိုင်တော်မူ ကျောက်ဆစ်ရုပ်ပွားတော် "မာရဝိဇယ"

ကမ္ဘာ့အကြီးဆုံး ထိုင်တော်မူ ကျောက်ဆစ်ရုပ်ပွားတော် "မာရဝိဇယ"
Published 20 August 2023

ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ် ဝတ္ထုကံတော်တွင် တည်ထားသည့် ကမ္ဘာ့အကြီးဆုံးထိုင်တော်မူ ကျောက်ဆစ်ရုပ်ပွားတော် "မာရဝိဇယ" ရုပ်ပွားတော်မြတ်ကြီးအား သြဂုတ် ၁ ရက် (ဒုတိယဝါဆိုလပြည့်နေ့) က ဗုဒ္ဓါဘိသေက အနေကဇာတင်၍ ဗုဒ္ဓါဘိသိက်သွန်းလောင်းပူဇော်ခြင်း၊ ကျောက်စာရုံစေတီတော်များအား ရွှေထီးတော်တင်လှူပူဇော်ခြင်းနှင့် ရေစက်ချ အခမ်းအနားများ ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားများ ကျင်းပပြီးနောက် သြဂုတ် ၈ ရက်မှ သြဂုတ် ၂၀ ရက်အထိ နံနက် ၆ နာရီမှ ည ၈ နာရီအတွင်း ဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ဘုရား၊ ကျောင်း၊ ကန်၊ သိမ်၊ ဇရပ်၊ တံတား၊ ဥယျာဉ်များ၊ ဂန္ဓကုဋိတိုက်များ၊ သုဓမ္မာဇရပ်များ၊ ရေပန်းရင်ပြင်၊ မာရဝိဇယကျောင်းတော်၊ အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်ကြီး၊ ကျောက်စာ ရုံစေတီ ၇၂၀ ဆူတို့ကို ရဟန်း၊ ရှင်လူ အများပြည်သူများ ဖူးမြော်ကြည်ညိုနိုင်ရေးအတွက်  အခမဲ့ ဖူးမြော်ကြည်ညိုခွင့်ပြုခဲ့သည်။

''စတင်ပုံ အဆင့်ဆင့်''

၂၀၁၇ ခုနှစ် နှောင်းပိုင်းတွင် ယခင်နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး (ငြိမ်း) သန်းရွှေက ဘုရားကြီးတည်ထားကိုးကွယ်ရန် ၎င်းထံလှူဒါန်းထားသည့် စကျင်ကျောက်တော်ကြီးကို တပ်မတော်က ဦးဆောင်၍ ဘုရားတည်ထားရန်အတွက် လွှဲအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကျောက်တော်ကြီးကို ၂၀၁၈ ခုနှစ်အောက်တိုဘာမှ စတင်တူးဖော်ခဲ့ပြီး ၂၀၁၉ ခုနှစ်မတ်လ၌ အမြင့် ၆၅ ပေ၊ ရှေ့အလျား ၁၅၄ ပေ၊ ထု ပေ၂၀ ရှိ A အဆင့်ရှိသည့် ကျောက်တော်ကြီးကို အကြမ်းထည် ပုံဖော်နိုင်ခဲ့ကြောင်းနှင့် ဆင်းတုတော်ကြီးတည်ထားကိုးကွယ်ရန် ဆောင်ရွက်ရာ၌  ရတနာပုံခေတ်ဟန် ဘူမိဖဿ ပုံစံဖြင့်တည်ထားကိုးကွယ်နိုင်ရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆင်းတုတော်ကြီး ထုဆစ်ရန်အတွက် ကျောက်တုံးတော်ကြီးများကို သယ်ယူရေးစီစဉ်ဆောင်ရွက်ခဲ့ရာတွင် ကုန်းလမ်းမှသယ်ယူရန် အခက်အခဲများ ရှိခြင်းကြောင့် စကျင်တောင်မှ ဧရာဝတီမြစ်၊ ၎င်းမှ ဆီမီးခုံဆိပ်ကမ်း၊ ထိုမှတစ်ဆင့် ကုန်းလမ်းမှနေပြည်တော်သို့ သယ်ဆောင်နိုင်ရေးအတွက် ဩဝါဒါစရိယ ဆရာတော်ကြီးများထံမှ ဩဝါဒခံယူ၍ ကျောက်တုံးတော်ကြီးများကို ပိုင်းဖြတ်သယ်ယူပင့်ဆောင်ခြင်းများ ဆောင်ရွက်ခဲ့ရကြောင်း သိရသည်။

၂၀၂၀ ပြည့်နှစ် ဇူလိုင် ၃ ရက်တွင် ကျောက်တုံးတော်ကြီးများကို စတင်ပင့်ဆောင်ခြင်းအခမ်းအနားကို ဆောင်ရွက်၍ပင့်ဆောင်ခဲ့ကြောင်း၊ ကျောက်တုံးတော်ကြီးများ ထိခိုက်မှုမရှိစေရေး စနစ်တကျဖြင့်ပင့်ဆောင်ခဲ့ရပြီး စုစုပေါင်းအနေဖြင့် ကိုးကြိမ်ပင့်ဆောင်ခဲ့ရပြီး တန်ချိန်အားဖြင့် ၈၁၅၈ တန်သယ်ဆောင်ခဲ့ရပြီး စက်တင်ဘာ ၁၈ ရက်တွင် ကျောက်တုံးတော်ကြီးများအားလုံး ဆီမီးခုံဆိပ်ကမ်းသို့ ရောက်ရှိခဲ့ကြောင်း သိရသည်။

ဆီမီးခုံဆိပ်ကမ်းမှ စကားအင်းအဝိုင်းအကြား ကျောက်တုံးတော်ကြီးများ ချောမွေ့စွာသယ်ယူနိုင်ရေး ၂၂ မိုင် ၅ ဖာလုံအရှည်လမ်းကို ဆောင်ရွက်ခဲ့ပြီး နေပြည်တော်သို့ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၂၅ ရက်တွင် စတင် ပင့်ဆောင်ခဲ့ကြောင်း သိရသည်။

ကျောက်တုံးတော်ကြီးများ ပင့်ဆောင်လာသည့် ကားများသွားလာနိုင်ရေး ရှောင်ကွင်းလမ်းများ ဖောက်လုပ်ခြင်းနှင့် လမ်းများအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ရကြောင်းနှင့် ကုန်းလမ်းခရီးဖြင့်သယ်ယူရာတွင် စုစုပေါင်း ခုနစ်ခေါက်သယ်ယူခဲ့ရပြီး အလေးချိန်အနေဖြင့် ၇၆၃၂ တန်ဖြစ်ကြောင်း သိရသည်။

ရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရန်အတွက် မြေနေရာကို စနစ်တကျ တွက်ချက်ဆောင်ရွက်ခဲ့ပြီး ဆင်းတုတော်ကြီး ထုဆစ်ရာတွင် အပိုင်းလိုက်ခွဲကာ CNC စက်များနှင့် အဆင့်ဆင့်ထွင်းထုခဲ့ခြင်းဖြစ်ကြောင်း၊ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၆ ရက်တွင် ဆင်းတုတော် အပိုင်း (၁၊ ၂၊ ၃) တို့ကို ရတနာ ပလ္လင်တော်ထက်သို့ စတင်ပင့်ဆောင်ပူဇော်ခြင်း အခမ်းအနားကိုပြုလုပ်ခဲ့ပြီး ဇန်နဝါရီ ၃၁ ရက်တွင် ပလ္လင်တော်ထက်ကို အောင်မြင်စွာ ပင့်ဆောင်ပူဇော်နိုင်ခဲ့ပါ

ကြောင်း သိရသည်။ထို့ပြင် ရုပ်ပွားတော်မြတ်ကြီး ရေရှည်တည်တံ့ခိုင်မြဲစေရန်အတွက် တန်ချိန် ၂၀၀၀၀ အထိ ခံနိုင်သည့် အောက်ခံအမာ ရရှိရေး၊ တစ်နာရီလေတိုက်နှုန်း မိုင် ၁၂၀ ရှိသည့် လေပြင်းမုန်တိုင်း တိုက်ခတ်မှုဒဏ် ခံနိုင်ရေး၊ မြန်မာနိုင်ငံတွင်အမြင့်ဆုံး လှုပ်ခတ်နိုင်သည့် Earthquake Magnitude ၈ ဒသမ ၈ အထိ မြေငလျင်ဒဏ်ခံနိုင်ရေးနှင့် လျှပ်စီးမိုးကြိုးများကြောင့် ဆင်းတုတော်ကြီး ထိခိုက်မှုမရှိစေရေးတို့အတွက် အင်ဂျင်နီယာရှုထောင့်မှ စနစ်တကျတွက်ချက် တည် ဆောက်ထားပြီး ဉာဏ်တော် ၆၃ ပေ၊ ပလ္လင်တော် ၁၈ ပေ၊ စုစုပေါင်း ၈၁ ပေအမြင့်ဆောင်သည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို ရတနာပုံခေတ်ဟန် အတိုင်း ခေတ်မီနည်းစနစ်ဖြင့်ပေါင်းစပ်ကာ တည်ထားခြင်းဖြစ်ကြောင်း သိရသည်။

''ဗုဒ္ဓဥယျာဉ်တော်အတွင်း''

ရုပ်ပွားတော်မြတ်ကြီး ရှေ့မျက်နှာစာတွင် ခေတ်မီစက်ကိရိယာများအသုံးပြု၍ ပါဠိအက္ခရာ၊ Romanize Language တို့ဖြင့် စကျင်ကျောက်ချပ်များပေါ်တွင် ကျောက်စာတော်များ ထွင်းထုထည့်သွင်း၍ တည်ထားသည့် ကျောက်စာရုံစေတီ ၇၂၀ နှင့် မော်ကွန်း ကျောက်စာစေတီတော်တစ်ဆူတို့ကို တည်ဆောက်ထားသည်။

မြတ်စွာဘုရား ဟောကြားတော်မူခဲ့သည့် ပိဋကတ်သုံးပုံ အဋ္ဌကထာဋီကာကျမ်းစာများသည် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ မျက်နှာတော်မူရာတွင် တည်ရှိနေမည်ဖြစ်သလို ပိဋကတ်သုံးပုံကို ကျောက်ထက်အက္ခရာတင်ရုံမျှမက ကျမ်းစာအဖြစ်လည်းရိုက်နှိပ်ပြီး ကမ္ဘာပေါ်ရှိ ဗုဒ္ဓဘာသာကိုးကွယ်သည့် ဘာသာရေးဌာနများသို့ ပေးပို့လှူဒါန်းသွားမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် သာသနာရေးဆိုင်ရာများ ကျင်းပနိုင်ရန်အတွက် သံဃာတော်အပါး ၉၀၀ နှင့် လူပရိသတ် ၁၂၀၀ ဝင်ဆံ့နိုင်သည့် အလျား ၂၉၆ ပေ၊ အနံ ၂၁၃ ပေ၊ အမြင့် ၉၄ ပေရှိ သာသနာ့ဗိမာန် အဂ္ဂါဓိပတိဝိသုံဂါမ သိမ်တော်ကြီးကိုလည်း တည်ဆောက်ထားသည်။ အလားတူ မြတ်စွာဘုရား ဟောကြားသည့် ပဋ္ဌာန်းမြတ်ဒေသနာ ၂၄ ပစ္စည်းကို ရည်စူးလျက် ဂန္ဓကုဋိတိုက်များကိုလည်း ၂၄ ဆောင် တည်ဆောက်ထားပြီး ဘုရားဖူးလာ ပြည်သူများအနေဖြင့် နေပူပြင်းသည့် အချိန်များတွင် ဂန္ဓကုဋိ တိုက်တော်များအတွင်းမှ ဘုရားကြီးကို ဖူးမြော်ကြည်ညိုနိုင်စေရန် ရည်ရွယ်တည်ဆောက်ထားခြင်းဖြစ်ကြောင်း၊ ဘုရားကြီးပရိဝုဏ်တော်အတွင်း အိန္ဒိယနိုင်ငံမှရရှိသည့် ဗောဓိညောင်ပင်ကိုလည်း စိုက်ပျိုးထားရှိကာ ရုပ်ပွားတော်ကြီး၏ ဘယ်ဘက်နှင့် ညာဘက်တို့တွင် လုမ္ဗိနီအင်ကြင်းတောနှင့် ရုပ်ပွားတော်ကြီး၏ အနောက်ဘက်တွင် လင်းလွန်းပင်နှင့် လုမ္ဗိနီအင်ကြင်းပင်များကို စိုက်ပျိုးထားရှိသည်။

ဧရိယာ အကျယ်အဝန်း ၂၅၅ ဧကရှိသည့် ဗုဒ္ဓဥယျာဉ်တော်ကြီးအတွင်း၌ ရေပန်းရင်ပြင်၊ ရတနာပုံခေတ် သုဓမ္မာဇရပ် ခြောက်ဆောင်၊ မော်ကွန်းပြတိုက်၊ ဂေါပကရုံး အဆောက်အအုံ၊ မဟာဗောဓိပင်နှင့် ဂြိုဟ်ပြေနံပြေဘုရားများ၊ မန္တလေးရတနာပုံနန်းမြို့အဝင် မင်္ဂလာတံတားနှင့် ပုံစံတူတံတား၊ အဝင်မုခ်ဦး နှစ်ဆောင်၊ဗုဒ္ဓ ဥယျာဉ်တော်မဟာရံတံတိုင်း၊ ရုပ်ပွားတော်တက်မင်္ဂလာမုခ်ဦးကြီး လေးစင်း၊ ရွေ့လျားစက်လှေကား တစ်စင်း၊ ယာဉ်ရပ်နားကွင်းနှင့် ၄၂ မီတာ အမြင့်ရှိသော မိုးကြိုးလွှဲတိုင် နှစ်တိုင်တို့ကိုလည်း တည်ဆောက်ထားကြောင်း သိရသည်။

''ရှင်းလင်းမှုနှင့် အလှူငွေပေးအပ်မှုများ''

မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပြီးစီးမှုအခြေအနေများ ရှင်းလင်းပြသခြင်း အခမ်းအနားကို ဇွန် ၂၉ ရက်က ပြုလုပ်ခဲ့ပြီးအခမ်းအနားသို့ ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိ ကြီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ သာသနာနုဂ္ဂဟဘွဲ့ရပုဂ္ဂိုလ်များ၊ ပြည်တွင်းဘဏ်များနှင့် ကုမ္ပဏီကြီးများမှတာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပြည်တွင်းရုပ်သံလိုင်းများနှင့် ဆက်သွယ်ရေးအော်ပရေတာများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ သတ္တုလုပ်ငန်းကုမ္ပဏီများမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြသည်။

အဆိုပါ အခမ်းအနားတွင် မာရဝိဇယဗုဒ္ဓဥယျာဉ်တော်မြတ်ကြီးနှင့် မာရဝိဇယဗုဒ္ဓဥယျာဉ်တည်ဆောက်ခြင်းအတွက် အလှူရှင် ၁၀၁ ဦးက ကျပ် ၁၆ ဒသမ ၁၇၇ ဘီလျံ လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ထို့ပြင် ဇူလိုင် ၁၆ ရက်က ကျင်းပသည့် မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး တည် ဆောက်ပြီးစီးမှုအခြေအနေများ ရှင်းလင်းပြသခြင်းအခမ်းအနားသို့ယာယီသမ္မတ ဦးမြင့်ဆွေနှင့်ဇနီး ဒေါ်ခင်သက်ဋ္ဌေး၊ ဦးဆောင် ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ၊ နိုင်ငံတော်သမ္မတ (ငြိမ်း) ဦးသိန်းစိန်၊ တပ်မတော်အငြိမ်းစားအရာရှိကြီးများနှင့်ဇနီးများ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့်ဇနီး၊ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပြီ အလှူငွေများကိုလည်း ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။    အလားတူ ဇူလိုင် ၂၃ ရက်က မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးပရိဝုဏ်အတွင်းရှိ ယာယီရှင်းလင်းဆောင်၌  ကျင်းပသည့် ရှင်းပွဲအခမ်းအနားတွင်လည်း အခမ်းအနားတက်ရောက်လာကြသူများက မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် မာရဝိဇယဗုဒ္ဓဥယျာဉ်တည်ဆောက်ခြင်းအတွက် အလှူရှင် ၃၇၇ ဦးကလှူဒါန်းငွေ ၁၇ ဒသမ ၄၁၅ ဘီလျံ လှူဒါန်းခဲ့ကြောင်း သိရသည်။

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ခြင်းနှင့်ပတ်သက်၍ ဇူလိုင် ၂၉ ရက်ကလည်း ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရှင်းလင်းပြောကြားခဲ့ပြီး အခမ်းအနားသို့ အခမ်းအနားသို့ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

ယင်းအခမ်းအနားတွင် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် မာရဝိဇယ ဗုဒ္ဓဥယျာဉ်တည်ဆောက်ခြင်းအတွက် တက်ရောက်လာကြသည့် ပြည်တွင်း၊ ပြည်ပအလှူရှင် ၂၇၄ ဦး၏ လှူဒါန်းမှုများအဖြစ် ကျပ် ၅ ဒသမ ၀၄ ဘီလျံကျော်၊ အမေရိကန်ဒေါ်လာ ၂၃၀၀၀ နှင့် ထိုင်းဘတ်ငွေ တစ်သိန်းတို့ကို လှူဒါန်းခဲ့ကြကြောင်း သိရသည်။

''အနေကဇာတင်၊ ထီးတင်ပွဲနှင့် ရေစက်ချ''

ပြည်ထောင်စုနယ်မြေနေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ် ဝတ္ထုကံတော်တွင် တည်ထားသည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဗုဒ္ဓါ ဘိသေက အနေကဇာတင်ခြင်း၊ ကျောက်စာရုံစေတီတော်များအား ရွှေထီးတော်တင်လှူပူဇော်ခြင်းနှင့် ရေစက်ချ အခမ်းအနားများကို  သြဂုတ် ၁ ရက်(ဒုတိယဝါဆိုလပြည့်နေ့) က ကျင်းပခဲ့သည်။

အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့အကျိုးတော်ဆောင် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့၊ မင်းကျောင်းပထမပြန်စာသင်တိုက် ပဓာနနာယက၊ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တ စန္ဒိမာဘိဝံသ၊ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ရေးဩဝါဒါစရိယ ဆရာတော်ကြီးများ ဖြစ်သည့် နိုင်ငံတော်ဩဝါဒါစရိယ သောဠသမ ရွှေကျင်သာသနာပိုင် ဆရာတော်၊ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏အဓိပတိ အဘိဓဇမဟာ ရဋ္ဌဂုရု အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တ ဉာဏိဿရ နှင့် ပျဉ်းမနားမြို့၊ ပါဠိတက္ကသိုလ် မင်္ဂလာဇေယျုံကျောင်းတိုက် ပဓာနနာယက၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ ဝိမလဗုဒ္ဓိတို့အမှူးပြုသော ပြည်တွင်း၊ ပြည်ပမှ ဆရာတော်၊ သံဃာတော်အပါး ၉၀၀၊ သာသနာနွယ်ဝင် သီလရှင် ဆရာကြီးအပါး ၂၀ တို့ကြွရောက်ချီးမြှင့်ခဲ့သည်။ထို့ပြင် ဦးဆောင်ဘုရား ဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး၊ မိသားစုဝင်များနှင့်အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ကောင်စီအတွင်းရေးမှူးနှင့်ဇနီး၊ တွဲဖက်အတွင်းရေးမှူးနှင့် ဇနီး၊ ကောင်စီဝင်များနှင့်ဇနီးများ၊  ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပြည်တွင်း၊ ပြည်ပမှ အလှူရှင်များနှင့်ဓမ္မမိတ်ဆွေများ၊ ဝတ်အသင်းအဖွဲ့များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် တာဝန်ရှိသူများလည်း မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေက အနေကဇာတင်ခြင်း၊ ကျောက်စာရုံစေတီတော်များအား ရွှေထီးတော်တင်လှူပူဇော်ခြင်းနှင့် ရေစက်ချ အခမ်းအနားများကို တက်ရောက်ကြသည်။

အခမ်းအနားတွင် ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှတို့က မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို၍ မြသပိတ်ဆွမ်းတော်၊ ရွှေကြာသင်္ကန်းတော်၊ သစ်သီးပန်းမန်၊ သောက်တော်ရေချမ်းနှင့် ဆီမီးတို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ထို့နောက် ကြွရောက်တော်မူကြသည့် ကမ္ဘောဒီးယားနိုင်ငံမှ သံဃာတော် ခြောက်ပါး၊ ထိုင်းနိုင်ငံမှ သံဃာတော် ၁၁ ပါး၊ နီပေါနိုင်ငံမှ သံဃာတော် ၁၀ ပါး၊ ဗီယက်နမ်နိုင်ငံမှ သံဃာတော် ၁၁ ပါး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ သံဃာတော် ၁၀ ပါး၊ လာအိုနိုင်ငံမှ သံဃာတော် ခြောက်ပါး၊ သီရိလင်္ကာနိုင်ငံမှ သံဃာတော် ၁၁ ပါးနှင့် 

အိန္ဒိယနိုင်ငံမှ သံဃာတော် ငါးပါးတို့က မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေကအနေကဇာတင်၍ ဗုဒ္ဓါဘိသိက်သွန်းတော်မူကြသည်။ထို့အတူ အခမ်းအနားသို့ ကြွရောက်ချီးမြှင့်တော်မူကြသည့် ပြည်တွင်းမှ သံဃာတော်များက မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဥဒါန်းပါဠိတော်လာနည်းအတိုင်း ဗုဒ္ဓါဘိသေကအနေကဇာတင်၍ ဗုဒ္ဓါဘိသိက်သွန်းတော်မူကြသည်။

ယင်းနောက် အခမ်းအနားအစီအစဉ်ဒုတိယပိုင်းအဖြစ် ကျောက်စာရုံစေတီများအား ရွှေထီးတော်တင်လှူပူဇော်ခြင်းအစီအစဉ်ကို ဆက်လက်ကျင်းခဲ့ပြီး ဆရာတော်ကြီး သုံးပါးနှင့် ဦးဆောင်ဘုရားဒါယကာနှင့် ဘုရားဒါယကာများက အရံစေတီတော်လေးဆူနှင့် ကျောက်စာရုံစေတီ အဆူ ၇၂၀ တို့အား ရွှေထီးတော် တင်လှူကြသည်။

အခမ်းအနားအစီအစဉ် တတိယပိုင်းအဖြစ် ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်ဆည်းပူးခြင်းအစီအစဉ်ကို အဂ္ဂါဓိပတိ သာသနာ့ဗိမာန်တော်ကြီးအတွင်း၌ ဆက်လက်ကျင်းပခဲ့ပြီး တက်ရောက်လာသည့် ဧည့်ပရိသတ်များက နိုင်ငံတော်သံဃမဟာနာယက အဖွဲ့အကျိုးတော်ဆောင် သန်လျင်မင်းကျောင်းဆရာတော်ကြီးထံမှ ကိုးပါးသီလခံယူ ဆောက်တည်ခြင်း၊ သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားချီးမြှင့်တော်မူသည့် မေတ္တသုတ်၊ ရတနာသုံးပါးဂုဏ်တော်နှင့် ပုဗ္ဗဏှသုတ် ပရိတ်တရားတော်များကို နာယူ ကြည်ညိုခြင်း၊ သီတဂူဆရာတော်ကြီးချီးမြှင့် မြွက်ကြားတော်မူသည့် သမ္မောဒနီယ ဩဝါဒကထာကို နာယူကြည်ညိုကြပြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယ ဥက္ကဋ္ဌ ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့ သီဟိုဠ်ပရိယတ္တိစာသင်တိုက် ပဓာန နာယက အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာ ဘဒ္ဒန္တ စန္ဒနသာရထံမှ အနုမောဒနာတရား နာယူကြကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။

ယင်းနောက်တွင် အခမ်းအနားမှူးက မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပူဇော်ရာတွင် အမှားအယွင်းနှင့် မပြည့်စုံခြင်းများရှိပါက ခွင့်လွှတ်တော်မူပါရန် တောင်းပန်လွှာစာတမ်းကို ဘုရားဒါယကာ၊ ဒါယိကာမများကိုယ်စား ဖတ်ကြား တောင်းပန်ပြီး ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

''ဖူးမြော်ခွင့်ပြု''

ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ် ဝတ္ထုကံတော်တွင် တည်ထားသည့် မာရဝိဇယ ရုပ်ပွားတော်မြတ်ကြီးအား သြဂုတ် ၈ ရက် စတင်၍ အများပြည်သူကို အခမဲ့ ဝင်ရောက်ဖူးမြော်ခွင့်ပြုခဲ့သည်။

ဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ဘုရား၊ ကျောင်း၊ ကန်၊ သိမ်၊ ဇရပ်၊ တံတား၊ ဥယျာဉ်များ၊ ဂန္ဓကုဋိတိုက်များ၊ သုဓမ္မာဇရပ်များ၊ ရေပန်းရင်ပြင်၊ မာရဝိဇယကျောင်းတော်၊ အဂ္ဂါဓိပတိသသာနာ့ဗိမာန်တော်ကြီး၊ ကျောက်စာ ရုံစေတီ ၇၂၀ ဆူတို့ကို ရဟန်း၊ ရှင်လူ အများပြည်သူများအနေဖြင့် သြဂုတ် ၂၀ ရက်အထိ နံနက် ၆ နာရီမှ ည ၈ နာရီအတွင်း အခမဲ့ဖူးမြော်ကြည်ညိုနိုင်မည် ဖြစ်သည်။

သြဂုတ် ၂၀ ရက်နောက်ပိုင်းတွင် မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးအတွင်းသို့ ဝင်ရောက်ဖူးမြော်ကြည်ညိုခွင့် သတ်မှတ်နှုန်းထားများအဖြစ် လူကြီးတစ်ဦးလျှင် ကျပ် ၁၀၀၀၊ ကလေးတစ်ဦးလျှင် (ရင်ခွင်ပိုက်မပါ) ကျပ် ၁၀၀၀၊ နိုင်ငံခြားသား တစ်ဦးလျှင် 10 USD၊ အပျော်ရိုက်ကင်မရာ ကျပ် ၅၀၀၀၊ အလှဓာတ်ပုံရိုက်/Video အပါ (နာရီဝက်ပိုတိုင်း ကျပ် ၅၀၀၀) ကျပ် ၅၀၀၀၀၊ ယာဉ်ဝင်ခွင့် တစ်စီးလျှင် (ကား Parking အထိ) ကျပ် ၂၀၀၀၀၊ Buggy တစ်စီးလျှင် (လေးယောက်စီး) တစ်နာရီ ကျပ် ၁၀၀၀၀ ကောက်ခံသွားမည်ဖြစ်ကြောင်း နစက ကထုတ်ပြန်ထားသည်။

ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်လာမည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်မှုနှင့် ပတ်သက်၍ ဇူလိုင် ၂၁ ရက်က မာရဝိဇယရုပ်ပွားတော်မြတ်ကြီး ပရိဝုဏ်အတွင်းရှိ ယာယီရှင်းလင်းဆောင်၌ သတင်းစာရှင်းပွဲပြုလုပ်ခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြည်တွင်း ပြည်ပ မီဒီယာများအား ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါရှင်းလင်းပွဲ၌ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်မှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် ရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်မှုသည် နိုင်ငံတော်စီမံကိန်းမဟုတ်ဘဲ ၂၀၁၇ ခုနှစ်တွင် မူလအလှူရှင်များက တပ်မတော်ကို တာဝန်ယူပေးဖို့ ယုံကြည်စွာအပ်နှံခဲ့ခြင်းဖြစ်ကြောင်းနှင့် ဦးဆောင် ဘုရားဒါယကာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏စီမံမှုနှင့် ရဟန်းရှင်လူပြည်သူများ၊ အဖွဲ့အစည်းများ၏ စုပေါင်းအလှူသာဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့သည်။ထို့ပြင် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်မှုနှင့်ပတ်သက်၍ နိုင်ငံတော် ဘက်ဂျက်မှလည်း လှူဒါန်းထားခြင်းမရှိကြောင်းလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ထည့်သွင်းပြောကြားထားသည်။မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသည် ဆင်းတုတော် ဉာဏ်တော် အမြင့် ၆၃ ပေ၊ ပလ္လင်တော်အမြင့် ၁၈ ပေ စုစုပေါင်း ဉာဏ်တော်အမြင့် ၈၁ ပေရှိပြီး 

ဆင်းတုတော်အလေးချိန် ၁၇၈၂ တန်၊ ပလ္လင်တော်အလေးချိန် ၃၅၁၀ တန် ရှိကြောင်း သိရသည်။

 

Most Read

Most Recent