ရိုတာဗိုင်းရပ်စ် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါနှင့် ကာကွယ်ဆေး 

ရိုတာဗိုင်းရပ်စ် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါနှင့် ကာကွယ်ဆေး 
Published 19 August 2023
■ ဒေါက်တာဇွန်

ကလေးတစ်ဦးသည် တစ်နေ့လျှင် ဝမ်းအပျော့ (သို့မဟုတ်) အရည် သုံးကြိမ်နှင့်အထက် သွားခြင်းကို ဝမ်းပျက်ဝမ်းလျှောရောဂါဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတ်မှတ်ပါသည်။ ရိုတာဗိုင်းရပ် (စ်) ဝမ်းပျက်ဝမ်းလျှောရောဂါသည် ရိုတာဗိုင်းရပ်စ်ပိုး အမျိုးအစားကြောင့်ဖြစ်သော အလွန်ကူးစက်တတ်သည့် ရောဂါဖြစ်သည်။ အူသိမ်ပိုင်းတွင် ရောဂါဖြစ်စေသည်။ တစ်ကမ္ဘာလုံးတွင် တစ်နှစ်အောက်နှင့် ကလေးငယ်များတွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်စေသော အဓိကအကြောင်းရင်းတစ်ခု ဖြစ်သည်။ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ခန့်မှန်းချက်အရ ၂၀၀၈ ခုနှစ်တွင် တစ်ကမ္ဘာလုံးတွင် ရိုတာဗိုင်းရပ်စ် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ကလေးငယ်ပေါင်း ၄၅၃၀၀၀ ဦးမျှ သေဆုံးခဲ့ပါသည်။ အရှေ့တောင်အာရှနိုင်ငံများနှင့် အာဖရိကနိုင်ငံများတွင် သေဆုံးနှုန်းများပါသည်။ ပထမအကြိမ်ရောဂါ ဖြစ်ပြီး ခုခံနိုင်စွမ်း အဆင့်ဆင့်ရရှိသွားသဖြင့် ဒုတိယအကြိမ်ဖြစ်လျှင် ပြင်းထန်မှုမရှိပါ။ရိုတာဗိုင်းရပ်စ် ဝမ်းပျက်ဝမ်းလျှောရောဂါသည် နိုင်ငံတိုင်း၊ နေရာတိုင်းတွင် ဖြစ်နိုင်ပါသည်။ ပတ်ဝန်းကျင်သန့်ရှင်းရေး ကောင်းမွန်ပြီး ရေကောင်းရေသန့် ရရှိသောနေရာများတွင်လည်း ဖြစ်နိုင်ပါသည်။ ကလေးကြီး၊ လူရွယ်၊ လူကြီးများတွင်လည်း ဖြစ်နိုင်ပါသည်။

“ရိုတာဗိုင်းရပ်စ်”

ရိုတာဗိုင်းရပ်စ်သည် Double-Stranded RNA ဗိုင်းရပ်စ်ဖြစ်ပြီး Sedoreoviridae မျိုးနွယ်ဖြစ်သည်။ ၁၉၇၃ ခုနှစ်တွင် Ruth Bishop (Microbiologist) နှင့် သူမ၏လုပ်ဖော်ကိုင်ဖက်များက ကလေးများ ဝမ်းလျှော၊ အန် ဖြစ်ရာမှ ဗိုင်းရပ်စ်ကို စတင်တွေ့ရှိခဲ့သည်။ ၁၉၇၄ ခုနစ်တွင် Thomas Hanry (Pathologist) က အဏုကြည့်မှန်ပြောင်းအောက်တွင်ကြည့်ပြီး အဝိုင်းပုံရှိပြီး ဘီးတစ်ဘီးနှင့်တူ၍ လက်တင်ဘာသာဖြင့် Rota ဟု ပေးခဲ့ခြင်းဖြစ်သည်။ ရိုတာဗိုင်းရပ်စ်၏ မျက်နှာပြင်ပေါ်တွင် ရှိသော မျိုးကွဲများပေါ် မူတည်ပြီး ရောဂါပိုးကို ခွဲခြားသတ်မှတ်ပါသည်။ ထိုပိုးအမျိုးအစားများ အနက် G အမျိုးအစား ဖြစ်သော G(1), G(2), G(3), G(4), G(9) နှင့် P အမျိုးအစားများဖြစ်သော P (4), P (6), P (8) တို့သည် တစ်ကမ္ဘာလုံးတွင် အများဆုံးတွေ့ရပြီး မြန်မာနိုင်ငံတွင် G (3) နှင့် G (9) ကို အများဆုံး တွေ့ရပါသည်။

“ကူးစက်ပျံ့နှံ့ပုံ”

ရိုတာဗိုင်းရပ်စ်ပိုးသည် အလွန်ကူးစက်လွယ်ပြီး မစင်မှတစ်ဆင့် ပါးစပ်ထဲသို့ ဝင်ရောက်ကူးစက်တတ်သော ရောဂါဖြစ်သည်။ ရောဂါဖြစ်နေသော ကလေး၏ မစင်ထဲတွင် ရိုတာဗိုင်းရပ်စ် မြောက်မြားစွာပါသည်။ အန်ဖတ်တွင်လည်းပါသည်။ ကလေးသည် ရိုတာဗိုင်းရပ်စ်ပိုး ဝင်ရောက်ပြီး လက္ခဏာမပြမီ နှစ်ရက်နှင့် လက္ခဏာစပြပြီးနောက် ၁၀ ရက်အထိ ပတ်ဝန်းကျင်သို့ ပိုးများစွန့်ထုတ်၍ ရောဂါပျံ့နှံ့စေသည်။ ၎င်းမစင်နှင့် ထိမိသော လက်များ အစားအစာ၊ ရေ၊ 

အရာဝတ္ထု၊ ပစ္စည်း၊ ကစားစရာ အရုပ်၊ မျက်နှာပြင် တံခါးလက်ကိုင်များမှ တစ်ဆင့် အခြားကလေးများသို့ ကူးစက်သည်။ ရိုတာဗိုင်းရပ်စ်သည် ပြင်ပ ပတ်ဝန်းကျင်တွင် ၉ ရက်မှ ၁၉ ရက်အထိ အသက်ရှင်နိုင်သည်။ ခုခံအားကျဆင်းသူများ၏ ဝမ်းတွင် ရက်ပေါင်း ၃၀ ကျော်အထိ တွေ့ရှိနိုင်ပါသည်။

“ရောဂါလက္ခဏာများ”

ရောဂါပိုး ဝင်ရောက်ပြီး နှစ်ရက်တွင် လက္ခဏာ စပြပါသည်။ အများဆုံးဖြစ်သော လက္ခဏာများမှာ ပြင်းထန်အရည်ဝမ်းသွားခြင်း၊ အန်ခြင်း ဖျားခြင်းနှင့် ဗိုက်နာခြင်း တို့ဖြစ်သည်။ ဝမ်းသွားခြင်းနှင့် အန်ခြင်းသည် သုံးရက် မှ  ရှစ်ရက်အထိ  ကြာနိုင်ပါသည်။     အခြားလက္ခဏာများမှာ အစားအသောက်ပျက်ခြင်း၊ အရည်ခမ်းခြောက်ခြင်းတို့ဖြစ်သည်။    အရည်ခမ်းခြောက်သော လက္ခဏာများမှာ ဆီးနည်းသွားခြင်း၊ ပါးစပ်နှင့် အာခေါင်များ ခြောက်ခြင်း၊ မျက်တွင်းချိုင့်ခြင်း၊ ငိုလျှင် မျက်ရည်မထွက်ခြင်း၊ ရပ်လျှင် မူးခြင်း၊ မှိန်းခြင်း၊ ဂနာမငြိမ်ခြင်းတို့ဖြစ်သည်။

ပြင်းထန် အရည်ခန်းခြောက်လျှင် နောက်ဆက်တွဲ ပြဿနာများအဖြစ် သွေးတွင်းရှိ ဓာတ်များ (Electrolytes) မညီမမျှဖြစ်ခြင်း၊ သွေးလန့်ခြင်း (Shock)၊ ရုတ်တရက် ကျောက်ကပ်အလုပ် မလုပ်ခြင်းကြောင့် သေဆုံးနိုင်သည်။

အန်ခြင်းသည် အလွန်အန္တရာယ်ရှိသည်။ တစ်နှစ်အောက် ကလေးငယ်များတွင် မကြာခဏ အန်ပါက ဆုံးရှုံးသွားသော အရည်များကို ပြန်လည်ဖြည့်ရက်ခဲပြီး အသက်ဆုံးရှုံးနိုင်ပါသည်။ ကလေးသည် အသက် သုံးလမှ တစ်နှစ်အတွင်း ရောဂါပိုး ပထမအကြိမ် ကူးစက်ခံရနိုင်သည်ဖြစ်၍ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပြီး အရည်ခန်းခြောက်ခြင်း ပိုဖြစ်တတ်သောကြောင့် ထိုအသက်အရွယ်ကလေးများတွင် သေဆုံးမှုနှုန်း များပါသည်။     ဓာတ်ဆားရည် မဝင်လျှင်၊ အရည်ခန်းခြောက်သော လက္ခဏာရှိလျှင် ဆေးရုံဆေးခန်းသို့ အမြန်သွားရမည် ဖြစ်သည်။ လူငယ်လူရွယ်များတွင် ထိုလက္ခဏာများရှိပြီး မပြင်းထန်ပါ။ အချို့မှာ လက္ခဏာ မပြပါ။

“ရောဂါသတ်မှတ်ခြင်း    “

ရောဂါလက္ခဏာ ကလေးကို စမ်းသပ်ချက်များအရ ရောဂါသတ်မှတ်နိုင်ပါသည်။ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်စေသော ပိုးများစွာရှိသည့်အတွက် ရိုတာဗိုင်းရပ်စ် ရှိ မရှိ ဝမ်းကို Test Kit ဖြင့် စမ်းသပ်နိုင်ပါသည်။ Enzyme Immunoessay, Polymerase Chain Reaction  တို့ဖြင့် ထပ်မံအမျိုးအစား ခွဲခြားနိုင်သည်။

“ကုသခြင်း”

ရိုတာဗိုင်းရပ်စ်၏ ဝမ်းပျက်ဝမ်းလျှောရောဂါအတွက် တိကျသော ဗိုင်းရပ်စ် ပိုးသတ်ဆေးမရှိပါ။ အခြားပိုးသတ်ဆေးများပေးခြင်းသည်လည်း အထောက်အကူ မဖြစ်ပါ။ ဝမ်းရပ်ဆေးများ မပေးရပါ။ ပုံမှန်အားဖြင့် သုံးရက်မှ ခုနစ်ရက်အတွင်း ရောဂါသက်သာသွားပါသည်။ဓာတ်ဆားရည်တိုက်ခြင်း၊ ဇင့်ဆေးပြား ဖြည့်စွက်ပေးခြင်း၊ သွေးကြောအတွင်း ဆေးရည်သွင်းခြင်း စသည်များကို ရေဓာတ်ခန်းခြောက်မှု အဆင့်ပေါ်မူတည်ပြီး ကုသပါသည်။ကလေးကို မိခင်နို့ ဆက်တိုက်ရန်၊ အစာပျော့ပျော့ ကျွေးရန်၊ ဆန်ပြုတ်၊ စွပ်ပြုတ်ရည်များတိုက်ရန်၊ ဝမ်းသွားခြင်း၊ အန်ခြင်းကို ပိုဆိုးစေသော နို့၊ နို့ထွက်ပစ္စည်း၊ အချိုရည်များ မတိုက်ရန်၊ အစာအိမ်ကို လှုံ့ဆော်သော ကော်ဖီ၊ အရက်၊ နီကိုတင်း တို့ကို ရှောင်ရပါမည်။အစာကျွေးလျှင် ဝမ်းပိုသွားမည်။ ဝမ်းသွားလျှင် အစာမကျွေးရဟူသော လွဲမှားသော အယူအဆများကို ပြင်သင့်ပါသည်။

“ကာကွယ်ခြင်း”

(၁)    လက်ကို ရေ၊ ဆပ်ပြာဖြင့် စက္ကန့် ၂ဝ ကြာ လက်ဆေးနည်းအဆင့်များအတိုင်း ဆေးရန်၊ အိမ်သာ အထွက်၊ ကလေးကို ဒိုင်ပါလဲပေးပြီးတိုင်း၊ ကလေးဝမ်းသွား၍ သန့်ရှင်းရေးလုပ်ပြီးတိုင်း၊ အစာမစားမီ၊ အစားအစာ ပြင်ဆင်ချက်ပြုတ်ခြင်း မပြုမီ အညစ်အကြေး၊ အမှိုက်များ ကိုင်ပြီးတိုင်း သေချာစွာ လက်ဆေးရပါမည်။

(၂)    ပိုးသတ်ဆေးရည်နှင့် တံခါးလက်ကိုင်၊ မျက်နှာပြင်များကို သုတ်ရန်၊

(၃)    ခြောက်လအထိ မိခင်နို့တစ်မျိုးတည်းကို မွေးပြီးပြီးချင်း တိုက်ရန်၊

(၄)    ရေကောင်းရေသန့် သုံးရန်၊    

(၅)    ယင်လုံအိမ်သာ သုံးစွဲရန်၊

(၆)    တစ်ကိုယ်ရည် သန့်ရှင်းရေး ဂရုစိုက် လုပ်ဆောင်ရန်၊

(၇)    ပတ်ဝန်းကျင်သန့်ရှင်းရေးကို စုပေါင်းလုပ်ဆောင်ကြရပါမည်။

ကလေးအန်ခြင်း၊ ဝမ်းသွားခြင်းရပ်ပြီး နှစ်ရက်ကြာသည်အထိ ကလေးငယ်အား မူကြိုကျောင်းသို့ မလွှတ်ရပါ။ နှစ်ပတ်ကြာသည်အထိ ရေကူးကန်သို့လည်း မလွှတ်ရပါ။ အထိရောက်ဆုံးကာကွယ်နည်းမှာ ကာကွယ်ဆေးတိုက်ခြင်း ဖြစ်သည်။

“ရိုတာဗိုင်းရပ်စ် ကာကွယ်ဆေး”

ရိုတာဗိုင်းရပ်စ်ကာကွယ်ဆေးသည် ရိုတာဗိုင်းရပ်စ်ပိုးအရှင်ကို အားပျော့အောင် ပြုလုပ်ထားပြီး ပိုးတစ်မျိုး (သို့မဟုတ်) တစ်မျိုး ထက် ပိုပါပါသည်။ အရည်ဖြစ်ပြီး ပါးစပ်မှ အစက်ချတိုက်ကျွေးရပါမည်။ အခြားသော ကာကွယ်ဆေးများနှင့်လည်းစိတ်ချစွာ တွဲ၍ ထိုးနိုင်တိုက်ကျွေးနိုင်ပါသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အသိအမှတ်ပြုထားသော ကာကွယ်ဆေး လေးမျိုး ရှိပါသည်။ (၁)    Rotarix ၊ (၂) Rota Teq ၊ (၃) Rotavac ၊ (၄)    Rotasiil တို့ဖြစ်သည်။         

ရိုတာဗိုင်းရပ်စ်ကာကွယ်ဆေးကို အမျိုးသား ကာကွယ်ဆေးတိုက် အစီအစဉ်များတွင် ထည့်သွင်းခဲ့သည်။ အထူးသဖြင့် အဖြစ်များသော နိုင်ငံများတွင် ထည့်သွင်း ပါသည်။

ကာကွယ်ဆေးအမျိုးအစား အားလုံးသည် ထိရောက်မှုရှိပြီး အန္တရာယ်ကင်းသည်။ မျိုးကွဲတစ်ခုတည်း ပါသော Rotarix (RVI) နှင့် မျိုးကွဲ ငါးခုပါသော Rota Teq (RV5/Pentavalent RV) တို့ကို အများအားဖြင့် အသုံးပြုလျက်ရှိသည်။ မြန်မာနိုင်ငံတွင် ပုံမှန်ကာကွယ်ဆေးတိုက် ဆေးထိုးအစီအစဉ်တွင် ၂ဝ၂ဝ ပြည့်နှစ် ဖေဖော်ဝါရီလမှစတင်၍ ကလေးငယ်များကို Rotarix (RVI) ကို တိုက်ကျွေးနေပြီ ဖြစ်ပါသည်။ Rotarix (RVI) ကာကွယ် ဆေးသည် 

အဖြစ်များသော ရိုတာဗိုင်းရပ်စ် G နှင့် P အမျိုးးအစားများကို ကာကွယ်ပေးနိုင်ပါသည်။ Rotarix (RVI) ကာကွယ်ဆေးသည် ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ရိုတာဗိုင်းရပ်စ်ကြောင့် ဖြစ်သော ပြင်းထန် ဝမ်းပျက် ဝမ်းလျှောရောဂါကို ၈ဝ ရာခိုင်နှုန်းမှ ၉ဝ ရာခိုင်နှုန်းအထိ ကာကွယ်နိုင်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ၄ဝ ရာခိုင်နှုန်းမှ ၆ဝ ရာခိုင်နှုန်းထိ ကာကွယ်နိုင်သည်ကို တွေ့ရှိရပါသည်။  ကာကွယ်ဆေး စတင်ထည့်သွင်းပြီး နိုင်ငံများတွင် နှစ်အနည်းငယ် အတွင်း ရိုတာဗိုင်းရပ်စ် ဝမ်းပျက်ဝမ်းလျှောရောဂါ သိသိသာသာ လျော့ကျလာသည်ကို တွေ့ရပါသည်။ 

ကာကွယ်ဆေးရရှိသော ကလေးငယ်များသည် ရောဂါဖြစ်လျှင် မပြင်းထန်ပါ။ သေဆုံးမှု ကိုလည်း လျော့စေပါသည်။ ကာကွယ်ဆေးကို အပူချိန် +၂ ဒီဂရီစင်တီဂရိတ် မှ +၈ ဒီဂရီစင်တီဂရိတ် အတွင်း သိုလှောင် ထားရှိရပါမည်။ အေးခဲခန်းတွင် မထားရပါ။

“ကာကွယ်ဆေး မတိုက်သင့်သောအခြေအနေများ”

(၁) ယခင်ရိုတာဗိုင်းရပ်စ် ကာကွယ်ဆေးတိုက်ကျွေးစဉ် ပြင်းထန်စွာ ဓါတ်မတည့်ခြင်း ဖြစ်ဖူးသူ၊ (၂) ပြင်းထန်စွာ ခုခံအား ကျဆင်းနေသောသူ (အေအိုင်ဒီအက်စ် ရောဂါရှိသူ) ခုခံအားနည်းသောဆေး (Immunosupressant Drugs) များ သောက်နေသော ကလေးများကို မတိုက်သင့်ပါ။ (အိပ်ချ်အိုင်ဗီ ပိုးရှိသော ကလေးများ 

မပါဝင်ပါ)။ 

“ကာကွယ်ဆေးတိုက်ရာတွင် အထူးသတိပြုရန်အချက်များ”

(၁)    ကလေးဖျားခြင်း၊ ဝမ်းပျက်ဝမ်းလျှော ဖြစ်နေခြင်း၊ အန်နေခြင်း အခြေအနေတွင် ကာကွယ်ဆေးကို မတိုက်သေးဘဲ သက်သာလျှင် တိုက်သင့်ပါသည်။(၂)    အူစွပ်ဝင်သော ရာဇဝင်ရှိခြင်း (Intussusception) နှင့် အူလမ်းကြောင်းပုံမှန်မဟုတ်သော ကလေးများသည် ဆရာဝန်နှင့် တိုင်ပင်ပြီးမှ ကာကွယ်ဆေး တိုက်သင့်ပါသည်။ ပေါင်မပြည့် လမစေ့သော ကလေးများကို ကာကွယ်ဆေးတိုက်ကျွေးနိုင်ပါသည်။

“တိုက်ကျွေးရမည့် အသက်နှင့် အကြိမ်”

RVI ကို ကလေးငယ်အသက် နှစ်လတွင် တစ်ကြိမ်၊ လေးလတွင် တစ်ကြိမ် စုစုပေါင်း နှစ်ကြိမ်ကို အနည်းဆုံး လေးပတ်ခြား၍ တိုက်ရပါမည်။ အသက် လေးလအတွင်း နှစ်ကြိမ်ပြီးစီးအောင် တိုက်သင့်ပါသည်။RV 5 ကို ကလေးငယ် အသက် နှစ်လ၊ လေးလ၊ ခြောက်လတွင် တစ်ကြိမ်စီနှင့် စုစုပေါင်း သုံးကြိမ်ကို အနည်းဆုံး လေးပတ်ခြား၍ တိုက်ရပါမည်။ ရှစ်လအတွင်း ပြီးစီးအောင် တိုက်ရပါမည်။ရိုတာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါသည် အလွန်ငယ်သော ကလေးငယ်များတွင် အဓိက ဖြစ်တတ်သောကြောင့် အသက် နှစ်နှစ်ကျော် ကလေးငယ်များကို ကာကွယ်ဆေးတိုက်သောအခါ ထိုကလေးများမှာ ရောဂါကူးစက်ခံရပြီး ဖြစ်နေ၍ ကာကွယ်ဆေး အာနိသင် မရှိနိုင်တော့ပါ။

ရိုတာဗိုင်းရပ်စ်ကာကွယ်ဆေးသည် အခြားအကြောင်းကြောင့်ဖြစ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို မကာကွယ်နိုင်ပါ။ ကလေးကြီး၊ လူငယ်၊ လူရွယ်များအတွက် ကာကွယ်ဆေး မရှိပါ။



“ကာကွယ်ဆေး၏ ဘေးထွက်ဆိုးကျိုးများ”

ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ မဖြစ်နိုင်ပါ။ သာမန်တုံ့ပြန်မှုများဖြစ်သော ဂျီကျခြင်း၊ နှာရည်ယိုခြင်း၊ နားတွင် ရောဂါပိုး ကူးစက်ဝင်ရောက်ခြင်း၊ ဝမ်းလျှောခြင်း၊ အန်ခြင်းများသည် ကလေးများ ငါးရာခိုင်နှုန်းခန့်တွင် ဖြစ်နိုင်ပြီး ပြန်ကောင်းသွားပါသည်။ တစ်နှစ်အောက် ကလေးတစ်သိန်းတွင် တစ်ဦးသည် အူစွပ်ဝင်သော ရောဂါ ဖြစ်ပေါ်နိုင်သည့် အန္တရာယ်အနည်းငယ် ရှိနိုင်ပါသည်။ ကာကွယ်ဆေးများ၏ အကျိုးကျေးဇူးသည် ဖြစ်လာနိုင်ဖွယ်ရှိသည့် အန္တရာယ်ထက် ပိုများပါသည်။

ကလေးငယ်များသည် ဝမ်းလျှောနေစဉ်တွင် ကိုယ်ခန္ဓာဖွံ့ဖြိုးမှု၊ ဦးနှောက်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများကို များစွာထိခိုက်နိုင်ပြီး အခြားရောဂါများလည်း ကူးစက်ဖြစ်ပွားနိုင်ပါသည်။ ကာကွယ်ဆေးကို သတ်မှတ်ထားသောအရွယ်တွင် နှစ်ကြိမ်တိုက်ကျွေးခြင်းဖြင့် ကလေးငယ် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားမှု၊ သေဆုံးမှုတို့ကို လျော့နည်းပြီး ကလေးကိုယ်ခန္ဓာနှင့် ဉာဏ်ရည်ဖွံ့ဖြိုးမှု စသည့်ကောင်းမွန်သော အကျိုးကျေးဇူးကို ရရှိသည်သာမက အခြားကလေးများသို့ ကူး

စက်မှုကိုလည်း လျော့နည်းစေပါသည်။ ရောဂါကူးစက်ပျံ့နှံ့မှုမရှိရန် တစ်ကိုယ်ရည်သန့်ရှင်းရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေးတို့ကို ဂရုစိုက်လုပ်ဆောင်ကြရပါမည်။    ကလေးတိုင်းသည် ကာကွယ်ဆေးတိုက်ကျွေးရန်ထိုးနှံရန် အခွင့်အရေးရှိပြီး ကာကွယ်ဆေးတိုက်/ထိုးအတွက်  မိမိတို့၏ရင်သွေးငယ်များကို ဆေးတိုက်ဆေးထိုးစုရပ်များသို့ ခေါ်ဆောင်လာရန်မှာ မိဘတိုင်း၏ တာဝန်နှင့် ဝတ္တရားဖြစ်ပါသည်။ မိဘများသည် မိမိ၏ရင်သွေးငယ်များကို အချိန်မီကာကွယ်ဆေးတိုက်ကျွေးပေးရန် ရရှိလာသော အခွင့်အခါတိုင်းကို လက်မလွတ်စေရန်အတွက် ဆေးတိုက်စုရပ်များသို့ ခေါ်ဆောင်လာကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

ကိုးကား

(၁)    WHO Website

(၂)    ရိုတာဗိုင်းရပ်စ်ကာကွယ်ဆေး၊ အခြေခံကျန်းမာရေးဝန်ထမ်းများအတွက် လုပ်ငန်းလမ်းညွှန် - ၂ဝ၁၇ ၊ ၂ဝ၁၉ ဒီဇင်ဘာ