ဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းအား စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ်က Patek Philippe နာရီ ပေးခဲ့သည်ကို ကြားသိရကြောင်းနှင့် ထိုစဉ်က Eleven Media Group  အပေါ် မတရားပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း NP News Myanmar သတင်းဌာန အယ်ဒီတာချုပ်က ၎င်း၏ NP News သတင်းအစီအစဉ်တွင် ပြောကြား

ဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းအား စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ်က Patek Philippe နာရီ ပေးခဲ့သည်ကို ကြားသိရကြောင်းနှင့် ထိုစဉ်က Eleven Media Group  အပေါ် မတရားပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း NP News Myanmar သတင်းဌာန အယ်ဒီတာချုပ်က ၎င်း၏ NP News သတင်းအစီအစဉ်တွင် ပြောကြား
■ ဦးဖြိုးမင်းသိန်းက ၎င်းင်း၏နာရီမှာ ဦးမောင်ဝိတ်ပေးထားသည့် Patek Philippeနာရီမဟုတ်ကြောင်း သတင်းစာရှင်းလင်းပွဲလုပ်၍ ငြင်းဆိုခဲ့စဉ် (ပုံ-၆)၊ ■  ဦးဖြိုးမင်းသိန်းနှင့် ဦးမောင်ဝိတ်တို့ ထွက်ဆိုခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်၏ အဂတိမှုနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းက  ရှင်းလင်းဖြေကြားနေစဉ် (ပုံ-၅)၊  ■  နိုင်ငံပိုင်ရုပ်သံတွင် ဦးဖြိုးမင်းသိန်းနှင့် ဦးမောင်ဝိတ်တို့ အဂတိမှုများနှင့်ဆက်စပ်၍ ပြောကြားမှုများကို ထုတ်လွှင့်စဉ် (ပုံ-၁၊ ၂)၊
■ ဦးဖြိုးမင်းသိန်းက ၎င်းင်း၏နာရီမှာ ဦးမောင်ဝိတ်ပေးထားသည့် Patek Philippeနာရီမဟုတ်ကြောင်း သတင်းစာရှင်းလင်းပွဲလုပ်၍ ငြင်းဆိုခဲ့စဉ် (ပုံ-၆)၊ ■ ဦးဖြိုးမင်းသိန်းနှင့် ဦးမောင်ဝိတ်တို့ ထွက်ဆိုခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်၏ အဂတိမှုနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ရှင်းလင်းဖြေကြားနေစဉ် (ပုံ-၅)၊ ■ နိုင်ငံပိုင်ရုပ်သံတွင် ဦးဖြိုးမင်းသိန်းနှင့် ဦးမောင်ဝိတ်တို့ အဂတိမှုများနှင့်ဆက်စပ်၍ ပြောကြားမှုများကို ထုတ်လွှင့်စဉ် (ပုံ-၁၊ ၂)၊
Published 17 August 2023

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီအစိုးရလက်ထက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းအား  စီးပွားရေး လုပ်ငန်းရှင် ဦးမောင်ဝိတ်က Patek Philippe နာရီ လက်ဆောင်ပေးခဲ့သည်ကို သိရှိကြောင်းနှင့် ထိုစဉ်က Eleven Media Group  အပေါ် မတရားပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း NP News Myanmar သတင်းဌာန အယ်ဒီတာချုပ် ဦးကျော်မျိုးမင်းက ၎င်း၏  NP News တွင် ပြောကြားသည်။

သြဂုတ် ၁၄ ရက်က ထုတ်လွှင့်သည့် NP News သတင်းဌာန၏ KComedy အစီအစဉ်တွင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း မန္တလေးမြို့တွင် PDF များအား ထောက်ပံ့မှုဖြင့် စာရေးကိရိယာပိုင်ရှင် သားအမိလေးဦးအား ဖမ်းဆီးမှုအပေါ် ဝေဖန်မှုများနှင့်ပတ်သက်၍ ဆက်စပ်ပြော ကြားရာတွင်  ဦးကျော်မျိုးမင်းက Eleven Media Group  ၏ တာဝန်ရှိသူများကို ယခင်အစိုးရ လက်ထက် ဖမ်းဆီးအရေးယူခဲ့မှုနှင့် စပ်လျဉ်း၍ အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

NP News Myanmar သတင်းဌာန အယ်ဒီတာချုပ် ဦးကျော်မျိုးမင်းက “ ဒီမိုကရေစီ အစိုးရဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်လက်ထက်မှာတောင် ကျွန်တော်တို့  သွားရေးလိုက်ရင် ၆၆ (ဃ) နဲ့တန်းပြီး ထောင်ထဲထည့်တာ။ ခင်ဗျား  Eleven ဒေါက်တာသန်းထွဋ်အောင် တို့ကိုပဲကြည့်။ မှန်မှန်ကန်ကန် သတင်းရေးတဲ့ သတင်းဌာနတောင် ထောင်ထဲထည့်ပစ်တာ။ သတင်းဌာနတောင် ထောင်ထဲထည့်တာ။ ထောင်ထဲထည့်ဖို့ ကြိုးစားတာ။ ဆရာသန်းထွဋ်အောင်တို့၊ ဖြိုးမင်းသိန်း လက်ပတ်နာရီ ဒါကျွန်တော် အကြီးဆုံး ပြစ်မှုတစ်ခုကိုပြောတာ။ သေးသေးလေးတွေကို မပြောဘူး။ သေးသေးလေးတွေ အများကြီး ရှိတာ။ မွစိမွစိတွေ အများကြီးပဲ။ အကြီးကြီးကို ကျွန်တော်မြင်သာတဲ့ဟာ ပြောပြတာ။ ဒေါက်တာသန်းထွဋ်အောင်က ဖြိုးမင်းသိန်း လက်ပတ်နာရီ Patek Philippe အကြောင်းကို ရေးတယ်။ Patek Philippe ကို ဖြိုးမင်းသိန်းက လုပ်ငန်းရှင် တစ်ဦးဆီကနေ လက်ဆောင် ယူလိုက်တယ်လို့ ရေးတာ။ အဲဒါက နိုင်ငံတော်က ဖော် ထုတ်အရေးယူရမယ့်ဟာ။ ဒီလို လာဘ်ပေးလာဘ်ယူ အဂတိမှုကို နိုင်ငံတော်ခေါင်းဆောင်တွေ ဒီလိုဝန်ကြီးချုပ်တွေ လုပ်လာပြီဆိုရင် ဖော်ထုတ်အရေးယူရမယ့် ကိစ္စကို မဖော်ထုတ်ဘဲနဲ့ ဝန်ကြီးချုပ် ကိုယ်တိုင် ကနေပြီးတော့ နာရီလေးပြပြပြီး ဒီမှာ Patek Philippe မဟုတ်ပါဘူး။ ကျွန်တော့်အဟောင်း လေးပါဆိုပြီးပြပြီးတော့ သတင်းစာရှင်းလင်းပွဲ လုပ်လည်းလုပ်ပြီးရော၊ ဒေါက်တာ သန်းထွဋ်အောင်တို့ကို ချက်ချင်း ဖမ်းပြီးတော့ တရားစွဲပြီး တစ်ခါတည်း အာမခံတောင်မရဘူး။ အဲဒီလို လုပ်တာ။ အာမခံတောင် မရဘူး။ အဲဒီလိုလုပ်တာ။ တကယ်ဆို အဲဒီလိုရေးတဲ့ မီဒီယာကို သူတို့ ကြိုဆိုရမှာ။ ဟာကျွန်တော်တို့ အဲဒီ လိုရေးတယ်။ ကြိုဆိုတယ်ဗျာ။ ဒါပေမဲ့ ကျွန်တော် မဟုတ်ဘူးဗျာ့ဆိုပြီး ရှင်းရမယ်။ ဒါပေမဲ့ သတင်းစာရှင်းလင်းပွဲမှာ နာရီအတုလေးကိုပြ ပြီးတော့ ကျွန်တော်တို့က ဒီလိုမလုပ်ဘူး။ ဘာဘူး ညာဘူးဆိုပြီးတော့ နေရင်းထိုင်ရင်း တရား စွဲပလိုက်တယ်။ တရားစွဲလိုက်တော့ ဘာဖြစ် လဲ။ ရှင်းရှင်းလေးဒေါက်တာ သန်းထွဋ်အောင်တို့ အဖွဲ့တွေ ထောင်ထဲ သွားနေရတာပေါ့။ တစ်ခါသူတင်လား ဆိုတော့ ထပ်ရှိသေးတယ်။  ဖြိုးဝေတို့အုပ်စုတွေ ကိုင်ထည့်လိုက်သေးတယ်။ ဆရာနရီမင်းတို့ အုပ်စုတွေ။ နှစ်ခါကိုင်တာ Eleven ကို။ နှစ်ခါကိုင်တာ။ ဆိုတော့ နိုင်ငံရဲ့ နာမည် အကြီးဆုံး မီဒီယာတစ်ခုကိုတောင် ဒီ လို ကိုင်ခဲ့တာ။ ဖြိုးမင်းသိန်း လက်ထက်က၊   NLD လက်ထက်က ။ ဆိုတော့ ပြောချင်တာက တရားဝင် ရပ်တည်နေတဲ့ မီဒီယာကိုတောင် ဒီလို လုပ်ခဲ့ကြတာ။ NLD လက်ထက်က...။ အဲဒီတုန်းက ဖြိုးမင်းသိန်းက ပေးခဲ့တာက တကယ် ပေးခဲ့သလားဆိုတာ တကယ် ပေးခဲ့တယ်။ တကယ် ရှိခဲ့တယ်။ အဲဒီနာရီ ဖြိုးမင်းသိန်း ပြန်မအပ်ဘူး။ ပေးခဲ့တဲ့သူကလည်း မောင်ဝိတ်ပဲ။ မောင်ဝိတ်ပဲ။ မောင်ဝိတ် ပေးခဲ့တာ။ Patek Philippe ဘယ်နားက ဝယ်လဲ၊ သုံးလုံး သူ ဝယ်လာခဲ့တာ။ တစ်လုံးကို ဖြိုးမင်းသိန်းကို ပေးတာ။ နောက်နှစ်လုံးကတော့ ရောင်းစားသေးလား မသိဘူး။ ထားပါတော့။ ကျွန်တော်ကြားတာ သုံးလုံးလို့ ကြားတယ်။ အဲဒီတုန်းက ဖြိုးမင်းသိန်းကို တစ်လုံး ပေးလိုက်တာ။ ဒါ ရှင်းရှင်းလေး။ မောင်ဝိတ်ပေးတာ။ ဒါပေမဲ့ တကယ်တမ်း ဖြစ်လာတော့ မောင်ဝိတ်တို့က ထွက်ဆိုမှု မပြုတော့ဘူး။ ပတ်ပြေးနေတာ။ ပတ်ပြေးတော့ အဲဒီအချိန်က မောင်ဝိတ်က ဖြိုးမင်းသိန်းဆီကနေ စီမံကိန်း အကြီးကြီးတွေ ရထားတာလေဗျာ။ ရထားတော့ သူက ရှင်းရှင်းလင်းလင်း ပြောရရင်တော့ ဒီလိုရထားတော့ စီမံကိန်း အကြီးကြီးတွေ ရထားတော့ သူက ဒီလိုအမှုမှာ Eleven ဘက်က သူထွက်ပေး လိုက်ရင် သူ့စီမံကိန်းတွေ ဖျက်သိမ်း ခံရမှာလေ။ အဲဒီတော့ သူကလည်း ရှင်းရှင်းလေး။ မထွက်ဘူး။ ရူးချင်ယောင် ဆောင်နေတယ်။ အခုတော့ နစကရဲ့ စစ်တပ်အစိုးရနဲ့ လည်းတွေ့ရော သွားရော၊ အဲဒီမှာ နိုင်ငံတော်သက်သေဖြစ်တယ် လုပ်တော့ သူ အေးဆေး ကွင်းလုံးကျွတ် လွတ်တယ်။ လူနပ်ချမ်းသာ ဆိုတာ အဲဒါကို ပြောတာ။ လူနပ်ချမ်းသာ။ ဒါကြောင့်လည်း သူချမ်းသာကြွယ် ဝတာ။ ပြောချင်တာက ဒါမျိုးတွေ NLD လက်ထက်က လုပ်ခဲ့ကြတယ်။ အဲဒါကို တရားသလား၊ မတရားဘူးလားလို့ ပြောရင်မတရားဘူးလို့ ပြောလို့ရတယ်။ Eleven ကိစ္စဆို မတရားဘူးလို့ ကျွန်တော်တို့ ပြောလို့ရတယ်။ ဒါပေမဲ့ Eleven ကိစ္စမှာ NLD ဘက်တော်သားတွေက  Eleven ကို မှတ်ပြီလားဆိုပြီး ကိုင်ထည့်ပစ်လိုက်တာပဲ။ ပြောချင်တာက ကိုယ့်လက်ထဲမှာ ဥပဒေ ကိုင်ထားတဲ့အချိန် အာဏာကိုင်ထားတဲ့ အချိန်တုန်း က ထင်ရာစိုင်းခဲ့ကြတာ။ ဒီမိုကရေစီ အစိုးရတောင် အဲဒီလိုထင်ရာစိုင်းတယ်။ ဒါလက်ရှိ အစိုးရစစ်တပ်က အရေးပေါ် အခြေအနေ ကြေညာအုပ်ချုပ်တာ။ အရေးပေါ်အခြေအနေအရ အုပ်ချုပ်နေတဲ့ အချိန်မှာ ခင်ဗျား အကြမ်းဖက်မှု (မန္တလေးရှိ စာရေးကိရိယာဆိုင်ကိစ္စ) နဲ့ ပတ်သက်ပြီးတော့ ဆက်နွှယ်ထားရင် Eleven ဆိုတာ အကြမ်းဖက်မှုနဲ့ ဆက်နွှယ်တာ မဟုတ်ဘူးနော်။ အကြမ်းဖက်မှုနဲ့ဆက်နွှယ်ထားတဲ့လူ တွေကို ဖမ်းတာကတော့ ရှင်းရှင်းပြောတာ အကြမ်းဖက်မှုနဲ့ပတ်သက်ပြီး ဆက်နွှယ်ထားတဲ့သူတွေကို ဖမ်းတာသည် အကြမ်းဖက်မှုဥပဒေအောက်မှာ ငြိကိုငြိမယ်” ဟု ပြောကြားသည်။

■ ၂၀၁၆ ခုနှစ်က နာရီကိစ္စနှင့်ပတ်သက်၍ သီးခြားစီပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဦးဖြိုးမင်းသိန်းနှင့် ဦးမောင်ဝိတ်တို့အား တွေ့ရစဉ်

၂၀၁၆ ခုနှစ်ထုတ် The Daily Eleven သတင်းစာတွင် ဖော်ပြခဲ့သည့် ‘ရွေးကောက် ပွဲတစ်နှစ်ကြာသော်’ ခေါင်းစဉ်ဖြင့်ရေးသားသည့်  အယ်ဒီတာ့အာဘော်တွင်  “လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ပျံ့နှံ့ခဲ့သော သက်တမ်း ခုနစ်လသာ ရှိသေးပြီး လစာဒေါ်လာ ၂၅၀၀ ခန့်သာ ရှိသည့် ဝန်ကြီးချုပ်တစ်ဦး ဒေါ်လာတစ် သိန်းခန့်တန်သည့် Patek Philippe နာရီဝတ်ဆင်သည်ဆိုသော သတင်းက တစ်နေ့အနည်းဆုံး လုပ်ခ နှစ်ဒေါ် လာခွဲသာရသည့် နိုင်ငံသား အတော်များများကို မကျေမနပ် ဖြစ်စေခဲ့သည်။ ယင်းလက်ဆောင်ကို ပေးသူမှာ မကြာသေးမီက မူးယစ်ဆေးဝါးအမှုဖြင့် ထောင်က လွတ်လာခဲ့သော သူဌေးကြီးတစ်ဦးဖြစ်ပြီး အစိုးရအကူး အပြောင်းမှာ မြို့သစ်စီမံကိန်းကို တင်ဒါ အောင်မြင်ခဲ့သူတစ်ဦးဖြစ်ကြောင်း သိရသည်။ မိမိနှင့် ခင်မင်သည့် Patek Philippe နာရီကို စွဲမြဲဝတ်ဆင်သည့် စီးပွားရေး လုပ်ငန်းရှင်ကြီးတစ်ဦးကမူ ယင်းနာရီအား မည်သူပေးသည်ကို အတည်ပြုလို့ မရသော်လည်း သူနှင့်ဝန်ကြီးချုပ်တွေ့ချိန် နှစ်ကြိမ်စလုံး ယင်းနာရီကို ဝန် ကြီးချုပ် ဝတ်ဆင် ထားသည်ဟုဆိုသည်” ဟု ရေးသားဖော်ပြမှုနှင့် ပတ်သက်၍ ထိုစဉ်က NLD အစိုးရအနေဖြင့် တစ်စုံတစ်ရာ စုံစမ်းစစ်ဆေးအရေးယူခြင်းမရှိဘဲ Eleven Media Group  အား ဦးဖြိုးမင်းသိန်း ဦးဆောင်သည့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ထိုကဲ့သို့ လက်ဆောင်ပေးသည့် လုပ်ငန်းရှင်သည် မည်သူမည်ဝါဖြစ်သည်ကို သိလိုကြောင်း Eleven Media Group  အား စာပေးပို့မေးမြန်းခဲ့သည်။

ထို့နောက် နိုဝင်ဘာ ၈ ရက်တွင် Eleven Media Group  တာဝန်ရှိသူများက အဆိုပါ အယ်ဒီတာ့ အာဘော်ရေးသားမှုတွင် မည်သူ့ကိုမျှ ရည်ညွှန်းထားခြင်းမရှိကြောင်းနှင့် သတင်း မီဒီယာများ၏တာဝန်အတိုင်း ရေးသားခြင်းဖြစ်ကြောင်း သတင်းမီဒီယာများကိုရှင်းလင်းပြောကြားခဲ့သည်။

ယင်းသို့ ရှင်းလင်းပြောကြားပြီးနောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က Eleven Media Group  အား တရားစွဲဆိုရန်ပြင်ဆင်ခဲ့ပြီး နိုဝင်ဘာ ၉ ရက်တွင် ဦးဖြိုးမင်းသိန်းက သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ကာ ၎င်းအနေဖြင့် နာရီကိစ္စကို မသိကြောင်းနှင့် ယခု ၎င်းင်းဝတ်ဆင်ထားသည့် နာရီသည် ဝန်ကြီးချုပ် မဖြစ်ခင်ကတည်း က ဇနီးဖြစ်သူ ဝယ်ပေးထားသည့်နာရီဖြစ်ကြောင်း ရှင်းလင်းခဲ့သည်။

အလားတူ စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ်ကလည်း  နိုဝင်ဘာ  ၁၀ ရက်တွင် သတင်း စာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး ၎င်း အနေဖြင့် မည်သည့်ဝန်ကြီးကိုမျှ နာရီလက်ဆောင်ပေးခြင်း မရှိကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ယင်းနောက် နိုဝင်ဘာ ၁၀ ရက် တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က Eleven Media Group  အား ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်ခဲ့ပြီး နိုဝင်ဘာ ၁၁ ရက် တွင် Eleven Media Group  စီအီးအို ဒေါက်တာသန်းထွဋ်အောင်နှင့် အယ်ဒီတာချုပ် ဦးဝေဖြိုးတို့က ရဲစခန်းတွင် သွားရောက် အဖမ်းခံခဲ့ ကာ အမှုကိုရင်ဆိုင်ခဲ့သည်။

အဆိုပါအမှု ရင်ဆိုင်နေစဉ်အတွင်း  ဦးမောင်ဝိတ်သည်တရားရုံး၌ လာရောက်ထွက် ဆိုခဲ့ခြင်းမရှိဘဲ ဒေါက်တာသန်းထွဋ်အောင်၏ ကျန်းမာရေးအခြေအနေအရ အမှုကိုအာမခံ လျှောက်ထားသော်လည်း ကနဦးတွင် အာမခံ လျှောက်ထားမှုကို တရားရုံးက ပယ်ချခဲ့ပြီး အမှု ဖြစ်စဉ်နှင့်ပတ်သက်၍ ဖိအားပေးတောင်း ပန်စေပြီးနောက် အမှုကို အာမခံပေးခဲ့သည်။

ဦးဖြိုးမင်းသိန်း ဦးဆောင်သည့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သည် ၂၀၁၈ ခုနှစ်၌လည်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အတွင်း ဆွေးနွေးသည့် ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ် အစီရင်ခံစာအပေါ် အခြေခံ ရေးသားသည့် ၂၀၁၈ ခုနှစ် အောက်တိုဘာ ၈ ရက်ထုတ် Weekly Eleven Newsဂျာနယ်ပါ ထိုစဉ်ကသတင်းထောက်ချုပ် ဦးဖြိုးဝေဝင်း ရေးသားသော စီးပွားရေးသုံးသပ်ချက်ဆောင်းပါးပါ အချက်များနှင့်ပတ်သက်၍ Eleven Media Group  တာဝန်ရှိသူများဖြစ်သည့် အယ်ဒီတာချုပ်များဖြစ်သည့် ဦးကျော်ဇောလင်း၊ ဒေါက်တာမင်းလွင် (နရီမင်း)၊ သတင်းထောက်ချုပ် ဦးဖြိုးဝေဝင်းတို့ကို ပုဒ်မ ၅၀၅(ခ)ဖြင့် ၂၀၁၈ ခုနှစ် အောက်တိုဘာ ၉ ရက်တွင် အမှုဖွင့်လှစ်ခဲ့ပြီး အောက်တိုဘာ ၁၀ ရက်တွင် ဖမ်းဆီး၍  တရားစွဲဆိုခဲ့သည်။

သို့ရာတွင် အဆိုပါအမှုသည် လွှတ်တော်တွင် ဆွေးနွေးချက်များအပေါ် အခြေခံရေးသားထားသည့် ဆောင်းပါးဖြစ်သည့်အပြင် သတင်းမီဒီယာဥပဒေအရ မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီသို့ ဦးစွာတိုင်ကြားညှိနှိုင်းခဲ့ခြင်းမရှိသည့်အပေါ် ဝေဖန်မှုများဖြစ်ပေါ်ခဲ့ပြီးနောက် အောက်တိုဘာ ၂၆ ရက်တွင် သတင်းသမား သုံးဦးစလုံးကို တရားရုံးက အာမခံပေးကာ  သမ္မတရုံး၏ ညွှန်ကြားချက်အရ နိုဝင်ဘာ ၉ ရက်တွင် အမှုကို ပြန်လည်ရုပ်သိမ်းခဲ့သည်။

ဦးဖြိုးမင်းသိန်း၏ နာရီဖြစ်စဉ်နှင့်ပတ်သက်၍သိရှိသည့် ဂျာနယ်လစ်တစ်ဦးက “ဖြိုးမင်းသိန်းဆီကနေ Patek Philippe နာရီကို သိန်း ၈၀၀ နဲ့ ပြန်ဝယ်ထားတဲ့သူနဲ့ကျွန်တော်နဲ့ စကားပြောထားတဲ့ အသံဖိုင်၊ နာရီရဲ့ပုံတွေ ကျွန်တော့်ဆီမှာရှိနေပါတယ်။ Eleven Media Group  ရဲ့ ဂုဏ်သိက္ခာ ပြန်တည်ဆောက်ရေး အတွက် ကျွန်တော့်ဆီကအသံဖိုင်နဲ့ပုံတွေက အထောက်အပံ့ ဖြစ်မယ်ယူဆပါတယ်။ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို ပြန်တိုင်ရင် သက်သေ အသစ်ရမှာလည်းဖြစ်ပါတယ်”ဟု Eleven Media Group  ထံ သတင်း ပေးပို့ထားခဲ့သည်။

ဦးဖြိုးမင်းသိန်းသည်၂၀၂၁  ခုနှစ် ဖေဖော်ဝါရီ ၁ ရက် နောက်ပိုင်းတွင် တပ်မတော်က နိုင်ငံတော်အာဏာကို ထိန်းသိမ်းခဲ့ပြီးနောက် NLD ပါတီ အစိုးရလက်ထက် တာဝန်ထမ်းဆောင်ခဲ့သည့် သမ္မတဟောင်း၊ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဟောင်း၊ ပြည်ထောင်စုဝန်ကြီးဟောင်းများ၊ ဒုတိယဝန်ကြီးဟောင်းအချို့၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်ဟောင်းများနှင့် ဝန်ကြီးများကို အမှုအမျိုးမျိုးဖြင့်ထောင်ဒဏ်ချ မှတ်ခံရချိန်တွင် ၎င်းကို မည်သို့အရေးယူထားသည်ကို မသိရှိခဲ့ရဘဲ ၂၀၂၁ ခုနှစ် မတ် ၂၃ ရက်တွင်ကျင်းပသည့် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ သတင်းစာရှင်းလင်းပွဲတွင် ဦးဖြိုးမင်းသိန်းက ၎င်းဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်စဉ်က ဒေါ်အောင်ဆန်းစုကြည်အား အမေရိကန်ဒေါ်လာခြောက်သိန်းနှင့် ရွှေခုနစ်ပိဿာ ပေးခဲ့ကြောင်း ထွက်ဆိုထားသည့်ရုပ်သံဖိုင်ကို ပြသခဲ့ပြီး နစက,က ဒေါ်အောင်ဆန်းစုကြည်အပေါ် အဂတိဖြင့် စွဲဆိုသည့်အမှုများတွင် ဦးဖြိုးမင်းသိန်း၏ အထက်ပါထွက်ဆိုချက်ဖြင့် အဂတိအမှုတစ်မှု ထည့်သွင်းစွဲဆိုကာ  ထောင်ဒဏ် ချမှတ်ခဲ့ပြီးဖြစ်သည်။

ဦးဖြိုးမင်းသိန်းအား  အဂတိလိုက်စားမှုဖြင့် အရေးယူခြင်း ရှိမရှိ နှင့် ပတ်သက်၍   Eleven Media Group  အနေဖြင့် ၂၀၂၁ ခုနှစ် ဇွန် ၁၂ ရက်ကပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌  အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း အပါအဝင် အစိုးရ ထိပ်ပိုင်းတာဝန်ယူခဲ့သူတချို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့် အရေး ယူခဲ့ခြင်းမှာ ဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်း၏ထွက်ဆိုချက်များကြောင့် ဖြစ်သည်ဟု သတင်း ထုတ်ပြန်ထားခြင်းကို တွေ့ရသည့်အတွက် ယင်းကိစ္စနှင့်ပတ်သက်၍ လာဘ်ပေးခဲ့သူများကို မည်သို့ ဆောင်ရွက်မည်နည်း သို့မဟုတ် အရေးယူခြင်း မပြုလုပ်ဘဲ ကင်းလွတ်ခွင့် ပေးမည်နည်းဟု မေးမြန်းခဲ့ပြီး ယင်းမေး မြန်းမှုအပေါ် နစက သတင်းထုတ်ပြန်ရေးအ ဖွဲ့ခေါင်းဆောင် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ဥပဒေ၏အထက်၌ မည်သူမျှမရှိကြောင်းနှင့် ဥပဒေအတိုင်း ဖြစ်စေရမည်ဟု ဖြေကြားခဲ့သည်။

နစကအနေဖြင့် အဂတိဖြင့် အရေးယူထားမှုအရ NLD အစိုးရလက်ထက် တာဝန် ထမ်းဆောင်ခဲ့သည့် သမ္မတဟောင်း ဦးဝင်းမြင့်နှင့် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်၊ ယခင် ဝန်ကြီးချုပ်ဟောင်းများ စုစုပေါင်း ၁၃ ဦး (ရန်ကုန်တိုင်း ဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်း မပါ) အား အရေးယူ မှုများတွင် တိုင်းပြည်ဘဏ္ဍာ ဆုံးရှုံးနစ်နာမှု ခန့်မှန်းတွက်ချက်မှုအရ စုစုပေါင်း ကျပ် ၁၂၃ ဒဿမ ၇ ဘီလျံ၊ အမေရိကန်ဒေါ်လာ ၄ ဒဿမ ၆ သန်းကျော်၊ ရွှေခုနစ်ပိဿာနှင့် ဘတ် သုံး သိန်းခွဲတို့ဖြစ်ကြောင်း သိရသည်။

သို့ရာတွင် နစက၏ အရေးယူသည့် ထုတ်ပြန်မှုစာရင်းတွင် မပါဝင်သေးသည့် ဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်း၏ ဆောင်ရွက်မှုများတွင် အဂတိဖြင့် နာမည်ကျော်ကြားသည့် စီမံကိန်း များစွာရှိနေပြီး ယင်းအမှုများတွင်  YP စက်သုံး ဆီဆိုင်များအတွက် မြေနေရာချထား ပေးသည့် ကိစ္စရပ်သည်လည်း တစ်ခုအပါအဝင် ဖြစ်သည်။

ဦးဖြိုးမင်းသိန်းအား အဂတိဖြင့် မည်သို့ အရေးယူထားသည်ကို မသိရှိရသေးချိန်တွင် YP စက်သုံးဆီဆိုင် မြေနေရာများချပေးခဲ့သည့် ကိစ္စရပ်နှင့်ပတ်သက်၍ NLD  အစိုးရလက်ထက် ရန်ကုန်တိုင်းဝန်ကြီးဟောင်း ဦးဟံထွန်း နှင့် မြို့တော်ဝန်ဟောင်း ဦးမောင်မောင်စိုး၊ ဒုတိယမြို့တော်ဝန်ဟောင်း ဦးစိုးလွင်၊ စည်ပင် ကော်မတီ အတွင်းရေးမှူးဟောင်း ဒေါ်လှိုင် မော်ဦး၊ ကော်မတီ တွဲဖက်အတွင်းရေးမှူး ဟောင်း ဦးသန်းနှင့် ကုမ္ပဏီ ဒါရိုက်တာ ဦးဇင်မင်းအောင်တို့ကို အဂတိဖြင့် ၂၀၂၂ ခုနှစ် မေ ၂၆ ရက် အမှုဖွင့်ခဲ့ပြီး ယင်းအမှု၌ လည်း အဓိက တာဝန်အရှိဆုံးပုဂ္ဂိုလ်ဖြစ်သည့် ဦးဖြိုးမင်းသိန်း ပါဝင်ခြင်း မရှိမှုအပေါ်တွင်လည်း ဝေဖန်မှုများ ရှိခဲ့သည်။

အလားတူ နစကအနေဖြင့် ၎င်းတို့ အစိုးရလက်ထက်တွင် တာဝန်ထမ်းဆောင်ခဲ့သူများအနက်  ပထမဆုံးအဖြစ်  ရန်ကုန်တိုင်းအတွင်း မြေနေရာချထားသည့် ကိစ္စရပ်များ နှင့်ပတ်သက်၍ အဂတိလိုက်စားမှု တိုက်ဖျက် ရေးဥပဒေဖြင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဦးလှစိုး၊ ရန်ကုန်တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီးဟောင်း ဦးအောင်သန်းဦး နှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူးဟောင်း ဦးစိုးစိုးဇော်တို့အား ၂၀၂၂ ခုနှစ် ဇွန် ၁၄ ရက်တွင် အဂတိလိုက်စားမှုတိုက် ဖျက်ရေးကော်မရှင် က အမှုဖွင့်လှစ်ခဲ့သည်။

ထိုသို့ နစကအစိုးရလက်ထက် တာဝန်ထမ်းဆောင်ခဲ့သည့်  ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးလှစိုးအား အဂတိဖြင့်အမှုဖွင့်လှစ်ချိန်တွင်လည်း  ဦးဖြိုးမင်းသိန်းအား မည်သို့ အရေးယူထားသည်ကို ကွဲကွဲပြားပြား မသိရှိ ခဲ့ရပေ။

ထို့နောက် ၂၀၂၂ ခုနှစ် ဇွန် ၁၆ ရက်က ကျင်းပသည့် နစက၏ သတင်းစာရှင်းလင်းပွဲတွင် NLD အစိုးရလက်ထက်က ရန်ကုန်တိုင်းဝန်ကြီးချုပ်အဖြစ် ဦးဖြိုးမင်းသိန်း တာဝန်ယူခဲ့စဉ်က ဆောင်ရွက်ခဲ့ သော YP စက်သုံး ဆီဆိုင်များအတွက် မြေနေရာချသည့်ကိစ္စတွင် ၎င်းလက်အောက်ရှိဝန်ကြီးများ၊ ဝန်ထမ်းများ အရေးယူခံရသော်လည်း တာဝန်အရှိဆုံး Policy Maker ဖြစ်သည့် ဦးဖြိုးမင်းသိန်း အရေးယူခံရခြင်း မတွေ့ရမှု၊ ဦးဖြိုးမင်းသိန်းကြောင့် နိုင်ငံတော်နစ်နာဆုံးရှုံးမှုခန့်မှန်း တွက်ချက်မှုအရ ကျပ်ဘီလျံထောင်ချီရှိနိုင်ပြီး ကျန် ပြည်နယ်နှင့် တိုင်းဝန်ကြီးချုပ်များကြောင့် နိုင်ငံတော် ထိခိုက်နစ် နာမှုသည် ဘီလျံ ၁၀၀ ခန့်သာရှိပြီး နိုင်ငံတော် ထိခိုက်နစ် နာမှုတန်ဖိုးသည် အများဆုံးဟု ယူဆချိန်တွင် ၎င်းသည် အရေးယူခံမှုတွင် ကွက်ကျန်နေသဖြင့်  Politically Motivated  ဖြစ်နေခြင်း ရှိ မရှိ၊ ၎င်း၏ပိုင်ဆိုင်မှုများကို စုံစမ်းစစ်ဆေးမှု ရှိ မရှိ နှင့် စုံစမ်းစစ်ဆေးမှုများကို ထုတ်ပြန်ပေးရန် ရှိ မရှိ  Eleven Media Group  ၏ မေးမြန်းမှုအပေါ် နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ် ချုပ်ဇော်မင်းထွန်းက အဂတိလိုက်စားမှုတိုက် ဖျက်ရေးကော်မရှင်၏ တင်ပြချက်၊ တွေ့ရှိ ချက်များအပေါ် မူတည်၍ တရားမျှတစွာ ဆုံးဖြတ်မည်ဖြစ်ကြောင်း ဖြေကြားခဲ့သည်။

■ NLD အစိုးရလက်ထက်က ပြုလုပ်ခဲ့သည့် ဘုရားထီးတင်ပွဲတစ်ခုတွင် အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်နှင့်ဦးမောင်ဝိတ်တို့အား တွေ့ရစဉ်

လက်ရှိတွင် နစကလက်ထက်တာဝန်ထမ်းခဲ့သည့် ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးလှစိုးမှာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၈ ရက်တွင် အဂတိဖြင့် ထောင်ဒဏ် ၁၅ နှစ်ချမှတ်ခံရပြီး ၎င်းနှင့်အတူ  ဝန်ကြီးဟောင်း ဦးအောင်သန်းဦး (အကျဉ်းကျနေစဉ် ရောဂါဖြင့်ကွယ်လွန်) မှာ ထောင်ဒဏ် အနှစ် ၂၀ နှင့် ရန်ကုန်တိုင်းဒေသ ကြီး အစိုးရအဖွဲ့ အတွင်းရေးမှူးဟောင်း ဦးစိုးစိုး ဇော်အား ထောင်ဒဏ်ခြောက်နှစ် ချမှတ်ခဲ့ သည်။

နစကလက်ထက်တွင် အဂတိဖြင့်အရေး ယူမှုများအနေဖြင့် နစကလက်ထက် တာဝန် ထမ်းဆောင်ခဲ့သူ နိုင်ငံရေးရာထူးလက်ရှိဖြစ်ခဲ့သူ နှစ်ဦး၊ အဆင့်မြင့်အရာရှိ ခြောက်ဦး၊ အရာထမ်း ရှစ်ဦး၊ အခြားပုဂ္ဂိုလ် ခြောက်ဦး စုစုပေါင်း ၂၂ ဦး ဖြစ်ကြောင်းသိရသည်။

ထို့အတူ နစကအနေဖြင့် NLD အစိုးရ လက်ထက် ခန့်အပ်ခဲ့သည့်  နိုင်ငံရေးရာထူး လက်ရှိဖြစ်သူ ပြည်ထောင်စုဝန်ကြီးအဆင့် ၃၈ ဦး၊ ဒုတိယဝန်ကြီးအဆင့် ၇၁ ဦး၊ တိုင်း ဒေသကြီး/ပြည်နယ်ဝန်ကြီးချုပ်နှင့် ဝန်ကြီး အဆင့် ၁၆၅ ဦး စုစုပေါင်း ၂၇၄ ဦးအနက် ပြည်ထောင်စုဝန်ကြီးအဆင့် ခြောက်ဦး၊ ဒုတိယဝန်ကြီးအဆင့် ၁၁ ဦး၊ တိုင်း/ပြည် နယ် ဝန်ကြီးချုပ်နှင့် ဝန်ကြီးအဆင့် ၄၃ ဦး စုစုပေါင်း ၆၀ ဦးတို့အား အဂတိဖြင့်အရေးယူ ထားသဖြင့် NLD အစိုးရလက်ထက် တာဝန် ထမ်းဆောင်ခဲ့သူနှင့် အရေးယူခံထားရသူ အ ရေအတွက်မှာ ရာခိုင်နှုန်းအားဖြင့် နှိုင်းယှဉ် ချက်အရ ၂၁ ဒဿမ ၉၀ ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။

နစကအနေဖြင့် NLD အစိုးရလက်ထက် တာဝန်ထမ်းဆောင်ခဲ့သူများကိုလည်း အဂတိ ဖြင့် အရေးယူရာတွင် အများစုမှာ ထောင်ဒဏ် ချမှတ်ခံထားရပြီးဖြစ်ကာ ရန်ကုန်တိုင်းဒေသ ကြီး ဝန်ကြီးချုပ်ဟောင်း ဦးလှစိုးအား အရေးယူ ခဲ့သည့်ဖြစ်စဉ်တွင် နိုင်ငံတော်ဘဏ္ဍာငွေနစ် နာဆုံးရှုံးမှုမှာ ကျပ်သန်း ၃၈၀၀၀ (ကျပ် ၃၈ ဘီလျံ)၊ တံစိုးလက်ဆောင်ရယူမှု ကျပ်သိန်း ၂၅၀၀ စုစုပေါင်း ကျပ် ၃၈ ဘီလျံကျော်ဖြစ် ကြောင်း သိရသည်။

ဦးလှစိုးအား ထောင်ဒဏ်ချမှတ်ခဲ့သည့် ဖြစ်စဉ်တွင် နစ်နာဆုံးရှုံးခဲ့သည့်ဘဏ္ဍာငွေနှင့် ဦးဖြိုးမင်းသိန်း၏ အဂတိ ဖြစ်ပေါ်သည်ဟု နာမည်ကြီးသော စီမံကိန်းများတွင် နစ်နာဆုံးရှုံးမှုကိုနှိုင်းယှဉ်ပါက ဦးဖြိုးမင်းသိန်းသည် ဦးလှစိုးထက် အဆရာထောင်ချီ များပြား လျက်ရှိသည်။

နိုင်ငံတော်ဘဏ္ဍာငွေ နစ်နာဆုံးရှုံးမှုနှင့် အဂတိဖြင့်နာမည်ကြီးခဲ့သည့် ဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်း လက်ထက်တွင် ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဆောင်ရွက် ချက်များအပေါ် အဂတိနှင့်ဆိုင်သည့်ကိစ္စ များနှင့်ပတ်သက်ပြီးအဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို တိုင်ကြားစာ ထောင်နှင့် သောင်းနှင့်ချီ ရှိခဲ့ပြီး အကြမ်းဖျင်းစာရင်း ပြုစုတွက်ချက်ထားမှုများအရ ဦးဖြိုးမင်းသိန်းနှင့် ယခင်ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ၏ ဆောင်ရွက်မှုများကြောင့် တိုင်းပြည်ဘဏ္ဍာ နစ်နာဆုံးရှုံးမှုများအပေါ် ခန့်မှန်းတွက်ချက် ထားမှုသည် ကျပ်ဘီလျံထောင်ကျော်အထိ ရှိကာ ဦးဖြိုးမင်းသိန်းတစ်ဦးတည်း၏ လာဘ်စားမှု၊ အဂတိနှင့်ဆက်နွှယ်မှုသည် ကျပ်ဘီလျံ ဆယ်ချီမှ ရာဂဏန်းအထိရှိနိုင်ကြောင်းနှင့် ၎င်းပမာဏသည် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အခြားပြည်နယ်နှင့် တိုင်းဝန်ကြီး ချုပ် ၁၃ ဦး၏ အဂတိအမှုများတွင် နိုင်ငံ့ဘဏ္ဍာ နစ်နာဆုံးရှုံးမှုတွက်ချက်တန်ဖိုးထက် လွန်စွာ များပြားလျက်ရှိသည်။

NLD အစိုးရလက်ထက် တာဝန်ထမ်း ဆောင်သူများတွင် အဂတိမှုများဖြင့် တရား စွဲဆိုထားမှုများ ခံရသူအများစုမှာ ထောင်ဒဏ် များ ချမှတ်ခံထားရပြီးဖြစ်ကာ ဒေါ်အောင် ဆန်းစုကြည်ကိုယ်တိုင်ပင် အဂတိဖြင့် ထောင် ဒဏ်ချမှတ်ခံထားရသည့် အမှုတွဲများတွင် ဦးဖြိုးမင်းသိန်းက ပေးအပ်သည့် ဒေါ်လာ ခြောက်သိန်းနှင့် ရွှေခုနစ်ပိဿာလက်ခံရယူခဲ့ သည့်အမှုလည်း ပါဝင်ထားသည်။

ဦးဖြိုးမင်းသိန်း၏ ဆောင်ရွက်မှုများ ကြောင့် ဘဏ္ဍာငွေ နစ်နာဆုံးရှုံးမှုများသည် NLD အစိုးရလက်ထက် တာဝန်ယူခဲ့သည့် အခြားသူများအား အဂတိဖြင့် အရေးယူခံ ထားရမှုများတွင် နိုင်ငံတော်ဘဏ္ဍာနစ်နာဆုံး ရှုံးမှုတို့ထက် လွန်စွာများပြားလျက်ရှိသည်။

ထို့အတူ ရန်ကုန်၊  မန္တလေးနှင့် နေပြည် တော်တို့တွင် စီးပွားရေးလုပ်ငန်းများရှိသည့် စေပိုင်ကုမ္ပဏီပိုင်ရှင်ဦးမောင်ဝိတ်၏ အမေရိကန်ဒေါ်လာများ လှူဒါန်းခြင်း၊ ပေးအပ်ခဲ့မှုအား လက်ခံရယူမှုစွဲချက်ဖြင့် ဒေါ်အောင်ဆန်းစုကြည်၊ ဒေါက်တာဇော်မြင့်မောင်တို့မှာ အဂတိဖြင့် ထောင်ဒဏ်များ ချမှတ်ခံထားရသ ဖြင့် ဦးမောင်ဝိတ်နှင့် ဦးဖြိုးမင်းသိန်းအကြား အဂတိနှင့်ပတ်သက်၍ ဆက်နွှယ်မှုများရှိနိုင် သည်။

အဂတိနှင့်ပတ်သက်၍ နိုင်ငံ တကာတွင် အစိုးရအကြီးအကဲများကို လာဘ်ပေးသည့် လုပ်ငန်းရှင်များ၏ ကုမ္ပဏီများ၊ လုပ်ငန်းများ Black List အသွင်းခံရခြင်းများရှိကြောင်း၊ စေပိုင်ကုမ္ပဏီပိုင်ရှင် ဦးမောင်ဝိတ်ကိစ္စတွင် လည်း ၎င်းအနေဖြင့် ၎င်း၏လုပ်ငန်းအတွက် အစိုးရအကြီးအကဲများကို  လာဘ်ပေးခြင်း နှင့် ပတ်သက်ပြီး ဝန်ခံထားပြီးသည့်အတွက်ကြောင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်နှင့်  မသက်ဆိုင်တော့ဘဲ အစိုးရနှင့်သာ သက်ဆိုင်သည့် အခြေအနေဖြစ်ပြီး  နောင်တက်လာမည့် အစိုးရအဆက်ဆက်တွင်လည်း အစိုးရအကြီးအကဲများကို လုပ်ငန်းရှင်များက အဂတိမြောက်အောင် လိုက်လံပေးနေမည့် အခြေအနေများဖြစ်ပေါ်နိုင် သဖြင့် အစိုးရအနေဖြင့် မည်သို့ကိုင်တွယ် မည်နည်းဆိုသည့်အပေါ် မေးခွန်းထုတ်မှုများ ရှိနေသည်။

အဂတိလိုက်စားမှုတိုက်ဖျက် ရေးဥပဒေ ပုဒ်မ ၆၃ တွင် မည်သူမဆို ဤဥပဒေပါ ပြစ်မှု တစ်ရပ်ရပ်ကိုကျူးလွန်ရန် လှုံ့ဆော်ခြင်း၊ အားထုတ်ခြင်း၊ ပူးပေါင်းကြံစည်ခြင်း သို့မဟုတ် စီမံ ခန့်ခွဲခြင်းပြုလျှင်ဖြစ်စေ ပြစ်မှုကျူးလွန်ရာတွင် အားပေးကူညီလျှင်ဖြစ်စေ ယင်းပြစ်မှုအတွက် ပြဋ္ဌာန်းထားသည့် ပြစ်ဒဏ်ကို ချမှတ်ခြင်း ခံရမည်ဟု ပြဋ္ဌာန်းထားသည်။

■ NLD အစိုးရလက်ထက်ကပြုလုပ်သည့် အလှူပွဲတစ်ခုတွင် မန္တလေးတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင်နှင့်ဦးမောင်ဝိတ်တို့အား တွေ့ရစဉ်

ဦးဖြိုးမင်းသိန်း၏ ဆောင်ရွက်မှုများ ကြောင့် နိုင်ငံတော်ဘဏ္ဍာ ငွေနစ်နာခဲ့သည့် ကိစ္စရပ်များသည် လူအများသိရှိထားပြီးဖြစ်သည့် ကိစ္စရပ်တစ်ခုဖြစ်သဖြင့် ဦးဖြိုးမင်း သိန်းကိစ္စနှင့် ပတ်သက်၍အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၏ လုပ်ဆောင်ချက် များအပေါ်တွင်လည်း အများကမေးခွန်း ထုတ်မှုများ ဖြစ်စေခဲ့သည်။

ယခင်  NLD အစိုးရလက်ထက် တာဝန်ထမ်းဆောင်ခဲ့သူများကိုဖြစ်စေ၊ ယခု နစက လက်ထက် တာဝန်ထမ်းဆောင်ခဲ့သူများကို ဖြစ်စေ နစကအနေဖြင့် အဂတိနှင့်ပတ်သက်၍ အရေးယူများတွင် ရာခိုင်နှုန်း အများစု သည် တိုင်ကြားမှုများထက် စစ်ဆေးပေါ်ပေါက်မှုကြောင့် အရေးယူခြင်းများဖြစ်သည်။

ဦးဖြိုးမင်းသိန်းအား အရေးယူထား သည်မှာ ရွေးကောက်ပွဲနှင့်ပတ်သက်သည့် ဒဏ်ငွေချမှတ်ခဲ့သော အမှုတစ်မှုရှိကြောင်း နစကသတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်း က BBC သတင်းဌာနကို ဖြေကြားထားသည် ကို တွေ့ရသည်။

ထို့ပြင် ဦးဖြိုးမင်းသိန်းကဲ့သို့ပင် အဂတိ အမှုများနှင့်ပတ်သက်၍ နာမည်ကြီးသည့် ဦးမောင်ဝိတ်ကို နစက , က မည်သို့အရေးယူထားသည်ကို မသိရှိသေးသည့်အချိန်တွင် ၂၀၂၃ ခုနှစ် ဇွန် ၂၉ ရက်တွင် စေပိုင်ကုမ္ပဏီ ၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် စေပိုင် ကုမ္ပဏီ ပိုင်ရှင် ဦးမောင်ဝိတ်က ၎င်းအနေဖြင့် အိမ်ပြန်ရောက်ရှိခဲ့ပြီးဖြစ်ကြောင်း ဓာတ်ပုံများနှင့်တကွ ဖော်ပြခဲ့သည်ကို တွေ့ရသည်။

ထိုသို့ ဦးမောင်ဝိတ်က ၎င်းသည်နေအိမ် သို့ပြန်လည်ရောက်ရှိကြောင်း လူမှုကွန်ရက် တွင်ဖော်ပြချိန်၌ ယင်းနေ့ဖြစ်သည့် ဇွန် ၂၉ ရက် နံနက်ပိုင်း၌ နေပြည်တော်တွင်ကျင်းပသည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်နေမှု ရှင်းလင်းပွဲသို့လည်း ဦးမောင်ဝိတ် တက်ရောက်၍ နစကဥက္ကဋ္ဌ ဗိုလ် ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ အလှူငွေများ ပေးအပ်နေပုံများ နိုင်ငံပိုင်ရုပ်မြင်သံကြား တွင် ဖော်ပြခဲ့သည်ကိုတွေ့ရသည်။

NLD အစိုးရလက်ထက် အဂတိဖြင့် နာမည်ကြီးခဲ့သည့် ဦးဖြိုးမင်းသိန်းသည် သက်ဆိုင်ရာဒေသရွေးကောက်ပွဲကော်မရှင် အား မလျော်သြဇာလွှမ်းမိုးခြင်း၊ တရားမဲ့ ပြုကျင့် ခြင်း အမှုဖြင့်ဒဏ်​ငွေတစ်သိန်းကျခံစေရန် သာ အရေးယူခံထားရပြီး ၎င်း၏ အဂတိအမှုများကို NLD အစိုးရလက်ထက်တွင် အရေးယူခဲ့ခြင်းမရှိသည့်အပြင် နစကအစိုးရ လက်ထက်တွင်  ၎င်းအပေါ် ရွေးကောက်ပွဲ အမှုတစ်မှုမှလွဲ၍ အဂတိနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးခြင်း၊ ၎င်း၏ပိုင်ဆိုင်မှုများကို စုံစမ်းစစ်ဆေးခြင်း စသည့် တစ်စုံတစ်ရာ အရေးယူထားခြင်းမ ရှိကြောင်း ကြားသိရပြီး ၂၀၂၁ ခု နှစ် ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း ၎င်းအား တပ်မတော်က စတင်ထိန်းသိမ်းစဉ်က တပ်မတော်ရိပ်သာ တစ်ခုတွင် ထားရှိကြောင်းသာ သိရှိရပြီး လက်ရှိတွင် ရန်ကုန်မြို့ရှိ ၎င်း၏နေအိမ်တွင် ပြန်လည်နေထိုင်နေသည်ဟု စုံစမ်းသိရှိရသည်။

Most Read

Most Recent