တာလီဘန်-အာဖဂန်နစ္စတန် နှစ်နှစ်ပြည့်အခြေအနေ

တာလီဘန်-အာဖဂန်နစ္စတန် နှစ်နှစ်ပြည့်အခြေအနေ
Published 16 August 2023
TRANSLATED- ရာဇ

အာဖဂန်နစ္စတန်တွင် ဆယ်စုနှစ်နှစ်စုကြာ စစ်ပွဲဖြစ်ပွားခဲ့ပြီးနောက် အမေရိကန်နှင့် နေတိုးတပ်ဖွဲ့များရုပ်သိမ်းချိန်တွင် တာလီဘန်အဖွဲ့သည် အာဖဂန်၏အာဏာကို ပြန်လည်ရယူခဲ့သည်မှာ သြဂုတ် ၁၅ ရက်ဆိုလျှင် နှစ်နှစ်ပြည့်ပြီဖြစ်သည်။

တာလီဘန်တို့သည် ၎င်းတို့အား ဖြုတ်ချမည့် သိသာထင်ရှားသည့် အတိုက်အခံများနှင့် ရင်ဆိုင်ရခြင်းမရှိခဲ့ဘဲ အဖွဲ့အစည်းအတွင်း သဘောထားကွဲလွဲမည့်အခြေအနေကိုလည်း ရှောင်လွှဲနိုင်ခဲ့သည်။

နိုင်ငံတကာအသိုင်းအဝိုင်း၏ တရားဝင်အသိအမှတ်ပြုမှုကို မရရှိခဲ့သည့်တိုင် တာလီဘန်တို့သည် ချွတ်ခြုံကျနေသည့် အာဖဂန်၏စီးပွားရေးကို ပြန်လည်တည့်မတ်လာစေရန်ရုန်းကန်သည့်အနေနှင့် ဒေသတွင်းနိုင်ငံများနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆွေးနွေးမှုများကို ပြုလုပ်ခဲ့သည်။

ထို့ပြင် အိုင်အက်စ်ကဲ့သို့ လက်နက်ကိုင်အဖွဲ့များကိုနှိမ်နင်းပြီး နိုင်ငံအတွင်း လုံခြုံရေးအခြေအနေကို တိုးမြှင့်ခဲ့သကဲ့သို့ အကျင့်ပျက်ခြစားမှုနှင့် ဘိန်းစိုက်ပျိုးမှုကိုလည်း  တိုက်ဖျက်နေသည်ဟု တာလီဘန်အဖွဲ့က ပြောကြားခဲ့သည်။

သို့သော် ဒုတိယအကြိမ်မြောက် အာဏာပြန်လည်ရရှိလာချိန်တွင် တာလီဘန်တို့သည် အာဖဂန်မိန်းကလေးများနှင့် အမျိုးသမီးများကို တားမြစ်ပိတ်ပင်မှုများ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်သည်။

တာလီဘန်တို့သည် အမျိုးသမီးများအားပန်းခြံများနှင့် အားကစားခန်းမများသို့ သွားရောက်ခွင့်၊ တက္ကသိုလ်တက်ခွင့် ပိတ်ပင်ခြင်း၊NGO များနှင့် ကုလသမဂ္ဂလက်အောက်ခံအဖွဲ့များ၏ အလုပ်များတွင် ဝင်ရောက်လုပ်ကိုင်ခွင့် ပိတ်ပင်ခြင်းတို့ ပြုလုပ်ခဲ့သည်။

ထို့ပြင် အစ္စလာမ်မစ်ဥပဒေအရ အမျိုးသမီးများအား ဦးခေါင်းတစ်ခုလုံး ဖုံးအုပ်သည့် hijab ကို မဖြစ်မနေဝတ်ဆင်စေခြင်းနှင့် မိန်းကလေးများကို ခြောက်တန်းထက်ပိုပြီး  ပညာသင်ကြားခွင့် ပိတ်ပင်ခြင်းတို့ ပြုလုပ်ခဲ့သည်။

တာလီဘန်တို့ကမူ အစ္စလာမ်မစ်ဥပဒေကို ၎င်းတို့၏လိုရာဆွဲအဓိပ္ပာယ်ဖော်မှုဖြင့် အဆိုပါ တားမြစ်ကန့်သတ်ချက်များကို ပြုလုပ်ရခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

တာလီဘန်တို့သည် ၁၉၉၀ ပြည့်နှစ် နှောင်းပိုင်းကာလက ၎င်းတို့ ပထမဆုံးအကြိမ်အာဏာရခဲ့ချိန်ကလည်း အမျိုးသမီးများ အပေါ်အလားတူ တားမြစ်ကန့်သတ်မှုများ ပြုလုပ်ခဲ့သည်။ ယခုဒုတိယအကြိမ် အာဏာပြန်လည်ရရှိခဲ့ပြီးချိန်တွင်လည်း အဆိုပါတားမြစ်ကန့်သတ်မှုများကို ထပ်မံပြုလုပ်ခဲ့သည်။

တာလီဘန်အဖွဲ့၏ အမြင့်ဆုံးခေါင်းဆောင် ဟိုင်ဘာတူလာ အက်ခန်ဇာဒါကလည်း အာဖဂန်မှပြည်ပတပ်ဖွဲ့များ ပြန်လည်ထွက်ခွာပြီးနောက် အမျိုးသမီးများအပေါ်  တားမြစ်ကန့်သတ်မှုများ ပြန်လည်ချမှတ်မှုကို ချီးကျူးခဲ့သည်။

ပြည်ပနိုင်ငံများမှ အစိုးရများ၊ လူ့အခွင့် အရေးအဖွဲ့များကမူ အာဖဂန်အမျိုးသမီးများအပေါ် တားမြစ်ကန့်သတ်ချက်များ ချမှတ်ခဲ့သည့် တာလီဘန်အဖွဲ့ကို ဝေဖန်ရှုတ်ချခဲ့သည်။

အမျိုးသမီးများအပေါ် တားမြစ်ကန့်သတ်မှုများ ချမှတ်ခြင်းသည် တာလီဘန်အစိုးရအတွက် နိုင်ငံတကာ၏ အသိအမှတ်ပြုမှုကို ရရှိရေးတွင် အဓိကအဟန့်အတားများဖြစ်သည်ဟု ကုလသမဂ္ဂက ပြောကြားခဲ့ပြီး နိုင်ငံတကာ၏ ကူညီထောက်ပံ့မှုများလည်း ရပ်တန့်ခဲ့သည်။

ထိုသို့ နိုင်ငံတကာ၏ ကူညီထောက်ပံ့မှုများ ရပ်တန့်မှုနှင့်အတူ အာဖဂန်ပြည်သူများ၏ ဆင်းရဲမွဲတေမှုအခြေအနေကို ပိုမိုဆိုးရွားစေခဲ့သည်။

အနောက်နိုင်ငံများ၏ ကျောထောက်နောက်ခံကိုရရှိခဲ့သည့် ယခင်အာဖဂန်အစိုးရ၏ ဘတ်ဂျက်စုစုပေါင်း၏ ၈၀ ရာခိုင်နှုန်းသည် နိုင်ငံတကာ အသိုင်းအဝိုင်းထံမှ ရရှိခဲ့ခြင်းဖြစ်သည်။

ထိုငွေကြေးများသည် ဆေးရုံများ၊ စာသင်ကျောင်းများ၊ စက်ရုံများနှင့် အစိုးရဌာနများကို ထောက်ပံ့ပေးခဲ့ပြီး လက်ရှိတွင် ငွေ ကြေးအကူအညီ ဖြတ်တောက်ခံခဲ့ရသည်။

ထို့ပြင် အာဖဂန်နစ္စတန်သည် မိုးခေါင်ရေရှားမှုကို သုံးနှစ်ဆက်တိုက် ကြုံတွေ့ခံစားခဲ့ရပြီး မိသားစုများ၏ ဝင်ငွေနည်းပါးမှု၊ နိုင်ငံတကာ ဘဏ်စနစ်မှ ဖယ်ထုတ်ခံထားရမှုတို့ကို ဆက်လက်ရင်ဆိုင်နေရသည်။

ကိုဗစ်ကပ်ရောဂါကာလက ဆေးဝါးများပြတ်လပ်မှု၊ ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုနှင့် အာဟာရချို့တဲ့မှုတို့သည် အာဖဂန်ပြည်သူများ၏ ဘဝအခြေအနေကို ပိုမိုဆိုးရွားစေခဲ့သည်။ ထို့ပြင် နိုင်ငံအတွင်း ကာလကြာရှည်ဖြစ်ပွားခဲ့သည့် ပြည်တွင်းစစ်နှင့် သဘာဝဘေးအန္တရာယ်တို့၏ သက်ရောက်မှုများကို ခံစားနေရဆဲဖြစ်သည်။

တာလီဘန်အဖွဲ့ကမူ တရုတ်နှင့် ကာဇက်စတန်အပါအဝင် ဒေသတွင်းနိုင်ငံများနှင့် ရင်းနှီးမြှုပ်နှံရေးဆွေးနွေးမှုများကို လုပ် ဆောင်ခဲ့သည်။ ပိတ်ဆို့မှုများကို ပြန်လည်ရုပ်သိမ်းစေရန်နှင့် ပြည်ပတွင် ထိန်းချုပ်ခံထားရသည့် ဘီလျံနှင့်ချီသည့် ဒေါ်လာများကို ပြန်လည်အသုံးပြုခွင့်ရစေရန် တာလီဘန်တို့က အလိုရှိနေသည်။

သို့သော် နိုင်ငံတကာအသိုင်းအဝိုင်းကမူ တာလီဘန်အနေနှင့် အမျိုးသမီးများနှင့် မိန်းကလေးများအပေါ် ချမှတ်ထားသည့် တားမြစ်ကန့်သတ်ချက်များအပါအဝင် တင်းကျပ်သည့်လုပ်ဆောင်ချက်များကို ပြန်လည်ရုပ်သိမ်းမှသာလျှင် ပိတ်ဆို့မှုများကို ပြန်လည်ဖြေလျှော့ပေးဖွယ်ရှိနေသည်။

သို့သော် တာလီဘန်အဖွဲ့အနေနှင့် အဆိုပါတားမြစ်ကန့်သတ်ချက်များကို ပြန်လည်ရုပ်သိမ်းရေးသည် ၎င်းတို့၏ အမြင့်ဆုံးခေါင်းဆောင် အက်ခန်ဇာဒါ၏ အမိန့်အပေါ်တွင် မူတည်နေသည်။

အမျိုးသမီးများအပေါ် တားမြစ်ကန့်သတ်မှုများ ချမှတ်ခြင်းကို တာလီဘန်အဖွဲ့ဝင်အချို့က သဘောမတူကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။ သို့သော် ထိုသတင်းများသည် တာလီဘန်အဖွဲ့ကို ဆန့်ကျင်သည့်ဝါဒ ဖြန့်မှုများသာဖြစ်သည်ဟု တာလီဘန်ပြောရေးဆိုခွင့်ရှိသူ ဇာဘီဟူလာ မူဂျာဟစ်က ပြောကြားခဲ့သည်။

“တာလီဘန်တွေ အောင်မြင်ရတဲ့ အကြောင်းရင်းကတော့ စည်းလုံးညီညွတ်မှုရှိလို့ပါပဲ။ တာလီဘန်အဖွဲ့ဝင်တွေရဲ့ ထင်မြင် ယူဆချက်တွေဟာ အဖွဲ့အစည်းနဲ့ခေါင်းဆောင်ပိုင်းကို ကိုယ်စားမပြုပါဘူး။ သဘောထားကွဲလွဲမှုတွေကို အက်ခန်ဇာဒါကို တင်ပြလေ့ရှိပါတယ်။ အက်ခန်ဇာဒါက အဲဒီလို သဘောထားကွဲလွဲမှုတွေကို ဆုံးဖြတ်ချက်ချလေ့ရှိပြီး သူ့ဆုံးဖြတ်ချက်အတိုင်း လိုက်နာကြပါတယ်”ဟု ၂၀၀၁ ခုနှစ်က အမေရိကန်၏ကျူးကျော်မှုအပြီး ဂွာတာနာမို အကျဉ်းစခန်းတွင်ဖမ်းဆီးထိန်းသိမ်းခံခဲ့သည့် ပါကစ္စတန်နိုင်ငံဆိုင်ရာ တာလီဘန် သံတမန် အဗ္ဗဒူဆာလမ် ဖာအိဖ်က ပြောကြားခဲ့သည်။

တာလီဘန်တို့သည် နိုင်ငံတကာ၏ အသိအမှတ်ပြုမှုကို ခံစားပိုင်ခွင့်တစ်ခုအနေနှင့်သာ ရှုမြင်ထားပြီး ဆွေးနွေးညှိနှိုင်းခြင်းဖြင့် ရရှိနိုင်မည်မဟုတ်ဟု ယူဆထားသည်။

တရုတ်နှင့် ရုရှားကဲ့သို့ အင်အားကြီးနိုင်ငံများနှင့် ထိပ်သီးအဆင့် အစည်းအဝေးများပြုလုပ်နေခြင်းသည် တာလီဘန်အနေနှင့် ၎င်းတို့၏ ဆက်ဆံရေးလမ်းကြောင်းကို ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ဖော်ဆောင်နေမှုကို ပြသရာ ရောက်နေသည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

ဇွန်လအတွင်းကလည်း ကာတာနိုင်ငံ၏ ဝန်ကြီးချုပ်သည် အာဖဂန်နစ္စတန်၏ အနောက်တောင်ပိုင်း ကန်ဒါဟာမြို့တွင် တာလီဘန်ခေါင်းဆောင် အက်ခန်ဇာဒါနှင့် လာရောက်တွေ့ဆုံခဲ့သည်။

ထို့ကြောင့် တာလီဘန်အဖွဲ့သည် နိုင်ငံတကာအသိုင်းအဝိုင်းမှ တရားဝင်ဖယ်ကြဉ်ခံထားရသည့်တိုင် နိုင်ငံအချို့နှင့် ဆက်ဆံရေးများ ပြန်လည်တည်ထောင်ရန် လုံလောက်သည့် ထိတွေ့ဆက်ဆံမှုများကို ပြုလုပ်ခဲ့ဖွယ်ရှိသည်။

မူးယစ်ဆေးဝါးတိုက်ဖျက်ရေး၊ ဒုက္ခသည်အရေးနှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များတွင် တာလီဘန်အဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်မှုသည် အနောက်နိုင်ငံများအပါအဝင် တစ်ကမ္ဘာလုံး၏ အကျိုးစီးပွားများအတွက် အရေးကြီးသည့်လုပ်ငန်းစဉ်များဖြစ်သည်။

တရုတ်၊ ရုရှားနှင့် အာဖဂန်၏ အိမ်နီးချင်းပါကစ္စတန်နိုင်ငံကဲ့သို့ အခြားနိုင်ငံများကလည်း အာဖဂန်နစ္စတန်အပေါ် ချမှတ်ထားသည့် ပိတ်ဆို့မှုများကို ပြန်လည်ရုပ်သိမ်းပေးရန် ဆန္ဒရှိနေကြသည်။

လက်ရှိအချိန်အထိ အာဖဂန်တွင် တာလီဘန်အဖွဲ့ကို ဖြုတ်ချရန် အစွမ်းအစရှိသည့် ပြည်တွင်း နိုင်ငံရေးအတိုက်အခံများ၊ လက်နက်ကိုင်အဖွဲ့များနှင့် ပြည်ပနိုင်ငံများ၏ ဖိအားများ ကြီးကြီးမားမား မရှိသေးပေ။

အာဖဂန်တွင် မကြာသေးမီက ဝန်ကြီးဌာနအဆောက်အအုံ နှစ်ခုကို ဗုံးခွဲမှုအပါအဝင် တိုက်ခိုက်မှုများ ပြုလုပ်နေသည် အိုင် အက်စ်အဖွဲ့သည်လည်း တပ်ဖွဲ့ဝင်များ လျော့နည်းမှု၊ ငွေကြေးအခက်အခဲနှင့် အခြားစိန်ခေါ်မှုများကြောင့် တာလီဘန်အဖွဲ့ကို ဆန့်ကျင်သည့် အကြီးစားထိုးစစ်ကို ဆင်နွှဲနိုင်စွမ်း ရှိလိမ့်မည်မဟုတ်ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

Ref: AP

Most Read

Most Recent