မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး ဝင်ရောက်ဖူးမြော်ခွင့်အား သြဂုတ် ၁၉ ရက်နောက်ပိုင်းတွင် နိုင်ငံသားတစ်ဦးလျှင် ၁၀၀၀ ကျပ်၊ နိုင်ငံခြားသားတစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၁၀ ကောက်ခံမည်

မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး ဝင်ရောက်ဖူးမြော်ခွင့်အား သြဂုတ် ၁၉ ရက်နောက်ပိုင်းတွင် နိုင်ငံသားတစ်ဦးလျှင် ၁၀၀၀ ကျပ်၊ နိုင်ငံခြားသားတစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၁၀ ကောက်ခံမည်
Published 15 August 2023

မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးအား သြဂုတ် ၁၉ ရက်အထိ အခမဲ့ဝင်ရောက်ဖူးမြော်ခွင့်ပြုမည်ဖြစ်ပြီး ယင်းနောက်ပိုင်းတွင် နိုင်ငံသားတစ်ဦးလျှင် ၁၀၀၀ ကျပ်၊ နိုင်ငံခြားသားတစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၁၀ ကောက်ခံမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။

မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးသို့ လာရောက်ဖူးမြော်သည့် ရဟန်း၊ ရှင်လူ ဘုရားဖူးပြည်သူများ လာရောက်ဖူးမြော်ကြည်ညိုနိုင်ရန်အတွက် သြဂုတ် ၁၉ ရက်အထိ ထပ်မံ၍ ရက်သတ်မှတ်တိုးမြှင့်၍ အခမဲ့ဖွင့်လှစ်ပေးသွားမည်ဖြစ်ပြီး သြဂုတ် ၂၀ ရက်နှင့် နောက်ပိုင်းတွင် လာရောက်ဖူးမြော်ကြသူများအား မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးနှင့် ဥယျာဉ်တော်ကြီး ရေရှည်တည်တံ့ခိုင်မြဲစေရန်အတွက် လိုအပ်သည့် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကုသိုလ်တော်အဖြစ် ပါဝင်နိုင်ရေးအတွက် သတ်မှတ်နှုန်းထားများကို ကောက်ခံသွားမည်ဖြစ်ကြောင်း နစကမှ ထုတ်ပြန်ထားသည်။

 မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး အတွင်းသို့ ဝင်ရောက်ဖူးမြော်ကြည်ညိုခွင့် သတ်မှတ်နှုန်းထားများအဖြစ် လူကြီးတစ်ဦးလျှင် ၁၀၀၀ ကျပ်၊ ကလေးတစ်ဦးလျှင်(ရင်ခွင်ပိုက်မပါ) ၁၀၀၀ ကျပ်၊ နိုင်ငံခြားသား တစ်ဦးလျှင် 10 USD၊ အပျော်ရိုက်ကင်မရာ(ဖုန်း/ကင်မရာ) ၅၀၀၀ ကျပ်၊ အလှဓာတ်ပုံရိုက်/Video အပါ(နာရီဝက်ပိုတိုင်း ၅၀၀၀ ကျပ်) ၅၀၀၀၀ ကျပ်၊ ယာဉ်ဝင်ခွင့် တစ်စီးလျှင်(ကား Parking အထိ) ၂၀၀၀ ကျပ်၊ Buggy တစ်စီးလျှင်(လေးယောက်စီး) တစ်နာရီ ၁၀၀၀၀ ကျပ် ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ် ဝတ္ထုကံတော်တွင် တည်ထားသည့် မာရဝိဇယရုပ်ပွားတော်မြတ်ကြီးအား သြဂုတ် ၁ ရက် (ဒုတိယဝါဆိုလပြည့်နေ့)က မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓါဘိသေက အနေကဇာတင်၍ ဗုဒ္ဓါဘိသိက်သွန်းလောင်းပူဇော်ခြင်း၊ ကျောက်စာရုံစေတီတော်များအား ရွှေထီးတော်တင်လှူပူဇော်ခြင်းနှင့် ရေစက်ချ အခမ်းအနားများကို ကျင်းပခဲ့ပြီးနောက် သြဂုတ် ၈ ရက် စတင်၍ အများပြည်သူကို အခမဲ့ ဝင်ရောက်ဖူးမျှော်ခွင့်ပြုထားခြင်းဖြစ်ကြောင်း သိရသည်။

ဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ဘုရား၊ ကျောင်း၊ ကန်၊ သိမ်၊ ဇရပ်၊ တံတား၊ ဥယျာဉ်များ၊ ဂန္ဓကုဋိတိုက်များ၊ သုဓမ္မာဇရပ်များ၊ ရေပန်းရင်ပြင်၊ မာရဝိဇယကျောင်းတော်၊ အဂ္ဂါဓိပတိသသာနာ့ဗိမာန်တော်ကြီး၊ ကျောက်စာရုံစေတီ ၇၂၀ ဆူတို့ကို ရဟန်း၊ ရှင်လူ အများပြည်သူများအနေဖြင့် ဖူးမျှော်ကြည်ညိုနိုင်ရေးအတွက် သြဂုတ် ၁၉ ရက်အထိ နံနက် ၆ နာရီမှ ည ၈ နာရီအတွင်း အခမဲ့ဖူးမြော်ကြည်ညိုနိုင်ကြောင်း သိရသည်။

Most Read

Most Recent