ထိုင်းနိုင်ငံရေးအကျပ်အတည်းနှင့် ဖြူထိုင်းပါတီအတွက် အဆုံးအဖြတ်ကာလ

ထိုင်းနိုင်ငံရေးအကျပ်အတည်းနှင့် ဖြူထိုင်းပါတီအတွက် အဆုံးအဖြတ်ကာလ
Published 15 August 2023
TRANSLATED- ဖြိုးဟိန်းကျော်

ထိုင်းနိုင်ငံ၏ ၃၀ ဦးမြောက် ဝန်ကြီးချုပ်ဖြစ်လာရန် Move Forward (ရှေ့သို့ချီ)ပါတီခေါင်းဆောင် ပီတာလင်ဂျာရွန်ရတ်၏ ကြိုးပမ်းမှုကို ထိုင်းအထက်လွှတ်တော်က နှစ်ကြိမ်တိုင်တိုင် ဟန့်တားခဲ့ပြီးနောက် လွှတ် တော်တွင် မည်သည့်ပါတီကမှ ပြတ်ပြတ်သားသားမရှိသော ထိုင်း၏အစဉ်အလာပုံစံဟု ဆိုရမည့် အခြေအနေတစ်ရပ် ပေါ်ထွက်လာခဲ့သည်။

နိုင်ငံရေးပါတီများအကြား အပြင်းအထန် အားပြိုင်မှုကြောင့် ညွန့်ပေါင်းအစိုးရဖွဲ့ရေးကို လက်ရှိဦးဆောင်နေသည့် ဖြူထိုင်းပါတီသည် Move Forward ပါတီကို ညွန့်ပေါင်းအုပ်စုထဲမှ ဖယ်ထုတ်ခဲ့ရသည်။ ထိုင်းအထက်လွှတ်တော်က ဖြူထိုင်းပါတီမှ အဆိုပြုမည့် ဝန်ကြီးချုပ်လောင်း ဆရစ်ထာထာဝစ်ဆင်းကို ထောက်ခံပါမည်နည်းဆိုသည်မှာ မရေမရာရှိနေဆဲဖြစ်သဖြင့် လက်ရှိနိုင်ငံရေး အကျပ်အတည်း ပြေလည်မည့် အလားအလာနည်းပါးနေသည်။

 

ထိုင်းအထက်လွှတ်တော်၏ ဆန့်ကျင်မှုမှာ အံ့အားသင့်စရာမဟုတ်

အထက်လွှတ်တော်အမတ်များက Move Forward ပါတီခေါင်းဆောင်ကို ကန့်ကွက်ပယ်ချခြင်းမှာ အံ့အားသင့်စရာ မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် အထက်လွှတ်တော် အမတ်အများစုကို ၂၀၁၄ ခုနှစ် မေလတွင် စစ်တပ်အာဏာသိမ်းပြီးနောက် ဖွဲ့စည်းခဲ့သည့် နိုင်ငံတော်ငြိမ်းချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး ကောင်စီက ခန့်အပ်ထားခြင်းကြောင့်ဖြစ်သည်။

အထက်လွှတ်တော်တွင် ထိုင်းစစ်တပ်အစိုးရနှင့် နီးနီးကပ်ကပ်ဆက်နွှယ်သည့် ပုဂ္ဂိုလ်များပါဝင်ပြီး  အဓိကအားဖြင့် ၎င်းတို့၏ မိတ်ဆွေများ၊ ဆွေမျိုးသားချင်းများ၊ စစ်တပ်အစိုးရ အဖွဲ့ဝင်ဟောင်းများ၊ လွှတ်တော် အမတ်များနှင့် ထိပ်ပိုင်းစစ်တပ်တပ်မှူးများ ပါဝင်နေသည်။

သို့သော် ထိုင်းအထက်လွှတ်တော်သည် ၂၀၂၃ ခုနှစ်တွင် ဒီမိုကရေစီနှင့် ဖီလာဆန့်ကျင်သည့် လုပ်ရပ်များကို ၂၀၁၉ ခုနှစ်ကထက် ပိုမိုလုပ်ဆောင်ခဲ့သည်။

၂၀၁၉ ခုနှစ်က ပါလန်ပရာချရတ်ပါတီ ဦးဆောင်သည့် စစ်တပ်ကျောထောက် နောက်ခံပြုညွန့်ပေါင်းအုပ်စုသည် အောက်လွှတ်တော်တွင် ကျဉ်းမြောင်းသော အသာရမှုရရှိခဲ့သည့်တိုင် အထက်လွှတ်တော်အမတ် ၂၅၀ အနက် ၂၄၉ ဦးက ဗိုလ်ချုပ်ကြီး ပရာယွတ်ချန်အိုချာကို ဝန်ကြီးချုပ်အဖြစ် တညီတညွတ်တည်း အတည်ပြုခဲ့သည်။ သို့သော် ထိုစဉ်က အောက်လွှတ်တော်တွင် နေရာအများစုကို အနိုင်ရခဲ့သည့်ပါတီမှာ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်နှင့် ဆက်နွှယ်နေသည့် ဖြူထိုင်းပါတီဖြစ်သည်။

၂၀၂၃ ခုနှစ် မေ ၁၄ ရက် အထွေထွေရွေးကောက်ပွဲအလွန် ကာလတွင်မူ အထက်လွှတ်တော်သည် ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကဲ့သို့ ရွေးကောက်ပွဲကို ကြပ်မတ်သည့် အဖွဲ့အစည်းများနှင့် အတိုင်အဖောက်ညီစွာ ဖြင့် ၎င်း၏လုပ်ပိုင်ခွင့်ကို အသုံးချကာ ရွေးကောက်ပွဲအနိုင်ရသည့် လူများစုညွန့်ပေါင်း အုပ်စုဘက်မှ ဝန်ကြီးချုပ်တင်မြှောက်ရန် ကြိုးပမ်းမှုကို တားဆီးခဲ့သည်။

ယင်းသည် အပေါ်ယံရွှေမှုန်ကြဲထားသည့် လက်ကျန်ဒီမိုကရေစီ အငွေ့အသက်များကို ပျောက်ကွယ်စေခဲ့ပြီး ထိုင်းနိုင်ငံရေးစနစ်၏ တရားဝင်ဖြစ်မှုနှင့် တရားမျှတမှုအပေါ် စိုးရိမ်တကြီး မေးခွန်းထုတ်မှုများ ပေါ်ပေါက်စေခဲ့သည်။

 

ဖြူထိုင်းအတွက် ခက်ခဲသည့်ရွေးချယ်မှုများ

စင်စစ်အားဖြင့် အနည်းဆုံး အထက်လွှတ်တော်၏ ထောက်ခံမှုအချို့မရရှိဘဲ ဝန်ကြီးချုပ်ကို အဆိုပြုခန့်အပ်ခြင်းမှာ မဖြစ်နိုင်သည့် ကိစ္စရပ်မဟုတ်သည့်တိုင် စိန်ခေါ်မှုတစ်ရပ် ဖြစ်ပေသည်။ ယင်းသည် ထိုင်းနိုင်ငံ၏ အခိုင်မာဆုံး နိုင်ငံရေးပါတီများအနက်မှ တစ်ခုဖြစ်သည့် ဖြူထိုင်းအပေါ် ပြင်းထန်သည့် ရိုက်ခတ်မှုများရှိလာခဲ့သည်။

ဒီမိုကရေစီစံတန်ဖိုးများကို ထိန်းသိမ်းကာ စစ်တပ်၏လွှမ်းမိုးမှုကို ဆန့်ကျင်မည်ဟူသော ကတိကဝတ်ကြောင့် လူသိများသည့် ဖြူထိုင်းပါတီသည် ခက်ခဲသောလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနေရပြီး ၎င်းတို့အဓိက ကိုင်စွဲထားသည့် သဘောတရားကိုထိခိုက်စေနိုင်သည့် ညှိနှိုင်းမှုများအတွက် ကြိုးပမ်းနေရသည်။ 

ဝန်ကြီးချုပ်လောင်းကို အတည်ပြုနိုင်ရန် လွှတ်တော်၌ အမတ်နေရာအများစုကို ထိန်းချုပ်နိုင်ရန်အတွက် ဖြူထိုင်းသည် မဟာမိတ်အသစ်များကို မဖြစ်မနေရှာဖွေနေရပြီး အထက်လွှတ်တော်အမတ်များနှင့် နိုင်ငံရေး အယူအဆချင်း ဆန့်ကျင်ဘက်ဖြစ်နေသည့် အခြားနိုင်ငံရေးပါတီများ၏ထောက် ခံမှုကိုရရှိရန် ကြိုးပမ်းနေရသည်။

ယင်းပါတီများထဲတွင် Bhumjaithai ၊ ပါလန်ပရာချရတ်၊ ညီညွတ်သောထိုင်းအမျိုးသားပါတီနှင့် ချက်ထိုင်းပတ္တနာတို့ ပါဝင်သည်။ သို့တိုင်အောင် Move Forward ပါတီ ပါဝင်မည်ဆိုလျှင် ဖြူထိုင်းဦးဆောင်သည့် ညွန့်ပေါင်းအုပ်စုတွင် ပါဝင်မည်မဟုတ်ဟု ၎င်းပါတီများက ကြိုတင်ငြင်းဆိုထားပြီး ၎င်း တို့၏သဘောထားကို ပြတ်သားစွာပြောဆို ထားပြီးဖြစ်သည်။

အထက်လွှတ်တော်အမတ်များနှင့် လက်ရှိတာဝန်ယူထားဆဲ အစိုးရတွင်ပါဝင်သော ပါတီများမှ လွှတ်တော်အမတ်များ၏ ပူးပေါင်းအုပ်စုကြောင့် ဖြစ်ပေါ်လာသည့်စိန်ခေါ်မှုကို ကိုင်တွယ်ဖြေရှင်းရန်အလို့ငှာ ဖြူထိုင်းသည် Move Forward ပါတီမပါဘဲ အစိုးရဖွဲ့မည်ဖြစ်ပြီး အိမ်ခြံမြေလုပ်ငန်းရှင် ဆရစ်ထာ ထာဝစ်ဆင်းကို ဝန်ကြီးချုပ်အဖြစ် အဆိုပြုမည်ဟု ဖြူထိုင်းပါတီက ကြေညာထားသည်။

 

ဝန်ကြီးချုပ်လောင်းအတွက် ခိုင်မာသေချာသောထောက်ခံမှုမရှိ

သို့သော် အရေးကြီးသည့်မေးခွန်းမှာ အထက်လွှတ်တော်က ထာဝစ်ဆင်းကို ထောက်ခံပါမည်လောဆိုသည့် မေးခွန်းပင် ဖြစ်သည်။ အထက်လွှတ်တော်၏ ထောက်ခံမှုမရခဲ့လျှင် ဖြူထိုင်းသည် Move Forward ပါတီမပါဘဲ ထောက်ခံမဲ လုံလုံလောက်လောက်ရနိုင်သော အလားအလာရှိသည့် လမ်းကြောင်းပေါ်တွင် ရှိပါသလော။

မရေရာမှုများ ဆက်လက်ဖြစ်ပေါ်နေခိုက် ပီတာကို ထပ်မံအဆိုပြုခြင်းနှင့်စပ်လျဉ်း၍ ဖွဲ့စည်းပုံခုံရုံးက အပြီးသတ်ဆုံးဖြတ်ချက် မချမီအချိန်ထိ ဝန်ကြီးချုပ်အား အဆိုပြုတင်မြှောက်မည့် လွှတ်တော်အစည်းအဝေးကို ရွှေ့ဆိုင်းထားရန် လွှတ်တော်ဥက္ကဋ္ဌက ဆုံးဖြတ်ခဲ့ခြင်းကြောင့် အခြေအနေသည် ပိုမိုရှုပ်ထွေးလာခဲ့သည်။

သြဂုတ် ၇ ရက်တွင် ဖြူထိုင်းပါတီက Bhumjaithai ပါတီနှင့် ညွန့်ပေါင်းဖွဲ့မည့် အစီအစဉ်ကို ကြေညာခဲ့ပြီး Move Forward ပါတီကိုသာမက ပါလန်ပရာချရတ်နှင့် ညီညွတ်သောထိုင်းအမျိုးသားပါတီကဲ့သို့ စစ်တပ်လို လားသော ပါတီများကိုပါ ဖယ်ထုတ်လျက် အစိုးရတစ်ရပ်ဖွဲ့ရန် ကြိုးပမ်းမည့် အရိပ်အယောင်ကို ပြသခဲ့သည်။

Bhumjaithai ပါတီက ဖြူထိုင်းဝန်ကြီးချုပ်လောင်းကို ထောက်ခံမည်ဟု သဘောတူထားသော်လည်း ညွန့်ပေါင်းအုပ်စုမှ Move Forward ပါတီကို ဖယ်ထုတ်ရေးနှင့် ပုဒ်မ ၁၁၂ ကို မပြင်ဆင်ရေး အပါအဝင် သတ်မှတ်ချက်အချို့ကို တောင်းဆိုခဲ့သည်။ သို့တိုင်အောင် ဖြူထိုင်းနှင့် Bhumjaithai တို့ပါဝင်သော ညွန့်ပေါင်းသည် လွှတ်တော်တွင် ၂၃၈ နေရာသာရရှိထားပြီး ဝန်ကြီးချုပ်တင်မြှောက် နိုင်ရန်လိုအပ်သည့် ၃၇၅ မဲအောက် သိသိသာသာလျော့နည်းနေသေးသည်။

 

စစ်တပ်ကျောထောက်နောက်ခံပြုပါတီမပါဘဲ ညွန့်ပေါင်းဖွဲ့နိုင်မည်လော

ပါလန်ပရာချရတ်ပါတီခေါင်းဆောင် အငြိမ်းစားစစ်ဗိုလ်ချုပ်ကြီး ပရာဝစ်ဝေါင်ဆူဝမ်သည် အထက်လွှတ်တော် အမတ်အများစုအား ရွေးချယ်ထားသည့်အချက်ကို ထောက်ရှုမည်ဆိုလျှင် ဖြူထိုင်းအနေဖြင့် ပရာဝစ်၏ထောက်ခံမှုမရှိဘဲ ဝန်ကြီးချုပ်လောင်းတင်မြှောက်ရာတွင် အထက်လွှတ်တော်၏ ထောက်ခံမှုကို လုံလုံလောက်လောက် ရနိုင်ခြင်းရှိမရှိဆိုသည်မှာ မရေမရာဖြစ်နေဆဲဖြစ်သည်။

ပါလန်ပရာချရတ်သည် အောက်လွှတ်တော်တွင် အမတ်နေရာ ၄၀ ရရှိထားခြင်းကြောင့် အခြားပါတီငယ်များ၏ ထောက်ခံမှုနှင့်အတူ ဖြူထိုင်း- Bhumjaithai-ပါလန်ပရာချရတ်တို့၏ ဖြစ်နိုင်ခြေရှိသော ညွန့်ပေါင်းဖွဲ့မှုသည် လွှတ်တော်အမတ်နေရာ ၂၇၈ နေရာ အထိ ရနိုင်သော်လည်း မဖြစ်မနေပြည့်မီရန် လိုအပ်သည့် ၃၇၅ နေရာထက် လျော့နည်းနေဆဲဖြစ်သည်။ သို့သော် အထက်လွှတ်တော်အား ပရာဝစ်၏သြဇာလွှမ်းမိုးနိုင်စွမ်းကြောင့် ထိုအဟန့်အတားကို ကျော်လွန်နိုင်ရန် အထောက်အကူပေးနိုင်ဖွယ်ရှိသည်။

ထိုကဲ့သို့ အတိမ်းအစောင်းမခံသည့်အဆင့်တွင် ဖြူထိုင်း၏ရွေးချယ်မှုသည် ပါတီ၏အနာဂတ်ကို သိသိသာသာ ပုံဖော်ပေးမည်ဖြစ်ပြီး ထို့ထက်ပိုအရေးကြီးသည်မှာ ထိုင်းနိုင်ငံရေး အခင်းအကျင်းကိုပါ ပုံဖော်ပေးမည့် အချက်ကြောင့်ပင်ဖြစ်သည်။ ထို့အတူ ဖြူထိုင်းအနေဖြင့် စစ်တပ်လိုလားသော အုပ်စုများက လွှမ်းမိုးထားသည့် အထက်လွှတ်တော်ကြောင့် ဖြစ်ပေါ်လာသော စိန်ခေါ်မှုများကို ကိုင်တွယ်လျက် တစ်ဖက်တွင်လည်း ဒီမိုကရေစီ စံတန်ဖိုးများနှင့်ပတ်သက်သည့် ၎င်း၏ကတိကဝတ်များကို ဆက်လက်စောင့် ထိန်းနိုင်ပါမည်လောဆိုသည့်စမ်းသပ်မှု တစ်ခုလည်းဖြစ်သည်။

အထက်လွှတ်တော်က ၎င်းအဆိုပြုမည့် ဝန်ကြီးချုပ်လောင်းကို ထောက်ခံရန်တုံ့ဆိုင်းနေခြင်းသည် ဖြူထိုင်းပါတီအတွက် အကျပ်ရိုက်စရာဖြစ်နေပြီး ၎င်း၏မူဝါဒများကို အလျှော့ပေးညှိနှိုင်းကာ စစ်တပ်ကျော ထောက်နောက်ခံပြု အင်အားစုများနှင့် ညွန့်ပေါင်းဖွဲ့မည်လော သို့မဟုတ် လက်ရှိအစီအစဉ်အတိုင်း ရှေ့ဆက်တိုးကာ စွန့်စားမည်လောဆိုသည်ကို ရွေးချယ်ရလိမ့်မည်ဖြစ်သည်။

ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်က ၎င်းပြည်တော်ပြန်မည့် အစီအစဉ်အား ဖွင့်ဟပြောဆိုထားခြင်းကို ထောက်ရှုမည်ဆိုလျှင် ဖြူထိုင်းအနေဖြင့် အာဏာရရှိရန် ကြိုးပမ်းမှုကို စွန့်လွှတ်ဖွယ်မရှိပေ။ သို့သော်မဖြစ် ဖြစ်သည့်နည်းဖြင့် အာဏာရရှိရန်လုပ်ဆောင်မည်ဆိုလျှင် ဖြူထိုင်းသည် ဒီမိုကရေစီ ပြယုဂ်အဖြစ်မှ အရှိန်အဝါပုံရိပ် ကျဆင်းမှုနှင့် ရင်ဆိုင်ရနိုင်ပေသည်။

Ref: CNA

Most Read

Most Recent