မိုနိုပိုလီသည် အင်ဖလေးရှင်းကို ဖြစ်စေသလား

မိုနိုပိုလီသည် အင်ဖလေးရှင်းကို ဖြစ်စေသလား
Photo - SpeakFreely
Photo - SpeakFreely
Published 13 August 2023
စောနိုင် (အသုံးချဘောဂဗေဒ)

မိုနိုပိုလီကြောင့်လော

၂၀၂၁ ခုနှစ် ဇွန်လက ၅ ဒသမ ၄ ရာခိုင်နှုန်းရှိနေခဲ့သည့် ကုန် စည်မျိုးစုံ၏ မြို့ပြ စားသုံးသူစျေးဆ နှုန်းကိန်း နှစ်အလိုက်မြင့်တက်မှုနှုန်းသည် ၂၀၂၂ ခုနှစ် ဇွန်လ၌ ၉ ဒသမ ၁ ရာခိုင်နှုန်းသို့  ခုန်တက်သွားခဲ့သည်ဟု အမေရိကန်အလုပ်သမားဌာန၊ စာရင်းအင်းဗျူရိုက ထုတ်ပြန်ထားသည်။ ဘော့စတွန်ဗဟိုဘဏ် (Federal Reserve Bank of Boston) ရှိ ကျွမ်းကျင်သူများအပါအဝင် ဘောဂဗေဒပညာရှင်အချို့က ]]စျေး ဆနှုန်းကိန်းများတိုးမြင့်လာမှုသည် မိုနိုပိုလီ (Monopoly) ဟုခေါ်‌သော လက်ဝါးကြီးအုပ် လုပ်ကိုင်မှုများ ကြောင့်ဖြစ်သည်ဟု ယူဆထားကြောင်း၊ မိုနိုပိုလီသည် ကုန်စည်နှင့် ဝန်ဆောင်မှုများ၏ စျေးနှုန်းများ မြင့်တက်လာစေရန် (အင်ဖလေးရှင်း ဖြစ်စေရန်) အထောက်အကူပေးသည့် ဇာစ်မြစ်ဖြစ်ကြောင်းဟု ဆိုသည်။

မိုနိုပိုလီပါ၀ါ ရယူလုပ်ကိုင်မှုများသည် စျေးနှုန်းနှင့်ထုတ်ကုန်အရေအတွက်ကို ထိန်းချုပ်မှုဖြစ်စေပြီး စျေးကွက်များကို စွမ်းဆောင်လျော့ပါးစေသည်ဟု စီးပွားရေးပညာရှင်များက ယုံကြည်သည်။  အပြည့်ပြိုင် ဆိုင်မှုရှိသော (Perfect Competition) အခြေအနေမှ သွေဖည်လျက် မိုနိုပိုလီ (Monopoly) အခြေအနေ ဖြစ်လာသောအခါ လက်ဝါးကြီးအုပ် လုပ်ကိုင်မှုများပေါ်ပေါက်လာပြီး စျေးကွက်များ စွမ်းဆောင်ရည် လျော့ကျလာသည်ဟု ၎င်းတို့က ဆိုသည်။

အပြည့်ပြိုင်ဆိုင်မှုအယူအဆနှင့် ဝန်းကျင်

အပြည့်ပြိုင်ဆိုင်လုပ်ကိုင်နေသည့် စျေးကွက် သို့မဟုတ် စီးပွားရေးအဆောက်အအုံထဲတွင်  အောက်ပါအခြေအနေများ တည်ရှိနေသည်။  

-  ဝယ်သူ၊ ရောင်းသူ အများအပြား ရှိနေခြင်း၊

-  ထပ်တူကျ၊ တူညီသော ကုန်ပစ္စည်း များဖြစ်နေခြင်း၊ 

-  ဝယ်သူ၊ ရောင်းသူများအားလုံး သည် စျေးကွက်နှင့် ပတ်သက်၍ သတင်းအချက်အလက် အပြည့် အစုံရရှိနေခြင်း၊

- စျေးကွက်ထဲသို့ မည်သည့် အဟန့်အတားမျှမရှိဘဲ ဝင်နိုင်၊ ထွက်နိုင် ခြင်း (အလွယ်တကူ ဝင်ရောက် ရောင်းဝယ်နိုင်ခြင်း)။

ထိုအခြေအနေဖြစ်ပေါ်နေသည့် စျေးကွက်များထဲတွင် ဝယ်သူနှင့်ရောင်းချသူ မည်သူမျှ ကုန်ပစ္စည်း၏ စျေးနှုန်းအပေါ် ထိန်းချုပ်နိုင်စွမ်းမရှိ၊ အားလုံးသည် စျေးကွက်တွင်ဖြစ်ပေါ်နေသော စျေးနှုန်းအတိုင်းသာ အရောင်းအဝယ်လုပ်ကြရ၏။ ထို့ကြောင့် အားလုံးသည် စျေးနှုန်းရယူသူများ (Price Takers) ဖြစ်ကြသည်။

သို့သော် ထိုအခြေအနေမျိုးတွင် စွန့်ထွင်လုပ်ကိုင်ကြသည့် လုပ် ငန်းရှင်များ (Entrepreneurs)  ပေါ်ထွက်လာကြမည်မဟုတ်။ စျေးကွက်အတွင်း ကုန်ပစ္စည်း (ထုတ်ကုန်သစ်) များလည်း မြင်တွေ့ရမည် မဟုတ်ပေ။ အပြည့်ပြိုင်ဆိုင်မှုအယူအဆကို ထောက်ခံသူများက စွန့် ထွင်လုပ်ငန်းရှင်များရှိသည့် စျေးကွက် အခြေအနေသည် အပြည့်ပြိုင် ဆိုင်မှုမရှိသည့် အခြေအနေ (Imperfect Competition) ဖြစ်ပြီး စား သုံးသူများ အကျိုးစီးပွားအတွက် အပြည့်ပြိုင် ဆိုင်မှုအခြေအနေကဲ့သို့ ကောင်းမွန်မှုမရှိဟုလည်းဆိုသည်။ 

လုပ်ငန်း သို့မဟုတ် ကုမ္ပဏီ တစ်ခုသည် ထုတ်ကုန်အမည်တစ် မျိုးဖြင့် စျေးကွက်တစ်ခုအား လွှမ်းမိုးထားသည်ဟု ယူဆလျက်စဉ်းစား ကြည့်နိုင်သည်။  ထိုအခြေအနေသည် စွန့်ထွင်လုပ်ကိုင်နေသည့် လုပ်ငန်းရှင်များရှိသည့် ဝန်းကျင်ဖြစ်ပြီး အပြည့်ပြိုင်ဆိုင်လုပ်ကိုင်နိုင်မှုမရှိသည့် အခြေအနေ (Imperfect Competition) ဖြစ်သောကြောင့် ကောင်းမွန်မှုမရှိဟုဆိုကာ အစိုးရက ဝင်ရောက်ပတ်သက် စွက်ဖက်သင့်သည်ဟု ဆိုနိုင်ပါသလား။ ထိုအချက်သည်စဉ်းစားစရာဖြစ်၏။ ပြိုင်ဆိုင်လုပ်ကိုင်မှုများသည် စျေးကွက် သို့မဟုတ် ကဏ္ဍတစ်ခုအ တွင်းပါဝင်သူ (ထုတ်လုပ်သူ/ရောင်းချသူ) များပြားလာခြင်း မဟုတ်ဘဲ ထုတ်ကုန်ပစ္စည်းအမျိုးအမည်များ ပြားခြင်း၏ အကျိုးဆက်ကြောင့် ဖြစ်ပေါ်လာသည်ဟု သဘောပေါက်ရမည်။

ထုတ်ကုန်များ ပြိုင်ဆိုင်မှု၊ ကုမ္ပဏီများ ပြိုင်ဆိုင်ခြင်း မဟုတ်

ထုတ်ကုန်အမျိုးအစား များလေလေ၊ ပြိုင်ဆိုင်လုပ်ကိုင်မှု ကြီးမားလေလေ၊ စားသုံးသူအတွက် အကျိုးများလေလေဖြစ်သည်။ စွန့်ထွင်လုပ်ကိုင်သူတစ်ဦးသည် စျေးကွက်ထဲ၌ ထုတ်ကုန်သစ် မိတ်ဆက် လိုက်ခြင်းသည် ၎င်းကြိုးစားအား ထုတ်မှု၏ ရလဒ်ကိုဖော်ပြခြင်းဖြစ်သည်။ ၎င်း၏ ထုတ်ကုန်သစ်သည် စျေးကွက်ဝေစုကိုလည်း ၁၀၀ ရာခိုင်နှုန်းပြည့်ရရှိသွားသည်ဟုဆိုသည်။ သို့သော်  စွန့်ထွင်လုပ်ငန်းရှင်က ထုတ်ကုန်သစ်ဖြင့် စျေးကွက်ကို ခေတ္တခဏ လက်ဝါးကြီးအုပ်ထားနိုင်ချိန်တွင် စားသုံးသူများ (ဝယ်ယူသူများ) ၏ အကျိုးစီးပွားလျော့ပါးမှုများ ရှိလာနိုင်သည်။ ဤသို့ဆိုလျှင် ထုတ်ကုန်သစ်များ ထွက်ပေါ်လာခြင်းသည် စားသုံးသူများ၏ အကျိုးစီးပွားကို ယုတ်လျော့သွားစေသည်မှာ အမြဲတမ်းမှန်ကန်ခြင်း ရှိ၊ မရှိဆို သည်မှာလည်း စဉ်းစားစရာဖြစ်သည်။ ထိုအယူအဆကို အပြည့်အဝ လက်ခံလျက် စားသုံးသူများ၏ အကျိုးစီးပွားကို ကာကွယ်သည့်အနေဖြင့် အပြည့်အဝပြိုင်ဆိုင်မှု စျေးကွက်ကို အတင်းအကျပ်ဖန်တီး သတ်မှတ်ထားပါက စျေးကွက်အတွင်း ထုတ်ကုန်သစ်ထွက်ပေါ်လာမည်မဟုတ်ပေ။   

စွန့်ထွင်လုပ်ကိုင်နေသည့် လုပ်ငန်းရှင်တစ်ယောက်အနေဖြင့် ကုန်ပစ္စည်းသစ်တစ်ခုကို စျေးကွက်အတွင်း အောင်မြင်စွာ မိတ်ဆက် နိုင်ခဲ့ပြီးနောက် အမြတ်ရရှိသည် နှင့်တစ်ပြိုင်နက် ၎င်း၏ကုန်ထုတ်သစ် စျေးကွက်ထဲသို့  အခြားလုပ်ငန်းရှင်များကို ဆွဲဆောင်သကဲ့သို့ ဖြစ်သွားသည်။  ၎င်း၏ထုတ်ကုန်သစ်ကို လက်ခံအားပေးမှုများကြား၌ စားသုံးသူများ၏ အပြိုင်အဆိုင်ဝယ်ယူများလည်း ဖြစ်လာလိမ့်မည်။ အခြေအနေသည် အခြားသော လုပ်ငန်းရှင်များ၏အာရုံကိုဖမ်းစားသွားနိုင်ပြီး မကြာမီအချိန် သို့မဟုတ် အနာဂတ်ကာလများ၌ အခြားသော လုပ်ငန်းရှင်များ၏ စိတ်ကူးသစ်များနှင့် ထုတ်ကုန်သစ်များ ထပ်မံထွက်ပေါ်သည်ကို တွေ့ရလိမ့်မည်။   

သတိပြုရမည်မှာ စျေးကွက်ကို လက်ဝါးကြီးအုပ် လွှမ်းမိုးထားနိုင်သည့် ထုတ်လုပ်သူသည် အမြတ်အစွန်းကိုသာ အာရုံစိုက်လျက် ၎င်း၏ထုတ်ကုန်ကို စိတ်ကြိုက်စျေးနှုန်း သတ်မှတ်ရောင်းချနိုင်မည် မဟုတ်ပေ။ ၎င်း၏ထုတ်ကုန်ကိုအားပေးသည့် စားသုံးသူများလက်ခံနိုင်သည့် စျေးနှုန်းအဆင့်ဖြင့် ကမ်းလှမ်းနိုင်မှသာ အလုပ်ဖြစ်နိုင်သည်ဟူသော အချက်ဖြစ်သည်။ ထို့ကြောင့် စွန့်ထွင်လုပ်ငန်းရှင်များသည် စျေးနှုန်း သတ်မှတ်နိုင်ရေးအတွက် ထုတ်လုပ်မှုစရိတ်ကို တွက်ချက်နေစဉ်မှာပင် စားသုံးသူများ၏  စီးပွားရေး အခြေအနေ၊ စိတ်ဝင်စားမှု၊ အခြားထုတ်ကုန်များနှင့်ယှဉ်၍ မိမိထုတ်ကုန်သစ်အပေါ် စားသုံးသူများ ငွေကြေးသုံးစွဲနိုင်မှုတို့ကိုပါ ထည့်သွင်းစဉ်းစား၍ ကြိုတင်ခန့်မှန်း တွက်ချက်ကြရသည်။ ဤအချက်များကို လျစ်လျူရှုသော ထုတ်လုပ်သူများသည် ဆုံးရှုံးမှုများ ကြုံတွေ့ရနိုင်သည်။ 

အကယ်၍ စျေးကွက်ကို လွှမ်းမိုးထားနိုင်သည့် ကုန်ထုတ်တစ်မျိုး၏ စျေးနှုန်းသည် ဖြစ်သင့်သည်ထက် ကျော်လွန်သည့်ဟု ယူဆလျက် အစိုးရက စျေးကွက်အတွင်း ဝင်ရောက်၍ အဆိုပါကုန်ပစ္စည်း၏စျေးနှုန်းကို လျှော့ချရန် လုပ်ဆောင်ခဲ့ပါက စားသုံးသူများ၏ အကျိုးစီးပွားမြင့်မားလာခြင်းရှိ၊ မရှိ မသေချာသော်လည်း  စွန့်ထွင်လုပ်ငန်းရှင်များ၏ စျေးကွက်မက်လုံးမှာမူ ပျက်စီးသွားပေလိမ့်မည်။ 

ထို့ကြောင့် အစိုးရ၏ စျေးကွက် အတွင်းဝင်ရောက်စွက်ဖက်မှုသည် အထူးသဖြင့်ရေရှည်တွင် စားသုံး သူများအတွက် ကောင်းကျိုးဖြစ်၊ မဖြစ်ဆိုသည်မှာ သံသယဖြစ်စရာပင်။ ထို့ပြင်အပြည့်ပြိုင်ဆိုင်မှုရှိသည့် စျေးကွက်ဝန်းကျင်ဖြစ်ပေါ်စေရန်အတွက် အစိုးရ၏အားထုတ်မှုများသည် စျေးကွက်အတွင်း ကွဲပြားခြားနားသော ထုတ်ကုန်အမည်သစ်များ ပေါ်ထွက်လာရေးကို ဟန့်တားလျက်ရှိပြီး လုပ်ငန်းများ၏ ပြိုင်ဆိုင်လုပ်ကိုင်နိုင်သည့် စွမ်းရည်များကိုပါ ဖျက်ဆီးနေသည်ဟု ရှုမြင်ကြသည်များလည်း ရှိလာသည်။

အမျိုးမျိုးအစားစား၊ အကွဲကွဲအပြားပြား ထုတ်ကုန်များ

တစ်မျိုးတစ်စားတည်းတူညီသော ထုတ်ကုန်များဖြင့်သာ စျေးကွက်အတွင်း ပြိုင်ဆိုင်မှုဖြစ်စေသည်ဟူသော အယူအဆသည် လက်ရှိအခြေအနေတွင် မခိုင်မာတော့ပေ။ အပြည့်ပြိုင်ဆိုင်နိုင်သည့် စျေးကွက် ပုံစံဖြစ်စေရန်  ထုတ်ကုန်တစ်သား တည်းဖြစ်မှု (Product Homogeneity) ကို တွန်းအားပေးခြင်းသည် ပြိုင်ဆိုင်မှုမရှိသည့် အခြေအနေဆီသို့ ဦးတည်သွားနေသည်ဟု ဆိုကြသည်။

မတူညီသော ထုတ်ကုန်အမျိုးအစားများ ရှိနေခြင်းသည် လွတ်လပ်သော စျေးကွက်တစ်ခုကို အဓိပ္ပာယ်ဖွင့်ဆိုရာတွင် အထောက်အကူဖြစ်စေသည်။  ထုတ်ကုန်တစ်ခုကို ထုတ်လုပ်၊ ရောင်းချသူသည် ၎င်း၏ထုတ်ကုန်နှင့်ပတ်သက်၍ ထိန်းချုပ်မှုများ ပြုလုပ်နေရပြီး အခြေအနေအရပ်ရပ်ကိုလည်း စဉ်းစားနေကြရသည်။ စွန့်ဦးတီထွင်တတ်သည့် လုပ်ငန်းရှင်များသည် မတူညီသော စိတ်ကူးစိတ်သန်းများ၊  အရည်အချင်းများရှိသောကြောင့် ၎င်းတို့ ထုတ်လုပ်လိုက်သည့် ကုန်ပစ္စည်းအမျိုးအစားများသည်လည်း ကွဲပြားမှုများရှိ၏။ ထုတ်လုပ်မှု၊ ထုပ်ပိုးမှု၊ ရောင်းချမှုနှင့် စားသုံးသူများကို ကမ်းလှမ်းသည့် ပုံစံများ တူညီမှုမရှိနိုင်ပေ။ တစ်နည်းဆိုသော် စွန့်ထွင်လုပ်ငန်းရှင်သည် ၎င်းထုတ်ကုန်နှင့် ပတ်သက်၍ မိုနိုပိုလီပါ၀ါရှိသူ သို့မဟုတ် စျေးကွက်ကို လက်ဝါးကြီးအုပ်ထားနိုင်သူဖြစ်သည်။ ထိုအခြေအနေကို ဗြိတိသျှ  ဘောဂဗေဒပညာရှင် ဂျွန်ရောဘင်ဆင် (Joan Robinson 1903-1983) က Spatial Monopoly

ဟု ရည်ညွှန်း ခဲ့သည်။

အစိုးရသည် စျေးကွက် သို့မဟုတ် ထုတ်လုပ်မှုကဏ္ဍတစ်ခုကို ဝင်ရောက်စွက်ဖက်၍ လုပ်ငန်းအရေအတွက် ကန့်သတ်ခြင်းဖြင့် ထုတ်လုပ်မှုကို အဟန့်အတားပြုလုပ်လိုက်သည့်အခါ ထိခိုက်မှုများဖြစ်စေသည့် လက်ဝါးကြီးအုပ်လုပ်ကိုင်မှုများ ပေါ်ပေါက်လာနိုင်ပေသည်။ ထိုအခြေအနေသည် စျေးကွက်အတွင်း လိုအပ်သော ကုန်ပစ္စည်းများနှှင့် ဝန်ဆောင်မှုအမျိုးမျိုးရရှိနိုင်ရေးကို အကန့်အသတ်များဖြစ်လာစေပြီး စားသုံးသူများလည်း အခက်အခဲများ ကြုံတွေ့လာရနိုင်ပေသည်။   

ငွေကြေးပမာဏနှင့် အင်ဖလေးရှင်း

စီးပွားရေး အဆောက်အအုံတစ်ခုအတွင်း ကုန်ပစ္စည်းအရေအတွက်နှင့်  ငွေကြေးပမာဏအပြောင်း အလဲမရှိပါက ကုန်ပစ္စည်းတစ်ခုအတွက် အသုံးပြုရမည့် ငွေကြေးပမာဏ (စျေးနှုန်း) မှာ ယေဘုယျအားဖြင့် ပြောင်းလဲမည်မဟုတ်ပေ။ မိုနိုပိုလီပါ၀ါဖြင့် စျေးကွက်ကို လက်ဝါးကြီး အုပ်ချုပ်ကိုင်သူများ၏အပြုအမူ ကြောင့် ကုန်စည်စျေးနှုန်းများ မြင့်တက်လာသည်ဟု ယူဆကြည့်ပါ။  စီးပွားရေးအဆောက်အအုံအတွင်း  ငွေကြေးပမာဏအပြောင်းအလဲရှိပါက ကုန်စည်နှင့် ဝန်ဆောင်မှုများ၏ စျေးနှုန်းများမှာ ယေဘုယျအားဖြင့် တိုးလာမည်မဟုတ်။ အဘယ့်ကြောင့်နည်း။ မိုနိုပိုလီပါ၀ါဖြင့် ချုပ်ကိုင်ထားသော ထုတ်ကုန်များကို နှစ်သက်သူများက ယခင်ကထက် ငွေကြေးပိုမိုသုံးစွဲ၍ ဝယ်ယူကြ ဖြစ်ပြီး အခြားသောကုန်ပစ္စည်းများ အပေါ်သုံးစွဲမည့် ငွေကြေးပမာဏ လျော့နည်းသွားပေလိမ့်မည်။ စျေး ကွက်ကို ထိန်းချုပ်ထားနိုင်သည့် လက်ဝါးကြီးအုပ်လုပ်ငန်းရှင်များ ထုတ်လုပ်သော ကုန်ပစ္စည်းများ၏ စျေးနှုန်းများမြင့်တက်သွားပြီး အခြားကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများ (သုံးစွဲမည့်ငွေကြေး ပမာဏလျော့ကျ၊ ဝယ်ယူမှု လျော့ကျမှုတို့ကြောင့်) စျေးနှုန်းများကျဆင်းသွားမည်။

အခြေအနေနှစ်ရပ် ထေမိသွားသဖြင့် စီးပွားရေး အဆောက်အအုံထဲရှိ ကုန်စည်များအားလုံး၏ ပျမ်းမျှစျေးနှုန်းအခြေအနေမှာ ယေဘုယျအားဖြင့် အပြောင်းအလဲမရှိဖြစ်နေမည်ဟု ယူဆကြသည်။ 

ထို့ကြောင့် စျေးနှုန်းများမြင့်တက်ခြင်း (အင်ဖလေးရှင်းဖြစ်ခြင်း) မှာ မိုနိုပိုလီကြောင့်မဟုတ်ဘဲ ငွေကြေးပမာဏ တိုးလာခြင်းကြောင့်သာဖြစ်သည်ဟု ထောက်ပြကြခြင်း ဖြစ်သည်။

စီးပွားရေး အဆောက်အအုံအတွင်း မိုနိုပိုလီပါ၀ါဖြင့် လက်ဝါးကြီးအုပ် လုပ်ကိုင်ခြင်းများရှိနေစေကာမူ ငွေကြေးပမာဏတိုးမြင့်မှု မရှိခဲ့ပါက အထွေထွေစျေးနှုန်းအဆင့် အလွန်အမင်း မြင့်တက်လာနိုင်မည် မဟုတ်ပေ။ 

နိဂုံး

စျေးကွက်အတွင်း ယှဉ်ပြိုင် လုပ်ကိုင်မှုများ အားပေးမြှင့်တင်ရန်နှင့် အင်ဖလေးရှင်း (ငွေကြေးဖောင်း ပွမှု) အရှိန်မြင့်တက်နေခြင်းကို ဟန့် တားနိုင်ရန် ရည်ရွယ်ချက်ဖြင့် မိုနို ပိုလီခေါ် လက်ဝါးကြီးအုပ်မှုများကို အစိုးရက ထိန်းကျောင်းသင့်သည်ဟူသော အယူအဆသည် အထင်အမြင်မှားခြင်း (Fallacy) သာဖြစ်လိမ့်မည်။ ထို့ပြင်အစိုးရခွင့်ပြုချက် လိုင် စင်အပါအဝင် အခြားသော ကန့် သတ်ချက်အများအပြား မရှိခဲ့လျှင် အန္တရာယ်ရှိသော လက်ဝါးကြီးအုပ် လုပ်ကိုင်မှုများ (Harmful Monopolies) လည်း  ပေါ်ပေါက်လာနိုင်မည် မဟုတ်ပေ။ အင်ဖလေးရှင်းခေါ် ငွေကြေးဖောင်းပွမှုပတ်သက်၍ အဓိကအကြောင်းတရားအဖြစ် အများစုက  ဗဟိုဘဏ်၏ ငွေကြေးမူဝါဒကိုသာ လက်ညိုးထိုးနေကြသည်။

https://www.eurasiareview.com/