အရေးပေါ်ကာလ သက်တမ်းတိုးခြင်းနှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ အပြောင်းအလဲ

အရေးပေါ်ကာလ သက်တမ်းတိုးခြင်းနှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ အပြောင်းအလဲ
ဇူလိုင် ၃၁ ရက်က အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး (၂/၂၀၂၃) ကျင်းပစဉ်
ဇူလိုင် ၃၁ ရက်က အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး (၂/၂၀၂၃) ကျင်းပစဉ်
Published 13 August 2023

အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအစည်းအဝေး (၂/၂၀၂၃) ကို ဇူလိုင် ၃၁ ရက်က နေပြည်တော်တွင် ကျင်းပခဲ့သည်။

အစည်းအဝေးသို့ ယာယီသမ္မတ ဦးမြင့်ဆွေ၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်း နောင်၊ အထူးဖိတ်ကြားထားသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးတို့ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က နစက သက်တမ်းတိုးတာဝန်ယူခဲ့သည့် ခြောက်လတာကာလအတွင်း ဆောင်ရွက်ခဲ့သော လုံခြုံရေး၊ လူမှုစီးပွား ဖွံ့ဖြိုးရေး၊ နိုင်ငံရေး၊ ငြိမ်းချမ်းရေး၊ သဘာဝဘေးအန္တရာယ်၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ ရွေးကောက်ပွဲ ကဏ္ဍများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး လတ်တလော အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပေါ်နေသည့် တိုင်းနှင့် ပြည်နယ်အလိုက် နေရာဒေသများတွင် တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး စသည့်လုပ်ငန်းစဉ်များကို အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်သွားရန် လိုအပ်လျက်ရှိသည့်အတွက် အရေးပေါ်အခြေအနေအဖြစ် ကြေညာထားမှုကို ထပ်မံပြီး ခြောက်လ သက်တမ်းတိုးမြှင့် တာဝန်ထမ်းဆောင်ခွင့်ပြုရန် တင်ပြခဲ့သည်။

ထိုသို့တင်ပြမှုအပေါ် အစည်းအဝေးသို့ တက်ရောက်လာသူများက ထောက်ခံဆွေးနွေးခဲ့ပြီး ကာလုံအဖွဲ့ဝင်အားလုံး၏ သဘောတူဆွေးနွေးဆုံးဖြတ်ချက်အရ လည်းကောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၂၁၊ ပုဒ်မခွဲ (ခ) ၏ လုပ်ပိုင်ခွင့်များအရလည်းကောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၂၅ နှင့်အညီ နိုင်ငံတော်၏ နိုင်ငံရေးအခြေအနေအရ “နိုင်ငံ တစ်ဝန်းလုံး အရေးပေါ်အခြေအနေ ကြေညာထားသည့်ကာလကို သြဂုတ် ၁ ရက်မှစ၍ နောက်ထပ် ခြောက်လ တိုးမြှင့်သတ်မှတ်ကြောင်း” ယာယီသမ္မတ ဦးမြင့်ဆွေက ကြေညာခဲ့သည်။

နစက ပြင်ဆင်ဖွဲ့စည်း

အရေးပေါ်အခြေအနေ ကြေညာထားသည့် ကာလကို နောက်ထပ် ခြောက်လ တိုးမြှင့်သတ်မှတ်ပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို သြဂုတ် ၂ ရက်တွင် ပြင် ဆင်ဖွဲ့စည်းခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအား အဖွဲ့ဝင် ၁၈ ဦးဖြင့် ပြင်ဆင်ဖွဲ့စည်းလိုက်ကြောင်း သြဂုတ် ၂ ရက်တွင် အမိန့် ထုတ်ပြန်သည်။

ပြင်ဆင်ဖွဲ့စည်းလိုက်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတွင် ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယဥက္ကဋ္ဌအဖြစ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ အတွင်းရေးမှူးအဖြစ် ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက်အတွင်းရေးမှူးအဖြစ် ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးတို့က  တာဝန်ယူဆောင်ရွက်မည်ဖြစ်သည်။

ပြင်ဆင်ဖွဲ့စည်းလိုက်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတွင် အဖွဲ့ဝင်များအဖြစ် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဦးဝဏ္ဏမောင်လွင်၊ ဒေါ်ဒွဲဘူ၊ ပိုးရယ်အောင်သိန်း၊ မန်းငြိမ်းမောင်၊ ဒေါက်တာမှုထန်၊ ဒေါက်တာဘရွှေ၊ ခွန်စံလွင်၊ ဦးရွှေကြိမ်းနှင့် ဦးရန်ကျော်တို့ ပါဝင်သည်။

ထို့ပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၄၁၉ အရ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များဖြစ်သည့် ဦးမောင်ကိုနှင့် ဒေါက်တာအောင်ကျော်မင်းတို့အား တာဝန်မှ အနားယူခွင့်ပြုလိုက်ကြောင်း ထုတ်ပြန်ခဲ့သည်။

ထို့အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဒေါက်တာကျော်ထွန်အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ဝင်အဖြစ် ပြောင်းရွှေ့တာဝန်ပေးအပ်လိုက်ကြောင်းလည်း ထုတ်ပြန်ခဲ့သည်။

ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ် ရှစ်ဦး အနားယူခွင့်ပြု

သြဂုတ် ၂ ရက်၌ပင် ပြည်ထောင်စုအဆင့်ရှိ ပုဂ္ဂိုလ် ရှစ်ဦးကို အနားယူခွင့်ပြုလိုက်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ထုတ်ပြန်သည်။

အနားယူခွင့်ပြုလိုက်သူများထဲတွင် ပြည်ထောင်စုတရားသူကြီးချုပ်၊ စာရင်းစစ်ချုပ်၊ လူ့အခွင့်အရေး ကော်မရှင်ဥက္ကဋ္ဌ ၊ အဂတိတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌနှင့် ပြည်ထောင်စုဝန်ကြီး လေးဦးတို့ ပါဝင်သည်။

ထိုသို့ အနားယူခွင့်ပြုရာတွင် ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးတင်ဦး၊သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကိုကို၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာဌေးအောင်၊ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ ဦးလှမြင့်တို့ကို ကျန်းမာရေးအရ အနားယူခွင့်ပြုကြောင်း အမိန့်စာတွင် ဖော်ပြထားသည်။

သို့ရာတွင် အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းနှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးမြင့်ဦးတို့ကို တာဝန်မှအနားယူခွင့်ပြုကြောင်း နစက၏အမိန့်စာတွင် ဖော်ပြထားသည်။

ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ် ခုနစ်ဦးနှင့် ဒုတိယဝန်ကြီး လေးဦး ခန့်အပ်

ပြည်ထောင်စု တရားသူကြီးချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့် ဒုတိယဝန်ကြီး လေးဦး ခန့်အပ်တာဝန်ပေးလိုက်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက သြဂုတ် ၃ ရက်တွင်ထုတ်ပြန်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ ဦးသာဌေးအား ပြည်ထောင်စုတရားသူကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးလိုက်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ပြည်ထောင်စုစာရင်း စစ်ချုပ်အဖြစ် ဒေါက်တာခင်နိုင်ဦး၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာခုံရုံး ဥက္ကဋ္ဌအဖြစ် ဦးအောင် ဇော်သိန်း၊ အဂတိလိုက်စားမှု တိုက် ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌအဖြစ် ဦးစစ်အေး၊ ပြည်ထောင်စုရာထူးဝန် အဖွဲ့ ဥက္ကဋ္ဌအဖြစ် ဦးအောင်သော်၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌအဖြစ် ဦးသန်းထွန်းဦး၊ မြန်မာနိုင်ငံအမျိုး သား လူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌအဖြစ် ဦးပေါ်စိန်လွင်တို့ကို ခန့်အပ်တာဝန်ပေးလိုက်ကြောင်း နစက၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအ ခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ ဥပဒေရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ်အဖြစ် ဒေါက်တာထိန်လင်းဦး၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီရုံး ဒုတိယဝန်ကြီးအဖြစ် ဦးခင်လတ်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ဦးဗိုလ်ဗိုလ်ကျော်၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးတို့အား ခန့်အပ်တာဝန်ပေးလိုက်ကြောင်း နစက,က ထုတ်ပြန်ခဲ့သည်။

ပြည်ထောင်စုအစိုးရအဖွဲ့ ပြင်ဆင်ဖွဲ့စည်းခြင်း

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ် ငါးရပ်နှင့် ဦးတည်ချက် ၁၂ ရပ်ကို ပိုမိုမြန်ဆန်ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရန် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ ပြည်ထောင်စုအစိုးရအဖွဲ့အား ပြင်ဆင်ဖွဲ့စည်းလိုက်ကြောင်း နစက,က သြဂုတ် ၃ ရက်တွင် အမိန့်ထုတ်ပြန်ခဲ့သည်။

ပြင်ဆင်ဖွဲ့စည်းခဲ့သည့် ပြည်ထောင်စုအစိုးရအဖွဲ့တွင် နိုင်ငံတော်ဝန်ကြီးချုပ်အဖြစ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယဝန်ကြီးချုပ်များအဖြစ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေတို့ ပါဝင်သည်။

အစိုးရအဖွဲ့ အပြောင်းအလဲတွင် ကာကွယ်ရေးဝန်ကြီးဌာနနှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနတို့မှ ပြည်ထောင်စုဝန်ကြီးများကို ဌာနအပြောင်းအလဲပြုလုပ် ခန့်အပ်ခဲ့သည်ကို တွေ့ရသည်။

ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးနေရာတွင်  ဗိုလ်ချုပ်ကြီးတင်အောင်စန်းကို နစက,က ပြောင်းလဲ တာဝန်ပေးအပ်လိုက်သည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းနေရာတွင် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးကို ပြောင်းလဲတာဝန်ပေးအပ်ခဲ့သည်။

ပြင်ဆင်ဖွဲ့စည်းလိုက်သည့် ပြည်ထောင်စုအစိုးရအဖွဲ့တွင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနေရာ အပြောင်းအလဲ ဖြစ်ပေါ်ခဲ့ပြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဖြစ်လာကာ ယခင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်အား ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန (၁) ပြည်ထောင်စုဝန်ကြီးအဖြစ် ပြောင်းရွှေ့တာဝန် ပေးအပ်ခဲ့သည်။

ထို့အတူ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနေရာတွင် ဦးကိုကိုအစား ဦးတင်ဦးလွင်အား အစားထိုးခန့်အပ်ခဲ့သည်ကို တွေ့ရသည်။ 

လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနေရာတွင် ဒေါက်တာစိုးဝင်းကို ခန့်အပ်ခဲ့ပြီး ယခင်ပြည်ထောင်စုဝန်ကြီးဟောင်းဖြစ်သည့် ဒေါက်တာသက်သက်ခိုင်ကိုမူ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်ခဲ့သည်။

ထို့ပြင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နေရာတွင် ဦးသောင်းဟန်အစား ဦးဉာဏ်ထွန်းကို ပြောင်းလဲခန့်အပ်ခဲ့သည်။ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး အမြဲတမ်းအတွင်းဝန်အဖြစ် ဦးဇော်သန်းသင်းကိုလည်း ခန့်အပ်တာဝန်ပေးခဲ့သည်။

တပ်မတော်မှ အဆင့်မြင့်အရာရှိအချို့ အရပ်ဘက်သို့ ပြောင်းလဲခန့်အပ်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ ဒုတိယဗိုလ်ချုပ်ကြီး ညိုစောအား နစကဥက္ကဋ္ဌ၏ အကြံပေးပုဂ္ဂိုလ်အဖြစ် ခန့်အပ်၍ ပြည်ထောင်စုဝန်ကြီးအဆင့် သတ်မှတ်တာဝန်ပေးလိုက်ကြောင်း ဇူလိုင် ၅ ရက်က ထုတ်ပြန်ခဲ့သည်။        

ဇူလိုင် ၂၁ ရက်ကလည်း တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးတာဝန်ထမ်းဆောင်ခဲ့သည့် ဗိုလ်ချုပ် နီလင်းအောင်အား ဒုတိယဗိုလ်ချုပ်ကြီးအဆင့်သို့ တိုးမြှင့်ခန့်အပ်၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့်ရဲချုပ်တာဝန်ကို ပူးတွဲတာဝန်ပေးခန့်အပ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဇူလိုင် ၂၁ ရက်တွင် ထုတ်ပြန်သည်။

ထို့ပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ရဲချုပ်ဖြစ်သူ ဗိုလ်ချုပ် ဇင်မင်းထက်ကို အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ဇူလိုင် ၂၁ ရက်တွင် ပြောင်းလဲခန့်အပ် တာဝန်ပေးခဲ့သည်။

ထို့အတူ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်းအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဒုတိယဝန်ကြီးအဖြစ် နစက,က ပြောင်းရွှေ့တာဝန်ပေးအပ်ခဲ့သည်။

အုပ်ချုပ်ရေးပိုင်းဆိုင်ရာ အားနည်းချက်များကို ပြုပြင်မယ်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ယူခဲ့သည့် ကာလအတွင်း တရားဥပဒေစိုးမိုးရေးတာဝန်ထမ်းဆောင်မှုအပိုင်းတွင် အားနည်းချက်များရှိခဲ့သဖြင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ အားနည်းချက်များကို ပြုပြင်ဆောင်ရွက်မည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

သြဂုတ် ၈ ရက်က နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး ငုရွှေဝါခန်းမတွင် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စုဝန်ကြီးဌာနများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံရာတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

တရားဥပဒေစိုးမိုးရေးဆိုင်ရာတွင် အဆင့်အဆင့်သော အုပ်ချုပ်ရေးဆိုင်ရာအဖွဲ့အစည်းများ၊ အုပ်ချုပ်ရေးကို ထိန်းသိမ်းပေးသည့် တရားရေး မဏ္ဍိုင်တို့ပါဝင်ကြောင်း၊ ဥပဒေဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ရန်အတွက် ဥပဒေဆိုင်ရာ အဖွဲ့အစည်းများက ဆောင်ရွက်ကြရကြောင်း၊ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး ဆောင်ရွက်ရာတွင် ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးနှင့် တရားရေးမဏ္ဍိုင်တို့သည် အဓိကအရေးကြီးကြောင်း၊ တရားဥပဒေစိုးမိုးရေးအတွက် အဓိကဆောင်ရွက်နေရသူများသည် စွမ်းရည်ရှိသည့် ပုဂ္ဂိုလ်များ ဖြစ်ရန်လိုကြောင်း၊ မိမိတို့ တာဝန်ထမ်းဆောင်ခဲ့သည့် ကာလအတွင်း တရားဥပဒေစိုးမိုးရေး တာဝန်ထမ်းဆောင်မှုနှင့်ပတ်သက်၍ အားနည်းချက်များရှိခဲ့ပြီး အုပ်ချုပ်ရေးပိုင်းဆိုင်ရာ အားနည်းချက်များသည် အစိုးရတစ်ရပ်၏ လုပ်ငန်းဆောင်ရွက်ချက်များကို ထိခိုက်စေနိုင်သဖြင့် ပြုပြင်ဆောင်ရွက်သွားရန်လိုကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

ထို့ပြင် အစိုးရတစ်ရပ်အနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတွင် လုပ်ဆောင်ရမည့်လုပ်ငန်းတာဝန်များ များပြားကြောင်း၊ ပြည်ထောင်စုဝန်ကြီးဌာနများမှ တာဝန်ရှိသူများအနေဖြင့် မိမိတို့ ဦးဆောင်ကွပ်ကဲရသည့် ဌာနများအလိုက် လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ လုပ်ငန်းတာဝန်များကို အောင်မြင်အောင် ထိန်းကျောင်းဆောင်ရွက်သွားရန်လိုကြောင်း၊ မိမိကိုယ်တိုင်အရည်အချင်းရှိပြီး စည်းကမ်းကောင်းမွန်ရန်လိုသကဲ့သို့ မိမိကွပ်ကဲရသည့် အဖွဲ့အစည်းကိုလည်း စည်းကမ်းစနစ်တကျရှိစေရေး ကွပ်ကဲနိုင်မှုအပြည့်အဝရှိရန်လိုကြောင်း၊ အစိုးရဌာနများသည် ပြည်သူကို အလုပ်အကျွေးပြုရသည့်ဌာနများဖြစ်သဖြင့် ဝန်ထမ်းများအနေဖြင့်လည်း ကောင်းမွန်သည့်စီမံခန့်ခွဲမှုရှိသည့်၊ လုပ်ငန်းတာဝန်ကျေပွန်သည့်၊ ပြည်သူ့အကျိုးကို ဖော်ဆောင်ပေးနိုင်သည့် ဝန်ထမ်းများဖြစ်ရန်လိုကြောင်း ၎င်းက ဆိုသည်။

မိမိတို့အနေဖြင့် နိုင်ငံတော်၏တာဝန်များကို ထမ်းဆောင်ခဲ့ရာတွင် အခက်အခဲ၊ အကျပ်အတည်းများစွာကို စုစည်းညီညွတ်သည့်အားဖြင့် ကျော်လွှားနိုင်ခဲ့ပြီဖြစ်ကြောင်း၊ သို့ သော်လည်း မိမိတို့နိုင်ငံအပေါ် စီး ပွားရေးအရ၊ နိုင်ငံရေးအရ ပိတ်ဆို့မှု များရှိနေဆဲဖြစ်ကြောင်း၊ မိမိတို့ နိုင်ငံ၌ ပြည်တွင်းကုန်ထုတ်လုပ်မှု လုပ်ငန်းများကို အောင်မြင်အောင်ဆောင်ရွက်နိုင်မည်ဆိုပါက မည်သည့်အခက်အခဲ၊ အကျပ်အတည်းကိုမဆို ကျော်လွှားနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဦးတည်ချက်များကို အောင်မြင်အောင်အကောင်အထည်ဖော် ဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် လူပုဂ္ဂိုလ်တစ်ဦး တစ်ယောက်အတွက်ဆိုသည်ထက် နိုင်ငံ၏ အကျိုးစီးပွားအတွက်သာ မိမိတို့၏ တာဝန်များကို ကျေပွန်စွာဖြင့် အလုပ်လုပ်ကြရန် တိုက်တွန်းမှာ ကြားလိုကြောင်း ၎င်းက ပြောကြားသည်။

လက်ရှိ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး မြောက်ဘက်ခြမ်း၊ ပဲခူးတိုင်းဒေသကြီး အရှေ့ဘက်ခြမ်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားနေသည့်အတွက် ယင်းဒေသများတွင် တရားဥပဒေစိုးမိုးရေး တာဝန်ထမ်းဆောင်မှုအပိုင်း၌ အားနည်းချက်များရှိသည့်အပြင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ အားနည်းချက်များလည်း ရှိနေသည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မြို့နယ် ၃၃၀ ရှိသည့်အနက် ၁၀၀ ရာခိုင်နှုန်း တည်ငြိမ်အေးချမ်းသည့် မြို့နယ် ၁၉၈ မြို့နယ်ရှိပြီး လုံခြုံရေး အလေးထားဆောင်ရွက်ရမည့် မြို့နယ် ၆၇ မြို့နယ်နှင့် လုံခြုံရေး ထိထိရောက်ရောက်ဆောင်ရွက်ရမည့် မြို့နယ် ၆၅ မြို့နယ်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဇန်နဝါရီ ၃၁ ရက်တွင် ပြုလုပ်သည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေးတွင် ပြောကြားထားသည်။

ထို့ကြောင့် လက်ရှိတွင် မြန်မာနိုင်ငံ စစ်အုပ်ချုပ်ရေးကြေညာထားသည့် မြို့နယ်ပေါင်း ၄၇ မြို့နယ် ရှိလာပြီဖြစ်ပြီး မြန်မာနိုင်ငံအတွင်းရှိ ပြည်နယ်နှင့်တိုင်း ကိုးခုမှ မြို့နယ် ၄၇ မြို့နယ်ကို စစ်အုပ်ချုပ်ရေး ကြေညာထားခြင်းလည်း ဖြစ်သည်။

ရန်ကုန်တိုင်းတွင် ခြောက်မြို့နယ်၊ ချင်းပြည်နယ်တွင် ရှစ်မြို့နယ်၊ စစ်ကိုင်းတိုင်းတွင် ၁၄ မြို့နယ်၊ ပဲခူးတိုင်းတွင် ငါးမြို့နယ်၊ မကွေးတိုင်းတွင် ငါးမြို့နယ်၊ ကယားပြည်နယ်တွင် လေးမြို့နယ်၊ မွန်ပြည်နယ်တွင် တစ်မြို့နယ်၊ ကရင်ပြည်နယ်တွင် နှစ်မြို့နယ်နှင့် တနင်္သာရီတိုင်းတွင် နှစ်မြို့နယ်တို့ကို နစက,က စစ်အုပ်ချုပ်ရေး ကြေညာထားခြင်း ဖြစ်သည်။

စစ်အုပ်ချုပ်ရေးကြေညာခြင်း ခံထားရသည့် ပြည်နယ်နှင့် တိုင်း ကိုးခုအနက် စစ်ကိုင်းတိုင်းမှာ မြို့နယ် ၁၄ မြို့နယ်ဖြင့် အများဆုံးကြေညာခံထားရပြီး ချင်းပြည်နယ်က ရှစ်မြို့နယ်ဖြင့် ဒုတိယ၊ ရန်ကုန်တိုင်းက ခြောက်မြို့နယ်ဖြင့် တတိယ အသီးသီး ကြေညာခံထားရသည်။

ထိုသို့သောအခြေအနေတွင် နစကဥက္ကဋ္ဌက တရားဥပဒေစိုးမိုးရေး တာဝန်ထမ်းဆောင်မှုအပိုင်းတွင် အားနည်းချက်များ ရှိခဲ့သဖြင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ အားနည်းချက်များကို ပြုပြင်ဆောင်ရွက်မည် ဖြစ်ကြောင်း ပြောဆိုလာသည့်အတွက် မည်သို့သော ပြုပြင်ဆောင်ရွက်မှုမျိုး ဆက်လက်လုပ်ဆောင်သွားမည်ကို စောင့်ကြည့်ရမည်ဖြစ်သည်။