သက်ဦးဆံပိုင် မြန်မာဘုရင်မင်းများလက်ထက် အချိန်အခါက မြန်မာဆိုရိုးစကားအဖြစ် တွေ့ရှိသိမြင်ခဲ့ရသည်မှာ “ကြက်ဥ အယောင်၊ တိမ်တောင်သဖွယ်၊ မင်း ရေးကျယ်” ဖြစ်ပါသည်။ အဓိပ္ပာယ်မှာ ကြက်ဥအတွင်းမှ သန္ဓေသား၏ ပေါက်လာလျှင်ဖြစ်မည့် အမွေးအတောင်ကိုသော်လည်းကောင်း၊ တိမ်တောင် တိမ်တိုက် မည်သည့် အသွင်သဏ္ဌာန် ဖြစ်လာမည်ကိုလည်းကောင်း ခန့်မှန်းရန် မလွယ်သကဲ့သို့ တိုင်းရေး ပြည်ရေးမှာလည်း မည်သို့ ဖြစ်လာမည်ကို ခန့်မှန်းရန် မလွယ်ပေ။
အထက်ဖော်ပြပါ မြန်မာဆိုရိုး စကားကို လေ့လာခြင်းအားဖြင့် ကိုလိုနီခေတ်မတိုင်မီ သက်ဦးဆံပိုင် မြန်မာရှင်ဘုရင်မင်းများလက်ထက် အချိန်အခါက တိုင်းရေးပြည်ရေး ကိစ္စရပ်များသည် လွန်စွာကျယ် ပြန့်ကြီးမားသည့်အပြင် ကြိုတင် ခန့်မှန်းရန် မလွယ်ကူကြောင်း ရှင်း လင်း တင်ပြထားရှိသည်ကို သက် သေအဖြစ် တွေ့ရှိနိုင်ပါသည်။
သို့သော်လည်း အထက်ဖော်ပြပါ အခြေအနေသည် မြန်မာနိုင်ငံတွင် လွန်ခဲ့သည့် နှစ်ပေါင်း ၁၅၀ - ၂၀၀ ခန့်အချိန် မတိုင်မီကာလက တည်ရှိဖြစ်ပေါ်စေခဲ့သည့် သဘောတရားတစ်ရပ်ဖြစ်ခဲ့ပြီး ယနေ့အချိန် ကာလတွင်မူ ကမ္ဘာပေါ်ရှိ တိုင်းပြည် နိုင်ငံများတွင် အခြေခံကိန်းဂဏန်း အချက်အလက်များ (Data) နှင့် သတင်းအချက်အလက်များ (Information) ကို အခြေခံကာ ကြိုတင် ခန့်မှန်းတွက်ချက်နိုင်ကြသဖြင့် တိုင်းရေးပြည်ရေး ကိစ္စရပ်များ တစ်နည်းအားဖြင့် တိုင်းပြည်တည်ဆောက်ခြင်း၊ နိုင်ငံတော် တည်ဆောက်ခြင်း ကိစ္စရပ်များကို အလွယ်တကူသိမြင် နိုင်ပြီး အကောင်အထည်ဖော်ဆောင် ရွက်နိုင်ခဲ့ကြပါသည်။
ထို့ထက် ပိုမိုပြီး တွေ့ရှိ သိမြင် လာစေနိုင်သည့်အချက်မှာ သာမန် ပြည်သူ ပြည်သား နိုင်ငံသားများအား အသိပေးခြင်း မပြုသည့်အပြင် အလွယ်တကူ နားလည်နိုင်စေခြင်း မရှိနိုင်သည့် လျှို့ဝှက်နက်ရှိုင်းသော လုပ်ငန်းရပ်များနှင့် ရပ်တည်ရှင်သန် နိုင်စေရန် ကြိုးပမ်းအားထုတ်သည့် တိုင်းပြည် နိုင်ငံတော် (Deep State) အမျိုးအစားများလည်း ဖြစ်ထွန်း ပေါ်ပေါက်လာစေခဲ့ပါသည်။
အထက်ဖော်ပြပါ အခြေအနေကို မြန်မာနိုင်ငံနှင့် ပတ်သက်ပြီး လွတ်လပ်ရေးရရှိပြီးချိန်နောက်ပိုင်း ဖြတ်သန်းကြုံတွေ့ခဲ့ရသည့် ဖြစ်ရပ်များကို လေ့လာကြည့်ပါက ကမ္ဘာပေါ်ရှိ တိုင်းပြည်နိုင်ငံများတွင် တွေ့ရှိ သိမြင်နိုင်ခြင်း မရှိသော ထူးခြားသည့် ဖြစ်စဉ် ဖြစ်ရပ်များကို ရှာဖွေ တွေ့ရှိရမည် ဖြစ်ပါသည်။ ထို့ကြောင့်လည်း မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ပြည်တွင်းစစ် သက်တမ်းကာလ အရှည်ကြာဆုံးနိုင်ငံများ စာရင်းတွင် ပါဝင်လျက် ရှိနေပါသည်။
၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရရှိပြီးချိန်မှ ယနေ့အချိန် ၂၀၂၃ ခုနှစ် ဆိုပါလျှင် နှစ်ပေါင်း ၇၅ နှစ်ခန့် ကြာမြင့်သည့် အချိန်ကာလအတွင်း မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ်ကို ကျင့်သုံးပြီး ပြည်သူ ပြည်သား နိုင်ငံသား အပေါင်းတို့၏ လိုအင်ဆန္ဒအရ ရွေးကောက်တင်မြှောက်ခဲ့သည့် အစိုးရ သို့မဟုတ် ရွေးကောက်ခံ အစိုးရအဖြစ် တည်ရှိဖြစ်ပေါ်စေခဲ့သည်မှာ ၁၉၄၈ ခုနှစ်မှ ၁၉၅၈ ခုနှစ် အထိ ၁၀ နှစ်တာကာလ၊ ၁၉၆၀ ခုနှစ်မှ ၁၉၆၂ ခုနှစ်အထိ နှစ်နှစ်တာ ကာလနှင့် ၂၀၁၁ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ ၁၀ နှစ်တာကာလ စုစုပေါင်း ၂၂ နှစ်ခန့်သာ တည်ရှိစေခဲ့ပြီး ကျန်ကာလ စုစုပေါင်း ၅၃ နှစ်ခန့် မှာ စစ်အုပ်ချုပ်ရေး၊ စစ်အစိုးရ၊ အာ ဏာရှင် အစိုးရများသာ တည်ရှိဖြစ် ပေါ်စေခဲ့ပါသည်။
ဤတွင် ထူးခြားသည့် အခြေအနေများကို မေးခွန်းများအဖြစ် ဖော်ပြရမည်ဆိုပါလျှင် ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိပြီးစ အချိန်ကာလသည် ကမ္ဘာပေါ်ရှိ အချို့သော တိုင်းပြည်နိုင်ငံများတွင် သော်လည်းကောင်း၊ အာရှတိုက်ရှိ အချို့သော တိုင်းပြည် နိုင်ငံများတွင် သော်လည်းကောင်း၊ အရှေ့တောင်အာရှရှိ အချို့သော တိုင်းပြည်နိုင်ငံများတွင်သော်လည်းကောင်း ဒီမိုကရေစီစနစ်ကို စတင်ကျင့်သုံးနိုင်ရန်မှာ လွန်စွာအလှမ်းကွာဝေးလျက်ရှိသည့် အခြေအနေ အချိန်အခါတွင် မြန်မာနိုင်ငံက ဒီမိုကရေစီစနစ်ကို စတင်ကျင့်သုံးနိုင်ခဲ့သည့် နိုင်ငံ တစ်နိုင်ငံအဖြစ် ကမ္ဘာပေါ်တွင် ထူးခြားထင်ရှားစေခဲ့ပါသည်။
သို့သော် မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ်ကို စတင်ကျင့်သုံးနိုင်ခဲ့ပါသော်လည်း အဆိုပါ ဒီမိုကရေစီစနစ်သည် အောင်မြင်ခြင်း မရှိသကဲ့ သို့ တိုင်းပြည် နိုင်ငံတော်နှင့် တိုင်း ပြည်နိုင်ငံတော်ကို ဦးဆောင်ဦးရွက် ပြုလုပ်ခဲ့ကြသည့် လူပုဂ္ဂိုလ်ကြီးများအကြားတွင်သော်လည်းကောင်း၊ ပြည်သူပြည်သား နိုင်ငံသားများအတွင်း၌သော်လည်းကောင်း ဒီမိုကရေစီစနစ်၏ အနှစ်သာရများ၊ သဘောတရားများသည် စွဲမြဲစေခြင်း မရှိခဲ့ပါ။ တစ်နည်းအားဖြင့် မြန်မာနိုင်ငံတွင် စိုက်ပျိုးခဲ့သည့် ဒီမိုကရေစီ မျိုးစေ့သည် အမြစ်တွယ်နိုင်ခြင်း မရှိသကဲ့သို့ အပင်အဖြစ် ဖြစ်ထွန်းပေါ်ပေါက်ခဲ့ခြင်းလည်း မရှိခဲ့ဘဲ လုံးဝပျောက်ကွယ်သွားစေခဲ့ပါသည်။
အထက်ပါကဲ့သို့သော အခြေအနေကို ဖြစ်ထွန်းပေါ်ပေါက်စေခဲ့သည့် အဓိကအကြောင်းရင်းများမှာ အဘယ်ကဲ့သို့သော အကြောင်းရင်းများကြောင့် ဖြစ်ခဲ့ပါသလဲဆိုသည့် မေးခွန်းကို စာရေးသူအနေဖြင့် လေ့လာဆန်းစစ်ကြည့်မိရာတွင် တစ်ခုသော အကြောင်းရင်းတစ်ရပ်မှာ လျှို့ဝှက်နက်ရှိုင်းသော လုပ်ငန်းရပ်များနှင့် ရပ်တည်ရှင်သန်နိုင်စေရန် ကြိုးပမ်းအားထုတ်သည့် တိုင်းပြည် နိုင်ငံတော် (Deep State) အမျိုးအစားသည် ဖြစ်ထွန်းပေါ်ပေါက် လျက်ရှိနေသောကြောင့် ဖြစ်ပါသည်။
စာရေးသူ ယခုဆောင်းပါးကို ရေးသားတင်ပြရသည့် အကြောင်းရင်းမှာ လျှို့ဝှက်နက်ရှိုင်းသော လုပ်ငန်းရပ်များနှင့် ရပ်တည်ရှင်သန်နိုင်စေရန် ကြိုးပမ်းအားထုတ်သည့် တိုင်းပြည် နိုင်ငံတော် (Deep State) အမျိုးအစားသည် အချို့သော တိုင်းပြည်နိုင်ငံများတွင် ၎င်းတို့၏တိုင်း ပြည်နိုင်ငံတော်အား ပိုမိုပြီး ခေတ်မီ ဖွံ့ဖြိုး တိုးတက်သော နိုင်ငံတစ်နိုင်ငံအဖြစ်သို့ အရှိန်အဟုန်နှင့် တစ်ဟုန်ထိုး ရှေ့သို့တက်လှမ်းနိုင်စေရန် မောင်းနှင်အားအဖြစ် အသုံးပြုနိုင်ခဲ့ကြပါသည်။ မြန်မာနိုင်ငံအနေဖြင့်မူ လွတ်လပ်ရေး ရရှိပြီးစအချိန်ကာလတွင် ဒီမိုကရေစီစနစ်ကို စတင် ကျင့်သုံးနိုင်ခဲ့ပါသော်လည်း လျှို့ ဝှက်နက်ရှိုင်းသော လုပ်ငန်းရပ်များနှင့် ရပ်တည်ရှင်သန် နိုင်စေရန် ကြိုးပမ်းအားထုတ်သည့် တိုင်းပြည် နိုင်ငံတော် (Deep State) အမျိုးအစားကြောင့် ဒီမိုကရေစီစနစ်ကို ကျင့် သုံးရာမှ နောက်သို့ ပြန်လန်ပြီးလျှင် အာဏာရှင်၊ စစ်အာဏာရှင်၊စစ်အုပ် ချုပ်ရေး စနစ်များနှင့် ယနေ့ထက်တိုင် ပြင်းထန်ဆိုးရွားလှသည့် အမှောင်ခေတ်ကြီးအတွင်းသို့ ကျရောက်လျက်ရှိနေသည်ကို တာဝန်ရှိ လူပုဂ္ဂိုလ်ကြီးများနှင့် ပြည်သူ ပြည် သားနိုင်ငံသားအပေါင်းတို့က သိ မြင်နားလည်ပြီး ပြင်းထန်ဆိုးရွားလှသည့် အမှောင်ခေတ်ကြီးအတွင်းမှ ရုန်းထွက်နိုင်စေရေးကို ရည်ရွယ်ပါသည်။
ပထမဦးစွာ လျှို့ဝှက်နက်ရှိုင်းသော လုပ်ငန်းရပ်များနှင့် ရပ်တည် ရှင်သန်နိုင်စေရန် ကြိုးပမ်းအားထုတ်သည့် တိုင်းပြည် နိုင်ငံတော် (Deep State) နှင့် ပတ်သက်သည့် အဓိပ္ပာယ်ဖွင့်ဆိုချက်များကို ရှင်းလင်း တင်ပြပါမည်။ စာဖတ်သူများ အလွယ်တကူ သိမြင်နိုင်စေရန် ပုံတွင် (စာ - ၄) ဖော်ပြထားပါသည်။ အဓိပ္ပာယ်ဖွင့်ဆိုထားချက်များမှာ လွန်စွာကျယ်ပြန့်စွာ တည်ရှိနေသည့် အတွက် ယခုဆောင်းပါးအဆင့်နှင့် ပြည့်စုံအောင် တင်ပြရန် မဖြစ်နိုင်ပါ။
ထို့ကြောင့် အဓိပ္ပာယ်ဖွင့်ဆို ချက်များကို (Reference: 1) တွင် ရေးသားတင်ပြထားသည့် သတင်း အချက်အလက်များကို အခြေခံကာ စာရေးသူအနေဖြင့် အရေးကြီးသည်ဟု ထင်မြင်ယူဆသည့် အချို့သော အချက်အလက်များကိုသာ ထုတ်နုတ်ရှင်းလင်း တင်ပြခြင်းဖြစ်ပါသည်။ စာဖတ်သူများအနေဖြင့် ဖတ်ရှုလေ့လာရာတွင် လွယ်ကူစေရန် အလို့ငှာ မြန်မာဘာသာဖြင့် ဦးစွာ ရှင်းလင်းတင်ပြပြီး မူရင်းအင်္ဂလိပ် စာကိုမူ နောက်တွင်ထားရှိပါသည်။
“လျှို့ဝှက်နက်ရှိုင်းသော လုပ်ငန်းရပ်များနှင့် ရပ်တည်ရှင်သန် နိုင်စေရန် ကြိုးပမ်းအားထုတ်သည့် တိုင်းပြည် နိုင်ငံတော် (Deep State) ဆိုသည်မှာ တိုင်းပြည် နိုင်ငံ တစ်နိုင်ငံအတွင်း၌ သီးခြား တိုင်းပြည် နိုင်ငံတစ်ခုကဲ့သို့ ဖြစ်ထွန်းပေါ် ပေါက်လျက်ရှိသည့် အခြေအနေကို ခေါ်ဆိုပါသည်။ အရပ်သားအစိုးရ ၏ အုပ်ချုပ်ရေး လုပ်ငန်းစဉ်များ အ ပေါ်တွင် အကန့်အသတ်များ၊ ကန့် သတ်ချက်များ ဖြစ်ပေါ်နေစေရန် သို့မဟုတ် အရပ်သားအစိုးရ၏ ထိန်း ချုပ်ခြင်း မရှိနိုင်စေရန် တိုင်းပြည် နိုင်ငံတော်နှင့် ပတ်သက်သည့် ကိုယ်စားလှယ်များအတွင်း ၎င်းတို့၏ ကိုယ်စားလှယ်များကို ပါဝင်ဖွဲ့စည်းထားရှိခြင်း ဖြစ်ပါသည်။”
“The Deep State can be considered as a state within the state, composed of state agents over which civilian governments have limited or no control.” (Reference:1, pp – 446).
“လျှို့ဝှက်နက်ရှိုင်းသော လုပ်ငန်းရပ်များနှင့် ရပ်တည်ရှင်သန်နိုင်စေရန် ကြိုးပမ်းအားထုတ်သည့် တိုင်းပြည် နိုင်ငံတော်တွင် ကိုယ်ပိုင် အုပ်ချုပ်ရေးစည်းမျဉ်းများ၊ ကိုယ်ပိုင် ရာထူးဂုဏ်သိမ်အဆင့်ဆင့်နှင့် ဖွဲ့စည်းထားရှိပြီးလျှင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်များနှင့် ပြဋ္ဌာန်းဖွဲ့စည်းထားရှိပါသည်။ လျှို့ဝှက်နက်ရှိုင်းသော လုပ်ငန်းရပ်များနှင့် ရပ်တည်ရှင်သန်နိုင်စေရန် ကြိုးပမ်းအားထုတ်သည့် တိုင်းပြည် နိုင်ငံတော်သည် ကိုယ်ပိုင်အတွေးအခေါ်များနှင့် သီးခြားတိုင်းပြည် နိုင်ငံတော်၏ ယန္တရားများကို ပိုင်ဆိုင်ထားရှိပြီးလျှင် ပုံမှန်တိုင်းပြည် နိုင်ငံတော်နှင့်အပြိုင် တည်ရှိနေပြီး ၎င်းတို့၏လိုအပ်ချက်နှင့် ကိုက်ညီစေရန်အလို့ငှာ ဒီမိုကရေစီနှင့် ပတ်သက်သည့် ရေးသားပြောဆိုချက်များကို အသေး စိတ်ညှိနှိုင်းပြီးမှသာ အသုံးပြုစေပါသည်။”
“The Deep State is organised, autonomous and possesses its own hierarchy and rules. Parallel to the regular state, the Deep State possesses its own ideological state apparatus that is used to fine-tune the democratic discourse to suit its needs.” (Reference:1, pp – 446).
ဒုတိယအနေဖြင့် အထက်ဖော်ပြပါ အဓိပ္ပာယ်ဖွင့်ဆိုချက်များနှင့် လုံးဝကွဲပြားခြားနားသည့်အပြင် လျှို့ဝှက်နက်ရှိုင်းသော လုပ်ငန်းရပ်များနှင့် ရပ်တည်ရှင်သန်နိုင်စေရန် ကြိုးပမ်းအားထုတ်သည့် တိုင်းပြည် နိုင်ငံတော်သည် တိုင်းပြည်အကျိုး၊ နိုင်ငံတော်အကျိုးနှင့် ပြည်သူ ပြည်သား နိုင်ငံသားများ၏ အကျိုးကိုဖြစ်ထွန်းပေါ်ပေါက်စေရန် မည်ကဲ့သို့ ဖွဲ့စည်းတည်ဆောက် အကောင်အထည်ဖော် ဆောင်ရွက်ရသည်ကို အမေရိကန်ပြည်ထောင်စု၏ လျှို့ဝှက်နက်ရှိုင်းသော လုပ်ငန်းရပ်များနှင့် ရပ်တည်ရှင်သန်နိုင်စေရန် ကြိုး ပမ်းအားထုတ်သည့် တိုင်းပြည် နိုင်ငံတော် (The American Deep State) ကို အခြေခံပြီး ရှင်းလင်းတင်ပြပါမည်။
အမေရိကန်ပြည်ထောင်စု၏ လျှို့ဝှက်နက်ရှိုင်းသော လုပ်ငန်းရပ်များနှင့် ရပ်တည်ရှင်သန်နိုင်စေရန် ကြိုးပမ်းအားထုတ်သည့် တိုင်းပြည် နိုင်ငံတော်အကြောင်း အပြည့်အစုံကို ရှင်းလင်းတင်ပြရန်မှာ ယခုကဲ့ သို့သော ဆောင်းပါးအဆင့်နှင့် မဖြစ်နိုင်ပါ။ ထို့ကြောင့် (Reference: 2) တွင် ရေးသားတင်ပြထားသည့် သတင်းအချက်အလက်များကို အခြေခံကာ စာရေးသူအနေဖြင့် စာဖတ်သူများအတွက် အရေးကြီးသည်ဟု ထင်မြင်ယူဆသည့် အချို့သော အချက်အလက်များကိုသာ ထုတ်နုတ် ရှင်းလင်းတင်ပြပါသည်။
အထူးသဖြင့် အမေရိကန်၏ ပုံစံ၊ အမေရိကန်၏မူသည် အခြားသော အစဉ်အလာအားဖြင့် ထင်ရှားကျော်ကြားသည့် လျှို့ဝှက်နက်ရှိုင်းသော လုပ်ငန်းရပ်များနှင့် ရပ်တည် ရှင်သန်နိုင်စေရန် ကြိုးပမ်းအား ထုတ်သည့် တိုင်းပြည်နိုင်ငံများနှင့် မတူညီဘဲ လုံးဝကွဲပြားခြားနားသည့်အပြင် အောက်ဖော်ပြပါ အချက်များအပေါ်တွင် အခြေခံပြီး ဖွဲ့စည်းတည်ဆောက်ထားရှိခြင်း ဖြစ်ပါသည်။ (Reference: 2, pp – 1657 – 1665). အသေးစိတ်ကိုမူ ရှင်းလင်း တင်ပြခြင်း မပြုတော့ပါ။
(က) အထက်တန်းစား ဟန်ပန် လေ ဟန်ရှိသော လူပုဂ္ဂိုလ်များ မပါဝင် ခြင်း (A. Not Elitist).
(ခ) လျှို့ဝှက်သိုသိပ်သော ကိစ္စရပ်များ မရှိခြင်း (B. Shadowy).
(ဂ) မာကျောသော ကြီးမားကြံ့ခိုင်သော ဖွဲ့စည်းထားရှိခြင်းမျိုး မဟုတ်ဘဲ အမျိုးမျိုးကွဲပြားခြားနားပြီးလျှင် တစ်ပိုင်းတစ်စစီ ကွဲပြားခြားနားလျက်ရှိသည်တို့ကို စုစည်းကာ ဖွဲ့စည်းတည်ဆောက်ထားရှိခြင်း (C. Not Monolithic).
(ဃ) မြေကတုတ်၊ အကာအကွယ်တံ တိုင်းတစ်ခုကဲ့သို့ တည်ဆောက်ထား ရှိသော်လည်း ခံတပ်မြို့တံခါး ဆောင့် ဖြိုရာတွင်သုံးသော ဝက်ခွတုံးဆွဲ မောင်းစက် တစ်ခုကဲ့သို့ မတည် ဆောက်ခြင်း (D. A Bulwark, Not a Battering Ram).
(င) ဖွဲ့စည်းပုံအခြေခံဥပဒေထက် ကျော်လွန်သော တပ်၊ တပ်ဖွဲ့၊ အင်အားစု တစ်ရပ် မရှိခြင်း (E. Not an Extraconstitutional Force).
တတိယအနေဖြင့် မြန်မာနိုင်ငံတွင် လွတ်လပ်ရေး မရရှိမီနှင့် လွတ်လပ်ရေး ရရှိပြီးချိန်နောက်ပိုင်း တည်ရှိဖြစ်ပေါ် စေခဲ့သည့် လျှို့ဝှက်နက် ရှိုင်းသောလုပ်ငန်းရပ်များနှင့် ရပ်တည် ရှင်သန်နိုင်စေရန် ကြိုးပမ်းအားထုတ်သည့် တိုင်းပြည် နိုင်ငံတော် (Deep State) အမျိုးအစားများ ဖြစ်ထွန်းပေါ်ပေါက်စေခဲ့သည့် အခြေခံအကြောင်းရင်းများကို စာရေးသူ၏ အမြင်သက်သက်ဖြင့် ရှင်းလင်း တင်ပြပါမည်။ စာရေးသူတစ်ဦးတည်း၏ အမြင်သာဖြစ်သဖြင့် လုံးဝ ပြီးပြည့်စုံခြင်း မရှိနိုင်သည်ကို ကြိုတင် အသိပေး တင်ပြအပ်ပါသည်။ စာဖတ်သူများက လိုအပ်မည့် သတင်းအချက်အလက်များအား ဖြည့်စွက်ပေးကြပါရန် မေတ္တာရပ်ခံ တင်ပြအပ်ပါသည်။
အထက်တွင်ဖော်ပြခဲ့သည့် အတိုင်း မြန်မာနိုင်ငံတွင် ဒီမိုကရေစီ စနစ်ကို စတင် ကျင့်သုံးနိုင်ခဲ့ပါသော်လည်း အဆိုပါ ဒီမိုကရေစီစနစ် အောင်မြင်ခြင်း မရှိခဲ့သည့် သတင်းအချက်အလက်များ တစ်နည်းအားဖြင့် မြန်မာနိုင်ငံတွင် စိုက်ပျိုးခဲ့သည့် ဒီမိုကရေစီ မျိုးစေ့သည် အမြစ်တွယ်နိုင်ခြင်း မရှိသကဲ့သို့ အပင်အဖြစ် ဖြစ်ထွန်းပေါ်ပေါက်ခဲ့ခြင်းလည်း မရှိခဲ့ဘဲ လုံးဝပျောက်ကွယ်သွားစေခဲ့သည့် အခြေခံအကြောင်းရင်းများကို ရှာဖွေတင်ပြနိုင်မည်ဆိုပါက ယနေ့ တည်ရှိ ဖြစ်ပေါ်စေလျက်ရှိသည့် လျှို့ဝှက်နက်ရှိုင်းသော လုပ်ငန်းရပ်များနှင့် ရပ်တည်ရှင်သန်နိုင်စေရန် ကြိုးပမ်းအားထုတ်သည့် တိုင်းပြည် နိုင်ငံတော် (Deep State) အမျိုးအ စားများ ဖြစ်ထွန်းပေါ်ပေါက်စေခဲ့သည့် အခြေခံအကြောင်းရင်းများကို ရှာဖွေဖော်ထုတ်တင်ပြခြင်းနှင့် တူညီသည်ဟု စာရေးသူအနေဖြင့် ထင်မြင်ပါသည်။
ပထမအချက်အနေနှင့် စာဖတ်သူများ သိမြင်ပြီးဖြစ်မည်ဟု ထင်မြင်ပါသည်။ မြန်မာနိုင်ငံတွင် ဖြစ်ထွန်းပေါ်ပေါက်ခဲ့သည့် နိုင်ငံ ရေးခေါင်းဆောင်ကြီးများ၊ နိုင်ငံရေးသမားများ၊ တိုင်းပြည်နိုင်ငံကို ဦးစီးဦးဆောင် ပြုလုပ်ခဲ့ကြသူများသည် ဒီမိုကရေစီစနစ်၏ အနှစ်သာ ရများ၊ သဘောတရားများအား စိတ်ဝင်စားခြင်း၊ လေ့လာလိုက်စားခြင်း၊ စွဲမြဲစေခြင်း မရှိခဲ့ကြဘဲ ကွန်မြူနစ် စနစ်၊ ဆိုရှယ်လစ်စနစ် စသည့် လက်ဝဲအယူအဆများကိုသာ စိတ်ဝင်စားခြင်း၊ လေ့လာလိုက်စားခြင်းများ ပြုလုပ်ခဲ့ကြပါသည်။
ဒုတိယအချက်အနေဖြင့် အထက်ဖော်ပြပါ အခြေအနေများကြောင့် တိုင်းပြည် နိုင်ငံကို ဦးဆောင်ဦးရွက် ပြုခဲ့ကြသူများသည် အာဏာရှင်ဖြစ်ရန်၊ စစ်အာဏာရှင်ဖြစ်ရန်၊ တစ်သွေးတစ်သံ အမိန့်ဖြင့် အုပ်ချုပ်ရန်ကိုသာ စိတ်ဝင်စားခဲ့ကြပါသည်။
တတိယအချက်အနေဖြင့် အထက်ဖော်ပြပါ အခြေအနေများကြောင့် ဒုတိယကမ္ဘာစစ်ဖြစ်ပွားချိန် ကာလကတည်းကပင် စစ်ရှုံးမည့် အာဏာရှင်နိုင်ငံများကိုသာ ဆရာတင်ပြီး နောက်လိုက်ပြုလုပ်သည့် ယဉ်ကျေးမှု ထွန်းကား ပြန့်ပွားစေခဲ့ပါသည်။
စတုတ္ထအချက်အနေဖြင့် အထက်ဖော်ပြပါ အချက်အလက်များသည် မြန်မာနိုင်ငံတွင် စိုက်ပျိုးခဲ့သည့် ဒီမိုကရေစီမျိုးစေ့သည် အမြစ်တွယ်နိုင်ခြင်း မရှိသကဲ့သို့ အပင်အဖြစ် ဖြစ်ထွန်းပေါ်ပေါက်ခဲ့ခြင်းလည်း မရှိခဲ့ဘဲ လုံးဝ ပျောက်ကွယ်သွားစေခဲ့သည့် အခြေခံအကြောင်းရင်းများ ဖြစ်ကြပါသည်။
နိဂုံးချုပ်အနေဖြင့် တင်ပြလိုသည်မှာ လျှို့ဝှက်နက်ရှိုင်းသော လုပ်ငန်းရပ်များနှင့် ရပ်တည်ရှင်သန်နိုင်စေရန် ကြိုးပမ်းအားထုတ်သည့် တိုင်းပြည် နိုင်ငံတော် (Deep State) အမျိုးအစားသည် အချို့သော တိုင်း ပြည်နိုင်ငံများတွင် ၎င်းတို့၏တိုင်းပြည်နိုင်ငံတော်အား ပိုမိုပြီး ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတစ်နိုင်ငံ အဖြစ်သို့ အရှိန်အဟုန်နှင့် တစ်ဟုန်ထိုး ရှေ့သို့တက်လှမ်းနိုင်စေရန် မောင်းနှင်အားအဖြစ် အသုံးပြုနိုင် ခဲ့ကြပါသည်။ မြန်မာနိုင်ငံအနေဖြင့်မူ လွတ်လပ်ရေး ရရှိပြီးစအချိန် ကာလတွင် ဒီမိုကရေစီစနစ်ကို စတင်ကျင့်သုံးနိုင်ခဲ့ပါသော်လည်း လျှို့ဝှက်နက်ရှိုင်းသော လုပ်ငန်းရပ်များနှင့် ရပ်တည်ရှင်သန်နိုင်စေရန် ကြိုးပမ်းအားထုတ်သည့် တိုင်းပြည် နိုင်ငံတော် (Deep State) အမျိုးအစားကြောင့် ဒီမိုကရေစီစနစ်ကို ကျင့်သုံးရာမှ နောက်သို့ ပြန်လန်ပြီးလျှင် အာဏာရှင်၊ စစ်အာဏာရှင်၊
စစ်အုပ်ချုပ်ရေးစနစ်များနှင့် ယနေ့ထက်တိုင် ပြင်းထန်ဆိုးရွားလှသည့် အမှောင်ခေတ်ကြီးအတွင်းသို့ ကျရောက်လျက်ရှိနေသည်ကို တာဝန်ရှိ လူပုဂ္ဂိုလ်ကြီးများနှင့် ပြည်သူ ပြည်သား နိုင်ငံသား အပေါင်းတို့က သိမြင်နားလည်ပြီး ပြင်းထန်ဆိုးရွားလှသည့် အမှောင်ခေတ်ကြီးအတွင်းမှ ရုန်းထွက်နိုင်စေရေးကို ယခု အချိန်မှစတင်ကာ အစွမ်းကုန် ကြိုးပမ်းအားထုတ် ဆောင်ရွက်နိုင်ကြ ပါစေကြောင်း ရေးသားတင်ပြအပ်ပါသည်။
References:
1. Eugénie Mérieau (2016), Thailand’s Deep State, Royal Power and the Constitutional Court (1997–2015), Journal of Contemporary Asia, 46:3, 445-466, DOI: 10.1080/00472336. 2016.1151917
2. Jon D. Michaels (2018), “The American Deep State”, 93 Notre Dame L. Rev. 1653 (2018). Available at: https://scholarship.law.nd.edu/ndlr/vol93/iss4/10