ကိုးဆယ်ခုနှစ်က လက်ဖက်ရည်ဆိုင်များ

ကိုးဆယ်ခုနှစ်က လက်ဖက်ရည်ဆိုင်များ
Published 10 August 2023
နိုလှိုင်း

Photo – Myan News

( ၁ )

လက်ဖက်ရည်ဆိုင်လို့အသံထွက် ရွတ်လိုက်တာနဲ့ ကျွန်တော်တို့ ဆယ်ကျော်သက် အရွယ်မှာ ဇိမ်နဲ့ စွဲထိုင်တတ်လာတယ် ဆိုတာ လန်ဒန်စီးကရက် တစ်လိပ်ငါးကျပ်ခေတ်က စတယ်လို့ ပြောယူရပါမယ်။ အဲဒီထက်ငယ်တဲ့ အချိန်တွေတုန်းကတော့ လူကြီးတွေနဲ့အတူ လက်ဖက်ရည်ဆိုင်မှာ တွဲရောင်းတတ်တဲ့ ပဲမုန့်၊ ထောပတ်မုန့်၊ အငံမုန့်။ နယ်မှာပဲ အရသာ ကောင်းကောင်းရတတ်တဲ့ အာလူးပူတီ၊ ဘယာကြော် သွားသွားစားတတ်တာကလွဲရင် လက်ဖက်ရည်ဆိုင်ဆိုတာ ကလေးတွေ အကြာကြီး ထိုင်သင့်တဲ့နေရာ မဟုတ်ဘူးလို့သာ စိတ်ထဲမှတ်ထားခဲ့တာပေါ့။ မြို့လေးက ကျဉ်းလည်းကျဉ်းလေး တစ်ခုခုဆို မိဘ တွေ နားထဲ ချက်ချင်းပြန်ရောက်တတ်လို့လည်း အရွယ်ရောက်လာ စီးကရက်ကို လက်ကြား ညှပ်သောက်တတ်လာတဲ့အခါ ဘေးပတ်ဝန်း ကျင်က အသိလူကြီးတစ်ယောက်ယောက် လည်း ရှိမနေတတ်၊ လူလည်း သိပ် မလာတတ် တဲ့ လက်ဖက်ရည်ဆိုင်တစ်ဆိုင်ရဲ့ ချောင်ကျ တဲ့ ထောင့်ကစားပွဲခုံဟာ လူငယ်ဘဝရဲ့ ကျောက်ချစရာ နေရာဖြစ်လာတော့ တာပါပဲ။ ကျွန်တော်တို့ လက်ဖက်ရည်ဆိုင် စထိုင်တတ် လက်ဖက်ရည် စသောက်တတ်တဲ့အရွယ် ကျွန်တော်တို့နယ်မှာ လက်ဖက်ရည် တစ်ခွက် ကို ဆယ့်သုံးကျပ်ပဲ ပေးရသေးတယ်ဆိုတာ သတိတရ မှတ်မိပါသေးတယ်။

သူငယ်ချင်းနှစ်ယောက်ပေါင်းလို့ ပိုက်ဆံ အစိတ် သုံးဆယ်ရှိရင် လက်ဖက်ရည်တစ်ခွက် ဆေးလိပ်နှစ်လိပ်နဲ့ သောက်လို့ရတယ်။ ချထားတဲ့ စီးကရက်ကို တစ်ယောက်တစ်လှည့် ဖွာရှိုက်လို့  စီးကရက်ခိုးသောက်တတ်ကာစ တကယ့် လူမိုက်ကလေးတွေရဲ့ နေ့ရက်တွေ ရှိခဲ့ပါတယ်။ မီးခိုးငွေ့တဝေ့ဝေ့ထဲ ခေါင်းမှာ ချာချာလည်တဲ့အထိ တရှိုက်မက်မက်ဖွာလို့ ကျွန်တော်တို့ရဲ့ လက်ဖက်ရည်ဆိုင် စထိုင်ခဲ့ ဖူးတဲ့ ကာလတွေပါပဲ။

အခုလို အွန်လိုင်းနည်းပညာ တွင်ကျယ် လာ တိုးတက်နေတဲ့ခေတ်ကြီးထဲမှာ ရထားသံ လမ်းဘေး အရိပ်ရသစ်ပင်အောက်က လက် ဖက်ရည်ဆိုင်စားပွဲပေါ် သူငယ်ချင်းတွေနဲ့ ဒိုးဇက်ထိုင်ဆော့ဖူးရင် သင့်အသက် မငယ် တော့ဘူးလို့ facebook ပေါ်ပို့စ်တင်ကြည့် ချင်နေမိတယ်။ အခုလည်း အသက်မငယ် တော့ကြောင်း သွားစဉ်းစားမိတော့ အသက် ငယ်ငယ်တုန်းက လက်ဖက်ရည်ဆိုင်မှာ ဒိုးဇက်ဆော့ဖူး ခဲ့တာတွေ သတိရလာတယ်။ အဲဒီတုန်းကတော့ တစ်နေ့လယ်လုံး ကျွန် တော်တို့တွေ ပျောက်သွားတယ်ဆို၊ အသံ မကြား ငြိမ်နေပြီဆို တစ်နေရာရာမှာ ဒိုးဇက် ဆော့နေလို့ပါပဲ။ လောင်းကစား လုပ်တယ်ဆို တာကလည်း ဘယ်ခေတ်ဘယ်အခါမှာမဆို သူ့အသက် အရွယ်အလိုက် သူ့ကြေးနဲ့သူတော့ ရင်ခုန် စိတ်လှုပ်ရှားရတာချည်းဖြစ်ခဲ့၊ ဘယ် ကြေးနဲ့ပဲ ရိုက်ရိုက် ပုံစံအတူတူသာ အားလုံး စိတ်လှုပ်ရှားကြရတယ်လို့သာ လူငယ်တွေ ပြောတတ် စုခဲ့ကြဖူးပါတယ်။ ငါးမူး တစ်ကျပ် ကလည်း  ၀ိုင်းကောင်းရင် မျက်တောင်ခတ် ချိန်တောင် ရတာ မဟုတ်ဘူးလို့ ကျွန်တော်တို့ ဆိုခဲ့ဖူးတာပဲ။ ထမင်းမေ့ဟင်းမေ့ဆိုတဲ့ စကား လုံးမျိုး ဟာ ကစားဝိုင်းမှာတော့ သုံးရတာ ပိုအသက်ဝင်နေတတ်၊ တကယ်လည်း ထမင်း မေ့ ဟင်းမေ့ခဲ့တဲ့ လက်ဖက်ရည်ဆိုင်က လူ ငယ် နေ့တွေပါပဲ။

နေ့လယ်နေ့ခင်းအချိန်ကစလို့ ဘယ် လိုနေဝင်သွားတာလဲဆိုတာ ဘယ်အချိန်က ညရောက်သွားပြန်ပြီလဲဆိုတာကို စားပွဲခုံ ပေါ် အလင်းရောင်မလာတော့မှသာ သတိ ထားမိတတ်၊ အိမ်ကလူကြီးတွေလည်း လိုက် ထိန်းလို့မရ ဒေါသထွက်ရုံသာ တတ်နိုင်ခဲ့တဲ့ အတိတ်က လက်ဖက်ရည် ဒိုးဇက် စီးကရက်နဲ့ လူငယ်နေ့များပါပဲ။

( ၂  )

လက်ဖက်ရည်ဆိုင် ထိုင်တယ်ဆိုတာ ဖွင့်ထားတဲ့သီချင်းမှာ လွင့်မျောနေရတဲ့ အရ သာကိုခေါ်တာ၊ အတွေးထဲက စီးကရက်မီးခိုး တွေဆိုတာကလည်း မပါလို့မဖြစ်ပါဘူး။ ဒါပေမဲ့လည်း အခုလို လူလတ်ပိုင်းအရွယ် ရောက်တော့ အလုပ်ကိစ္စနဲ့ပတ်သက်ပြီး တစ်စုံတစ်ယောက်နဲ့ လက်ဖက်ရည်ဆိုင်မှာချိန်း ဆိုဖြစ်တဲ့အခါ ကိုယ့်ရှေ့က လက်ဖက်ရည်ခွက်ကိုတောင် သေသေချာချာဂရုမစိုက်နိုင် တော့ပါဘူး။ အဲဒီလို ပူပန်လောကြီးနေရတဲ့  နေ့ရက်တွေကို ကြုံရတဲ့အခါမှာ လက်ဖက် ရည်ဆိုင်ထိုင်ရတဲ့ အရသာကလည်း ပျောက် သွားတော့တာပါပဲ။ ဟိုတုန်းက လက်ဖက် ရည်ဆိုင် လူငယ်ဘဝနေ့ရက်များကို ဘယ်လို လွတ်လပ်မှုနဲ့ ပြန်အစားထိုးကုစားရမလဲဆို တာကို မသိတော့ဘူးဖြစ်နေတယ်။ လူငယ် ဘဝတွေတုန်းကတော့ လက်ဖက်ရည်ဆိုင် မှာ ကိုယ်ဘယ်လို သောက်တတ်တယ်ဆိုတာ ကအစ အချိုကြိုက်တယ်၊ အဖန်ကြိုက်တယ် ဆိုတာကို ကျောက်ပန်းတောင်းဂိတ်ဆုံး၊ ဆော် ရဲ၊ ချိုပေါ့ကျ၊ တွဲလောင်းလို့ အမည်ပေးထားတဲ့ လက်ဖက်ရည်ဆိုင်က ဘန်းစကားများ နား ယဉ်ခဲ့ရဖူးတယ်။ လူငယ်ဘဝတုန်းက ပြော တတ်တာရှိဖူးပါတယ်။ ချိုပေါ့ကျတစ်ခွက်ဆို တဲ့ သီချင်းထဲက လက်ဖက်ရည်ခွက်ဟာ ချို လည်းချို ပေါ့လည်း၊ ပေါ့ ကျလည်းကျတယ်ဆို လက်ဖက်ရည်ကို ပြောနေတာမဟုတ် လောက်တော့ဘူး။ ပန်းသီးပွပွတစ်လုံး မြေ ပေါ်ပြုတ်ကျ၊ အချစ်ကို လက်ဖက်ရည်ဆိုင်က လူငယ်တွေ စတင်နိုင်ခဲ့တာကို ပြောချင်တာပဲ ဖြစ်မှာပေါ့လို့ ပြောဆိုခဲ့ကြဖူးပါတယ်။ အပြင် မှာတော့ ကောင်မလေးတစ်ယောက်က လက် ဖက်ရည်ဆိုင်ရှေ့ ဖြတ်လျှောက်သွားတို့ နောက်က လိုက်သွားခဲ့ပေမဲ့ ဘာစကားမှ မပြောရဲလို့ ပန်းသီးပွပွတစ်လုံးဟာ လက် ဖက်ရည်ဆိုင်ဘက် ပြန်လိမ့်လာခဲ့ရတာပါပဲ  ဆိုတာကို ဟာသနှောပြောခဲ့တဲ့ လူငယ်နေ့ တွေကို ပြန်အမှတ်ရမိနေသေးတယ်။ မမှတ် မိတော့တာလည်း ဖြစ်ချင်ဖြစ်မယ်။ နောက် ထပ်လည်း လက်ဖက်ရည်ဆိုင်က ပျော်စရာ စကားတွေရှိပါသေးတယ်။

ကျောင်းသားဘဝတုန်းကလည်း လက်ဖက်ရည်ဆိုင်မှာသာ ကျောက်ချ အကြွေးနဲ့ နပ်မှန်ခဲ့တဲ့ နေ့ညတွေ ရှိခဲ့ပါသေးတယ်။  အဲဒီလို တစ်နေရာမှာသာ ကျောက်ချ ထိုင်နေတတ်လို့ နေဝင်သွားလည်း လက်ဖက်ရည်ဆိုင် ထိုင်လို့မပြီးသေး။ ညနက်သန်းခေါင်ဆိုလည်း ဖွင့်တဲ့ဆိုင်သာရှိလို့ကတော့ ရအောင်ထိုင် နေတတ်တာမျိုးပေါ့။ နေ့နေ့ညည လက်ဖက်ရည်ဆိုင်ကို အလုပ်အကျွေးပြုနေရသလို ကျေးဇူးကြွေးတွေကိုလည်း ဆပ်လို့မပြီးသေး တဲ့ သူတွေလည်း အခုထိကို ရှိနေပါသေး တယ်။ လက်ဖက်ရည်ဆိုင်မှာက စကားပြော တဲ့အခါ ရလာတဲ့အကြောင်းအရာနဲ့ တွေ့နေဆုံနေတဲ့ လူအမျိုးမျိုးအလိုက် လွတ်လွတ် လပ်လပ် ပြောလို့ရတယ်။ လွတ်လပ်တဲ့ စကား များဟာ လက်ဖက်ရည်ဆိုင်နဲ့သာ ပိုလိုက်ဖက်တတ်ပါတယ်။ ဒီလိုဆိုဖြစ်ခဲ့ကြတယ်။ ဘာပြောစရာမှမရှိလည်း ရှေ့ကမြင်နေရတဲ့ လမ်းမကိုငေးလို့ ဖွင့်ထားတဲ့သီချင်းထဲမှာ စိတ်ကိုနှစ်လို့ ငြိမ်နေခဲ့ဖူးတဲ့အချိန်တွေဆိုတာ လက်ဖက်ရည်ဆိုင်မှာသာ ရှိတတ်ပါတယ်။ အရင်လို သစ်လွင်လတ်ဆတ်တဲ့ သီချင်းတွေ တခုတ်တရဖွင့်ပေးတတ်တဲ့ လက်ဖက်ရည် ဆိုင်တွေကို အခုပြန်စဉ်းစား၊ အခုပြန်လွမ်း နေမိပါသေးတယ်။

အဲဒီလိုမျိုး တက္ကသိုလ်ကျောင်းသားဘဝ လွတ်လပ်စွာ စီးမျောခဲ့တဲ့ လက်ဖက်ရည် ဆိုင်နေ့ရက်တွေကို ဘယ်လို ပြန်သွားလို့ရမလဲ ဆိုတာကို အခုလွမ်းမောစွာ ပြန်တွေးနေမိ တယ်။ တွေးမိတယ်ဆိုတာ ကျောင်းသားဘဝ လို လွတ်လပ်မှုမျိုး၊ တက်ကြွနေမှုမျိုးဟာ ကျောင်းသားဝမှာသာရပြီး အခုဘယ်လိုမှ ပြန်ရှာမရလို့သာ လွမ်းနေရတာဖြစ်ပြီး ကျောင်းသားဘဝ ပြန်ရပါစေဆိုတာထက်လည်း အဲဒီတုန်းကအရသာ လက်ဖက်ရည် ကျကျများသာ ပြန်လိုချင်မိတာမျိုးပါ။ ကျွန် တော်တို့အားလုံး  လက်ဖက်ရည်ဆိုင်ထိုင် တတ်တဲ့ အကျင့်စွဲတယ်ဆိုတာ လမ်းဘေး ပလက်ဖောင်းက နေရာကျယ်ကျယ် သစ်သား ခွေးခြေခုံပုပုတွေနဲ့အတူ ဖွင့်လိုက်တဲ့ သီချင်း စာသား စီးကရက်မီးခိုးများထဲ စိတ်ကူးယဉ်  အမောပြေသွားတတ်တာကို စွဲတာဖြစ်မှာပါ။ လူငယ်ဘဝရဲ့ အရသာရှိတဲ့လက်ဖက်ရည် ဆိုင်နေ့ရက်များဆိုတာကလည်း ဘေးပတ် ဝန်းကျင်မြင်ကွင်းကို အရှင်းဆုံး မြင်ရတဲ့ နေရာမှာ အပေါင်းအသင်းတွေနဲ့အတူ တစ် နေကုန်တဲ့အထိ မညည်းမညူထိုင်တတ်တာ ကို ခေါ်တာပါပဲ။ အခုအချိန်တွေအထိလည်း  ထမင်းစားပြီးတဲ့အခါ ကျွန်တော်တို့တစ်နေရာသွားချင်တယ်ဆိုတာ ခံတွင်းပျက်နေတာ၊ ပျင်းရိထိုင်းမှိုင်းနေတာ၊ လွမ်းနေဆွေးနေတာ  စတဲ့ အရာရာအားလုံးဟာ လက်ဖက်ရည် ဆိုင်ဘက် မျက်နှာလှည့်လို့ လက်ဖက်ရည် ဆိုင်ကသာ စတင်ရတယ်လို့ ပြောရဦးမှာပါပဲ။ ကိုယ့်ရှေ့မှာချထားတဲ့ လက်ဖက်ရည်ခွက် မှာ အရင်တုန်းကလို အာရုံခြောက်ပါးစလုံး ကပ်လို့ နားမျက်စိ နေရာလပ်မကျန် တစ်စက် ချင်း တစ်ငုံချင်း အရသာမခံနိုင်ကြတော့ပေမဲ့ အခုချိန်အထိစွဲနေရတဲ့ အရင်တုန်းက လက် ဖက်ရည် ကျဆိမ့်များပါပဲ။

( ၃ )

အခုလည်း ကိုးဆယ်ကျော်ခုနှစ်များက သစ်သားထိုင်ခုံ သစ်သားစားပွဲများပေါ်မှာ စားစရာမုန့်မျိုးစုံ ချထားလေ့ရှိတဲ့ ဆိုင်မျိုးထဲ အဖေတို့ရှိစဉ်က မက်မက်မောမောထိုင်ခဲ့ဖူး တဲ့ ကာလတွေကို ပြန်လွမ်းနေမိတယ်။  အဲဒီ စားပွဲပေါ်ရှိတဲ့ မုန့်မျိုးစုံကို ခုံမင်စွာ စားတတ်ခဲ့ တဲ့ နေ့တွေကို ပြန်သတိရနေမိတယ်။ အဲဒီ တုန်းကဆို အဖေက သူနဲ့အတူပါလာတဲ့ ကလေးတွေကို အတင်းကျွေးတတ်တဲ့ ပေါက် စီ၊ ဘဲသားမုန့်၊ ဆိတ်သားပတ်ဖ်တွေ။ အဖေ့ လက်ဖက်ရည်ခွက်ထဲ တစ်စက်ကျန်သည် အထိ အရသာရှိနေခဲ့တဲ့ ကိုးဆယ်ကျော်ခုနှစ် တုန်းက အဖေ့လက်ဖက်ရည်နေ့များ အခု ပြန်စဉ်းစား လွမ်းနေမိတာပါပဲ။ အခုလို အဖေ့ နေ့များ လွန်သွားတော့လည်း တိုက်ဆိုင်လို့  တစ်ယောက်တည်း သွားထိုင်မိတဲ့အခါ အရင် ကအရသာ၊ အရင်ကလက်ဖက်ရည်နဲ့ မုန့် တွေကို အရင်လိုအခြေအနေနဲ့ ပြန်တွေ့ရ သလို ကျွန်တော့်အတွက်ကတော့ အမှတ်တရ ရှိနေတုန်းလိုပါပဲ။ အခုလည်း ကိုးဆယ်ခုနှစ် ခေတ်ဟောင်းက အလွမ်းကဖီးဆိုတဲ့ သီချင်း သံ ပြန်ကြားယောင်နေမိသလို အဖေမရှိတော့ တဲ့ နောက်မှ ရေးဖြစ်နေတဲ့ ဒီလက်ဖက်ရည် ဆိုင်အလွမ်းတွေပါတဲ့ စာကိုလည်း အလွမ်း လက်ဖက်ရည်ဆိုင်လို့သာ အမည်တပ်လိုက် ချင်တာပါပဲ။ အဲဒီသီချင်းကို လက်ဖက်ရည် ဆိုင်က တစ်ခါတစ်ခါ ပြန်ပြန်ကြားတတ်တဲ့ အခါ မင်းနဲ့အတူအမြဲသောက်တတ်တဲ့ ဒီဆိုင် လေးဆိုတဲ့ စာသားနေရာရောက်တိုင်း ကိုယ်နဲ့ အတူထိုင်ဖူးတဲ့ အယောက်စီတိုင်းအတွက် အလွမ်းစာသားတွေ ထည့်ဆိုနေမိတယ်။ ဘယ်လို လက်ဖက်ရည်ဆိုင်မျိုးမှာမဆို အတူ ရှိဖူး၊ ထိုင်ဖူးတဲ့သူအားလုံးကို အခုသောက် တဲ့ ကျဆိမ့်တစ်ခွက် နောက်ဆုံးတစ်စက် ကျန် တဲ့အထိ ကျွန်တော် ပြန်လွမ်းနေဖြစ်တယ်ဆို တာ ဒီစာတွေထဲမှာ တခုတ်တရနဲ့ ထည့်ရေး လို့ ပြန်ပြောပြချင်နေမိတယ်ဆိုတာမျိုးပေါ့။