ကုန်စျေးနှုန်းတည်ငြိမ်ရေး ထိန်းသိမ်းဆောင်ရွက်ရန် ပြည်ထောင်စု ကုန်စျေးနှုန်းတည်ငြိမ်ရေးကော်မတီ ဖွဲ့စည်းခြင်းနှင့် ဧည့်မထဆန်တစ်အိတ်လျှင် ကျပ် ၆၀၀၀၀ ထက်မပိုသောစျေးနှုန်းဖြင့် ကနဦးစတင်ရောင်းချရန်စီစဉ်ခြင်း

ကုန်စျေးနှုန်းတည်ငြိမ်ရေး ထိန်းသိမ်းဆောင်ရွက်ရန် ပြည်ထောင်စု ကုန်စျေးနှုန်းတည်ငြိမ်ရေးကော်မတီ ဖွဲ့စည်းခြင်းနှင့် ဧည့်မထဆန်တစ်အိတ်လျှင် ကျပ် ၆၀၀၀၀ ထက်မပိုသောစျေးနှုန်းဖြင့် ကနဦးစတင်ရောင်းချရန်စီစဉ်ခြင်း
ရန်ကုန်မြို့ရှိ ဆန်ကုန်စည်ဒိုင်၌ ယခင်နှစ်က ဆန်များ ရောင်းချပေးစဉ် (ဓာတ်ပုံ-သီဟအောင်)
ရန်ကုန်မြို့ရှိ ဆန်ကုန်စည်ဒိုင်၌ ယခင်နှစ်က ဆန်များ ရောင်းချပေးစဉ် (ဓာတ်ပုံ-သီဟအောင်)
Published 6 August 2023

ပြည်သူများ၏စားဝတ်နေရေး ပြေလည်မှုကို ရှေးရှု၍ အခြေခံစားသောက်ကုန်စျေးနှုန်းများ အပါအဝင် ကုန်စျေးနှုန်း တည်ငြိမ်ရေး ထိန်းသိမ်းဆောင်ရွက်ရန် ပြည်ထောင်စုကုန်စျေးနှုန်းတည်ငြိမ်ရေးကော်မတီကို ဇူလိုင်၂၇ ရက်တွင် ဖွဲ့စည်းခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက သတင်းထုတ်ပြန်သည်။

ပြည်ထောင်စု ကုန်စျေးနှုန်း တည်ငြိမ်ရေးကော်မတီ ဥက္ကဋ္ဌအဖြစ် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဥက္ကဋ္ဌအဖြစ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးတို့က တာဝန်ယူမည်ဖြစ်သည်။

အဆိုပါကော်မတီ၏ လုပ်ငန်းတာဝန်များတွင် အခြေခံစားကုန်ပစ္စည်းများဖြစ်သည့် ဆန်၊ စားသုံးဆီနှင့် မီးဖိုချောင်သုံး ကုန်ပစ္စည်းများ စျေးနှုန်းများတည်ငြိမ်ရေးကို ဦးစားပေးဆောင်ရွက်ရန်၊ အခြေခံစားကုန်ပစ္စည်းတစ်မျိုးစီ၏ ပြည်တွင်းစားသုံးရန် လိုအပ်ချက်နှင့် ပြည်တွင်းထုတ်လုပ်နိုင်မှု ပမာဏတို့ကို ချိန်ဆ၍ ညီညွတ်မျှတစေရေး စိစစ်ဆောင်ရွက်ရန်၊ ဒေသများအလိုက် ကုန်စျေးနှုန်းများ တည်ငြိမ်စေရန် လိုအပ်သော ပေါင်းစပ်ညှိနှိုင်းမှုများအတွက် အဖွဲ့အစည်းများ ဖွဲ့စည်းတာဝန်ပေးရန်နှင့် ကုန်ပစ္စည်းထွက်ရှိရာ ဒေသများမှ စားသုံးသည့် ဒေသများသို့ သယ်ဆောင်ရာတွင် သယ်ယူ စရိတ်ကြီးမြင့်ခြင်း၊ ကြားခံအဆင့် များပြားခြင်း၊ သယ်ယူရာတွင် လမ်းခရီး၌ မလိုအပ်ဘဲ ထိန်းချုပ်ခြင်းများ မဖြစ်ပေါ်စေရေးအတွက် ညှိနှိုင်းဆောင်ရွက်ရန် ဆိုသည့်အချက်များ ပါဝင်သည်။

ထို့အတူ ကုန်စည်စီးဆင်းမှု မှန်ကန်စေရေးနှင့် လုံလောက်စွာ ဝင်ရောက်ရေး၊ အဝင်အထွက်မှန်ကန်ရေးတို့ကို ညှိနှိုင်းပေါင်းစပ်ပေးရန်၊ အခြေခံစားကုန်ပစ္စည်းများ ထုတ်လုပ်မှုတိုးချဲ့နိုင်ရေးအတွက် လိုအပ်လျှင် ကူညီပံ့ပိုးမှုများ ညှိနှိုင်း ဖြည့်ဆည်းပေးရန်နှင့် အခြေခံစားကုန်ပစ္စည်းများကို ကုန်စျေးနှုန်း တည်ငြိမ်မှု ပျက်ပြားစေမည့် ကိစ္စရပ်များအား ဥပဒေနှင့်အညီ ကြီးကြပ်ဆောင်ရွက်ရန်၊ အခြေခံစားကုန်ပစ္စည်းထုတ်လုပ်မှုတွင် အဓိကဖြစ်သော လယ်ယာကဏ္ဍနှင့် မွေးမြူရေးကဏ္ဍတို့၌ ထုတ်လုပ်မှု တိုးတက်လာစေရေးအတွက် လိုအပ်သော ပံ့ပိုးမှုများပေးခြင်း၊ တစ်နိုင်စိုက်ပျိုးရေးနှင့် တစ်နိုင်မွေးမြူရေးတို့ကို အားပေးခြင်းစသည့် စည်းရုံးရေး၊ စီးပွားရေး နည်းလမ်းများဖြင့် ဆွဲဆောင်မှုပေးရန်နှင့် တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များမှ ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားလာအောင် နည်းလမ်းများရှာဖွေပြီး အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်သွားရန် အချက်များကိုလည်း ထည့်သွင်းထားသည်။

ထို့ပြင် သဘာဝဘေးအန္တရာယ်ကြောင့် အခြေခံစားသောက်ကုန်နှင့် ဆေးဝါးများ စျေးနှုန်းမြင့်တက်ခြင်း၊ စျေးကစားခြင်းနှင့် စျေးကွက်အတွင်း ပစ္စည်းပြတ်လပ်ခြင်းများ မဖြစ်ပေါ်စေရေး ကြိုတင်စီမံဆောင်ရွက် ထားရန်ဆိုသည့်အချက်ကိုလည်း ထည့်သွင်းထားကြောင်း သိရသည်။

ဧည့်မထဆန်တစ်အိတ်လျှင် ကျပ်  ၆၀၀၀၀ ထက်မပိုသောစျေးနှုန်းဖြင့် ကနဦးစတင်ရောင်းချရန်စီစဉ်      

စက်မှုဇုန်မှ အခြေခံအလုပ်သမား မိသားစုများ၊ လစာနည်းဝန်ထမ်းများနှင့် လုပ်သားပြည်သူများသို့ ဧည့်မထဆန်တစ်အိတ်လျှင် ကျပ် ၆၀၀၀၀ ထက်မပိုသောစျေးနှုန်းဖြင့် ကနဦးစတင်ရောင်းချရန်စီစဉ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်အနေဖြင့် စီစဉ်စုဆောင်းထားသော အရန်ဆန်များကို စျေးကွက် ပေါက်စျေးအောက်တွင် သင့်တင့်မျှတသော စျေးနှုန်းဖြင့် ထုတ်ရောင်းရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို သြဂုတ်၂ရက်က ကုန်သည် စက်မှုအသင်းချုပ်၊ မင်္ဂလာခန်းမ၌ ပြုလုပ်ခဲ့သည်။

သိုလှောင်ထားပြီးသော အရန်ဆန်များကို သက်သာသော စျေးနှုန်းဖြင့် စက်မှုဇုန်မှ အခြေခံအလုပ်သမား မိသားစုများ၊ ဌာနဆိုင်ရာ လစာနည်းဝန်ထမ်းများအား ရောင်းချပေးခြင်း၊ လုပ်သားပြည်သူများသို့ ဆန်ကုန်စည်ဒိုင်များ၊ စည်ပင်သာယာစျေး အရောင်းဆိုင်များမှတစ်ဆင့် ရောင်းချပေးခြင်း အစီအစဉ်များကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါအစည်းအဝေးဆွေးနွေးမှုများအရ သိရသည်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ၂၀၂၃ ခုနှစ် ဇူလိုင်၂၈ ရက်က ထုတ်ပြန်ကြေညာထားသော ဆန်အိတ် ၅၀၀၀၀ (Well Milled, Polished & Sortexed)၂၅% အဆင့် ဧည့်မထဆန်များကို တစ်အိတ်လျှင်ကျပ် ၆၀၀၀၀ နှုန်းထက် မပိုသောစျေးနှုန်းဖြင့် ကနဦးစတင် ရောင်း ချရန် စီစဉ်သွားမည်ဖြစ်သည်။

ဆန်စပါးစျေးကွက်နှင့် စျေးနှုန်း တည်ငြိမ်စေရေးအတွက် ပို့ကုန်ကုမ္ပဏီများ၏ ပူးပေါင်းပါဝင်မှုဖြင့် စုဆောင်းထားသော အရန်ဆန်များ၊ အခြားသောအစီအစဉ်ဖြင့် စီစဉ်ထားသော အရန်ဆန်များ စျေးကွက်အတွင်း အမြန်ဆုံးထည့်သွင်းရောင်း ချမည်ဖြစ်သည်။

အသင်းချုပ်အနေဖြင့် ဆန်စျေးနှုန်း တည်ငြိမ်မှန်ကန်စေရေး၊ စားသုံးသူ ပြည်သူများအတွက် ပစ္စည်းမှန်၊ စျေးနှုန်းမှန်ဖြစ်စေရေးအတွက် လိုအပ်သည်များကို  ပုဂ္ဂလိကအခန်းကဏ္ဍမှနေ၍ စီစဉ်သွားမည်ဖြစ်ကြောင်းနှင့် သိုလှောင်ရုံမှတ်ပုံတင်မှု၊ သိုလှောင်ရုံစစ်ဆေးမှုများကိုလည်း ဆက်လက်စီစဉ်ဆောင်ရွက်သွားမည်ဟု သိရသည်။

မြန်မာနိုင်ငံအနေဖြင့် ဆန်ဖူလုံမှု အပြည့်အဝရှိပြီး ပိုလျှံမှုကို ပြည်ပသို့ စနစ်တကျ တွက်ချက်တင်ပို့ရောင်းချနေခြင်းဖြစ်သည်။ လက်တလော ပြည်တွင်း ဆန်စပါးဖူလုံမှု၊ လုံလောက်မှုှု အပြည့်အဝရှိနေသည့်အတွက်လည်းကောင်း၊ လျှပ်စစ်ပိုမို ရရှိ၍ ဆန်စက်များ လည်ပတ်ချိန် ပိုများလာသည့်အတွက်လည်းကောင်း၊ ပဲခူးတိုင်း (အနောက်ပိုင်း)နှင့် မြန်မာနိုင်ငံအလယ်ပိုင်းတွင် စပါးရိတ်သိမ်းချိန်၊ စပါးပေါ်ထွက်နေဆဲဖြစ်၍ ဆန်စျေး၊ စပါးစျေး တည်ငြိမ်ရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ထို့ကြောင့် သတင်းအမှားများ၊  ကောလာဟလများကြောင့် စားသုံးသူများ စိုးရိမ်မှုဖြင့် ဆန်များဝယ်ယူစု ဆောင်းခြင်း၊ စိုးရိမ်ပူပန်မှုများ မဖြစ်ပေါ်စေရန်နှင့် လိုအပ်မှုရှိမှသာ ဝယ်ယူရန် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က မေတ္တာရပ်ခံထားသည်။

Most Read

Most Recent