မြန်မာနိုင်ငံနှင့် အင်အားကြီးမားသူက အမှန် (Might is Right) သဘောတရား

မြန်မာနိုင်ငံနှင့် အင်အားကြီးမားသူက အမှန် (Might is Right) သဘောတရား
Published 6 August 2023
ပါမောက္ခ ဒေါက်တာသောင်းဌေး (စာရင်းအင်းပညာ)

စာရေးသူအနေဖြင့် မြန်မာနိုင်ငံနှင့် ပတ်သက်သည့် အကြောင်းအရာများကို ရှင်းလင်းတင်ပြခြင်း မပြုမီ အင်အားကြီးမားသူက အမှန် (Might is Right) ဆိုသည့် သဘောတရားနှင့် အမှန်တရားသည် အင်အား  (Right is Might) ဆိုသည့် သဘောတရားနှစ်ရပ်ကို အကျဉ်းမျှ မိတ်ဆက်တင်ပြပါမည်။ မိတ်ဆက်တင်ပြပြီးသည်နှင့် စာဖတ်သူများက စာရေးသူတို့ တိုင်းပြည်နိုင်ငံတွင် တိုင်းပြည်နိုင်ငံ၏ အချုပ်အခြာ အာဏာကို ရယူထားကြသူများ သို့မဟုတ် ရယူခဲ့ကြသူများက လက်ခံကျင့်သုံးခဲ့သည့် သို့မဟုတ် လက်ခံကျင့်သုံးလျက်ရှိသည့် အခြေအနေများကို ဝေဖန် ဆန်းစစ် ကောက်ချက်ချမှတ်ရန် ဖြစ်ပါသည်။

လူ့အဖွဲ့အစည်းသည် တိရစ္ဆာန်များကဲ့သို့ ရိုင်းစိုင်းနေကြပါလျှင် တရားမျှတခြင်း၊ တရားမမျှတခြင်းတို့ကို အလေးမထား “Might is Right” ဟုဆိုသော “အင်အားကြီး မားသူသည်အမှန်” ဆိုသည့် သဘောတရားကို လက်ကိုင်ထားရှိကြပြီး ယဉ်ကျေးသော လူ့အဖွဲ့အစည်းတွင်မူ “Right is Might” ဟုခေါ် ဆိုသော “အမှန်တရားသည် အင်အား”ဟုဆိုသော သဘောတရားကို လက်ကိုင်ထားရှိကြပါသည်။

စာရေးသူတို့ တိုင်းပြည်နိုင်ငံရှိ တိုင်းပြည်နိုင်ငံ၏ အချုပ်အခြာအာဏာကို ရယူထားကြသူများ သို့မဟုတ် ရယူခဲ့ကြသူများက လက်ခံ ကျင့်သုံးခဲ့သည့် သို့မဟုတ် လက်ခံကျင့်သုံးလျက်ရှိသည့် အခြေအနေများအောက်တွင် လိုက်ပါဆောင်ရွက်ကြသည့် စာရေးသူတို့ တိုင်းပြည်နိုင်ငံရှိ လူ့အဖွဲ့အစည်းသည် မည်သည့်သဘောတရားကို လက်ကိုင်ထားရှိကြပါသလဲ။ အဆိုပါ လူ့အဖွဲ့အစည်းသည် ရိုင်းစိုင်းနေကြပါသလား သို့မဟုတ် ယဉ်ကျေးနေကြပါသလားဆိုသည့် မေးခွန်း၏ အဖြေများကိုမူ စာဖတ်သူများကပင် ဖြေကြားပေးကြစေလိုပါသည်။

လွတ်လပ်ရေး ရရှိပြီးချိန် နောက်ပိုင်းမှ စတင်ကာ စာရေးသူတို့၏ တိုင်းပြည်နိုင်ငံတွင် တိုင်းပြည် နိုင်ငံ၏ အချုပ်အခြာအာဏာကို ရယူခဲ့ကြသည့် အခြေအနေသည် ဝမ်းနည်းကြေကွဲဖွယ်ရာ ဖြစ်ရပ်ဆိုးကြီးများကို အခြေခံကာ ကျင့်သုံးအကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြပါသည်။ စာဖတ်သူများအနေဖြင့် သိရှိ တွေ့မြင်ခံစားကြရပြီးဖြစ်မည်ဟု ထင်မြင်ပါသည်။

၁၉၄၈ ခုနှစ် လွတ်လပ်ရေးရရှိ ပြီးချိန်မှ ယနေ့အချိန် ၂၀၂၃ ခုနှစ် ဆိုပါလျှင် နှစ်ပေါင်း ၇၅ နှစ်ခန့် ကြာမြင့်သည့် အချိန်ကာလအတွင်း ပြည်သူပြည်သား နိုင်ငံသားအပေါင်းတို့၏ လိုအင်ဆန္ဒအရ ရွေးကောက်တင်မြှောက်ခဲ့သည့် အစိုးရ သို့မဟုတ် ရွေးကောက်ခံအစိုးရအဖြစ် တည်ရှိဖြစ်ပေါ်စေခဲ့သည်မှာ ၂၂ နှစ်ခန့်သာ တည်ရှိစေခဲ့ပြီး ကျန်နှစ်များမှာ စစ်အုပ်ချုပ်ရေး၊ စစ်အစိုးရ၊ အာဏာရှင် အစိုးရများသာ တည်ရှိဖြစ်ပေါ်စေခဲ့သဖြင့် နှစ်ပေါင်းများစွာသည် တရားမျှတခြင်း၊ တရား မမျှတခြင်း တို့ကို အလေးမထား “Might is Right” ဟုဆိုသော “အင်အားကြီးမားသူသည် အမှန်” ဆိုသည့် သဘောတရားကို လက်ကိုင်ထားရှိ ကျင့်သုံးအကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြပါသည်။

အကျိုးဆက်အဖြစ် ပြည်သူ ပြည်သား နိုင်ငံသားတို့၏ အသက်ပေါင်းမြောက်မြားစွာ သေကျေပျက်စီးခဲ့ကြရပြီး ဖြစ်သည့်အပြင် ယနေ့အချိန်အထိလည်း သေကျေပျက်စီးနေဆဲ အခြေအနေဖြစ်ပါသည်။ ထို့ပြင် အချို့သော ပြည်သူပြည်သား နိုင်ငံသားများမှာ အိုးအိမ်စွန့်ခွာ၊ နေရပ်စွန့်ခွာဘဝများနှင့် အသက်ရှင်ရပ်တည်နေထိုင်ကြရလျက် ရှိနေပါသည်။ ထို့ပြင် တိုင်းပြည်နိုင်ငံမှာလည်း ကမ္ဘာပေါ်တွင် ဖွံ့ဖြိုးမှု အနည်းဆုံး တစ်နည်းအားဖြင့် အဆင်းရဲဆုံးနိုင်ငံအဖြစ်သို့ ရောက်ရှိစေခဲ့ပြီးလျှင် တိုင်းပြည်နိုင်ငံတွင် တိုင်းပြည်အကျိုး၊ နိုင်ငံတော်အကျိုးနှင့် ပြည်သူပြည်သားနိုင်ငံသားများ၏ အကျိုးကို ဆောင်ရွက်နိုင်စွမ်းရှိကြသူများအဖြစ် စာရေးသူအနေဖြင့် ထင်မြင်မိပါသော်လည်း စစ်အစိုးရ၊ အာဏာရှင်အစိုးရများ၏ ခေါ်ယူ အခိုင်းခံရပင်လျှင် ဂုဏ်ယူနေသည့် မျက်နှာများကို တွေ့မြင်ကြရပြီး ထားရာနေ၊ စေရာသွားဘဝများနှင့် အချိန်ကုန် နိဂုံးချုပ်သွားကြသည်ကို တွေ့မြင်နေရပါသည်။

စာရေးသူအနေဖြင့် မိမိကိုယ် ကိုယ်မေးခွန်းအဖြစ် မေးမြန်းမိသည်မှာ စာရေးသူတို့၏ တိုင်းပြည်နိုင်ငံတွင် လွတ်လပ်ရေး ရရှိပြီးချိန်နောက်ပိုင်း နှစ်ပေါင်းများစွာ တိုင်းပြည်နိုင်ငံ၏ အချုပ်အခြာအာဏာကို ရယူခဲ့ကြသူများနှင့် ၎င်းတို့၏နောက်လိုက်များသည် အဘယ်ကြောင့် တိရစ္ဆာန်များကဲ့သို့  ရက်စက်ကြမ်းကြုတ်လှသည့် “Might is Right” ဟုဆိုသော “အင်အားကြီးမားသူသည် အမှန်” ဆိုသည့် သဘောတရားကို လက်ကိုင်ထားရှိ ကျင့်သုံးအကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြပါသလဲဆိုသည့် မေးခွန်းဖြစ်ပါသည်။ ဖော်ပြပါမေးခွန်း၏ အဖြေများကို ယခု ဆောင်းပါးအဆင့်နှင့် ဖြေဆိုရန် မဖြစ်နိုင်ပါ။ စာဖတ်သူများအနေဖြင့် တွေးခေါ်စဉ်းစား ကြည့်နိုင်ရန် အတွက် တင်ပြခြင်းသာ ဖြစ်ပါ သည်။

ထိုကဲ့သို့  “Might is Right” ဟုဆိုသော “အင်အားကြီးမားသူသည် အမှန်” ဆိုသည့် သဘောတရားကို လက်ကိုင်ထားရှိ ကျင့်သုံး အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြသဖြင့် ကမ္ဘာပေါ်တွင် ဖြစ်ထွန်းပေါ်ပေါက်စေခဲ့သည့် စက်မှုတော်လှန်ရေးကြီးများနှင့် လိုက်လျောညီထွေ အမီလိုက်ပါဆောင်ရွက်နိုင်ရန်မှာ မဖြစ်နိုင်တော့သည့် အခြေအနေသို့ ရောက်ရှိသွားစေခဲ့ပါတော့သည်။

စာရေးသူသည် ၂၀၂၂ ခုနှစ် မတ် ၂၁ ရက်တွင် ထုတ်ဝေသည့် Weekly ELEVEN News, No. 13, Vol. 17 တွင် “စက်မှုတော်လှန်ရေးကြီးများနှင့် မြန်မာနိုင်ငံ (Industrial Revolutions and Myanmar)

ခေါင်းစဉ်နှင့် ဆောင်းပါးတစ်ပုဒ် ရေးသားတင်ပြခဲ့ပြီးဖြစ်ပါသည်။ ယခုဆောင်းပါးကို အထက်ဖော်ပြပါဆောင်းပါးနှင့် တွဲဖက်ဖတ်ရှုလေ့လာရန် အကြံပြုတင်ပြအပ်ပါသည်။ ဆောင်းပါးတွင် တင်ပြခဲ့သည့် အချက်များကို ထပ်မံတင်ပြရပါလျှင် “ပထမစက်မှုတော်လှန်ရေးကြီးသည် ၁၇၆၅ ခုနှစ်ခန့်တွင် စတင် ပေါ်ပေါက်ခဲ့ပြီး ရေနွေးငွေ့အင်ဂျင်များကို အသုံးပြုကာ လူနှင့်တိရစ္ဆာန်တို့၏ လုပ်အားများနေရာတွင် စက်များကို အစားထိုး အသုံးပြုလာနိုင်ခြင်း ဖြစ်ပါသည်။ ပထမစက်မှုတော်လှန်ရေးမတိုင်မီကာလသည် လူနှင့် တိရစ္ဆာန်တို့၏ လုပ်အားများကို အသုံးပြုကာ ထွန်ယက်စိုက်ပျိုးခြင်း၊ သယ်ယူပို့ဆောင်ခြင်း စသည့်လုပ်ငန်း အမျိုးအစားများဖြစ်ကြပါသဖြင့် မိမိတို့ တိုင်းပြည်နိုင်ငံတွင် လူနှင့်တိရစ္ဆာန်တို့၏ လုပ်အားများကို အသုံးပြုလျက်ရှိသော လုပ်ငန်းများ တည်ရှိဖြစ်ပေါ်နေပါသလားဆိုသည့် မေးခွန်းဖြစ်ပါသည်။ စာရေးသူ၏ အတွေ့အကြုံ သိမြင်ရသည်များအရ ဆိုပါလျှင် တိုင်းပြည်နိုင်ငံ၏ နေရာဒေသ အများအပြားတွင် တည်ရှိဖြစ်ပေါ်လျက်ရှိနေပါသည်။ ပထမစက်မှုတော်လှန်ရေး မတိုင်မီကာလ အခြေအနေဆိုသည်မှာ ယဉ်ကျေးစွာ ပြောဆိုပါက ရှေးဦးလူ့ အဖွဲ့အစည်း (Primitive Society) အဆင့်ဖြစ်ပါသည်။ ပြင်းထန်သည့် စကားလုံးစကားရပ်များကို အသုံးပြုရမည်ဆိုပါက တိရစ္ဆာန်သာသာ လူ့အဖွဲ့အစည်း ဖြစ်ပါသည်။ အမြင့်မားဆုံးအခြေအနေမှာ ဝမ်းရေးဖူလုံရုံမျှ လူနေမှု အဆင့်အတန်း (Subsistence Level) ဖြစ်ပါသည်။”

စာရေးသူ ယခုဆောင်းပါးကို ရေးသားတင်ပြရသည့် အကြောင်းရင်းမှာ စာရေးသူတို့၏ တိုင်းပြည် နိုင်ငံတွင် လွတ်လပ်ရေး ရရှိပြီးချိန်နောက်ပိုင်း နှစ်ပေါင်းများစွာ တိုင်း ပည်နိုင်ငံ၏ အချုပ်အခြာအာဏာကို ရယူခဲ့ကြသူများနှင့် ၎င်းတို့၏နောက်လိုက်များသည် တိရစ္ဆာန်များကဲ့သို့ ရက်စက်ကြမ်းကြုတ်လှ သည့် “Might is Right” ဟု ဆိုသော “အင်အားကြီးမားသူသည် အမှန်” ဆိုသည့် သဘောတရားကို လက်ကိုင်ထားရှိ ကျင့်သုံးအကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြသဖြင့် ယနေ့အချိန် တိုင်းပြည်နိုင်ငံတွင် လူအများစုအနေနှင့် တည်ရှိ ဖြစ်ပေါ်စေလျက်ရှိသည့် လူ့အဖွဲ့အစည်း၏ အဆင့်အတန်းမှာလည်း တိရစ္ဆာန်သာသာ လူ့အဖွဲ့အစည်း (Primitive Society) သို့မဟုတ် ပထမစက်မှု တော်လှန်ရေးမတိုင်မီကာလ အဆင့်တွင်သာ ရောက်ရှိရပ်တည်လျက်ရှိနေပါသဖြင့် ဖော်ပြပါအခြေအနေဆိုးမှ လွတ်မြောက်နိုင်စေရန်အတွက် ယဉ်ကျေးသောလူ့အဖွဲ့အစည်းများတွင် အသုံးပြုလျက်ရှိကြသည့် “Right is Might” ဟုခေါ်ဆိုသော “အမှန်တရားသည် အင်အား” ဟု ဆိုသော သဘောတရားကို ပြောင်းလဲကျင့်သုံး အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ပါသည်။

ပထမဦးစွာ တိရစ္ဆာန်များကဲ့သို့ ရက်စက်ကြမ်းကြုတ်လှသည့် “Might is Right” ဟု ဆိုသော “အင်အားကြီးမားသူသည် အမှန်” ဆိုသည့် သဘောတရားအကျဉ်းကို တင်ပြပါမည်။ စာဖတ်သူများ အလွယ်တကူ သိမြင်နိုင်စေရန် ပုံတွင်ဖော်ပြထားပါသည်။ ယခု အကြောင်းအရာသည် အကျယ်တင်ပြမည်ဆိုပါက ယခုဆောင်းပါးအဆင့်နှင့် တင်ပြရန် မဖြစ်နိုင်ပါသဖြင့် (Reference:1) တွင် ရေးသား တင်ပြထားသည့် အချို့သော အချက်အလက်များကိုသာ ကောက်နုတ်တင်ပြပါမည်။

အချက်အလက်များကို ကောက်နုတ်တင်ပြရာတွင် “Might is Right” ဟု ဆိုသော “အင်အား ကြီးမားသူသည် အမှန်”ဆိုသည့် သဘောတရားများတွင် ပါဝင်သည့် ခွန်အားနည်းသော (Weak)၊ သန်စွမ်းကြံ့ခိုင်အားရှိသော (Strong)၊ စွမ်းအား (ပါ၀ါ)( Power)၊ လွတ်လပ်သော (Free)၊ အမြင့်မားဆုံးသော သန်စွမ်း ကြံ့ခိုင်ခြင်းသည်သာ ရှင် သန်ရပ်တည်နိုင်စေခြင်း (the survival of the strongest)၊ သူရဲဘောနည်းခြင်း (cowardice)၊ ရဲရင့်ခြင်း သတ္တိရှိခြင်း (courage)၊ အတူတကွ ပူးပေါင်းဆောင်ရွက်ခြင်း (co-operation) အသင့်တော်ဆုံး အဆီလျော်ဆုံး အနေအထားရှိခြင်းသည်သာ ရှင်သန်ရပ်တည်နိုင်စေ ခြင်း (the survival of the Fittest) စသည်တို့ကို အခြေခံကာ ရှင်းလင်းတင်ပြပါမည်။

စတင်ကောက်နုတ်တင်ပြလိုသည့်အချက်မှာ “Proclaiming “Death to the weakling, wealth to the strong” (Reference:1, pp – 1) ဖြစ်ပြီး ဖော်ပြထားချက်အရ

“သေခြင်းသည် ပျော့ညံ့သူ ငပျော့တို့အတွက် ဖြစ်ပြီး ချမ်းသာကြွယ်ဝခြင်းသည် သန်စွမ်းကြံ့ခိုင်အားရှိသူတို့အတွက် ဖြစ်သည်ဟု ထုတ်ဖော်ကြေညာခြင်း။” သန်စွမ်းကြံ့ခိုင်အားရှိသော (Strong)၊ စွမ်းအား (ပါ၀ါ)(Power) တို့နှင့် ပတ်သက်ပြီး ရှင်းလင်းတင်ပြရပါလျှင်  “Strong men are not deterred from pursuing their aim by anything.  They go straight to the goal, and that goal is Beauty, Wealth, and Material Power.  The mission of Power is to control and exploit the powerless, for to be powerless is to be criminal.” (Reference:1, pp – 11)

ဖော်ပြထားချက်အရ “သန်စွမ်းကြံ့ခိုင်အားရှိသောသူတို့အား မည်သည့် တစ်စုံတစ်ခုသော အကြောင်းအခြင်းအရာအားဖြင့် သို့မဟုတ် အကြောင်းအရာကမျှ ၎င်းတို့၏ ရည်ရွယ်ချက်ကို လက်ကိုင်ပြုထားခြင်းမှ ဟန့်တား တားမြစ်ခြင်းကို ပြုလုပ်နိုင်မည် မဟုတ်ပါ။ ထိုသူတို့သည် ၎င်းတို့၏ ရည်မှန်းချက်ပန်းတိုင်ကို ဖြောင့်ဖြောင့်တန်းတန်း ရရှိရောက်ရှိစေရန် ဆောင် ရွက်မည်ဖြစ်ပြီး ၎င်းတို့၏ ရည်မှန်းချက်ပန်းတိုင်သည် လှပခြင်း၊ ချမ်းသာကြွယ်ဝခြင်းနှင့် ပစ္စည်းဥစ္စာ ရုပ်ဝတ္ထုနှင့် ပတ်သက်သည့် စွမ်းအား (ပါ၀ါ) တို့ ဖြစ်ကြပါသည်။ စွမ်းအားပါ၀ါ၏ မစ်ရှင် အထူးတာဝန်မှာလည်း စွမ်းအားမရှိသူ၊ ပါ၀ါမရှိသူများအား ခေါင်းပုံဖြတ်ရန်နှင့် ထိန်းချုပ်ရန် ဖြစ်ပါသည်။ ထို့ပြင် စွမ်းအား မရှိသူ၊ ပါ၀ါမရှိသူများအား ပြစ်မှုကျူးလွန်သူ၊ ရာဇဝတ်ကောင်၊ ရာဇဝတ်သားများအဖြစ်သို့ ရောက်ရှိစေရန်အတွက် ဆောင်ရွက်ခြင်းများလည်း ပါဝင်ပါသည်။”

စွမ်းအား (ပါ၀ါ)(Power)၊ လွတ်လပ်သော (Free) တို့နှင့် ပတ်သက်ပြီး ရှင်းလင်းတင်ပြရပါလျှင် “Only the powerful can be free, and Power is non-moral. Life is real, life is earnest, and neither heaven nor hell its final goal.  And love, and joy, and birth, and death, and fate, and strife, shall be forever.” (Reference:1, pp – 12)

ဖော်ပြထားချက်အရ “အားကောင်းပြင်းထန်သန်မာခြင်း၊ သြဇာပြည့်လျှမ်းခြင်းကသာလျှင် လွတ် လပ်မှုကို ဖြစ်စေနိုင်ပါသည်။ စွမ်း အား (ပါ၀ါ) ဆိုသည်မှာ ကိုယ်ကျင့်တရား လူ့ကျင့်ဝတ်မဟုတ်ပါ။ အသက်ရှင်ရပ်တည်ခြင်းသည် အမှန်တကယ် အရှိတရားဖြစ်ပြီး အသက်ရှင်ရပ်တည်ခြင်းသည်သာလျှင် အလွန်အလေးအနက်ထားရှိရမည့် အချက်ဖြစ်ပါသည်။ နောက်ဆုံး ရည်မှန်းချက်ပန်းတိုင်သည် ဆင်းရဲဒုက္ခ၊ ဒုက္ခဘုံမဟုတ်သကဲ့သို့ လောကနိဗ္ဗာန်၊ နိဗ္ဗာန်ဘုံလည်း မဟုတ်ပါ။ ချစ်ခင်ခြင်းနှင့် ပျော်ရွှင်ခြင်း၊ မွေးဖွားခြင်းနှင့် သေဆုံးခြင်း၊ ကံကြမ္မာ၊ ပဋိပက္ခ၊ ခိုက်ရန် ဒေါသတို့သာလျှင် အမြဲတမ်း အစဉ်ထာဝရ ဖြစ်ပေါ်တည်ရှိနေပါလိမ့်မည်။”

အမြင့်မားဆုံးသော သန်စွမ်း ကြံ့ခိုင်ခြင်းသည်သာ ရှင်သန်ရပ်တည်နိုင်စေခြင်း (the survival of the strongest)၊ သူရဲဘောနည်းခြင်း (cowardice) တို့နှင့် ပတ်သက်ပြီး ရှင်းလင်းတင်ပြရပါလျှင် “Though, the survival of the strongest is the logic of events, yet personal cowardice is the great vice of our demoralized age.” (Referen-ce:1, pp – 12)

ဖော်ပြထားချက်အရ “ဆက်လက်ရှင်သန်ရပ်တည်နိုင်စေမည့် အမြင့်မားဆုံးသော သန်စွမ်းကြံ့ခိုင်မှုရှိခြင်းသည် ဖြစ်စဉ် ဖြစ်ရပ်များ၏ ယုတ္တိဗေဒ တစ်ရပ်ဖြစ်ပါသော်လည်း လူတစ်ဦးချင်းစီ၏ သူရဲဘောနည်းမှုသည် ကျွန်ုပ်တို့၏ ကျဆင်းယုတ် လျော့စေသော ခေတ်ကာလသက်တမ်း၏ အကြီးမားဆုံးသော မကောင်းမှု အကျင့်ဆိုးစရိုက် တစ်ခု ဖြစ်ပါသည်။”

ရဲရင့်ခြင်း သတ္တိရှိခြင်း (courage)၊ အတူတကွပူးပေါင်းဆောင်ရွက်ခြင်း (co-operation)၊ အသင့်တော်ဆုံး အဆီလျော်ဆုံး အနေအထားရှိခြင်းသည်သာ ရှင်သန်ရပ်တည်နိုင်စေခြင်း (the survival of the Fittest) တို့နှင့် ပတ်သက်ပြီး ရှင်းလင်းတင်ပြရပါလျှင် “That is the kind of courage that aids by active co-operation the survival of the Fittest – the survival of the Best.”

ဖော်ပြထားချက်အရ “ရဲရင့်ခြင်း၊ သတ္တိရှိခြင်း အမျိုးအစားတစ်ရပ်ကသာလျှင် တက်ကြွစွာ အတူတကွ ပူးပေါင်း ဆောင်ရွက်ခြင်းအားဖြင့် အကူအညီ အထောက်အကူ ဖြစ်စေမည်ဖြစ်ပြီး ၎င်းသည်သာလျှင် ဆက်လက်ရှင်သန်နိုင်စေမည့် အသင့်တော်ဆုံး အဆီလျော်ဆုံး အနေအထားတစ်ခုအဖြစ် လည်းကောင်း၊ ဆက်လက်ရှင်သန်နိုင်စေရန် အကောင်ဆုံးအနေအထားအဖြစ်သော်လည်းကောင်း တည်ရှိဖြစ်ပေါ်စေမည် ဖြစ်ပါသည်။”

ဒုတိယအနေဖြင့် အသင့်တော်ဆုံး အဆီလျော်ဆုံး အနေအထားရှိခြင်းသည်သာ ရှင်သန် ရပ်တည်နိုင်စေခြင်း (the survival of the Fittest) သဘောတရားအား လူတို့နှင့်ပတ်သက်ပြီး လေ့လာစိစစ် ကောက်ချက်ချသည့် အခြေအနေကို ရှင်းလင်းတင်ပြပါမည်။ အကြောင်းအရာကို (Reference: 2)တွင် ဖော်ပြထားချက်အရ တင်ပြရပါလျှင် “'the survival of the fittest.' . . . to speak of an animal as 'fittest' does not imply that it is strongest or most healthy, or would win a beauty contest.” (Reference: 2, pp – 422).

ဖော်ပြထားချက်အား အတိုချုပ်အနေဖြင့် တင်ပြရပါလျှင် “ဆက်လက်ရှင်သန်နိုင်စေမည့် အသင့်တော်ဆုံး အဆီလျော်ဆုံး အနေအထားတစ်ခုဆိုသည်မှာ တိရစ္ဆာန်တစ်ကောင်အတွက်သာ ပြောဆိုနိုင်ခြင်းဖြစ်ပြီး လူတို့နှင့် သက်ဆိုင်သည့် သန်စွမ်းကြံ့ခိုင်မှု အရှိဆုံး သို့မဟုတ် ကျန်းမာကြံ့ခိုင်မှု အဖြစ်ဆုံး သို့မဟုတ် အပြောပြယုဂ် (ဟန်ပြ)၊ ရှင်းလင်းတင်ပြချက်နှင့် အနိုင်ရရှိခြင်းမျိုး မဟုတ်သည်ကို သတိပြုစေလိုပါသည်။”

ဆရာကြီး အာရ် အေဖစ်ရှာ (R. A. Fisher) ၏ အခိုင်အမာ ပြတ်ပြတ်သားသား ပြောဆိုချက်ကို တင်ပြရပါလျှင် -“We must face the paradox that the biologically successful members of our society are to be found principally among its social failures, and equally that classes of persons who are prosperous and socially successful are, on the whole, the biological failures, the unfit of the struggle for existence.” (Reference: 2, pp – 421).

ဖော်ပြထားချက်အရ “ကျွန်ုပ်တို့အနေနှင့် ၀ိရောဓိကို မဖြစ်မနေ တွေ့ကြုံသိမြင်ရမည် ဖြစ်ပါသည်။ ၎င်းမှာ ကျွန်ုပ်တို့ လူ့အဖွဲ့အစည်းအတွင်းရှိ အဖွဲ့ဝင်များတွင် ကိုယ်ခန္ဓာ ဇီဝဗေဒအရ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြသော်လည်း လူမှုရေးကိစ္စရပ်များတွင် ကျဆုံးမှုများ ဖြစ်ပေါ်စေလျက်ရှိသည်ကို အဓိကအားဖြင့် တွေ့ရှိသိမြင်နေရလျက် ရှိနေပါသည်။ ထိုနည်းတူစွာ လူမှုရေးအရ အလုံးစုံ အောင်မြင်လျက် ရှိပြီး ဥစ္စာဓန ကြွယ်ဝချမ်းသာ ကြီးပွားလျက်ရှိသူတို့သည်လည်း ကိုယ်ခန္ဓာ ဇီဝဗေဒအရ ကျဆုံးလျက်ရှိ နေတတ်ပါသည်။ ၎င်းသည် ဖြစ်တည်ခြင်းအတွက် အပြင်းအထန် ရုန်းကန်ကြိုးစားလှုပ်ရှားရခြင်း၏ မသင့်တော် မလျော်သည့် အခြေအနေ တစ်ရပ်ဖြစ်ပါသည်။”

တတိယအနေဖြင့် မြန်မာနိုင်ငံတွင် အင်အားကြီးမားသူက အမှန် (Might is Right) သဘောတရားကို လက်ကိုင်ထားရှိ ကျင့်သုံး အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြသဖြင့် အထက်တွင် ဖော်ပြထားသကဲ့သို့ ပြည်သူပြည်သား နိုင်ငံသားတို့၏ အသက်ပေါင်းမြောက်မြားစွာ သေကျေ ပျက်စီးခဲ့ကြရပြီးဖြစ်သည့်အပြင် ယနေ့အချိန်အထိလည်း သေကျေပျက်စီးနေရဆဲ အခြေအနေ ဖြစ်ပါသည်။ ထို့ပြင် အချို့သော ပြည်သူပြည်သားနိုင်ငံသားများမှာ အိုးအိမ်စွန့်ခွာ၊ နေရပ်စွန့်ခွာဘဝများနှင့် အသက်ရှင်ရပ်တည်နေထိုင်ကြလျက် ရှိနေပါသည်။ ထို့ပြင် တိုင်းပြည်နိုင်ငံမှာလည်း ကမ္ဘာပေါ်တွင် ဖွံ့ဖြိုးမှုအနည်းဆုံး တစ်နည်းအားဖြင့် အဆင်းရဲဆုံးနိုင်ငံအဖြစ်သို့ ရောက်ရှိစေခဲ့ပါသည်။

ထို့ထက် ဆိုးရွားသည့် အခြေအနေတစ်ရပ်မှာ တိုင်းပြည်နိုင်ငံ၏ အချုပ်အခြာအာဏာကို ရယူခဲ့ကြသူများသည် ပြည်သူ ပြည်သား နိုင်ငံသားများ၏ အသက်မွေးဝမ်းကျောင်းဘဝများ၊ လူနေမှုဘဝများကို ကမ္ဘာပေါ်တွင် ဖြစ်ထွန်းပေါ်ပေါက်စေခဲ့သည့် စက်မှုတော်လှန်ရေးကြီးများနှင့် လိုက်လျောညီထွေ အမီလိုက်ပါ ဆောင်ရွက်နိုင်စေရန် ဦးစီးဦးဆောင်ပြုလုပ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်ခြင်း မပြုလုပ်ခဲ့ကြသဖြင့် ပြည်သူ ပြည်သား နိုင်ငံသားအများစုမှာ ပထမစက်မှုတော်လှန်ရေး မတိုင်မီကာလ အခြေအနေ၊ ယဉ်ကျေးစွာပြောဆိုပါက ရှေးဦး လူ့အဖွဲ့အစည်း (Primitive Society) အဆင့်အခြေအနေ၊ ပြင်းထန်သည့် စကားလုံး စကားရပ်များကို အသုံးပြုရမည် ဆိုပါက တိရစ္ဆာန်သာသာ လူ့အဖွဲ့အစည်းအခြေအနေတွင်သာ အသက်ရှင်ရပ်တည်လျက် နေထိုင်ကြရပြီး အချို့သော ပြည်သူပြည်သား နိုင်ငံသားများ၏ အမြင့်မားဆုံးအခြေအနေမှာလည်း ဝမ်းရေးဖူလုံရုံမျှ လူနေမှုအဆင့်အတန်း (Subsistence Level) တွင်သာ ရှင်သန် ရပ်တည်လျက် တည်ရှိနေပါသည်။

နောက်ဆုံးအနေနှင့် (စာ - ၄) ပုံတွင် ဖော်ပြထားသည့် ဆရာကြီး ပလေတို၏ အဆိုအမိန့်ကလေးကို ရှင်းလင်းတင်ပြရပါလျှင် “တိရစ္ဆာန်များကဲ့သို့ ရက်စက်ကြမ်းကြုတ်လှသည့် “Might is Right” ဟု ဆိုသော “အင်အားကြီးမားသူသည် အမှန်” ဆိုသည့် သဘောတရားကို လက်ကိုင်ထားရှိ ကျင့်သုံးအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လူ့အဖွဲ့အစည်းတွင် တရားမျှတခြင်းကို မျှော်လင့်ရန် မဖြစ်နိုင်ပါ။ တစ်နည်းအားဖြင့် တရားမျှတခြင်းကို ထိန်းသိမ်းဆောင်ရွက်ရန် မဖြစ်နိုင်ပါကြောင်း စာဖတ်သူများ သတိပြု နိုင်စေရန် တင်ပြအပ်ပါသည်။

နိဂုံးချုပ်အနေဖြင့် တင်ပြလိုသည်မှာ စာရေးသူတို့၏ တိုင်းပြည်နိုင်ငံတွင် လွတ်လပ်ရေးရရှိပြီးချိန်နောက်ပိုင်း နှစ်ပေါင်းများစွာ တိုင်း ပြည်နိုင်ငံ၏ အချုပ်အခြာအာဏာကို ရယူခဲ့ကြသူများနှင့် ၎င်းတို့၏ နောက်လိုက်များသည် တိရစ္ဆာန် များကဲ့သို့ ရက်စက်ကြမ်းကြုတ်လှ သည့် “Might is Right” ဟု ဆိုသော “အင်အားကြီးမားသူသည် အမှန်” ဆိုသည့် သဘောတရားကို လက်ကိုင်ထားရှိ ကျင့်သုံးအကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြသဖြင့် ယနေ့အချိန် တိုင်းပြည်နိုင်ငံတွင် လူအများစုအနေဖြင့် တည်ရှိဖြစ်ပေါ်စေလျက်ရှိသည့် လူ့အဖွဲ့အ စည်း၏ အဆင့်အတန်းမှာလည်း တိရစ္ဆာန်သာသာ လူ့အဖွဲ့အစည်း (Primitive Society) သို့မဟုတ် ပထမစက်မှုတော်လှန်ရေးမတိုင်မီ ကာလအဆင့်တွင်သာ ရောက်ရှိ ရပ်တည်လျက်ရှိနေသဖြင့် ဖော်ပြပါ အခြေအနေဆိုးမှ လွတ်မြောက်နိုင် စေရန်အတွက် ယဉ်ကျေးသောလူ့အဖွဲ့အစည်းများတွင် အသုံးပြုလျက် ရှိကြသည့် “Right is Might” ဟု ခေါ်ဆိုသော “အမှန်တရားသည် အင်အား”ဟု ဆိုသော သဘောတရားကို ပြောင်းလဲကျင့်သုံး အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရေးအတွက် ယခုအချိန်မှစတင်ကာ အစွမ်းကုန် ကြိုးပမ်းအားထုတ်နိုင်ကြပါစေကြောင်း ရေးသားတင်ပြအပ်ပါသည်။

References:

1. Ragnar Redbeard (1896), “Might is Right or The Survival of the Fittest”, Chicago.

2. Diane B. Paul (1988), “The Selection of the “Survival of the Fittest””, Journal of the History of Biology, Vol. 21, No. 3 (Autumn,. 1988) pp – 411 – 424.  Springer.

Most Read

Most Recent