နိုက်ဂျာတွင် ဖြစ်ပွားခဲ့သည့် အာ ဏာသိမ်းမှုသည် အာဖရိကရှိ အကြမ်းဖက်မှုများ ပြည့်နှက်နေသည့် ဆာဟယ်ဒေသတွင် ဂျီဟတ်များကို တိုက်ခိုက်နေသည့် ကြိုးပမ်းမှုများကို အဟန့်အတားဖြစ်စေရန် ခြိမ်းခြောက်နေသည်ဟု လေ့လာသူများက ပြောကြားခဲ့သည်။
နိုက်ဂျာနိုင်ငံ၏ အိမ်နီးချင်း မာလီနှင့် ဘာကီနာဖာဆိုတို့တွင် အိုင်အက်စ်အဖွဲ့၊ အယ်လ်ကေဒါအဖွဲ့တို့နှင့် ဆက်နွှယ်နေသည့် ဂျီဟတ်များ၏ ကာလရှည်ကြာ သောင်းကျန်းမှုများကို နှိမ်နင်းရန် ပျက်ကွက်မှုအပေါ် ဒေါသဖြစ်စေခဲ့ပြီး ၂၀၂၀ ပြည့်နှစ်မှ စတင်ကာ ယင်းနိုင်ငံများတွင် အာဏာသိမ်းမှုများ ဖြစ်ပွားခဲ့သည်။
ဂျီဟတ်များ၏ သူပုန်ထမှုနှင့် ရင်ဆိုင်နေရသော နိုက်ဂျာတွင် သမ္မတ မိုဟာမက် ဘာဇုမ်းသည် ယခု သီတင်းပတ်တွင် ၎င်း၏ နေအိမ်တွင် ထိန်းသိမ်းခံခဲ့ရပြီး သမ္မတ အစောင့်တပ်ဖြစ်သည့် လက်ရွေးစင်တပ်ဖွဲ့၏ အကြီးအကဲ ဗိုလ်ချုပ်ကြီး အဗ္ဗဒူရာမာနေး တီယာနီက သူ့ကိုယ်သူ ခေါင်းဆောင်သစ်အဖြစ် ကြေညာခဲ့သည်။
နိုက်ဂျာကဲ့သို့ပင် မာလီနှင့် ဘာကီနာဖာ ဆိုတို့သည် ၁၉၆၀ ခုနှစ်တွင် လွတ်လပ်ရေးရခဲ့ သော ပြင်သစ် ကိုလိုနီဟောင်းများဖြစ်သည်။
အာဏာသိမ်းမှုများ ဖြစ်ပွားပြီးနောက် စစ်ခေါင်းဆောင်များသည် ၎င်းတို့နိုင်ငံအတွင်းရှိ ပြင်သစ်တပ်များကို ထွက်ခွာရန် ဖိအားပေးခဲ့ပြီး မာလီသည် အာဖရိကတွင် ၎င်း၏သြဇာကို တိုးမြှင့်ရန် နှစ်ပေါင်းများစွာ ကြိုးစားခဲ့သည့် ရုရှား၏ တပ်ဖွဲ့များနှင့် ပူးပေါင်းခဲ့သည်။
နိုက်ဂျာ ခေါင်းဆောင်သစ်များအနေဖြင့် မည်သူနှင့် ပူးပေါင်းဆောင်ရွက်မည်ဆိုခြင်း ကို ရှင်းလင်းစွာ မသိရသေးသော်လည်း တီယာနီကမူ မဟာဗျူဟာပြောင်းလဲမည်ဟု ရှင်းရှင်းလင်းလင်းပြောခဲ့သည်။
“အခု လုံခြုံရေး ချဉ်းကပ်မှုဟာ ကြီးမားတဲ့ စွန့်လွှတ်မှုတွေ ရှိနေပေမယ့် နိုင်ငံအတွက် လုံခြုံရေးကို ဆောင်ကြဉ်းမပေးပါဘူး” ဟု တီယာနီက သူ့ကိုယ်သူ နိုက်ဂျာခေါင်းဆောင်အဖြစ် ကြေညာပြီးနောက် ပြောကြားခဲ့သည်။
အထူးသဖြင့် ဘာကီနာဖာဆို၊ မာလီတို့နှင့် အမှန်တကယ် ပူးပေါင်းဆောင်ရွက်မှု မရှိဘဲ အကြမ်းဖက်မှုကို တိုက်ဖျက်ခဲ့သည့် လုံခြုံရေးချဉ်းကပ်မှု၏ အဓိပ္ပာယ်နှင့် အတိုင်းအတာကို တီယာနီက မေးခွန်းထုတ်ခဲ့သည်။
■ အနောက်နိုင်ငံများ၏ အထောက်အပံ့ ရပ်ဆိုင်းမည့် အခြေအနေ
မာလီနှင့် ဘာကီနာဖာဆိုတို့နှင့် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်မှုသည် အကျိုးရှိနိုင်သော်လည်း ဘာဇုမ်း၏ဘက်မှ ရပ်တည်နေသော အနောက်အုပ်စုထံမှ ငွေကြေးနှင့် စစ်ရေးအထောက်အပံ့များ ဆုံးရှုံးသွားနိုင်သည့် အန္တရာယ်ရှိနိုင်ကြောင်း လေ့လာသုံးသပ်သူများက ဆိုသည်။
မာလီတွင် အာဏာသိမ်းပြီးနောက် သံတမန်ရေးရာ တင်းမာမှုများကြောင့် နိုက်ဂျာနှင့် ပြင်သစ်တပ်များသည် နိုက်ဂျာကို တိုက်ခိုက်ရန် စီစဉ်နေသည်ဟု ယူဆရသည့် နိုင်ငံတွင်းရှိ အိုင်အက်စ် အခြေစိုက်စခန်းများကို လွတ်လပ်စွာ စစ်ဆင်ရေး မပြုနိုင်တော့ပေ။
“မာလီနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်မှု မရှိဘဲ ဒီအကျပ်အတည်းကို ပုံစံတစ်မျိုး မဟုတ်တစ်မျိုးနဲ့ ဖြေရှင်းလို့မရပါဘူး” ဟု ပဋိပက္ခဖြေရှင်းရေးဆိုင်ရာ Franco Paix စင်တာမှ သုတေသီ တက်ယာနာ စမီယာနိုဗာက ပြောကြားခဲ့သည်။
International Crisis Group မှ သုတေသီ အီဘရာဟင် ယာဟာယာ အီဘရာဟင်ကလည်း အိမ်နီးနားချင်းနိုင်ငံများကြား ပိုမိုကောင်းမွန်သည့် ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများကို မျှော်လင့်နိုင်ကြောင်း ပြောကြားခဲ့သည်။
သို့သော် နိုက်ဂျာ၏ အုပ်ချုပ်သူအသစ်များသည် အနောက်နိုင်ငံများ၏ ထောက်ခံမှု ဆုံးရှုံးသွားမည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသည်။
ဘာဇုမ်းသည် ဆာဟယ်ဒေသရှိ အနောက်အုပ်စု၏ လျော့ပါးလာသော မဟာမိတ်များထဲတွင် တစ်ဦးအပါအဝင်ဖြစ်ပြီး ပြင်သစ်တပ်ဖွဲ့ဝင် ၁ယ၅၀၀ နှင့် အမေရိကန် စစ်သား ၁,၀၀၀ ကို နိုက်ဂျာတွင် တပ်စွဲခွင့်ပြုထားသည်။
ဥရောပသမဂ္ဂသည် နိုက်ဂျာနှင့် ဘဏ္ဍာရေးနှင့် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုကို ဆိုင်းငံ့ကြောင်း ကြေညာခဲ့ပြီး အမေရိကန်ကလည်း ဒေါ်လာသန်းနှင့်ချီသည့်အကူအညီများစွာ ဆုံးရှုံးရနိုင်ကြောင်း သတိပေးခဲ့သည်။
အကယ်၍ ပြင်သစ်နှင့် အမေရိကန်သည် နိုက်ဂျာရှိ ၎င်းတို့၏တပ်ဖွဲ့များကို ရုပ်သိမ်းပါက ပြဿနာများ ပတ်လည်ဝိုင်းနေသည့် ဆာဟယ်ဒေသတွင် အန္တရာယ်ရှိသော လုံခြုံရေးဟာကွက်တစ်ခု ဖြစ်လာနိုင်သည်ဟု လေ့လာသုံးသပ်သူများက ပြောကြားခဲ့သည်။
မာလီနှင့် ဘာကီနာဖာဆိုအပြင် ဘီနင်၊ လစ်ဗျားနှင့် နိုက်ဂျီးရီးယာတို့တွင်လည်း သောင်းကျန်းမှုများရှိနေပြီး ကုန်းတွင်းပိတ် နိုက်ဂျာနိုင်ငံ၏ အိမ်နီးချင်း နိုင်ငံအားလုံးနီးပါးတွင် ဂျီဟတ်များသည် အဆိုပါ လုံခြုံရေး ဟာကွက်ကို အခွင့်ကောင်းယူဖွယ်ရှိနေသည်။
■ ပြည်သူများ၏ ဆင်းရဲဒုက္ခ
ဆင်းရဲနွမ်းပါးသော အခြေအနေသည် အစွန်းရောက်များကို ပိုမိုမွေးထုတ်ပေးသကဲ့သို့ ဖြစ်နေပြီး နိုက်ဂျာသည် ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံများထဲမှ တစ်ခုဖြစ်သည်။
နိုင်ငံ၏ သုံးပုံနှစ်ပုံသည် သဲကန္တာရဖြစ်နေသည့် နိုက်ဂျာသည် ကုလသမဂ္ဂ၏ လူသားဖွံ့ဖြိုးတိုးတက်မှုညွှန်းကိန်းတွင် နောက်ဆုံးအဆင့်ဖြစ်သည်။
နိုက်ဂျာသည် ၂၀၁၅ ခုနှစ်တွင် မာလီနှင့် နိုင်ဂျီးရီးယားမှ ဂျီဟတ်များပါဝင်သည့် သောင်းကျန်းသူများ၏ လှုပ်ရှားမှုနှင့် ရင်ဆိုင်နေရသည်။
ထို့ပြင် ၂၀၂၂ ခုနှစ်တွင် နိုင်ဂျီးရီးယားနှင့် မာလီတွင် ဖြစ်ပွားနေသည့် အကြမ်းဖက်မှုများမှ ထွက်ပြေးတိမ်းရှောင်လာသည့် ဒုက္ခသည် ၂၅၀,၀၀၀ ကျော်ကို လက်ခံထားခဲ့ကြောင်း ကုလသမဂ္ဂ၏ အဆိုအရ သိရသည်။
ယင်းစိန်ခေါ်မှုများအားလုံးနှင့် ရင်ဆိုင်နေရသည့်တိုင် ဘာဇုမ်းလက်အောက်ရှိ နိုက်ဂျာသည် အနောက်နိုင်ငံများအတွက် ပူးပေါင်းဆောင်ရွက်မှုများ၏ စံနမူနာတစ်ခုဖြစ်ခဲ့သည်။
“လုံခြုံရေးပြဿနာတွေ ရှိနေပေမယ့် နိုက်ဂျာဟာ ဒေသတွင်းတည်ငြိမ်ရေးရဲ့ အဓိက ဒေါက်တိုင်တစ်ခု ဖြစ်ခဲ့ပါတယ်”ဟု ပြင်သစ်နိုင်ငံတကာဆက်ဆံရေးအင်စတီကျု (IFRI) မှ ဆာဟာရအာဖရိကဌာနခွဲမှ ဒါရိုက်တာ အလိန်း အန်တီလ်က ပြောကြားခဲ့သည်။
ဘာဇုမ်းလက်ထက်တွင် နိုက်ဂျာသည် ဂျီဟတ်များ၏ ပစ်မှတ်ထားခြင်း ခံခဲ့ရသည့် လူ့အဖွဲ့အစည်းများကို တည်ငြိမ်စေရန်နှင့် ဂျီဟတ် တိုက်ခိုက်ရေးသမားဟောင်းများကို လူ့အဖွဲ့အစည်းအတွင်း ပြန်လည်ဝင်ရောက်ပြီး လိုက်လျောညီထွေ နေထိုင်နိုင်စေရန် လုပ်ဆောင်မှုများကဲ့သို့ အစီအစဉ်များကို နိုင်ငံတကာ အလှူရှင်များ၏ ငွေကြေးထောက်ပံ့မှုဖြင့် လုပ်ဆောင်ခဲ့သည်။
ဂျီဟတ်ဝါဒီများကို တိုက်ထုတ်ရေးနှင့်ပတ်သက်ပြီး နိုက်ဂျာ၏ခေါင်းဆောင်အသစ်များ၏ ဦးတည်ချက်ကို ရှင်းရှင်းလင်းလင်း မသိရသေးသော်လည်း တီယာနီကမူ အကြမ်းဖက်ခေါင်းဆောင်များကို တရားလက်လွတ် လွှတ်ပေးခဲ့မှုအတွက် အစိုးရကို ရှုတ်ချခဲ့သည်။
ဘာကီနာဖာဆိုနှင့် မာလီ စစ်အာဏာရှင်များသည် ဂျီဟတ်ဝါဒီများအား ပြင်းထန်သော ထိုးစစ်ဗျူဟာတစ်ရပ်ကို ရွေးချယ်ခဲ့သော်လည်း ဂျီဟတ်များနှင့် ပူးပေါင်းသည်ဟု သံသယရှိသော ဒေသခံအရပ်သားများကို ညှဉ်းပန်းနှိပ်စက်မှုများ ထပ်တလဲလဲပြုလုပ်ခဲ့သည်ဆိုသည့် စွဲချက်များကြောင့် ၎င်းတို့၏ စစ်ဆင်ရေးများသည် အမည်းစက်ထင်ခဲ့သည်။
“မတည်ငြိမ်မှုတွေကို ဖြစ်စေပြီး လူ့အဖွဲ့အစည်းတွေကြားမှာ တင်းမာမှုတွေကို မြင့်တက်စေနိုင်တဲ့ အဲဒီမဟာဗျူဟာရဲ့ ဆင်းရဲဒုက္ခတွေကို အခံရဆုံးကတော့ အရပ်သား ပြည်သူတွေပါပဲ”ဟု စမီယာနိုဗာက ပြောကြားခဲ့သည်။ Ref: AFP