ဘုံသဘောတူညီချက်များအပေါ် ဆက်လက်ရပ်တည်ခဲ့သည့် အာဆီယံ

ဘုံသဘောတူညီချက်များအပေါ် ဆက်လက်ရပ်တည်ခဲ့သည့် အာဆီယံ
(၅၆) ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို တွေ့ရစဉ်
(၅၆) ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို တွေ့ရစဉ်
Published 30 July 2023

အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာတွင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ဇူလိုင် ၁၁ ရက် မှ ၁၄ ရက်အထိ ပြုလုပ်ခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပပြီးစီးခဲ့သည့် အာဆီယံနိုင်ငံခြားရေး အစည်းအဝေးတွင် မြန်မာနိုင်ငံရေး အကျပ်အတည်းနှင့် တောင်တရုတ်ပင်လယ်အရေး တင်းမာမှုများက လွှမ်းမိုးခဲ့သည်။

မြန်မာနိုင်ငံမှ သွေးထွက်သံယို နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းရန်နှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့က တရုတ်နိုင်ငံနှင့် တောင်တရုတ်ပင်လယ်အတွင်း နယ်မြေပိုင်ဆိုင်မှု အငြင်းပွားနေသည့် တင်းမာမှုများကို ဖြေရှင်းရန် ဖိအားများကြား အရှေ့တောင်အာရှ၏ ထိပ်တန်းသံတမန်များသည် အင်ဒိုနီးရှားနိုင်ငံတွင် ဇူလိုင် ၁၁ ရက်က စုဝေးခဲ့ကြသည်။

အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ၏ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသည် အာဆီယံဒေသတွင်း အပြင်းထန်ဆုံးသော စိန်ခေါ်မှုများကို ကိုင်တွယ်ရာတွင် အစုအဖွဲ့၏ ယုံကြည်စိတ်ချရမှုနှင့် စည်းလုံးညီညွတ်မှုအပေါ် သံသယများတိုးကာ ထွက်ပေါ်လာသည်။

၎င်းတို့အထဲမှ အဓိကအချက်သည် မြန်မာနိုင်ငံ၌ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးနောက် နစကနှင့် သဘောတူထားသည့် အာဆီယံ ငြိမ်းချမ်းရေးအစီအစဉ်တွင် အဓိပ္ပာယ်ပြည့်ဝသော လုပ်ငန်းစဉ်များ ကင်းမဲ့နေခြင်းဖြစ်သည်။

အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာတွင် ကျင်းပသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို မြန်မာနိုင်ငံ၏ နစကခေါင်းဆောင်များကို တက်ရောက်ခြင်းမပြုရန် တားမြစ်ထားသော်လည်း ယခုနှစ်တွင် အဖွဲ့၏ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သော အင်ဒိုနီးရှားနိုင်ငံက နစကအစိုးရနှင့်လည်းကောင်း၊ နောက်ကွယ်ရှိ အတိုက်အခံအုပ်စုများနှင့်လည်းကောင်း အပြင်းအထန် စေ့စပ်ဆွေးနွေးနေကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောကြားထားသည်။

ယခုနှစ်၏ အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် အင်ဒိုနီးရှားအနေဖြင့် ပြီးခဲ့သည့် ခုနစ်လအတွင်း သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ကိုယ်တိုင်ကိုယ်ကျ၊ အွန်လိုင်း၊ တယ်လီဖုန်းတို့ဖြင့် အင်တိုက်အားတိုက်ဆွေးနွေးမှု အကြိမ် ၁၁၀ ဆောင်ရွက်ထားသည်ဟု အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရက်တနိုမာဆူဒီက ပြောကြားထားသည်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမတိုင်မီ ရက်ပိုင်းအလိုတွင် ဂျာကာတာ၌ ပုံမှန်ပြုလုပ်နေကျဖြစ်သည့် နိုင်ငံခြားရေးဝန်ကြီးဌာနသတင်းစာရှင်းလင်းပွဲတွင် မာဆူဒီက သတင်းထောက်များကို ပြောကြားခဲ့ခြင်းဖြစ်သည်။

၎င်းအနေဖြင့် နစက နိုင်ငံခြားရေးဝန်ကြီးများနှင့်လည်းကောင်း၊ တပ်မတော်နှင့်လည်းကောင်း၊ NUG နှင့်လည်းကောင်း ကိုယ်တိုင်ကိုယ်ကျ ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်ဟုဆိုသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲများတွင် အားလုံးပါဝင်သော စေ့စပ်ဆွေးနွေးမှု အရေးပါပုံကို ပြောကြားခဲ့သည်ဟုလည်း ၎င်းက ပြောကြားသည်။

ကနဦး စေ့စပ်ညှိနှိုင်းမှုများသည် မတူညီသောအဖွဲ့အစည်းများအကြား ယုံကြည်မှု တည်ဆောက်ရာတွင် အရေးပါနေပြီး ၎င်းတို့က ကွဲပြားခြားနားမှုများ ကျဉ်းမြောင်းစေရန် အကူအညီပေးသောကြောင့် ယင်းကိစ္စများကိုဆောင်ရွက်ပြီး ဆက်လက် လုပ်ဆောင်သွားရမည်ဟု မာဆူဒီက ပြောကြားသည်။

၎င်းတို့သည် အကြမ်းဖက်မှုအရှိန်လျှော့ချခြင်းကို တွန်းအားပေးရာတွင်လည်းကောင်း၊ အင်အားသုံးမှုကို စွန့်လွှတ်ရာတွင်လည်းကောင်း အဓိကကျနေသည်ဟု ၎င်းကဆိုသည်။

သို့ရာတွင် စေ့စပ်ဆွေးနွေးမှုများသည် ရည်မှန်းချက်ဖြစ်ရုံသာမက တာရှည်ခံသော ငြိမ်းချမ်းရေးကို ရရှိရန် အားလုံးပါဝင်သော အပြန်အလှန်ဆွေးနွေးမှု၏ ရည်မှန်းချက်ထံ ရောက်ရှိစေမည့် နည်းလမ်းများလည်းဖြစ်သည်ဟု အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောကြားသည်။

ထို့ပြင် အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်ရုံးကလည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နိုင်ငံရေးပါတီများနှင့် အရပ်ဘက်အဖွဲ့အစည်းများ၏ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံရှိ အခြားအဖွဲ့အစည်းများနှင့် ဆွေးနွေးခဲ့သည်။

ထို့ပြင် အင်ဒိုနီးရှားနိုင်ငံသည် မြန်မာအိမ်နီးချင်းနိုင်ငံများနှင့်လည်းကောင်း၊ အခြားပလေယာများနှင့်လည်းကောင်း ဆွေးနွေးထားသည်။

အဓိကကျသော အဖွဲ့အစည်းများနှင့် ဆွေးနွေးမှုများသည် အာဆီယံကချမှတ်ထားသော ဘုံသဘောတူညီချက်ငါးရပ်ကို အကောင်အထည်ဖော်ရာတွင် အခရာကျသည်ဟု ရက်တနိုမာဆူဒီက ပြောကြားသည်။

သို့သော် အားလုံးပါဝင်နိုင်သည့် ဆွေးနွေးပွဲများ ဖန်တီးရန် ကြိုးပမ်းမှုများမှာ အလွတ်သဘော ဆွေးနွေးပွဲများ စတင်ရန်ပင် ဘက်အသီးသီးက တင်ပြသော အခြေအနေရပ်များကြောင့် ရှုပ်ထွေးနေကြောင်း အဆိုပါကြိုးပမ်းအားထုတ်မှုများနှင့် ရင်းနှီးသည့် သတင်းရင်းမြစ်နှစ်ခုက ဆိုသည်။

 

“ဘက်အသီးသီးက ယူထားတဲ့ ချဉ်းကပ်မှုက သုညချည်းပေါင်းထည့် နေသမျှတော့ ရေရှည်ခံတဲ့ ငြိမ်းချမ်းရေးရဖို့က ဘယ်တော့မှ အောင်မြင်မှာ မဟုတ်ပါဘူး”ဟု အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီက လွန်ခဲ့သည့် သီတင်းပတ်က ကြိုးပမ်းခဲ့မှုနှင့် ပတ်သက်၍ ပြောကြားသည်။

နိုင်ငံရေးအရ ဖြေရှင်းရန် တိုက်တွန်း

မြန်မာ့အကျပ်အတည်းတွင် နိုင်ငံရေးဆိုင်ရာ ဖြေရှင်းနည်းကသာ တာရှည်ခံသော ငြိမ်းချမ်းရေးကို ဦးတည်လိမ့်မည်ဖြစ်ကြောင်း အာဆီယံဥက္ကဋ္ဌ အင်ဒိုနီးရှားက  တိုက်တွန်း ပြောကြားလိုက်သည်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ ဒုတိယနေ့ အစည်းအဝေး၏ အဖွင့်မိန့်ခွန်းတွင် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရတ်တနိုမာဆူဒီက ပြောကြားခဲ့ခြင်း ဖြစ်သည်။

“နိုင်ငံရေးဆိုင်ရာ ဖြေရှင်းနည်းကသာ တာရှည်ခံတဲ့ ငြိမ်းချမ်းရေးကို ဦးတည်စေပါလိမ့်မယ်”ဟု အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရတ်တနိုမာဆူဒီက ပြောကြားသည်။

“မြန်မာနိုင်ငံမှာ အကြမ်းဖက်မှု ဆက်လက်ဖြစ်နေတာ၊ အကြမ်းဖက်မှု တိုးလာနေတာတို့ကို မြင်ရတာ ကျွန်မတို့ အလွန်စိုးရိမ်ပါတယ်။ အကြမ်းဖက်မှုကို ရှုတ်ချတာဟာ ယုံကြည်မှုတည်ဆောက်ရေးအတွက် ပဓာနကျတာဖြစ်လို့ အကြမ်းဖက်မှုကို ရှုတ်ချဖို့ သက်ဆိုင်သူအားလုံးကို ကျွန်မတို့ ခိုင်ခိုင်မာမာ တိုက်တွန်းပါတယ်”ဟု ၎င်းက ပြောကြားသည်။

မြန်မာနိုင်ငံ၏ သက်ဆိုင်ရာအဖွဲ့များ  စေ့စပ်ဆွေးနွေးမှု ပြန်လည်လုပ်ဆောင်ခြင်းနှင့် စေ့စပ်ဆွေးနွေးထားသော နိုင်ငံရေးဆိုင်ရာ သဘော တူညီချက်တစ်ရပ်တို့က အချိန်နှစ် နှစ်ကျော်ကြာမြင့်လာပြီဖြစ်သော အကျပ်အတည်းကို အဆုံးသတ်သွားစေမည့် တစ်ခုတည်းသော နည်းလမ်းဖြစ်လိမ့်မည်ဆိုသည့် အာဆီယံ၏သဘောထားကို အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက ထပ်လောင်းပြောကြားသည်။

သို့ရာတွင် အကြမ်းဖက်မှုအဆုံးသတ်ရေးနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြန်စရေးတို့ကို ဆော်သြထားသော ဘုံသဘောတူညီချက်ငါးရပ်ကို အကောင်အထည်ဖော်ရန် အာဆီယံ၏ ကြိုးပမ်းမှုများသည် ယခုအချိန်အထိ အကျိုးဖြစ်ထွန်းမှု မရှိသေးကြောင်း မြန်မာ့အရေး လေ့လာသူများက ထောက်ပြကြသည်။

ဘုံသဘောတူညီချက်အပေါ် ရပ်တည်ခဲ့သည့် အာဆီယံ

ဖြေရှင်းရန် အချိန်ကြာလာသည်နှင့်အမျှ မြန်မာ့အရေးတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား သဘောထားကွဲလွဲမှုများ ဖြစ်နေသော်လည်း ကျင်းပပြီးစီးခဲ့သည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးက မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် အကြမ်းဖက်မှုများကို ထပ်မံရှုတ်ချလိုက်ကြောင်း ဇူလိုင် ၁၃ ရက်တွင် ထုတ်ပြန်သည်။

၀ိ၀ါဒကွဲနေသော အာဆီယံသည် ထုတ်ပြန်ချက်တွင် ပါဝင်သည့် အကြောင်းအရာများ၊ အသုံးအနှုန်းများနှင့် ပတ်သက်၍ ငြင်းခုံမှုများရှိခဲ့သည့်အတွက် ပူးတွဲထုတ်ပြန်ချက်ကို အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအပြီး တစ်ရက် ကျော်ကြာမြင့်သည့်အချိန် ဇူလိုင် ၁၃ ရက်ရောက်မှသာ ပူးတွဲကြေညာချက်ကို ထုတ်ပြန်နိုင်ခဲ့သည်။

အာဆီယံအနေဖြင့် မြန်မာနိုင်ငံနှင့် သက်ဆိုင်သော စကားအသုံးအနှုန်းကိစ္စ ဆောင်ရွက်နေသောကြောင့် မြန်မာအတွက် ပူးတွဲထုတ်ပြန်ချက် အချိန်နောက်ကျသွားခြင်းဖြစ်သည်ဟု အာဆီယံအစည်းအဝေးများကို တက်ရောက်ခဲ့သည့် အမည်မဖော်လိုသူ အရှေ့တောင်အာရှသံတမန်တစ်ဦးက ပြောကြားသည်။

နစကနှင့် ဆွေးနွေးရန် နိုင်ငံအချို့က တိုက်တွန်းခဲ့ပြီး  နိုင်ငံအချို့က ဘုံသဘောတူညီချက်ငါးရပ်အတိုင်း လုပ်ဆောင်ရန် ပြောကြားခဲ့ကြသည်ဟု ယင်းသံတမန်ကဆိုသည်။

လွန်ခဲ့သော နှစ်နှစ်ကျော်က နစကနှင့် သဘောတူထားသော ဘုံသဘောတူညီချက် ငါးရပ်သည် မြန်မာ့အရေးကို ဖြေရှင်းရန် အာဆီယံအဖွဲ့၏ အကောင်းဆုံးမျှော်လင့်ချက်အဖြစ် ဆက်လက်ရှိနေသည်ဟု အာဆီယံ၏ ပူးတွဲထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“မြန်မာနိုင်ငံက နိုင်ငံရေးဆိုင်ရာ အကျပ်အတည်းကိုဖြေရှင်းဖို့ ဘုံသဘောတူညီချက်ငါးရပ်ဟာ ကျွန်တော်တို့ရဲ့အဓိက ရည်ညွှန်းချက်အဖြစ် ဆက်လက်ရှိနေပါတယ်ဆိုတဲ့ ကျွန်တော်တို့ရဲ့ တညီတညွတ်တည်း သဘောထားရပ်တည်ချက်ကို ကျွန်တော်တို့ ထပ်လောင်းအတည်ပြုပါတယ်”ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီးနဲ့ပစ်တာတွေ၊ ပြည်သူ့ အိုးအိမ် ဖျက်ဆီးခံရတာတွေ အပါအဝင် အကြမ်းဖက်လုပ်ရပ်တွေကို ကျွန်တော်တို့ ပြင်းထန်စွာ ရှုတ်ချပါတယ်။ သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးက နှိုင်းနှိုင်းချိန်ချိန်မဟုတ်တဲ့ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်သွားစေဖို့နဲ့ ပိုမိုပြင်းထန်လာတဲ့ အကြမ်းဖက်မှုမှန်သမျှကို ရှုတ်ချဖို့ ချက်ချင်း ခိုင်ခိုင်မာမာဆောင်ရွက်ဖို့ တိုက်တွန်းပါတယ်”ဟု ဖော်ပြထားသည်။

လူသားချင်းစာနာမှု အကူအညီပေးရေးနှင့် အားလုံးပါဝင်သော တစ်နိုင်ငံလုံးအဆင့် စေ့စပ်ဆွေးနွေးရေးတို့အတွက် အထောက်အကူပြုသော ပတ်ဝန်းကျင် ဖန်တီးရန် မြန်မာ့အရေး၌ ပါဝင်နေသူအားလုံးကို တောင်းဆိုသည်ဟု ဖော်ပြထားသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန တုံ့ပြန်ချက်

အာဆီယံ၏ ပူးတွဲကြေညာချက်ပါ မြန်မာနိုင်ငံနှင့် ပတ်သက်သည့် အချက်အချို့အပေါ် ပယ်ချကြောင်းနှင့် ရှေ့လုပ်ငန်းစဉ်ငါးရပ်နှင့်အညီ ဒီမိုကရေစီပြန်လည်ဖော်ဆောင်ရေး၊ နိုင်ငံတည်ငြိမ်အေးချမ်းမှုရှိရေးတို့ကို ဆောင်ရွက်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင်၁၄ ရက်တွင် ထုတ်ပြန်သည်။

အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တွင် ဇူလိုင် ၁၁ ရက်တွင်ပြုလုပ်ခဲ့သည့် (၅၆) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး၌ ထုတ်ပြန်ခဲ့သည့် ပူးတွဲကြေညာချက်တွင် မြန်မာနိုင်ငံကိစ္စနှင့်ပတ်သက်၍ တစ်ဖက်သတ် မမျှမတ ဖော်ပြထားသည့် အချက်အလက်အချို့အတွက် စိတ်ပျက်မိသည်ကို မြန်မာအစိုးရကိုယ်စား ဖော်ပြအပ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

အဆိုပါ အာဆီယံ၏ပူးတွဲကြေညာချက်တွင် မြန်မာနိုင်ငံဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှု ခေါင်းစဉ်အောက်၌ သက်ဆိုင်ရာနိုင်ငံ၏ ငြိမ်းချမ်းသောနည်းဖြင့် စစ်မှန်သည့် ဒီမိုကရေစီနိုင်ငံ ထူထောင်ရေးကြိုးပမ်းနေမှုများနှင့် သဘောထားရပ်တည်ချက်များကို ထည့်သွင်းစဉ်းစားခြင်းမရှိဘဲ အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးအခြေအနေကို ဖော်ပြထားသည်ကို တွေ့ရှိကြောင်း  နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ ပူးတွဲကြေညာချက်အပါအဝင် မည်သည့်ထုတ်ပြန်ချက်တွင်မဆို နိုင်ငံတစ်နိုင်ငံအား သီးခြားပစ်မှတ်ထား၍ ယင်း၏ ပြည်တွင်းရေးကိစ္စကို ဖော်ပြမှုသည် အာဆီယံပဋိညာဉ်စာတမ်းတွင် ပြဋ္ဌာန်းထားသည့် ဝင်ရောက် မစွက်ဖက်ရေးမူနှင့် သွေဖည်နေသည့်အတွက် မြန်မာနိုင်ငံအနေဖြင့် မည်သည့်အခါကမျှ လက်ခံခြင်းမရှိဟု ထပ်မံဖော်ပြအပ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနကဆိုသည်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ ပူးတွဲကြေညာချက် (မူကြမ်း) အား ညှိနှိုင်းစဉ်က မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံအဖြစ် တာဝန်သိစွာဖြင့် ပါဝင်ဆွေးနွေးညှိနှိုင်းခဲ့ကြောင်း၊ သို့ရာတွင် ပူးတွဲကြေညာချက်ကို အပြီးသတ်ထုတ်ပြန်ကြေညာရာတွင် မြန်မာနိုင်ငံမှ အဆိုပြု ပြင်ဆင်ဖြည့်စွက်ထည့် သွင်းလိုသည့်အချက်များ၊ မြန်မာနိုင်ငံ၏ သဘောထားနှင့် စိုးရိမ်ပူပန်မှုများကို လျစ်လျူရှုခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်မှု တွင်ဖော်ပြထားသည်။    

ထို့ကြောင့် ယင်းအချက်များကို အခြေခံလျက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၏ ပူးတွဲကြေညာချက်တွင် ပါဝင်သည့် မြန်မာနိုင်ငံကိစ္စနှင့်ပတ်သက်သည့် အချို့အချက်များအပေါ် စိတ်ပျက်မိပြီး ယင်းဖော်ပြချက်များအား ပြတ်သားစွာပယ်ချလျက် ပါဝင်ပတ်သက်မှုမရှိသည်ကို ထပ်လောင်းဖော်ပြအပ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်မှုတွင်ဖော်ပြထားသည်။    

မြန်မာနိုင်ငံသည် ရှေ့လုပ်ငန်းစဉ်ငါးရပ်နှင့်အညီ ဒီမိုကရေစီပြန်လည်ဖော်ဆောင်ရေး၊ နိုင်ငံတည်ငြိမ်အေးချမ်းမှုရှိရေးတို့ကို ဆောင်ရွက်မည်ဖြစ်ကြောင်း ထပ်လောင်းအတည်ပြုသည်ဟုလည်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်မှုတွင် ဖော်ပြထားသည်။    

လက်ရှိတွင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသည် ပြီးဆုံးသွားပြီဖြစ်သည်။ မြန်မာ့အရေးနှင့်ပတ်သက်၍ အာဆီယံ ထိပ်သီးအစည်းအဝေး၊ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး ကျင်းပပြီးချိန်တွင် ပူးတွဲကြေညာချက် ထုတ်ပြန်ရာ၌ အမြဲတမ်းနီးပါး ထုတ်ပြန်ချက်များအပေါ် မြန်မာနိုင်ငံက ကန့်ကွက်ကြောင်း တုံ့ပြန်မှုများ ရှိခဲ့သည်။

ယခု ပြီးဆုံးခဲ့သည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအပြီး ထုတ်ပြန်သည့် ပူးတွဲကြေညာချက်ကိုလည်း မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက တုံ့ပြန်မှုရှိခဲ့သည်။

ထို့ပြင် အာဆီယံအစည်းအဝေးများသို့ မြန်မာနိုင်ငံ၏ နစက ခေါင်းဆောင်များကို တက်ရောက်ခြင်းမပြုရန် တားမြစ်ထားသည့်အတွက် အာဆီယံနှင့် မြန်မာနိုင်ငံအကြားတွင် အဖုအထစ်များ၊ မကျေလည်မှုများက အစိုင်အခဲကြီးမားလာသည်။

ထိုသို့သောအခြေအနေတွင် အာဆီယံအနေဖြင့် မြန်မာ့အရေးကို ကိုင်တွယ်ဖြေရှင်းရာ၌ အလုပ်မဖြစ်သေးသည့် အာဆီယံသဘောတူညီချက်ငါးရပ်အပေါ် ဆက်လက်ရပ်တည်နေသည့်အတွက် မြန်မာ့အရေးလေ့လာစောင့်ကြည့်နေသူများ၏ ဝေဖန်မှုများကိုလည်း ရင်ဆိုင်နေရဆဲဖြစ်သည်။