ဂီဗာဒီယိုလ်ကို ဂျာမန်စူပါဖလားပြိုင်ပွဲမတိုင်မီ ခေါ်ယူရန် မန်စီးတီးအား လိုက်ပ်ဇစ်အသင်း သတိပေးထားပြီး ကမ္ဘာ့စံချိန်တင် ပေါင် ၈၆ သန်းရမှသာ ရောင်းချဖွယ်ရှိ

ဂီဗာဒီယိုလ်ကို ဂျာမန်စူပါဖလားပြိုင်ပွဲမတိုင်မီ ခေါ်ယူရန် မန်စီးတီးအား လိုက်ပ်ဇစ်အသင်း သတိပေးထားပြီး ကမ္ဘာ့စံချိန်တင် ပေါင် ၈၆ သန်းရမှသာ ရောင်းချဖွယ်ရှိ
Photo: Sky Sports
Photo: Sky Sports
Published 30 July 2023

 

လိုက်ပ်ဇစ်အသင်းသည် ခရိုအေးရှား  ကြယ်ပွင့်နောက်ခံလူ ဂီဗာဒီယိုလ်ကို ဂျာမန် စူပါဖလားပြိုင်ပွဲမတိုင်မီ ခေါ်ယူရန် မန်စီးတီး အသင်းအား သတိပေးထားပြီး နောက်ခံလူများအတွက် ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၈၆ သန်းရရှိမှသာ ရောင်းချဖွယ်ရှိ ကြောင်း သိရသည်။

အသက် ၂၁ နှစ်သာရှိသေးသူ ဂီဗာဒီယိုလ်သည် ဥရောပ၏ အထွန်းတောက်ဆုံး လူငယ်တစ်ဦးအဖြစ် သတ်မှတ်ခံထားရပြီး ခံစစ်အတွင်းလူနေရာအပြင် ဘယ်နောက်ခံလူအဖြစ်ပါ ကစားနိုင်သူဖြစ်သည်။ 

မန်စီးတီး အသင်းအနေဖြင့် ဂီဗာဒီယိုလ်ကို ခေါ်ယူရန် သဘောတူညီမှုရရှိထားပြီး ပြီးခဲ့သည့်တစ်ပတ် ဗုဒ္ဓဟူးနေ့တွင် ပထမအဆင့် ဆေးစစ်မှု ပြုလုပ်ခဲ့ကြောင်း အပြောင်းအရွှေ့ကျွမ်းကျင်သူ အီတလီဂျာနယ်လစ် ဖာဘရီဇီယိုရိုမာနို၏ ရေးသားဖော်ပြမှုကို ကိုးကား၍ ဗြိတိန်သတင်းဌာနများစွာက ဖော်ပြခဲ့ကြသည်။

သို့သော် လိုက်ပ်ဇစ်အသင်းအားကစားဒါရိုက်တာ မက်စ်အီဘာလ်က အပြောင်းအရွှေ့အတွက် မန်စီးတီးအသင်းနှင့် သဘောတူညီမှုမရသေးကြောင်း ပြန်လည်ငြင်းဆန်ထားသည်။ အင်္ဂလန်အခြေစိုက် Manchester Evening News သတင်းစာကလည်း လိုက်ပ်ဇစ်အသင်းအနေဖြင့် သြဂုတ် ၁၂ ရက်ကစားမည့် ဂျာမန်စူပါဖလားပြိုင်ပွဲမတိုင်မီ ဂီဗာဒီယိုလ်ကို အပြီးသတ်ခေါ်ယူရန် မန်စီးတီး အသင်းအား သတိပေးထားကြောင်း ဖော်ပြခဲ့သည်။ 

လိုက်ပ်ဇစ်အသင်းသည် နွေရာသီအပြောင်းအရွှေ့ကာလမပိတ်ခင် ဂီဗာဒီယိုလ်၏နေရာ အစားထိုးမည့်ကစားသမားကို ပြန်လည်ခေါ်ယူရန် စီစဉ်ထားပြီး ဖီယင်နုအသင်း နောက်ခံလူ ဂီယာရီရူအီဒါနှင့် လိုင်ယွန်အသင်းနောက်ခံလူ လူကီဘာတို့ကို ပစ်မှတ် ထားနေသည်။ 

ဂီဗာဒီယိုလ်အတွက် မန်စီးတီးအသင်းက ပေါင် ၇၇ သန်းဖြင့် ကမ်းလှမ်းထားသော်လည်း လိုက်ပ်ဇစ်အသင်းက လက်မခံဘဲ ပယ်ချထားပြီး နောက်ခံလူများအတွက် ကမ္ဘာ့စံချိန်တင်အဖြစ် ပေါင် ၈၆ သန်း (ယူရို သန်း ၁၀၀) အထိရရှိမှသာ ရောင်းချဖွယ်ရှိနေသည်။

ဂီဗာဒီယိုလ်သည် ၂၀၂၁ ခုနှစ် နွေရာသီတွင် ခရိုအေးရှားကလပ် ဒိုင်နမိုဇာဂရက်အသင်းမှ လိုက်ပ်ဇစ်အသင်းသို့ရောက်ရှိလာသူဖြစ်ပြီး နှစ်ရာသီအတွင်း ပြိုင်ပွဲစုံ ၈၈ ပွဲကစား၊ ငါးဂိုးသွင်းယူကာ ဂျာမန်ဖလားချန်ပီယံဆုကို နှစ်နှစ်ဆက်တိုက် ရရှိထားသည်။ 

၎င်းသည် လိုက်ပ်ဇစ်အသင်းနှင့် ၂၀၂၇ ခုနှစ်အထိ သက်တမ်းတိုးစာချုပ် ချုပ်ဆိုထားပြီး စာချုပ်လျော်ကြေးတန်ဖိုး ယူရိုသန်း ၁၁၀ အဖြစ် ထည့်သွင်းထားသော်လည်း လာမည့် ၂၀၂၄ ခုနှစ်မှသာ စတင်အကျုံးဝင်မည်ဖြစ်ကြောင်း သိရသည်။ 

ဂီဗာဒီယိုလ်သည် လက်ရှိအချိန်တွင် လိုက်ပ်ဇစ်အသင်းနှင့်အတူ အီတလီနိုင်ငံသို့ ရောက်ရှိနေပြီး ရာသီကြိုပြင်ဆင်မှုများ ပြုလုပ်လျက်ရှိသည်။ ဂီဗာဒီယိုလ်သည် ခရိုအေးရှားအသင်းနှင့်လည်း ၂၀၂၂  ကမ္ဘာ့ဖလားပြိုင်ပွဲ၌ တတိယဆုရရှိထားသည်။

Most Read

Most Recent