လျှပ်စစ်သုံးယာဉ်များကို အမြတ်ရာခိုင်နှုန်း ၂၀ ထက် ပိုမိုရောင်းချခြင်းမပြုရန်နှင့် Pre Order ဖြင့် ကြိုတင်ရောင်းချခြင်းမပြုရန် ထုတ်ပြန်

လျှပ်စစ်သုံးယာဉ်များကို အမြတ်ရာခိုင်နှုန်း ၂၀ ထက် ပိုမိုရောင်းချခြင်းမပြုရန်နှင့် Pre Order ဖြင့် ကြိုတင်ရောင်းချခြင်းမပြုရန် ထုတ်ပြန်
Published 26 July 2023

လျှပ်စစ်သုံးယာဉ်များကို အမြတ်ရာခိုင်နှုန်း ၂၀ ထက် ပိုမိုရောင်းချခြင်းမပြုရန်နှင့် Pre Order ဖြင့် ကြိုတင်ရောင်းချခြင်းမပြုရန် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ရင်းနှီးမြှုပ်နှံမှုနှင့် တင်သွင်း၊ တင်ပို့၊ တပ်ဆင် ထုတ်လုပ်မှုမြှင့်တင်ရေးလုပ်ငန်းကော်မတီက ထုတ်ပြန်ထားသည်။

လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်ပစ္စည်းများ တင်သွင်းသည့် ကုမ္ပဏီများအနေဖြင့် လျှပ်စစ်သုံးယာဉ်များအား လူမှုကွန်ရက်များတွင်လည်းကောင်း၊ Show Room များတွင်လည်းကောင်း Pre Order ဖြင့် ရောင်းချနေကြောင်း သိရှိရသည်။

၂၀၂၃ ခုနှစ် ဧပြီနှင့် ဇွန်လများ၌ လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်ပစ္စည်းများ တင်သွင်းသည့် ကုမ္ပဏီများနှင့် တွေ့ဆုံညှိနှိုင်း အစည်းအဝေးများတွင် လျှပ်စစ်သုံးယာဉ်များ ပြန်လည်ရောင်းချရာ၌ CIF တန်ဖိုးအပေါ် အမြတ်ရာခိုင်နှုန်း ၂ဝထက် ပိုမိုရောင်းချခြင်းမပြုရန်၊ လူမှုကွန်ရက်တွင် ကြော်ငြာရောင်းချခြင်းမပြုရန်၊ မော်တော်ယာဉ်ရောက်ရှိခြင်းမရှိဘဲ Pre Order ဖြင့် ကြိုတင်ရောင်းချခြင်းမပြုရန် အသိပေးဆောင်ရွက်ခဲ့ပြီးဖြစ်သည်။

သို့ဖြစ်ရာ အထက်အပိုဒ် ၂ ပါ တားမြစ်ချက်များအပေါ် လိုက်နာဆောင်ရွက်ခြင်းမရှိပါက စီမံခန့်ခွဲမှုနည်းလမ်းအရ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်လက်မှတ် ပိတ်သိမ်းခြင်း၊ စားသုံးသူရေးရာဥပဒေအရအရေးယူခြင်းကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ရင်းနှီးမြှုပ်နှံမှုနှင့် တင်သွင်း၊ တင်ပို့၊ တပ်ဆင် ထုတ်လုပ်မှုမြှင့်တင်ရေးလုပ်ငန်းကော်မတီက ထုတ်ပြန်ထားသည်။

 

လျှပ်စစ်ကား (EV) များနှင့် အားသွင်းစက်(Charger)များ ဝယ်ယူအသုံးပြုရာတွင် စိတ်ကျေနပ်မှုမရှိခြင်းနှင့် နစ်နာဆုံးရှုံးမှုများရှိပါက တိုင်ကြားရန် စားသုံးသူရေးရာဦးစီးဌာနက အသိပေးကြေညာထားသည်။

စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးဥပဒေပြဋ္ဌာန်းချက်ပါ ရည်ရွယ်ချက်များနှင့်အညီ စားသုံးသူပြည်သူများအတွက် စားသုံးသူအခွင့်အရေးများ အပြည့်အဝရရှိစေရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေး၊ စိတ်ကျေနပ်မှုရရှိစေရေး၊ အာမခံချက်အပြည့်အဝရရှိစေရေးနှင့် နစ်နာဆုံးရှုံးမှုများအား ကုစားပေးရေးတို့ကို ဆောင်ရွက်ပေးလျက်ရှိသည်။

စားသုံးသူပြည်သူများ အလွယ်တကူ ဆက်သွယ်စုံစမ်းမေးမြန်နိုင်ရန်နှင့် တိုင်ကြားနိုင်ရန်အတွက် နေပြည်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ်များတွင် စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆော င်ရွက်ရေးစင်တာ(Consumer Information and Complaint Center - CICC)ရုံး ပေါင်း ၄၈ ရုံးကို ဖွင့်လှစ်ထားသည့်အပြင် Consumer Call Center ဖုန်းနံပါတ် ၁၅၃၅ သို့ ဆက်သွယ်ခေါ်ဆိုကာ စုံစမ်းမေးမြန်း ခြင်း၊ နစ်နာဆုံးရှုံးမှုများအတွက် တိုင်ကြားခြင်းတို့ကိုလည်း လက်ခံဆောင်ရွက်ပေးလျက်ရှိသည်။

သို့ဖြစ်ရာ လျှပ်စစ်ကားများ (Electric Vehicle - EV)နှင့် အားသွင်းစက်(Charger) များအား ဝယ်ယူသုံးစွဲရာတွင် စိတ်ကျေနပ်မှုမရှိခြင်းနှင့် နစ်နာဆုံးရှုံးမှုများရှိပါက စားသုံးသူရေးရာဦးစီးဌာန၏ Consumer Call Center ဖုန်းနံပါတ် ၁၅၃၅ သို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း စားသုံးသူရေးရာဦးစီးဌာနက အသိပေးကြေညာထားသည်။

နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့ကြီးများတွင် EV ယာဉ်များအား မြို့ပြလမ်းကွန်ရက်စနစ်များတွင် ပြေးဆွဲရာ၌ အဆင်ပြေစေရန် စီစဉ်ဆောင်ရွက်လျက်ရှိသကဲ့သို့ တစ်နိုင်ငံလုံးရှိ အဓိကလမ်းကွန်ရက်များတွင်ပါ ပြေးဆွဲနိုင်အောင် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံတွင် သဘာဝရုပ်ကြွင်းလောင်စာဆီသုံးစွဲမှုကိုလျှော့ချရန် လျှပ်စစ်ကားများ ပြေးဆွဲအသုံးပြုနိုင်ရေးအတွက် အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီ၏ လမ်းညွှန်မှုဖြင့် နေပြည်တော်တွင် လေးနေရာ၊ ရန်ကုန်မြို့တွင် ငါးနေရာ၊ မန္တလေးမြို့တွင် ငါးနေရာနှင့် ရန်ကုန်- မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ငါးနေရာ၊ စုစုပေါင်း ၁၉ နေရာကို Pilot Project အနေဖြင့် တာဝန်ခွဲဝေ၍အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ပြည်သူများ သွားလာရေးလွယ်ကူ အဆင်ပြေစေရန်နှင့် ကုန်ကျစရိတ်သက်သာစေရန်အတွက် လျှပ်စစ်သုံးယာဉ်များအား ၂၀၂၃ ခုနှစ် ဧပြီ ၁ ရက်မှစ၍ လမ်းအသုံးပြုခ ကင်းလွတ်ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent