မိမိတို့အသင်း ပြီးခဲ့သည့်ရာသီထက်တိုးတက်မှုများစွာရှိလာနိုင်ပြီး ဟော်လန်းလည်း လာမည့်ရာသီ၌ ပိုကောင်းလာမည်ဟု ဂွါဒီယိုလာ ဆို

မိမိတို့အသင်း ပြီးခဲ့သည့်ရာသီထက်တိုးတက်မှုများစွာရှိလာနိုင်ပြီး ဟော်လန်းလည်း လာမည့်ရာသီ၌ ပိုကောင်းလာမည်ဟု ဂွါဒီယိုလာ ဆို
Photo : Getty Images
Photo : Getty Images
Published 24 July 2023

မန်စီးတီးအသင်း၏နည်းပြ ဂွါဒီယိုလာက မိမိတို့အသင်းသည် ဖလားသုံးလုံးအောင်ပွဲရရှိခဲ့သော ပြီးခဲ့သည့်ရာသီထက် တိုးတက်မှုများစွာရှိလာနိုင်ပြီး တိုက်စစ်မှူး ဟော်လန်းမှာလည်း လာမည့်ရာသီ၌ ပိုကောင်းလာမည်ဟု ပြောကြားခဲ့သည်။

မန်စီးတီးအသင်းသည် ပြီးခဲ့သည့်တနင်္ဂနွေနေ့တွင် ယခုနွေရာသီအတွက် ပထမဆုံးရာသီကြိုခြေစမ်းပွဲအဖြစ် ဂျပန်ကလပ် ယိုကိုဟားမားမာရီနို့စ်အသင်းနှင့် ယှဉ်ပြိုင်ကစားရာ (၅-၃)ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ယင်းပွဲအပြီးတွင် ဂွါဒီယိုလာက အသင်း၏အခြေအနေကို သုံးသပ်မှုပြုလုပ်ခဲ့ခြင်းဖြစ်သည်။

"ဒါဟာ ကောင်းမွန်တဲ့ စမ်းသပ်မှုတစ်ခုပါ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ ပြင်ဆင်ချိန် လုံလုံလောက်လောက် မရခဲ့လို့ပါ။ ယိုကိုဟားမားအသင်း တိုက်စစ်ခံစစ်အကူးအပြောင်းလုပ်ပြီး ကစားတာ တကယ်ကောင်းပါတယ်။ အဲဒါဟာ ကျွန်တော်တို့အတွက်လည်း ကောင်းပါတယ်။ ကျွန်တော်တို့ တိုးတက်မှုများစွာ ရှိလာနိုင်ပါတယ်။ ဒီပွဲမှာ ဒဏ်ရာရတဲ့သူ တစ်ယောက်မှမရှိခဲ့တာလည်း အရေးအကြီးအဆုံးအရာပါပဲ။ ကျွန်တော်တို့ အခု အနားယူပြီးရင် ဘိုင်ယန်မြူးနစ်နဲ့ပွဲအတွက် ပြင်ဆင်သွားမှာပါ" ဟု ဂွါဒီယိုလာက ပြောကြားခဲ့သည်။ မန်စီးတီးအသင်းသည် ဒုတိယမြောက်ရာသီကြိုခြေစမ်းပွဲအဖြစ် ဘိုင်ယန်မြူးနစ်အသင်းနှင့် ဂျပန်နိုင်ငံတွင် ဆက်လက်ယှဉ် ပြိုင်သွားမည်ဖြစ်ပြီး ယင်းပွဲပြီးလျှင် ကိုရီးယားနိုင်ငံသို့ ထွက်ခွာမည်ဖြစ်သည်။

ယိုကိုဟားမားနှင့်ပွဲတွင် မန်စီးတီးအသင်းသည် ဦး ဆောင်ဂိုးနှစ်ဂိုးပေးခဲ့ရပြီး ပထမပိုင်း၌ (၂-၂)ဂိုးဖြင့် သရေကျခဲ့သည်။ တိုက်စစ်မှူး ဟော်လန်းက ဒုတိယပိုင်းမှ ဝင်ရောက်ကစားခဲ့ခြင်းဖြစ်ပြီး အသင်းအတွက် တတိယမြောက်နှင့် ပဉ္စမမြောက်ဂိုးများ သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ ဟော်လန်း၏ ခြေစွမ်းနှင့်ပတ်သက်၍ ဂွါဒီယိုလာက "ဒီကာလမှာ ပြီးခဲ့တဲ့ ရာသီနဲ့ နှိုင်းယှဉ်ရင် သူပိုပြီး အသင်းနဲ့ အံဝင်ခွင်ကျဖြစ်လာပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ သူ့ကို ဒီလိုပုံစံမျိုး ဖြစ်စေချင်ခဲ့တာပါ။ သူ့ကို ပုံစံကောင်းနဲ့ မြင်တွေ့ရပါတယ်။ ဒါပေမဲ့ သူက အကောင်းဆုံးအနေအထားရဲ့ အဝေးမှာသာ ရှိနေပါသေးတယ်။ သူ ဘာတွေလုပ်နိုင်သလဲဆိုတာ ကျွန်တော်တို့ သေသေချာချာ သိထားပါတယ်။ လာမယ့် သီတင်းပတ်အနည်းငယ်အတွင်းမှာ သူ ပိုကောင်းလာပါလိမ့်မယ်။ သူ့အတွက် အရေးအပါဆုံးကတော့ ပထမဆုံးပွဲမှာ နှစ်ဂိုးသွင်းနိုင်ခဲ့တာပါပဲ။ ဘာကြောင့် လဲဆိုတော့ ပြီးခဲ့တဲ့နှစ်တုန်းက မသွင်းနိုင်ခဲ့လို့ပါ"ဟု ပြော ကြားခဲ့သည်။

ဟော်လန်းသည် ပြီးခဲ့သည့်နှစ် နွေရာသီတွင် မန်စီးတီးအသင်းသို့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး ပထမဆုံးပါဝင်ကစားသည့်ခြေစမ်းပွဲ၌ တစ်ဂိုးသာ သွင်းယူနိုင်ခဲ့သော်လည်း ပြီးခဲ့သည့်ရာသီ၌ ပြိုင်ပွဲစုံ(၅၃)ပွဲကစားရာတွင် (၅၂)ဂိုးသွင်း ယူနိုင်ခဲ့သည်။ ထို့ပြင် ပရီးမီးယားလိဂ်နှင့် ချန်ပီယံလိဂ်ပြိုင်ပွဲတို့တွင် ဂိုးသွင်းဘုရင်ဆုများရရှိခဲ့သည်။ ပရီးမီးယားလိဂ်ဂိုးသွင်း ဘုရင်ဆုကို သွင်းဂိုးအများဆုံးဖြင့်ရယူနိုင်သော စံချိန်သစ်လည်း တင်နိုင်ခဲ့သည်။ ထို့ကြောင့် လက်ရှိဘောလုံးလောက၏ အကောင်းဆုံးတိုက်စစ်မှူးတစ်ဦးအဖြစ် ချီးကျူးခံခဲ့ရသော်လည်း ဂွါဒီယိုလာက လာမည့်ရာသီ၌ ပိုကောင်းလာဦးမည်ဟု ညွှန်းဆိုခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent