တောင်ဆူဒန်မှ ဇင်ဘာဘွေ မိုင်းရှင်းလုပ်သားတစ်ဦး၏ အတွေ့အကြုံ

တောင်ဆူဒန်မှ ဇင်ဘာဘွေ မိုင်းရှင်းလုပ်သားတစ်ဦး၏ အတွေ့အကြုံ
Photo: AP
Photo: AP
Published 18 July 2023
TRANSLATED- မေသုတ

​၂၀၁၁ ခုနှစ် ဇွန်လတွင် တောင်ဆူဒန်မှ ခေါ်ယူသည့် အလုပ်တာဝန်တစ်ခုအတွက် ၎င်းအား ဖုန်းဆက်ခေါ်ခဲ့ချိန်တွင် ဂျော့တာဝန်ဝါသည် မတွန့်ဆုတ်ဘဲ လက်ခံခဲ့သည်။ဇင်ဘာဘွေနိုင်ငံ၏ မြို့တော် ဟာရာရီတွင် အခြေချနေထိုင်သည့် မိုင်းနှင့်ပေါက်ကွဲစေတတ်သော လက်နက်များ ဖယ်ရှားရေး ကျွမ်းကျင်သူ တာဝန်ဝါက ယင်းအလုပ်သည် ပုံမှန်အတိုင်းပင် အန္တရာယ်ရှိလိမ့်မည်ကို သိရှိထားသည်။

မြေမြှုပ်မိုင်းများရှင်းလင်းရန် သူ့အားပထမဆုံးခေါ်ယူမှုသည် ၁၉၉၈ ခုနှစ်ကဖြစ်ပြီး ၎င်း၏ဇာတိ ဇင်ဘာဘွေနိုင်ငံ၏ အိမ်နီးချင်း မိုဇမ်ဘစ်နိုင်ငံမှဖြစ်သည်။

ရီနာမိုသူပုန်များနှင့် မိုဇမ်ဘစ်စစ်တပ်တို့ကြား ရက်စက်ကြမ်းကြုတ်သော ၁၅ နှစ်ကြာ ပြည်တွင်းစစ်ကိုအဆုံးသတ်ခဲ့သည့် ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုပြီး ခြောက်နှစ်အကြာတွင်ဖြစ်သည်။ သူသည် မိုင်းရှင်းလင်းရေး ကျွမ်းကျင်သူအဖွဲ့တစ်ဖွဲ့နှင့် ပူးပေါင်းပြီး မိုင်းများကို ရှင်းလင်းရန်အတွက် အာဖရိကတောင် ပိုင်းနိုင်ငံအသီးသီးသို့ ရောက်ရှိခဲ့သည်။

ယင်းအချိန်မှစပြီး တာဝန်ဝါ (အသက် ၄၇ နှစ်)သည်  ၎င်း၏ အသက်အန္တရာယ်အတွက် အာမခံချက်မရှိသည့်အခြေအနေနှင့်အတူ အီရတ်၊ လက်ဘနွန်နှင့် အာဖဂန်နစ္စတန်အထိ နေရာတိုင်းသို့ သွားရောက်ခဲ့သည်။

“ဒီအလုပ်နဲ့ဆိုရင် အမြဲတမ်းအန္တရာယ် ရှိတယ်”ဟု ၎င်းက Al jazeera သတင်းဌာနကို ပြောကြားခဲ့သည်။

​ပြီးခဲ့သည့်နှစ်ပေါင်း ၂၀ ​​ကျော်အတွင်း ဇင်ဘာဘွေတွင် နေထိုင်သည့် သန်းနှင့်ချီသည့် ပြည်သူများ၏ဘဝသည် မရေရာမှုများနှင့် ပြည့်နှက်နေသည်။

၂၀၀၀ ပြည့်နှစ်က အငြင်းပွားဖွယ် မြေယာပြုပြင်ပြောင်းလဲမှုများကြောင့် လယ်ယာထွက်ကုန်များထိခိုက်ပြီး မကြုံစဖူး စီးပွားရေးကျဆင်းမှုကို ဖြစ်ပေါ်စေခဲ့သဖြင့် အလုပ်လက်မဲ့နှုန်းသည် ယနေ့ထက်တိုင် များပြားနေ ဆဲဖြစ်သည်။

အလွန်ဆိုးရွားသည့် ငွေကြေးဖောင်းပွမှုသည် စံချိန်တင်အဆင့်များအထိ မြင့်တက်ခဲ့ပြီး ၂၀၀၉ ခုနှစ် နိုဝင်ဘာလတွင် လအလိုက် ငွေကြေးဖောင်းပွမှုနှုန်းသည် ၇၉ ဒသမ ၆ ဘီလျံရာခိုင်နှုန်းအထိ အမြင့်ဆုံးအခြေအနေသို့ ရောက်ရှိခဲ့သည်။

ထိုအချိန်မှစ၍ လူအများအပြားသည် တရားမဝင်အလုပ်အကိုင်များကို လုပ်ကိုင်ခဲ့ကြပြီး မိမိနှင့် သင့်လျော်သောအလုပ်အကိုင်အနည်းငယ်ကို ရရှိရေးသည် ယခုအခါတွင် ဆုလာဘ်တစ်ခုကဲ့သို့ဖြစ်နေကာ ကျောင်းဆရာများနှင့် ဆေးဘက်ဆိုင်ရာဝန်ထမ်းများသည် လနှင့်ချီကြာမြင့်နေသည့် လစာငွေများကို ရရှိရန် စောင်းဆိုင်းနေရသော်လည်း အခြားရွေးချယ်စရာမရှိသောကြောင့် ယင်းအလုပ်များကို ဆက်လက်လုပ်ကိုင်နေရသည်။

ဇင်ဘာဘွေနိုင်ငံသား နှစ်သန်းကျော်သည် ပိုမိုကောင်းမွန်သော အခွင့်အလမ်းများရရှိရန် နိုင်ငံအရွယ်အစားပိုမိုကြီးမားပြီး ပိုမိုတိုးတက်သော တောင်အာဖရိကနိုင်ငံသို့ ထွက်ပြေးခဲ့ကြသည်။

နောက်ထပ် ဇင်ဘာဘွေနိုင်ငံသား တစ်သန်းခန့်သည် အာဖရိကတိုက်မှ လုံးလုံးလျား လျားထွက်ခွာသွားသည်ဟု ခန့်မှန်းရသည်။

“ရာသီဥတုပြောင်းလဲမှုနဲ့ လူမှုစီးပွားရေးဖိအားတွေကြောင့် ရွှေ့ပြောင်းနေထိုင်မှုဟာ ဇင်ဘာဘွေနိုင်ငံသားတွေအတွက် အကောင်းဆုံးဖြေရှင်းမှုယန္တရားတစ်ခု ဖြစ်လာခဲ့ပါတယ်”ဟု  နိုင်ငံတကာရွှေ့ပြောင်းနေထိုင် သူများဆိုင်ရာအဖွဲ့ (IOM)၏ ဇင်ဘာဘွေ မစ်ရှင်အကြီးအကဲ မာရီယို မာလန်ကာက Al Jazeera ကို ပြောကြားခဲ့သည်။

တာဝန်ဝါအတွက်မူ မိုင်းရှင်းလင်းရေးအလုပ်သည် အန္တရာယ်များသော်လည်း လစာကောင်းသဖြင့် ယင်းအလုပ်ကို လုပ်ကိုင်ရန် တွန့်ဆုတ်ခဲ့ခြင်း မရှိပေ။

“၁၉၉၀ ပြည့်နှစ် နှောင်းပိုင်းတွေတုန်းက ကျွန်တော်တို့ မိုင်းရှင်းလင်းရေးအလုပ်ကို စလုပ်ခဲ့ချိန်မှာ အဲဒီအချိန်က မိုင်းရှင်းလင်းရေး လုပ်သားတွေရဲ့လစာဟာ ဇင်ဘာဘွေမှာရှိတဲ့ ကျွမ်းကျင်ပညာရှင်လုပ်သားတွေရဲ့ လစာ ထက် ၁၀ ဆပိုများပြီး အဲဒါဟာ ကျွန်တော့်အတွက် ဒီအလုပ်ကိုလုပ်ဖို့ ပထမဆုံးဆွဲဆောင် မှုတစ်ခုဖြစ်ခဲ့ပါတယ်”ဟု ၎င်းက Al Jazeera ကို ပြောကြားခဲ့သည်။

၂၀၁၁ ခုနှစ် ဇူလိုင်လတွင် တောင်ဆူဒန်သည် ဆယ်စုနှစ်နှစ်ခုကြာ စစ်ပွဲအပြီးတွင် ဆူဒန်ထံမှ လွတ်လပ်ရေး ရရှိခဲ့သည်။ အာဖရိက၏ အရှည်ကြာဆုံး ပဋိပက္ခတွင် လူနှစ်သန်းခန့် သေဆုံးခဲ့သည်။ လွတ်လပ်ရေးရပြီးသည့် တိုင် တောင်ဆူဒန်နိုင်ငံတွင် အာဏာခွဲဝေရေးသဘောတူညီချက်ကို လိုက်နာမှုမရှိသဖြင့် နောက်ထပ်အကျပ်အတည်းအတွင်းသို့ ထိုးဆင်းသွားခဲ့သည်။

တောင်ဆူဒန်၏ နေရာအများအပြားတွင် ဗုံးများ၊ လက်လုပ်၊ မြေမြှုပ်မိုင်းများ၊ ဖောက်ခွဲရေးပစ္စည်းများ (IED) နှင့် အခြားအန္တရာယ်ရှိသောပစ္စည်းများ ရှိနေဆဲဖြစ်ပြီး ယင်းသည် လက်နက်ကိုင်အကြမ်းဖက်မှု၊ သဘာဝဘေးအန္တရာယ်နှင့် ငတ်မွတ်ခေါင်း ပါးမှုများနှင့် ရင်ဆိုင်နေကြရသော လူဦးရေအတွက် နောက်ထပ်အန္တရာယ်တစ်ခုဖြစ်သည်။

တာဝန်ဝါ၏အလုပ်မှာ ကုလသမဂ္ဂ မိုင်းရှင်းလင်းရေးအဖွဲ့ (UNMAS) အတွက် ကုလသမဂ္ဂပရောဂျက်ဝန်ဆောင်မှုများဆိုင်ရာရုံး (UNOPS)က စာချုပ်ချုပ်ထားသော ကုမ္ပဏီတစ်ခုအတွက် မပေါက်ကွဲသေးသောပစ္စည်းများနှင့် ဆက်စပ်နေသော အန္တရာယ်များကို ဖော်ထုတ်ခြင်း၊ အကဲဖြတ်ခြင်းနှင့် ခွဲ ခြားသတ်မှတ်ခြင်းတို့ လုပ်ဆောင်နေသည့် EDO အဖွဲ့၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။

UNMAS သည် တောင်ဆူဒန်တွင် ဖောက်ခွဲရေးပစ္စည်း တစ်သန်းကျော်ကို အောင်မြင်စွာဖယ်ရှားနိုင်ခဲ့ကြောင်း ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ အေဂျင်စီက ၂၀၂၂ ခုနှစ် ဇွန်လတွင် သတင်းထုတ်ပြန်ခဲ့သည်။ ၎င်းတို့အနက် မိုင်း ၄၀,၁၂၁ လုံး၊ ကလပ်စတာဗုံး ၇၆,၈၇၉ လုံးနှင့် အခြားမပေါက်ကွဲသေးသည့်ပစ္စည်း ၉၇၄,၉၆၈ လုံး တို့ ပါဝင်သည်။

မိုင်းနှင့်ဆက်စပ်သည့် အန္တရာယ်များအပြင် မိုင်းရှင်းလုပ်သားများသည် နိုင်ငံအတွင်း၌ လှုပ်ရှားနေသည့် လက်နက်ကိုင်များ၊ ပြည်သူ့စစ်များနှင့်လည်း အဆင်ပြေသလို ဆက်ဆံနေရသည်။

“ကျွန်တော်တို့သွားတဲ့ နေရာတိုင်းမှာ လက်နက်ကိုင်သေနတ်သမားတွေ၊ ပြည်သူ့စစ်တွေနဲ့ တွေ့ပြီး သူတို့က နှောင့်ယှက်ပိတ်ဆို့မှုတွေကို မကြာခဏလုပ်လေ့ရှိပါတယ်။ သူတို့ကို ကျော်ဖြတ်ဖို့ စေ့စပ်ညှိနှိုင်းတာတွေ လုပ်ရပါတယ်”ဟု တာဝန်ဝါက Al Jazeera ကို ပြောကြားခဲ့သည်။

“လမ်းတွေပေါ်မှာ တင့်ကားဖျက်မိုင်းနဲ့ စစ်တပ်ကို ပစ်မှတ်ထားတဲ့မိုင်းတွေရဲ့ အန္တရာယ်က အမြဲရှိနေတယ်။ ​​ဒီအန္တရာယ်တွေကို ရှောင်လို့လဲမရပါဘူး”ဟု ၎င်းက ပြောကြားခဲ့သည်။

၂၀၁၁ ခုနှစ် ဇူလိုင်လ ၉ ရက်နေ့တွင် တောင်ဆူဒန်၏ လွတ်လပ်ရေးနေ့အခမ်းအနားမတိုင်မီတွင် မြို့တော် ဂျူဘာရှိ အခမ်းအနားကျင်းပရာနေရာဖြစ်သော အောင်ပွဲခံရင်ပြင်အနီးရှိ အဆောက်အအုံတစ်ခုတွင် ကြီး မားသောပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သည်။ ပေါက်ကွဲမှု၏အကြောင်းရင်းမှာ စစ်ဘက်သုံးလက်နက်များနှင့် ဖောက်ခွဲရေးပစ္စည်းများ သိုလှောင်သည့် ဘန်ကာတွင် ပေါက်ကွဲမှုများ ဖြစ်ပွားခြင်းကြောင့် ဖြစ်သည်။

“အောင်ပွဲခံ ရင်ပြင်ဘေးက ဘန်ကာကို ရှင်းခဲ့ရတယ်။ အဲဒီမှာ မပေါက်ကွဲသေးတဲ့ ကျည်ဆန်တွေနဲ့ ဒုံးကျည်တွေကို ရှင်းပစ်ရတဲ့အဖွဲ့ဝင် နှစ်ယောက်ထဲမှာ ကျွန်တော် ပါဝင်ခဲ့ပါတယ်။ ရက်ပိုင်းအတွင်း လွတ်လပ်ရေးအခမ်းအနား စတင်တော့မှာကြောင့်  ရှင်းလင်းရေးကို အလျင်အမြန်လုပ်ခဲ့ရတယ်”ဟု တာ ဝန်ဝါက ပြောကြားခဲ့သည်။

ဘန်ကာအတွင်းရှိ  အမြောက်ကျည်များ၊ လက်နက်ထိပ်ဖူးများနှင့် အခြားမပေါက်ကွဲ သေးသောလက်နက် (UXO)များကို ရှင်းလင်းခဲ့ရသည်ဟု ၎င်းက ဆိုသည်။

ယင်းပစ္စည်းများကို ထရပ်ကားဖြင့် သယ်ဆောင်ပြီး ဖျက်ဆီးရေးစခန်းဆီ ပို့ဆောင်ပေးခဲ့ရကာ အဆိုပါလုပ်ငန်းစဉ်အတွင်း မတော်တဆမှုကြောင့် မိုင်းရှင်းလုပ်သားနှစ်ဦးသေဆုံးခဲ့သည်ဟု တာဝန်ဝါက ပြောကြားခဲ့သည်။

ဂျူဘာ မိုင်းရှင်းလုပ်ငန်းအပြီးတွင် တာဝန်ဝါသည် ဂျူဘာနှင့် ကီလိုမီတာ ၆၀ ခန့် ဝေးသော ၀ါအူမြို့သို့ ရောက်ရှိခဲ့သည်။ သူသည် စိန်ခေါ်မှုများ ပြည့်နေပြီး အခြေခံလို အပ်ချက်များစွာ ရှိနေသည့် ယင်းမြို့တွင် စ ခန်းချသည့် တဲအိမ်များအတွင်း အိပ်စက်ခဲ့ရသည်။

စစ်ပွဲသည် လူမျိုးစု ၆၅ မျိုး ရှိသည့် တောင်ဆူဒန်တွင် လူမျိုးရေးတင်းမာမှုများကို ပိုမိုဆိုးရွားစေခဲ့သည်။

“ကျွန်တော်က လူမျိုးစုအများအပြားပါဝင်တဲ့ အဖွဲ့ကို ဖွဲ့စည်းခဲ့ပေမဲ့လည်း ဒါကအဆင်မပြေပါဘူး။ ဒေသတစ်ခုမှာရှိနေတဲ့ လူမျိုးစုတွေဆီကိုရောက်ရင် အဖွဲ့ထဲက တခြားလူမျိုးစုတွေအတွက် အန္တရာယ်တစ်ခုလို ဖြစ်နေခဲ့ပါတယ်”ဟု တာဝန်ဝါက ပြောကြားခဲ့သည်။

ထို့ကြောင့် ဒေသတစ်ခုတွင် နေထိုင်သည့်လူမျိုးစုထဲမှ မိုင်းရှင်းလုပ်သားများသည် သူတို့နှင့်မတည့်သည့် အခြားလူမျိုးစုများနေထိုင်သည့်ဒေသသို့ သွားရောက်ပြီး မိုင်းများရှင်းလင်းရန် ငြင်းဆန်ခဲ့ကြသည်ဟု ၎င်းက ဆိုသည်။

တစ်ခါက လက်နက်ကိုင်များသည် ၀ါအူမြို့ရှိ မိုင်းရှင်းလုပ်သားများ၏ စခန်းတစ်ခုကို တိုက်ခိုက်ပြီး ငွေနှင့် အဖိုးတန်ပစ္စည်းများကို ယူဆောင်ကာ မိုင်းရှင်းလုပ်သားများကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

အခြားဖြစ်ရပ်တစ်ခုတွင် ၀ါအူမြို့သို့ သွားရောက်သည့် မိုင်းရှင်းလုပ်သားများ လိုက်ပါလာသည့် ယာဉ်တန်းထဲမှ ယာဉ်တစ်စီးသည် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရသည်။

“ကံကောင်းတာက တိုက်ခိုက်ခံရတဲ့ ကားပေါ်မှာ လိုက်ပါလာသူတွေ အကုန်လုံးကျည်မထိခဲ့ဘူး”ဟု တာဝန်ဝါက ပြောသည်။

ထို့နောက် ချေမှုန်းရေးရိုင်ဖယ်သေနတ်များကိုင်ဆောင်ထားသည့် လက်နက်ကိုင်များ ပေါ်ထွက်လာပြီးယာဉ်တန်းထဲမှ အခြားယာဉ်များကို လုယက်ခဲ့ကာ မိုင်းရှင်းလုပ်သား ခုနစ်ဦးကိုပြန်ပေးဆွဲပြီး လေးဘီးယက် ကားသုံးစီးကို ပြန်ပေးဆွဲကာ ထွက်ပြေးသွားခဲ့သည်။ ပြန်ပေးဆွဲခံရသော မိုင်းရှင်းလုပ်သားများကို သီတင်းတစ်ပတ်ကြာ ထိန်းသိမ်းထားခဲ့ပြီး သူပုန်များနှင့် အောင်မြင်စွာစေ့စပ်ညှိနှိုင်းပြီး နောက် လွတ်မြောက်လာခဲ့သည်ဟု တာဝန်ဝါက ပြောကြားခဲ့သည်။

မိုင်းရှင်းလုပ်သားတစ်ဦးအနေနှင့် ယင်းကဲ့သို့ ထိတ်လန့်ကြောက်မက်ဖွယ်ကောင်းသည့်ဖြစ်စဉ်များနှင့် ကြုံတွေ့ခဲ့ရသော်လည်း ပီတိဖြစ်ရသည့် အချိန်များလည်းရှိခဲ့သည်ဟု တာဝန်ဝါက ဆိုသည်။

“တစ်ချိန်တုန်းက ဘယ်သူမှမသွားရဲတဲ့ မိုင်းတွေရှိနေတဲ့ကွင်းပြင်တစ်ခုကို ကျွန်တော်တို့ ဝင်ပြီး ရှင်းလင်းပေးခဲ့ပါတယ်။ အခုတော့ အဲဒီကွင်းပြင်ထဲမှာ ကလေးတွေ ဘောလုံးကစားနေတာကို တွေ့ခဲ့ရပါတယ်။ အဲဒီလိုမြင် ကွင်းမျိုးတွေဟာ ကျွန်တော်တို့လို မိုင်းရှင်းလုပ်သားတွေအတွက် ပီတိဖြစ်စရာပါပဲ”ဟု တာဝန်ဝါက ပြောကြားခဲ့သည်။

Ref: Al Jazeera

Most Read

Most Recent