မြိတ်မြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သစ်ပင်လဲကျမှုများဖြစ်ပွားပြီး အုန်းပင်ပိ၍ အမျိုးသားတစ်ဦး သေဆုံး

မြိတ်မြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သစ်ပင်လဲကျမှုများဖြစ်ပွားပြီး အုန်းပင်ပိ၍ အမျိုးသားတစ်ဦး သေဆုံး
Published 18 July 2023

မြိတ်မြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး သစ်ပင်လဲကျမှုများဖြစ်ပေါ်ကာ လူတစ်ဦး အုန်းပင်ပိကာ သေဆုံးခဲ့ကြောင်း သိရသည်။

မြိတ်မြို့တွင် ဇူလိုင် ၁၈ ရက်က လေပြင်း တိုက်ခိုက်ကာ မိုးသည်းထန်စွာရွာသွန်းပြီး သစ်ပင်များလဲပြိုကျခဲ့ရာမှ အမျိုးသားတစ်ဦး အုန်းပင်ပိကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ မြိတ်မြို့နယ် ကလွင်ကျေးရွာအုပ်စု ရှားတောဝရပ် နဂါးရာဇ်တောင်လမ်းအနီးတွင် ဇူလိုင် ၁၈ ရက် နံနက်ပိုင်းက အုန်းပင်တစ်ပင်လဲကျလာရာ အနီးတွင်ရှိနေသည့် ဦးသန်းဇော်ဆိုသူအား အုန်းပင်ပိမိကာ နေရာတွင် သေဆုံးခဲ့ကြောင်း သိရသည်။

“ဒီနေ့မနက်ပိုင်းက လေရောမိုးပါ သည်းသည်းမဲမဲရွာချလိုက်တယ်။ မိုးရွာချိန်က ခဏလေးပဲဖြစ်ပေမဲ့ နေရာတချို့မှာသစ်ပင်တွေ လဲကျတာတွေ ဖြစ်ခဲ့တယ်။ နေအိမ်တချို့ အမိုးလန်တာတွေဖြစ်ခဲ့တယ်။ ကလွင်ရွာဘက်မှာလည်း အုန်းပင်တစ်ပင်အရှိန်နဲ့ လဲကျလာပြီး လူတစ်ဦးအုန်းပင်ပိ သေဆုံးခဲ့တယ်” ဟု ဒေသခံတစ်ဦးက ပြောကြားသည်။

အုန်းပင်ပိပြီးသေဆုံးခဲ့သည့် ဦးသန်းဇော် (၅၅ နှစ်)၊ ကွမ်းခြံစိုက်ပျိုးသူအား ပါရမီနာရေးကူညီမှုအသင်းက အမှတ် ၅ ခုတင် ၁၀၀ ဆံ့ တပ်မတော်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီးအတွင်း ယခုရက်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းပြီး ပင်လယ်ပြင်တွင်လည်း လှိုင်းလေပြင်းထန်နေကြောင်း သိရသည်။ ကော့သောင်းမြို့တွင်လည်း မိုးသည်းထန်စွာရွာသွန်းသည့်အတွက် မြေနိမ့်ပိုင်းနေရာတချို့တွင် ရေကျော်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent