မွန်ပြည်နယ် မုဒုံမြို့နယ်အတွင်း ဇူလိုင် ၁၇ ရက် နံနက် ၉ နာရီခွဲမှ ဇူလိုင် ၁၈ ရက် နံနက် ၉ နာရီခွဲအတွင်း မိုးရေချိန် ၉ ဒသမ ၆၅ လက်မရွာသွန်းထားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။
အလားတူ မွန်ပြည်နယ် ရေးမြို့နယ်အတွင်း မိုးရေချိန် ၉ ဒသမ ၀၅ လက်မ၊ ကျိုက်မရောမြို့နယ်အတွင်း မိုးရေချိန် ၅ ဒသမ ၅၁ လက်မ၊ မော်လမြိုင်မြို့နယ်အတွင်း ၅ ဒသမ ၃၉ လက်မ ချောင်းဆုံမြို့နယ်အတွင်း ၄ ဒသမ ၇၂ လက်မ၊ ကျိုက္ခမီမြို့တွင် ၃ ဒသမ ၃၀ လက်မနှင့် ပေါင်မြို့နယ်အတွင်း ၂ ဒသမ ၉၁ လက်မ ရွာသွန်းခဲ့ကြောင်း သိရသည်။
ထို့အတွက်ကြောင့် မုဒုံမြို့နယ်၊ ရေးမြို့နယ်နှင့် သံဖြူဇရပ်မြို့နယ်များအတွင်းရှိ အချို့ဒေသများတွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်နေကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။
လက်ရှိတွင် ရေးမြို့နယ် ဟံဂံကျေးရွာ၊ မုဒုံမြို့နယ် နှီးပဒေါကျေးရွာ အနိမ့်ပိုင်းနေရာများနှင့် သံဖြူဇရပ်မြို့ပေါ်ရပ်ကွက်များဖြစ်သည့် ဖောင်စိန်၊ ကျောင်းပိုင်း၊ စက်သစ်ပိုင်း၊ အောင်မင်္ဂလာရပ်ကွက်၊ အောင်ကုသိုလ်ရပ်ကွက်များအတွင်း ရေကြီးရေလျှံမှုများဖြစ်ပေါ်နေကြောင်း သိရသည်။
“မုဒုံ မြို့မ (၄) ရပ်ကွက် အုတ်ကျင်းရပ်ဘက်မှာ ရေတွေတက်လာလို့ လူနဲ့ ပစ္စည်းတချို့ကို ပြောင်းရွှေ့ပေးရခဲ့ရပါတယ်။ ကယ်ဆယ်ရေးစခန်းဖွင့်ရတဲ့အခြေအနေမျိုးတော့ မရှိသေးဘူး။ ဒါပေမဲ့ မိုးဆက်ရွာနေမယ်ဆိုရင်တော့ ထမင်းထုပ်တော့ လိုက်ကမ်းရမယ်ထင်တယ်” ဟု မုဒုံမြို့မှ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။
ထို့ပြင် သံဖြူဇရပ်မြို့နယ်အတွင်းရှိ ပင-ကရုပ္ပိသွားလမ်းမှာလည်း ရေမြုပ်နေသည့်အပြင် ဆားကွင်းများကိုလည်း ရေများဖုံးလွှမ်းနေကြောင်း ဒေသခံများထံမှ သိရသည်။
“ပငကျေးရွာ ကော့ထော်အပိုင်းမှာ ရေကြီးရေလျှံမှုဖြစ်နေလို့ အိမ်ခြေ ၂၅ လုံးက အိမ်ထောင်စု ၂၅ စု၊ ကျား ၆၄ ဦး၊ မ ၅၇ ဦးကို ရေဘေးလွတ်ရာ ဓမ္မာရုံကို ရွှေ့ပြောင်းပေး ထားရပါတယ်။ လက်ရှိ (ညနေ ၄ နာရီခွဲ) ရေ အနည်းငယ်ပြန်ကျပေမဲ့ မိုးကတော့ ဆက်ရွာနေတုန်းပါပဲ” ဟု ကူညီကယ်ဆယ်ရေးဆောင်ရွက်ပေးခဲ့သူတစ်ဦးက ပြောကြားသည်။
“ရေးမြို့နယ် ဟံဂံကျေးရွာမှာက တစ်ရွာလုံးနီးပါး ရေကြီးရေလျှံမှုတွေ ဖြစ်နေတယ်။ အဲဒီထဲကမှ အနိမ့်ပိုင်းရပ်ကွက်တွေဖြစ်တဲ့ရပ်ကွက် ၂/၃/၇/၈ အပိုင်းတွေမှာ ရေပိုများပါတယ်။ ညနေပိုင်းမှာ ရေတော့ နည်းနည်းကျ သွားတယ်။ ဒါပေမဲ့ မိုးကတော့ ဆက်ရွာနေတုန်းပါပဲ” ဟု ဟံဂံကျေးရွာမှ ဒေသခံတစ်ဦးက ပြောကြားသည်။
ထို့ပြင် ရေးချောင်းဖျားဒေသ၌ မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေတိုးနေကြောင်းလည်း ဒေသခံများ၏ပြောကြားချက်များအရ သိရသည်။
လာမည့် ငါးရက်အတွင်း မွန်ပြည်နယ်၌ မိုးဆက်လက်ရွာသွန်းမည်ဖြစ်ကြောင်းလည်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ သတင်းထုတ်ပြန်ထားချက်အရ သိရသည်။















